News @ M-Media

Blog

  • လုပ်ကြံ သတ်ဖြတ်ခံရသည့် ဦးကိုနီ ဈာပန အေးချမ်းဖို့ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ ပန်ကြားချက်

    လုပ်ကြံ သတ်ဖြတ်ခံရသည့် ဦးကိုနီ ဈာပန အေးချမ်းဖို့ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ ပန်ကြားချက်

    လုပ်ကြံ သတ်ဖြတ်ခံရသည့် ဦးကိုနီ ဈာပန အဆင်ပြေအေးချမ်းဖို့ အစ္စလာမ်ဘာသာဝင်များ ဝိုင်းဝန်းကူညီဖို့
    အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ပန်ကြား

  • လုပ်ကြံ သတ်ဖြတ်ခံရသည့် NLD ဥပဒေ အကြံပေး ဦးကိုနီ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း

    လုပ်ကြံ သတ်ဖြတ်ခံရသည့် NLD ဥပဒေ အကြံပေး ဦးကိုနီ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း

    ဇန်နဝါရီ ၂၉၊၂၀၁၇
    M-Media
    သီဟ ရှာဖွေ တင်ဆက်သည်။

    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်လေဆိပ် နိုင်ငံတကာဆိုက်ရောက်ဆောင်ရှေ့ တက္ကစီ စတန်းမှာ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

    ဦးကိုနီ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
    ————————————
    ဦးကိုနီ [ B.A (Law) ;LL.B. ]
    တရားလွှတ်တော်ရှေ့နေ (စဉ်-၁၈၄၇)
    ဥက္ကဌ
    LAUREL ဥပဒေအတိုင်ပင်ခံလုပ်ငန်း
    အမှတ်- ၁၂၈၊(ပ)ထပ်၊၄၁လမ်း၊ရန်ကုန်။

    ဦးကိုနီအား ဖခင် ဦးစူလ်တန်၊ မိခင်-ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင်၊ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ မွေးဖွားခဲ့ပြီး ယခုလုပ်ကြံခံရချိန်တွင် အသက် (၆၄)နှစ် ပြည့်တော့မှာ ဖြစ်ပါသည်။

    ကသာမြို့ အ.ထ.က (၁)ကျောင်းမှ ၁၉၇၁ ခုနှစ်တွင်တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ဆက်လက်ပညာ ဆည်းပူးခဲ့ရာ ၁၉၇၅ ခုနှစ်တွင် B.A (Law) ဘွဲ့ကိုလည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် LL.B. ( ဥပဒေဘွဲ့)ကိုလည်းကောင်းရရှိ ခဲ့ပါသည်။

    ၁၉၇၅-၁၉၇၆ ပညာသင်နှစ်အတွင်း ရန်ကုန်တက္ကသိုလ်ဥပဒေအသင်းကြီး၏ ဒုတိယဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနတွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

    ၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဆရာကြီး ဦးကိုယု၏ ရှေ့နေ ချိန်ဘာတွင် အလုပ်သင်ရှေ့နေအဖြစ်လည်း ကောင်း၊ အမှုလိုက်ရှေ့နေအဖြစ်လည်းကောင်း၊ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ခဲ့ပါသည်။ ကျောင်းဆရာအလုပ်ကို ဝါသနာပါ နှစ်သက်သည့်အလျောက် မေတ္တာဖြင့် ဟောပြောပို့ချမှုများကို တတ်နိုင်သမျှ ပြုလုပ်ခဲ့ပါသည်။

    ၁၉၉၅ ခုနှစ်မှစ၍ LAUREL LAW FIRM ကို တရားဝင်မှတ်ပုံတင် တည်ထောင်ကာ ဥက္ကဌ အဖြစ် ဥပဒေအကျိုးဆောင်များအား သင်တန်ပေးခြင်း၊ လွှတ်တော်အမတ်များအား ဥပဒေရေးရာဆိုင်ရာ သင်ကြားပို့ချပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ဦးကိုနီမှာ Laurel ဥပဒေအကျိုးဆောင်အဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ရာဇ၀တ်မှုဆိုင်ရာ အမှုအခင်းပေါင် ၉၀၀ ကျော်၊ နိုင်ငံသားဆိုင်ရာ အမှုပေါင်း ၁၄၀၀ ကျော်ကို ကိုင်တွယ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များကို စီးပွားရေးဆိုင်းရာ၊ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေရေးရာ အကြံပေးမှုများလည်း ပြုလုပ်ခဲ့သည်။

    ဦးကိုနီမှာ ဥပဒေရးရာနှင့် ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ရေးဆိုင်ရာ၊ ဒီမိုကရေစီဆိုင်ရာ စာအုပ်များ၊ ဆောင်းပါးများကိုလည်း အမြောက်အများ ရေးသားခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဗဟိုကော်မတီ၏ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဥပဒေရေးရာ အကူအညီအပေးရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသည်။

    ထို့ပြင် မြန်မာနိုင်ငံ လွတ်လပ်သော ဥပဒေအကျိုးဆောင်များအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး၊ နိုင်ငံတာရှေ့နေများအသင်း၊ မြန်မာစာရေးဆရာများအသင်းတို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။

    ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး ၂ ဦး ၊ သား ၁ ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

  • ဦးကိုနီ လုပ်ကြံခံရမှုမှာ တိုင်းပြည်အတွက် ကြီးမားသည့် ဆုံးရှုံးကြီးဖြစ်ကြောင်း ဦးဝင်းထိန်ပြောကြား

    ဦးကိုနီ လုပ်ကြံခံရမှုမှာ တိုင်းပြည်အတွက် ကြီးမားသည့် ဆုံးရှုံးကြီးဖြစ်ကြောင်း ဦးဝင်းထိန်ပြောကြား


    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ရန်ကုန်လေဆိပ် နိုင်ငံတကာဆိုက်ရောက်ဆောင်ရှေ့ တက္ကစီ စတန်းမှာ ဦးခေါင်းကို သေနတ် နဲ့ပတ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

    အခုလို ဦးကိုနီ လုပ်ကြံခံရတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာမက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းပြည်အတွက်အစား ထိုးလို့မရတဲ့ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။

    ဇန်န၀ါရီ(၂၉)ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လုပ်ကြံသူလို့ ယူဆရသူကို ဖမ်းဆီးရမိထားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

    ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ Senior Leadership Program လေ့လာရေးခရီးစဉ်ကို လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

    ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

    Central News Bureau မှ ကူးယူဖော်ပြပါသည်။

  • NLD ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ့  ဦးကိုနီ လုပ်ကြံခံရ

    NLD ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ့ ဦးကိုနီ လုပ်ကြံခံရ

    ဇန်နဝါရိ ၂၉  ၊ ၂၀၁၆

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ့ ဆရာ ဦးကိုနီ ယနေ့ညနေ အင်ဒိုနီးရှား ခရီးစဉ်မှ အပြန် ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

    ဦးကိုနီအား လုပ်ကြံခဲ့သူမှာ မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ကြောင်း သိရ
    ========================================


    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို ဥပဒေအဖွဲ့ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြခံခဲ့သူမှာ မန္တလေးမြို့တွင် နေထိုင်သူဖြစ်ကြောင်း ကနဦးရရှိသော ရဲမှတ်တမ်းများအရ သိရှိရပါသည်။

    ကနဦး သိရှိရသော သတင်းများအရ ယနေ့ (ဇန်န၀ါရီ ၂၉ ရက်) ညနေ ၅ နာရီ အချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Treminal 1 ရှေ့တွင် ကြည်လင်း၊ အသက် ၅၃ နှစ်၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ပုဏ္ဏားကုန်းရပ်ကွက်တွင် နေထိုင်သူက ၎င်းတွင်ပါလာသော ပစ္စတို (၉-မမ) ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးကိုနီ သေဆုံးခဲ့ရပြီး အခြားပစ်ခတ်ခံရသူ တစ်ဦးဖြစ်သည့် တက္ကစီယာဉ်မောင်းမှာလည်း သေဆုံးခဲ့ရကြောင်း ကနဦးသတင်းများအရ သိရပါသည်။

    ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောမမာန် စားသောက်ဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှာ ပစ္စတို (၉-မမ) တစ်လက်၊ ကျည် ကိုးတောင့်၊ ၅ လုံးပြူး သေနတ် တစ်လက်၊ ကျည် လေးတောင့်တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ကနဦး ရဲမှတ်တမ်းများအရ သိရှိရပါသည်။

    သတင်း- EMG

    ဆရာ ဦးကိုနီအား သေနတ်သမားမှ အနီးကပ် လုပ်ကြံနေပုံ
    ===============================
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ့ ဆရာ ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အဆင့်မြင့် ခေါင်းဆောင် ပရိုဂရမ်ကို ပြန်ကြားရေး ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး စသူတို့နှင့်အတူ တက်ရောက်ခဲ့ပြီး ယနေ့ညနေ မြန်မာနိုင်ငံအပြန် ရန်ကုန်လေဆိပ်တွင် မိသားစုလာရောက်ကြိုမှုကို စောင့်ဆိုင်းနေစဉ် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်။

ူပုံအညွှန်း- မြေးလေးအား ချီထားသော ဆရာ ဦးကိုနီအား အနောက်ဖက်မှ သေနတ်သမားမှ အနီးကပ် လုပ်ကြံနေစဉ်
    ဓါတ်ပုံ – Credit

  • သစ္စာတရား၊ မုသာဝါဒ နှင့် ဒေါ်အောင်ဆန်းစုကြည်

    သစ္စာတရား၊ မုသာဝါဒ နှင့် ဒေါ်အောင်ဆန်းစုကြည်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    -မြန်မာနိုင်ငံမှ လူနည်းစုဝင်ရိုဟင်ဂျာများကို ရက်စက်စွာပြုမူဆက်ဆံမှုများရှိမရှိနှင့်ပတ်သက်သော အဆုံးသတ်အစီရင်ခံစာအတွက် မြန်မာအစိုးရက ဖွဲ့စည်းခန့်အပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြင်ဆင်နေပြီဖြစ်သည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဂျာနယ်လစ်များကို တားမြစ်ပိတ်ပင်ခြင်းနှင့်အတူ မြန်မာအစိုးရသည် အရပ်သားများအပေါ် စစ်တပ်မှကျူးလွန်သော မုဒိန်းမှုနှင့်သတ်ဖြတ်မှုများဆိုင်ရာ စွပ်စွဲချက်များအား တန်ပြန်ချေပလျက်ရှိ၏။

    ရခိုင်ပြည်နယ်၊ ထိုဒေသရှိ အရပ်သားတို့ မည်သို့ဖြစ်ပျက်နေရကြောင်းနှင့်ပတ်သက်ပြီး ပိုမို သိရှိလိုကြကြောင်း စာဖတ်ပရိသတ်များက ကျွန်ုပ်တို့ကို ပြောဆိုလာကြသည်။

    ကျွန်ုပ်တို့အား ပိုမို တင်ပြရန် မြန်မာနိုင်ငံရှိ သတင်းထောက် ဂျိုနာဖစ်ရှာအား ကျွန်ုပ်တို့က မေးမြန်းတောင်းဆိုခဲ့သည်။

    ဒေါ်နယ်ထရမ့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးသည် ကျွန်ုပ်တို့ ထင်မြင်ထားသည်ထက်ပင် ပိုမိုနီးစပ်တူညီနေသည်။

    အမေရိကန်နှင့်မြန်မာနိုင်ငံခေါင်းဆောင် နှစ်ဦးစလုံးမှာ အသက် ၇၀ ကျော် ဆံဖြူနေသည့် သက်ကြားအိုများဖြစ်သည့်အပြင် စာနယ်ဇင်းသမားတို့အား မုန်းတီးနေမှုကလည်း တူညီကြသည်။

    မစ္စတာထရမ့်နှင့် မီဒီယာတို့၏ ဆက်ဆံရေးမှာ အလွန်ကမောက်ကမနိုင်ခဲ့ကြောင်း အထူးလျှို့ဝှက်ထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်နေမှုများကလည်း အံ့အားသင့်စရာများ ဖြစ်လာနိုင်ပေသည်။

    “The Lady” ဟု လူသိများကြသော ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ခုနှစ်များအတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြယုဂ်အဖြစ် ကျော်ကြားခဲ့သည်။ ရန်ကုန်မြို့၌ စစ်တပ်မှ အဓမ္မ နေအိမ်အကျယ်ချုပ်ထားခဲ့စဉ်က သတင်းများသည် သူမနှင့် စကားပြောဆိုနိုင်ရန်၊ သူမ၏ ရဲရဲတောက်အာခံမှုဖြစ်စဉ်များကို နားဆင်ရန် အန္တရာယ်တောထဲ တိုးဝင်စွန့်စားခဲ့ကြရသည်။

    ယခုသော် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာခဲ့ပြီ။ အခြေအနေ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

    သမ္မတ၏အထက်တွင်ရှိသော “နိုင်ငံတော်အတိုင်ပင်ခံ” ဟူသည့် ရာထူးကို ရယူဖန်တီးထားနိုင်ခဲ့ပြီးလည်းဖြစ်၏။ ထိုရာထူးအတွက် လက်တွေ့ဆောင်ရွက်ရမည်မှာ လူထုရေးရာများကို အဓိကထား စောင့်ကြည့်လေ့လာရေးဟု ဆိုရပါမည်။ သို့ဆိုလျှင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို မည်သူက အကူအညီပေးမည်နည်း ? မြန်မာနိုင်ငံ၏ ပုံရိပ်ကို မည်သို့ ဖော်ဆောင်မည်နည်း ? အသင်တို့သည် မည်သည့်ဖြစ်ရပ်များကို BBC မှ ကွင်းဆင်းစုံစမ်းစေလိုပါသနည်း ?

    ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာသတင်းစာတိုက်များနှင့် အင်တာဗျူးကို အလျဉ်း မပြုလုပ်၊ နိုင်ငံတကာမီဒီယာများနှင့် မဆုံမိစေရန်လည်း အထူးပင် သိုသိပ်လျက်ရှိ၏။ လွှတ်တော်အမတ်များအား ပုံမှန်မေးမြန်းမှုခြင်း မရှိသလို လွန်ခဲ့သော ၁၄ လ ရွေးကောက်ပွဲမတိုင်မီကစ၍ ပီပြင်ကျနသည့် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခြင်းကိုလည်း မတွေ့ရတော့ချေ။

    ၎င်းနောက် မြန်မာနိုင်ငံ၏အမိုက်ခေတ်ကာလအတွင်းက ဆင်ဆာစနစ်နှင့် စစ်အုပ်ချုပ်ရေးကို ပြန်လည်အသက်ဝင်စေမည့် အစီအမံများ ဖြစ်ပေါ်လာသည်။

    နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများက မြန်မာနိုင်ငံရိုဟင်ဂျာလူနည်းစုတို့၏ အနိဌာရုံအပေါ် မီးမောင်းထိုးပြနေသည့် နိုင်ငံတကာမီဒီယာများကို ရှုတ်ချစွပ်စွဲသော ဆောင်းပါးများ ပုံနှိပ်ဖော်ပြလာပြန်သည်။

    မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်လျက်ရှိသော ရိုဟင်ဂျာလူမျိုး တစ်သန်းခန့်ရှိနေသည်။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံလာခဲ့ရသည်။ လွန်ခဲ့သော သုံးလခွဲအချိန်ကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသူများမှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းမှုကို ခံစားနေကြရသည်။

    ထိုနယ်ထဲသို့ အစိုးရဖက်က မည်သူ့ကိုမျှ လွတ်လပ်စွာ သွားလာခွင့် မပြုတော့သဖြင့် အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို မည်သူမျှ ရေရေရာရာ မသိရှိနိုင်ကြတော့ပေ။

    ဗမာစစ်တပ်သည် မျိုးဖြုတ်ရှင်းလင်းရေးပြုလုပ်ကျူးလွန်နေကြသည်ဟု အချို့က ဆိုသည်။ သို့သော် ဗမာစစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းသတင်းကို ပယ်ချကာ၊ ရဲကင်းစခန်းများကို တိုက်ခိုက်၍ ပြဿနာရှာခဲ့ကြသည့် ရိုဟင်ဂျာစစ်သွေးကြွများကို ဖမ်းဆီးနိုင်ရေးအတွက် တန်ပြန်အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ်သာဖြစ်သည်ဟု ဆိုကြသည်။

    သို့နှင့် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အံ့အားသင့်စရာ ဖြစ်လာသည်။ BBC သတင်းဋ္ဌာနသည် ပဋိပက္ခဒေသသို့ သွားရောက်ခွင့်ကို ရခိုင်ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်ရခဲ့သည်။ ကျွန်ုပ်တို့သည် မြို့တော် စစ်တွေသို့ ချက်ခြင်း သွားခဲ့ပြီး လှေတစ်စီးငှားရမ်းလျက် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မေယုမြစ်မြောက်ပိုင်းသို့ ဆန်တက်ခဲ့ကြသည်။

    မြန်မာရုပ်ရှင် အများအပြားပြီးဆုံး၍ လေးနာရီခန့်ကြာသော် ပဋိပက္ခဒေသနှင့် ၄၅ မိနစ်ခရီးမျှသာ ကွာဝေးသော ဘူးသီးတောင်သို့ ရောက်ရှိသည်။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ထိုနေရာတွင် အာဏာပိုင်များလည်း ရောက်ရှိနေကြသည်။ ရဲတပ်ဖွဲ့ဝင်နှင့် လုံခြုံရေးအရာရှိများပါဝင်သည့် ကြိုဆိုရေးအဖွဲ့က ကျွန်ုပ်တို့၏ ခရီးလမ်းကြောင်းကို ပိတ်ဆို့ကာ မြို့နယ်အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်သွားပါသည်။

    ထိုနေရာသို့ရောက်လျှင် ကျွန်ုပ်တို့၏ ခွင့်ပြုချက်ရ ခရီးစဉ်ကို လက်လျှော့လိုက်ရန်အတွက် ယဉ်ကျေးသိမ်မွေ့စွာဖြင့် အသိပေးကြသည်။ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရထံသို့ သတင်းပို့ကြသည်။ ကျွန်ုပ်တို့အား တားဆိးရန် အမိန့်ထွက်လာခဲ့သည်။

    လှေငယ်ဖြင့် ပြန်လည်မထွက်ခွာမီ ဒေသအုပ်ချုပ်ရေးမှူးက ကင်မရာမှတ်တမ်းတင် အင်တာဗျူးတစ်ခုပြုလုပ်ရန် ခွင့်ပြုပေးခဲ့သည်။

    ဤသည်ကပင် မဆိုစလောက်သော အောင်မြင်မှု ဖြစ်ခဲ့သည်။ အောက်တိုဘာလအစောပိုင်း နောက်ဆုံးပြဿနာဖြစ်စဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပြောခွင့်ရသူသည် ကျွန်ုပ်တို့၏ ရခိုင်ပြည်နယ်အကြောင်း မေးမြန်းပြောဆိုမည့် ကြိုးပမ်းချက်မှန်သမျှအား ပယ်ချထားခဲ့ခြင်းကြောင့်ဖြစ်သည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက နေထိုင်လာသူ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး ဒေါက်တာ သန်းထွဋ်ကျော်နှင့် စကားစမြည်ပြောဆိုခွင့်ရသည်။ သူသည်လည်း ရိုဟင်ရျာများအပေါ် ရက်စက်စွာ ပြုမူဆက်ဆံကြသည့် သတင်းများမှ အတုအယောင်သာဖြစ်ပါသည်ဟု အခြားဗမာလူမျိုးများကဲ့သို့ပင် ယုံကြည်နေကြောင်း သိရှိလာရသည်။

    “ကျွန်တော်တို့ ဘာမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရက အချက်အလက် အမှန်တွေကို ထုတ်ပြန်ပေးနေပါတယ်။ ဗမာဗုဒ္ဓဘာသာဝင်တွေရဲ့သွန်သင်ချက်ထဲမှာ မုဒိမ်းကျင့်ခြင်းကို ခွင့်မပြုထားပါဘူး။ ဒါတွေအားလုံးက ကောလဟလတွေပါဗျာ” ဟု သူက ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်လျှင်ကား ကောလဟလ သက်သက် မဟုတ်ပါလေ။ စာနယ်ဇင်းသမားများ၊ ထောက်ပံ့ရေးလုပ်သားများ သွားရောက်ထိတွေ့ခွင့် မရခြင်းကြောင့် ရိုဟင်ဂျာတို့၏ ကိုယ်တိုင်ကိုယ်ကျ သတင်းပေးမှုများသာ ရှိနေကြသည်။ စမတ်ဖုန်း၌ ကိုယ်တိုင်ပြောဆိုဝန်ခံချက်များကို ရိုက်ကူးပြီး နိုင်ငံပြင်ပသို့ သတင်းစကားများ အကြောင်းကြားပေးပို့နေရသည်။

    လွန်ခဲ့သောလအနည်းငယ်တစ်လျှောက် ထိတ်လန့်စရာ ဗီဒီယိုများကို ကျွန်ုပ် အဆက်မပြတ် ကြည့်ရှုခဲ့ရသည်။ ၎င်းထဲတွင် မုဒိမ်းကျင့်ခံရကြောင်း မျက်နှာပေါ် ရိုက်နှက်ခံထားရသော အမျိုးသမီးများကိုယ်တိုင် ထွက်ဆိုပြောပြထားသည်။ မြေပြင်ပေါ်ပြန့်ကြဲနေသည့် ကလေးငယ်တို့၏ရုပ်အလောင်းများ၊ ပြာပုံတွင်းမှ လောင်ကျွမ်းကျန်ရစ်နေသည့် ဦးခေါင်းခွံများကို တွေ့ရ၏။

    ထိုအရာများကို အတည်ပြုနိုင်ရန် မလွယ်ကူသည် မှန်သော်ငြား မဖြစ်နိုင်စရာလည်း အကြောင်းမရှိပါ။ ထိုနေရာတစ်ခုတည်းမှ ထွက်ပေါ်လာသည့် သတင်းအရင်းအမြစ်များက အမျိုးမျိုး ဖြစ်နေသည်။ ထို့ပြင် မြေပြင်အခြေအနေ၌ ပြည်သူလူထုနှင့် သိုသိပ်စွာ ဆက်သွယ်ဆောင်ရွက်ကြသည့် အဖွဲ့အစည်းအချို့လည်း ရှိနေကြ၏။ မြန်မာနိုင်ငံပိုင်မီဒီယာများကမူ ဖြစ်စဉ်များကို မိမိတို့ သဘောကျအတိုင်းသာ ထုတ်ပြန်နေတတ်ကြပြန်၏။

    တိကျသော အရေအတွက်ကိုလည်း အတည်ပြုရန် မလွယ်ကူပြန်။ လူတို့မှာ အမြဲမပြတ် အသက်လုပြေးနေရပြီး အားလုံးကို ခြုံငုံမိစေသော အမြင်ရှုထောင့်များ ရှိမနေကြပါ။ သို့သော် ထိုဗီဒီယိုများမှာ ကြောက်မက်ဖွယ်တစ်စုံတ်ရာ ဖြစ်ပျက်နေဆဲဖြစ်ကြောင်း သံသယ၀င်ရန်မရှိသော အလွန်အရေးပါသည့် လျှပ်တပြက်မှတ်တမ်းများ ဖြစ်ပါသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရုံးအဖွဲ့သားများက မစ္စတာထရမ့်၏ လမ်းကြောင်းအတိုင်း တစ်ထပ်တည်း လျှောက်လှမ်းလျက်ရှိသည်။

    ပထမဆုံး သူတို့သည် သတင်းကျယ်ပြန့်လာသော ရိုဟင်ဂျာများဆိုင်ရာ အထောက်အထားများကို “မီဒီယာများကလည်း မှားယွင်းစွာဖော်ပြတတ်ခြင်း” ဟူသော စကားဖြင့် မှေးမှိန်အောင် ပြုလုပ်ဖို့ ကြိုးပမ်းခဲ့သည်။

    ဥပမာ Mail Online ပေါ်ရှိ သတင်းတစ်ပုဒ်တွင် ကမ္ဘောဒီးယားကလေးငယ်တစ်ဦးကို နှိပ်စက်ခံနေရသည့် ရိုဟင်ဂျာကလေးအဖြစ် မှားယွင်းစွာ ဖော်ပြထားကြောင်း နိုင်ငံပိုင်သတင်းစာ၏ မျက်နှာစာသတင်း ပြုလုပ်လိုက်သည်။

    ဇန်န၀ါရီလဆန်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ဟောလိဝုဒ်သရုပ်ဆောင် ဆိုင်လ်ဗာစတာ စတောလုန်း၏ ရုပ်ရှင်ကားမှ ရမ်ဘိုဇာတ်ကောင်၏တောတွင်းတိုက်ခိုက်ရေးမြင်ကွင်းတစ်ခုကို တင်ပြခဲ့သည်။ ရိုဟင်ဂျာတို့သည် ၎င်းတို့၏ လုပ်ကြံဇာတ်လမ်းများကို ထောက်ခံချက်ရရေးအတွက် အလားတူ ဓာတ်ပုံများ၊ ရိုက်ချက်များအား အသုံးပြုနေကြသည်ဟူ၍ ဥပမာပြုထားခဲ့သည်။

    ဤမျှအထိ အသိဥာဏ်ကင်းမဲ့လှသည့်ပုံဟန်ကို မည်သူက တင်ဆက်လိုက်မှန်း အသေအချာ မသိရသော်လည်း ထိုသူကား ဖေ့စ်ဘွတ်သာ အသုံးပြုတတ်သူသာ ဖြစ်တန်ရာ၏။ သို့သော် ကရုတစိုက်လေ့လာကြည့်ပါက အဆိုပါ နည်းဗျူဟာတစ်ရပ်ကို ၀ါရှင်တန်၌လည်း တွေ့မြင်ခဲ့ရသည်။ လူတစ်ဦး၏ အမှားအယွင်းကို အသုံးချပြီး တစ်ပါးသူတို့၏ အများသိအထောက်အထားများကို အာရုံပြောင်းခြင်း သို့မဟုတ် လမ်းကြောင်းလွှဲလိုက်ခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အသက်လုပြေးခဲ့ရသော ရိုဟင်ဂျာများထံမှ အနုစိပ်ဖြစ်စဉ်များကို CNN နှင့် The Guardian သတင်းစာမှ ဦးဦးဖျားဖျား အရှိအတိုင်း တင်ဆက်ထားပြီးလည်း ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ စနစ်တကျ ပြင်ဆင်ထားသော ပုံသေနည်းတစ်ခုအား အသုံးပြုနေခြင်းဟု ဆိုရပေမည်။

    ယင်းသို့ဖော်ပြခံရသော ရိုဟင်ဂျာတို့၏ အခြေစိုက်ကျေးရွာနှင့် ၎င်းတို့၏မိသားစုများ၊ နီးစပ်သူများထံ လုံခြုံရေးအရာရှိများစေလွှတ်၍ အဆိုပါဖြစ်စဉ်များအပေါ် သံသယ၀င်သွားစေမည့် ဖော်ပြ/ထုတ်ပြန်ချက်များတွင် အဓမ္မ ၀ိုင်းရံ လက်မှတ်ရေးထိုးစေလျက်ရှိနေသည်။

    နိုင်ငံများစွာအနက် ဗြိတိန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား သံသယအကျိုးခံစားခွင့်ကို ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏အာဏာရှင်စနစ်ကို ဖယ်ထုတ်နိုင်ရေးအရွေ့တစ်ခုအပေါ် အပြုသဘောဆောင်ပေးနိုင်ရန်ဖြစ်သည်။

    ချုပ်၍ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်တာဝန်များကို ရယူထားကာစ အခြေအနေဖြစ်နေသေးသည်သာမက စစ်တပ်ကိုသော်လည်းကောင်း ရဲကိုသော်လည်းကောင်း အခြေခံဥပဒေနှင့်အညီ မထိန်းချုပ်နိုင်သေးပေ။

    ရခိုင်ပြည်နယ်တွင်း စစ်တပ်၏စစ်ဆင်ရေးကို ရပ်တန့်အောင် သူမ စွမ်းဆောင်နိုင်ဖွယ် မရှိ။ သူမထံ ချို့ယွင်းချက် မည်သို့ရှိသည်ဖြစ်စေ အကယ်၍ သူမအနေနှင့် ကြိုးစားကြည့်ပါက သူမသည် လက်ရှိမြန်မာနိုင်ငံ၏ အကောင်းဆုံးသော မျှော်လင့်ချက်ဖြစ်လာမည်ဟု အားလုံးက ထောက်ခံကြမည်မှာ အမှန်ပင်။

    ဒေါ်အောင်ဆန်းစုကြည်မှ တို့မီးရှို့မီးမိုင်းတိုက်နေမှုများအား ရပ်တန့်အာင် မပြုလုပ်နိုင်ခြင်းသည်လည်း ပြဿနာတစ်ခု ဖြစ်နေ၏။

    သူမ ကိုင်တွယ်ထားသည့် ၀န်ကြီးများ၊ သူမမှ တိုက်ရိုက်ခန့်အပ်ထားသည့် အာဏာပိုင်အရာရှိများမှာ မျှော်လင့်ချက်မဲ့ပြည်သူတို့၏ အရေးအရာများကို အလေးမထားကြသည့်အပြင် ဗမာစစ်တပ်၏ငြင်းဆိုချက်များအပေါ်သာ ထပ်ဖန်တလဲလဲ အတည်ပြုပေးနေကြပေသည်။ ထိုစစ်တပ်သည် မြန်မာနိုင်ငံ၏ လူနည်းစုဝင်တိုင်းရင်းသားအုပ်စုများစွာမှ အမျိုးသမီးတို့ကို မုဒိမ်းမှုကျူးလွန်ခဲ့ကြသော၊ တိုင်းရင်းသားကျေးရွာများကို အစဉ်တစိုက် မီးရှို့မြေချခဲ့သော ကြောက်စရာမှတ်တမ်းများ ရှိနေပါသည်။

    နိုင်ငံတကာဖိအားများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်၏ အစီရင်ခံစာမှာ မကြာမီရက်အနည်းငယ်အတွင်း ထွက်ရှိလာရပေတော့မည်။ သို့ရာတွင် ၎င်းအဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ထား၏။ သူသည်ကား ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်၍ ဗလောင်းဗလဲ ပြုလုပ်တတ်သူ ဖြစ်နေပေသည်။

    သို့ဖြစ်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်ပျက်ခဲ့မှု၏ အမှန်တရားမှာ အဖြစ်မှန်အတိုင်း ပေါ်ပေါက်သိမြင်ရန် အဘယ်ကဲ့သို့ ဖြစ်နိုင်ပါတော့မည်နည်း။

    (မြန်မာနိုင်ငံဆိုင်ရာ BBC သတင်းထောက် Jonah Fisher ရေးသားသော Myanmar’s Rohingya: Truth, lies and Aung San Suu Kyi ဝေဖန်ချက်သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)