News @ M-Media

Blog

  • ထရမ့်၏ ဗီဇာပိတ်ပင်မှုအမိန့် တစ်စိတ်တစ်ပိုင်းကို တရားရေးက ပယ်ဖျက်

    ထရမ့်၏ ဗီဇာပိတ်ပင်မှုအမိန့် တစ်စိတ်တစ်ပိုင်းကို တရားရေးက ပယ်ဖျက်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    လေဆိပ်တွင် ဆန္ဒပြနေကြသည့် အမေရိကန်ပြည်သူများ

    – လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထရမ့်၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်၏ အစိတ်အပိုင်းတစ်ခုကို ဖဒရယ်တရားသူကြီးတစ်ဦးက ပိတ်ပင်ခဲ့ပြီး အမေရိကန်မြေပေါ်သို့ တရားဝင် ဗီဇာဖြင့်လည်းကောင်း၊ ဒုက္ခသည်ကဒ်ဖြင့်လည်းကောင်း ရောက်ရှိနေသူများကို နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။

    သောကြာနေ့က လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ အမိန့်တွင် မွတ်စလင်နိုင်ငံ ၇ နိုင်ငံအား ရက်ပေါင်း ၉၀ ဗီဇာပိတ်ပင်ခြင်း အပါအ၀င် ဆီးရီးယားဒုက္ခသည်များ ၀င်ရောက်ခွင့် လုံးဝ ပိတ်ပင်ခြင်း၊ ဒုက္ခသည်ဝင်ရောက်မှုကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။

    ထိုအမိန့်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း အမေရိကန်ရှိ လေဆိပ်များတွင် တရားဝင်ဗီဇာဖြင့်လည်းကောင်း၊ ဂရင်းကဒ်ဖြင့်လည်းကောင်း ၀င်ရောက်လာသည့် လူပေါင်းများစွာမှာ ထိန်းသိမ်းခံခဲ့ရပြီး၊ နှင့်ထုတ်ခံရမည့်အရေးနှင့် ရင်ဆိုင်ခဲ့ရကာ လေဆိပ်များတွင် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

    ဂျွန်အက်ဖ်ကနေဒီ လေဆိပ်တွင် အီရတ်နိုင်ငံသား ၂ ဦးမှာ နိုင်ငံအတွင်း တရားဝင်ဝင်ရောက်လာမှုကို ဥပဒေစိုးမိုးရေးအဖွဲ့များက ထိန်းသိမ်းခဲ့ပြီးနောက် အမေရိကန် နိုင်ငံသားများလွတ်လပ်ခွင့်ဆိုင်ရာ သမဂ္ဂ (ACLU) က ထရမ့်၏ ထိုအမိန့်ကို ပယ်ဖျက်ရေးပေးရန် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည်။

    ထို့ကြောင့် စနေနေ့ညပိုင်းတွင် ခရိုင်တရားသူကြီး အန်ဒွန်နီလေးက ထိုလျှောက်ထားမှုကို သုံးသပ်ခဲ့ပြီး တရားဝင်ဗီဇာ သို့မဟုတ် ဒုက္ခသည်ကဒ်ဖြင့် အမေရိကန်မြေသို့ ရောက်ရှိလာကြသူများကို ပြန်နှင်မထုတ်ဘဲ ၀င်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    “ဒီဆုံးဖြတ်ချက်က လက်ရှိအခြေအနေကို တည်တံ့စေပြီး နိုင်ငံအတွင်း တရားဝင် ၀င်ရောက်ခွင့် ရထားသူတွေကို အမေရိကန်မြေပေါ်ကနေ ဥပဒေပ မောင်းထုတ်လို့ မရဘူးဆိုတာကို သေချာသွားစေပါတယ်” ဟု ACLU သမဂ္ဂ၏ ပြောင်းရွှေ့အခြေချသူများဆိုင်ရာ စီမံကိန်းမှ လက်ထောက်ဒါရိုက်တာ လီ ဂီလန့်က ပြောကြားခဲ့သည်။

    ထရမ့်၏ ဗီဇာပိတ်ပင်မှုအမိန့် အသက်ဝင်ပြီးနောက်ပိင်း ၂၄ နာရီအတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များတွင် စုစုပေါင်း ခရီးသည် ၁၀၉ ဦးမှာ ထိန်းသိမ်းခံခဲ့ရသည်။

    ပြည်တွင်းလုံခြုံရေးဌာနကမူ မိမိတို့အနေဖြင့် တရားရေးဌာန၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သော်လည်း သမ္မတထရမ့်၏ အမိန့်မှာ ဆက်လက် အသက်ဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အထောက်အထားမဲ့ နိုင်ငံခြားသားများ တရားဝင်အလုပ်လုပ်နိုင်ရန် မလေးက E-card ထုတ်ပေးမည်

    အထောက်အထားမဲ့ နိုင်ငံခြားသားများ တရားဝင်အလုပ်လုပ်နိုင်ရန် မလေးက E-card ထုတ်ပေးမည်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေရသည့် နိုင်ငံခြား အလုပ်သမားများအတွက် ယာယီ အလုပ်လုပ်ကိုင်ခွင့်ကဒ် (E-card) ကို မလေးရှားက ထုတ်ပေးတော့မည်ဟု သိရသည်။

    လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး မွတ်စ်တာဖာ အလီက အဆိုပါ E-card မှာ တရားဝင် ခရီးသွား အထောက်အထားများနေရာတွင် အစားထိုးရန် ထုတ်ပေးမည့် ယာယီအထောက်အထားဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း လ၀ကရုံးများတွင် လျှောက်ထားနိုင်မည်ဟု ဆိုသည်။

    “ဒီအစီအစဉ်က မလေးကျွန်းဆွယ်ထဲမှာရှိတဲ့ တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေအတွက် ဖွင့်ပေးတာပါ။ သတ်မှတ်ထားတဲ့ အလုပ်အကိုင် ကဏ္ဍငါးခုမှာ လက်ရှိ အလုပ်လုပ်နေတဲ့ သူတွေအတွက်ပါပဲ။ ဒီအစီအစဉ်အောက်မှာ တရားမ၀င် ရွှေ့ပြောင်းလုပ်သား ၄ သိန်းကနေ ၆ သိန်းကြားလောက် အခွင့်အရေးရမှာဖြစ်ပြီး စီးပွားရေးကဏ္ဍတွေမှာ လူ့စွမ်းအားအရင်းအမြစ် ပြတ်လတ်နေမှုကို ဖြေရှင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု အလီက ယမန်နေ့ ဆီလန်ဂေါ လ၀ကရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြာကြားခဲ့သည်။

    E-card ထုတ်ပေးမည့် လုပ်ငန်းခွင် ၅ ခုမှာ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ၀န်ဆောင်မှု၊ ကုန်ထုတ်လုပ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့ ဖြစ်သည်။

    မွတ်စ်တာဖာ အလီက ယခု E-card များ ထုတ်ပေးမှုတွင် ကြားခံပွဲစားများ၊ အေးဂျင့်များကို အသုံးပြုတော့မည်မဟုတ်ကြောင်း၊ လျှောက်ထားရာတွင် လျှောက်ထားသူ နိုင်ငံခြားအလုပ်သမားနှင့် ၎င်း၏ အလုပ်ရှင်မှာ လိုအပ်သော စာရွက်စာတမ်းများနှင့် လ၀ကရုံးကို ကိုယ်တိုင်သွားရောက်ရမည်ဖြစ်ကြောင်း၊ ငွေကြေးပေးစရာမလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “နိုင်ငံခြားရွှေ့ပြောင်းလုပ်သားတွေ လျှောက်ထားနိုင်မယ့် အခြေအနေတွေထဲမှာ အဓိကက လက်ရှိ အလုပ်ရှင်ရှိနေတာ၊ ရာဇ၀တ်မှုကင်းရှင်းတာ၊ လုပ်သားခေါ်ယူဖို့ ခွင့်ပြုထားတဲ့ နိုင်ငံတွေက ဖြစ်တာ၊ အလုပ်ရှင်ဆီက ထွက်ပြေးတာမျိုး မရှိတာ၊ ဆေးအောင်ထားတာတွေပဲ ဖြစ်ပါတယ်။ အလုပ်ရှင်တွေအတွက် စည်းကမ်းတွေထဲမှာ ခွင့်ပြုထားတဲ့ လုပ်ငန်း၊ လုပ်ငန်းခွဲဖြစ်တာ၊ KDN နဲ့ လ၀ကက ယာယီပိတ်ထားတဲ့၊ အမည်ပျက်စာရင်းသွင်းထားတဲ့ လုပ်ငန်းမျိုး မဟုတ်တာတွေ ပါဝင်ပါတယ်”

    Ref: Freemalaysiatoday

  • ၇ နှစ်အရွယ် ဆီးရီးယား ဘလော့ဂါ သမီးငယ်နှင့် တွေ့ဆုံခဲ့သည့် လင်ဆေးလိုဟန်

    ၇ နှစ်အရွယ် ဆီးရီးယား ဘလော့ဂါ သမီးငယ်နှင့် တွေ့ဆုံခဲ့သည့် လင်ဆေးလိုဟန်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    ဘာနာ၊ အာဒိုဂန် ဇနီးမောင်နှင့်တို့နှင့်အတူ တွေ့ရသည့် လင်ဆေးလိုဟန်

    – ဟောလီးဝုဒ်မှ နာမည်ကြီးမင်းသမီး လင်ဆေးလိုဟန်မှာ သောကြာနေ့က တူရကီသမ္မတ အာဒိုဂန်၊ အသက် ၇ နှစ်အရွယ် ဆီးရီးယားဘလော့ဂ်ဂါ ဘာနာ အလ်-အေဘဒ်တို့နှင့် တွေ့ဆုံခဲ့သည်ဟု တူရကီ သမ္မတရုံးဝဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့သည်။

    ဓာတ်ပုံတွင် ပြုံးရွင်နေသည့် လိုဟန်မှာ ဘာနာအား ပွေ့ဖက်ထားသော အာဒိုဂန်၏ ဘေးတွင် ရပ်နေပြီး၊ အာဒိုဂန်၏ ဇနီး အီမီနီလည်း ပါဝင်သည်။

    “ကျွန်မတို့ ဒီကနေပြီး ရှင်တို့ကို အားပေးနေတယ်ဆိုတာ ဆီးရီးယားနဲ့ အဲလစ်ပိုက ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေ၊ ဒုက္ခသည်တွေအားလုံးကို ပြောကြားချင်ပါတယ်။ ရှင်တို့ ဆက်လက်တောင့်ခံထားနိုင်မှာပါ။ ဘာနာလေး လုပ်ခဲ့သလိုမျိုးပေါ့” ဟု ဘာနာက Twitter စာမျက်နှာတွင် တစ်ဆင့်မျှဝေထားသည့် ဗီဒီယိုတွင် လိုဟန်က ပြောကြားခဲ့သည်။

    လိုဟန်မှာ ယခင်ကလည်း ဆီးရီးဒုက္ခသည် ၃ သန်းအား တူရကီက လက်ခံထားမှုကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့ဖူးသည်။

    သောကြာနေ့တွေ့ဆုံစဉ် လိုဟန်က အာဒိုဂန်နှင့် ဇနီးတို့အား အပြာနုရောင် တံဆိပ်တစ်ခုကို ပေးအပ်ခဲ့ပြီး အဆိုပါတံဆိပ်တွင် ‘ကမ္ဘာကြီးမှာ ၅ နိုင်ငံထက် ပိုကြီးသည်’ ဟု ရေးထားသည်။

    ထိုတံဆိပ်၏ ဆိုလိုရင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။

    ဘာနာမှာ ၎င်းနေထိုင်ရာ အဲလစ်ပိုမြို့တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ဆိုးရွားသော အဖြစ်အပျက် အကြောင်းအရာများကို Twitter စာမျက်နှာတွင် မျှဝေမှုကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အာရုံစိုက်မှုကို ရရှိခဲ့သူဖြစ်သည်။

    ဒီဇင်ဘာလတွင် အဲလစ်ပိုမှ ဒုက္ခသည်အဖြစ် ဘာနာမှာ တူရကီသို့ ရောက်ရှိလာခဲ့ပြီး ထိုလနှောင်းပိုင်းတွင် သမ္မတအာဒိုဂန်က ဘာနာနှင့် မိသားစုကို သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့သည်။

    “ဆီးရီးယားက ပြည်သူတွေကို အားပေးဖို့အတွက် ကျွန်မရဲ့ မိတ်တွေတွေဖြစ်ကြတဲ့ အာဒိုဂန်၊ အီမီနီနဲ့ လင်ဆေးလိုဟန်တို့ကို တွေ့ဆုံခဲ့ပါတယ်” ဟု ဘာနာက သောကြာနေ့တွေ့ဆုံမှုကို Twiiter စာမျက်နှာတွင် ရေးသား မျှဝေခဲ့သည်။

    Ref : Arab News

  • ထရမ့်ဗီဇာပိတ်သည့် မွတ်စလင် ၇ နိုင်ငံမှလူများ အမေရိကန်တွင် မည်သည့်တိုက်ခိုက်မှုမှ မလုပ်ခဲ့

    ထရမ့်ဗီဇာပိတ်သည့် မွတ်စလင် ၇ နိုင်ငံမှလူများ အမေရိကန်တွင် မည်သည့်တိုက်ခိုက်မှုမှ မလုပ်ခဲ့

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    – သောကြာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မွတ်စလင်အများစုရှိရာ နိုင်ငံ ၇ နိုင်ငံကို ယာယီ ဗီဇာပိတ်ပင်လိုက်ပြီး အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုတွေနဲ့လုံးပမ်းနေရတဲ့ အဲဒီနိုင်ငံတွေက လူတွေဟာ အမေရိကန်ကို ၀င်ရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်မှာ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

    ထရမ့်ရဲ့ အကြောင်းပြချက်က ယုတ္တိရှိပါသလား။

    မှတ်တမ်းတွေအရ ၁၉၇၅ ခုနှစ်နောက်ပိုင်း ဒီနိုင်ငံ ၇ နိုင်ငံကနေ အမေရိကန်ကို ပြောင်းရွှေ့ဝင်ရောက်လာခဲ့သူတွေဟာဆိုးဆိုးဝါးဝါး အကြမ်းဖက်တိုက်ခိုက်မှု လုံးဝ မရှိခဲ့ဘူးဆိုတာကို တွေ့ရပါတယ်။

    ဒီအချက်ကို သုတေသနပြုလုပ်ထားတဲ့အဖွဲ့က ၀ါရှင်တန်ဒီစီအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Cato Institute ဖြစ်ပြီး ၁၉၇၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်တို့က လူတွေဟာ အမေရိကန်မြေပေါ်မှာ အမေရိကန်ပြည်သူတွေကို လုံးဝ တိုက်ခိုက်သတ်ဖြတ်မှု မရှိဘူးလို့ ဆိုပါတယ်။

    နောက်ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ဒီ ၇ နိုင်ငံရဲ့ နွယ်ဖွား အမေရိကန်နိုင်ငံသား မွတ်စလင်တွေကလည်း တိုက်ခိုက်မှုတွေ ပြုလုပ်တာမျိုး မရှိပါဘူး။

    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်တယ်လို့ သတ်မှတ်ခံရတဲ့ အမေရိကန်မွတ်စလင်တွေ့ရဲ့ ၂၃ ရာခိုင်နှုန်းလောက်ကသာ မိသားစုနောက်ခံတွေက ဒီ ၇ နိုင်ငံနဲ့ ဆက်နွယ်နေတာဖြစ်တယ်လို့ အခုတစ်ပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ Triangle Center on Terrorism and Homeland Security အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို ကြံစည်မှုတွေကြောင့် အမေရိကန်ပြည်သူတွေ သေဆုံးမှု လုံးဝ မရှိခဲ့ပါဘူး။

    “နိုင်ငံရေး ခြောက်လုံး၊ လှန့်လုံးတွေနဲ့ ခြားနားနေတာတစ်ချက်က အမေရိကန်မွတ်စလင်တွေကြားထဲမှာ တော်လှန်ရေးအကြမ်းဖက်မှုမျိုး လုပ်ချင်တဲ့ဆန္ဒဟာ တော်တော်လေး နည်းတာကို တွေ့ရပါတယ်။ ဒီ လက်တွေ့ကြတဲ့ အထောက်အထားတွေကို အသုံးပြုပြီးတော့ အကြမ်းဖက်အစွန်းရောက်ဝါဒနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပေါ်လစီတွေ၊ ဆွေးနွေးပွဲတွေ ချမှတ်ဆောင်ရွက်ကြပါစို့” လို့ Triangle Center အစီရင်ခံစာကို ရေးသားရာမှာ ပါဝင်ခဲ့ပြီး ချက်ပဲဟေးလ်မှာရှိတဲ့ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က ပရော်ဖက်ဆာ ချားလ်စ် ကာရ်ဇ်မန်က ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ အဲဒီအမိန့်မှာ ဆီးရီးယားက ဒုက္ခသည်ဝင်ရောက်မှုကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်တာမျိုးလည်း ပါဝင်ခဲ့ပြီး၊ ၂၀၁၅ မဲဆွယ်ပွဲအတွင်း အမေရိကန်ကို မွတ်စလင်ဝင်ရောက်မှု လုံးဝ ပိတ်ပင်ပစ်မယ်ဆိုတဲ့ ကတိစကားရဲ့ တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်မှုလည်း ဖြစ်ပါတယ်။

    “ဒါဟာ လုံးဝ အရေးမပါတဲ့ ပြဿနာတစ်ခုကို တလွဲရည်ရွယ်ချက်နဲ့ သိသိသာသာ ရေးကြီးခွင်ကျယ်လုပ်မှုပါပဲ ” လို့ ကာရ်ဇ်မန်က ထရမ့်ရဲ့ ဒီအမိန့်နဲ့ပတ်သက်ပြီး ကြာသာပတေးနေ့က The WorldPost မှာ ရေးသားခဲ့ပါတယ်။

    နောက်ပြီး အစွန်းရောက်အကြမ်းဖက်ဝါဒမှာ အမေရိကန်မွတ်စလင်တွေပါဝင်မှုဟာ လုံးဝနီးပါး မရှိဘဲ၊ အမေရိကန်နိုင်ငံအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကြည့်ရင် အမေရိကန်မွတ်စလင်တွေ ပါဝင်တဲ့ အကြမ်းဖက်မှုဟာ အလွန်အင်မတန် နည်းပါးကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်းမှာ အစွန်းရောက်ဝါဒနဲ့ ဆက်နွယ်တဲ့ အမေရိကန်မွတ်စလင်တွေဟာ ၄၆ ဦးလောက်သာရှိကာ ၂၀၁၅ ခုနှစ်ထက်စာရင် ၄၀ ရာခိုင်နှုန်း လျော့ကျသွားတာဖြစ်ကြောင်း ကာရ်ဇ်မန်က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    အဲဒီ ၄၆ ဦးမှာ ၂၆ ဦးက အမေရိကန်နိုင်ငံသားတွေဖြစ်ပြီး ၆ ဦးက ဘယ်နိုင်ငံသားမှန်း မသိရဘဲ၊ ကျန်တဲ့သူတွေ ပြောင်းရွှေ့အခြေချသူတွေဖြစ်ပါတယ်။ သူတို့ထဲက ၁ ဦးကတော့ အထောက်အထားမရှိသူပါ။ ဒီအရေအတွက်ရဲ့ ထက်ဝက်လောက်က အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားပြီး စစ်သွေးကြွအဖွဲ့တွေနဲ့ ပူးပေါင်းမယ်လို့ တံဆိပ်ကပ်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။

    ၂၃ ဦးက အမေရိကန်မှာ လူပေါင်း ၅၄ ဦး သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်၊ ပါဝင်တယ်လို့ သံယဖြစ်ခံရသူတွေ ဖြစ်ပါတယ်။ (သေဆုံးသူ ၅၄ ဦးထဲမှာ ၄၉ ဦးက ဇွန်လအတွင်း ဖလော်ရီဒါက နိုက်ကလပ်တစ်ခုမှာ အသက် ၂၉ နှစ်အရွယ် အိုမာရ် မာတင် ၀င်ရောက်ပစ်ခတ်လို့ သေဆုံးရသူတွေ ဖြစ်ပါတယ်)

    အစီရင်ခံစာအရ ၉/၁၁ နောက်ပိုင်း အမေရိကန်မွတ်စလင် အစွန်းရောက်တွေကြောင့် နိုင်ငံအတွင်း သေဆုံးခဲ့ရမှုဟာ ၁၂၃ ဦး ရှိပါတယ်။ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းမှာ မွတ်စလင်အစွန်းရောက်တွေ မပါဝင်တဲ့ အစုလိုအပြုံလိုက် ပစ်သတ်မှုကြောင့် လူပေါင်း ၁၈၈ ဦး သေဆုံးခဲ့ပါတယ်။ ၉/၁၁ နောက်ပိုင်း အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်သတ်ဖြတ်မှုဟာ ၂၃၀၀၀၀ လောက် ရှိနေပါတယ်။

    Triangle Center က ဒါရိုက်တာဖြစ်သူ ဒေးဗစ်ရှန်ဇာက “အမေရိကဟာ အမေရိကန်မွတ်စလင် အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုကို သိသိသာသာ ခံစားနေရတယ်ဆိုတဲ့အချက်ဟာ လုံးဝ မှားယွင်းပါတယ်။ ပြီးခဲ့တဲ့နှစ် အမေရိကန်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေထဲမှာ မွတ်စလင်တွေကျူးလွန်တဲ့ ရာခိုင်နှုန်းဟာ ၀.၃၃ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်အစိုးရရဲ့ ထုတ်ပြန်မှုအရ ၉/၁၁ နောက်ပိုင်း အမေရိကန်ကို ၀င်ရောက်လာတဲ့ ဒုက္ခသည်အရေအတွက် ၈ သိန်းနီးပါးမှာ အကြမ်းဖက်ဝါဒနဲ့ စွဲချက်တင်ခံရသူဟာ ၂၀ အောက်ပဲ ရှိတယ်လို့ သိရပါတယ်။

    “အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းမှာ အစွန်းရောက်ဝါဒကို လုံးဝ လစ်လျူရှုလိုက်ရမယ်ဆိုတာလည်း မမှန်ပါဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အစိုးရအေဂျင်စီတွေနဲ့ အမေရိကန်မွတ်စလင်တွေကြား ပူးပေါင်းဆောင်ရွက်ခြင်းကသာ အစွန်းလွတ်ပြီး၊ လိုအပ်တဲ့အရာ ဖြစ်ပါတယ်” လို့ ဒေးဗစ်ရှန်ဇာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    WorldPost မှာ ရေးသားခဲ့တဲ့ ဆောင်းပါးမှာ ကာရ်ဇ်မန်က အစွန်းရောက်ဝါဒရဲ့ ခြိမ်းခြောက်မှု ဆိုတာကြီးနဲ့ မီးထိုးပေးနေမယ့်အစား ထရမ့်နဲ့ အမေရိကန်ပြည်သူအားလုံးဟာ သေးငယ်တဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ကာ သင့်တော်တဲ့ ဆောင်ရွက်မှုမျိုးသာ ဖြစ်ရမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    Ref: Huffingtonpost

  • အစ္စလာမ့်နိုင်ငံဟု ခေါ်ဆိုမှုအား ဂမ်ဘီယာ သမ္မတသစ် ပယ်ဖျက်

    အစ္စလာမ့်နိုင်ငံဟု ခေါ်ဆိုမှုအား ဂမ်ဘီယာ သမ္မတသစ် ပယ်ဖျက်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၇
    M-Media

    – အာဏာရှင် ယဟ်ယာ ဂျာမေဟ်လက်ထက်က ‘ဂမ်ဘီယာ အစ္စလာမ့် ပြည်သူ့ သမ္မတနိုင်ငံ’ ဟု သတ်မှတ်ထားမှုတွင် ‘အစ္စလာမ်’ ဆိုသည့် စကားလုံးကို သမ္မတသစ် အဒါမာ ဘာရိုးက ပယ်ဖျက်လိုက်ပြီး နိုင်ငံအတွင်း မတူကွဲပြားသော လူမျိုးများ၊ ဘာသာများနှင့် တစ်သားတည်းရှိကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

    လူဦးရေ ၂ သန်းခန့်ရှိသည့် ဂမ်ဘီယာနိုင်ငံတွင် ၉၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်ပြီး ကျန်သည့် ၁၀ ရာခိုင်နှုန်းက ခရစ်ယာန်နှင့် ရိုးရာအယူဝါဒများကို လက်ခံကျင့်သုံးကြသည်။ ၁၉၉၄ ခုနှစ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်အား အုပ်စိုးလာခဲ့သည့် သမ္မတဟောင်း ဂျာမေဟ်မှာ ၂၀၁၅ ခုနှစ်တွင် ‘အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံ’ အဖြစ် ကြေငြာခဲ့သည်။

    သို့သော်လည်း အာဏာရယူပြီးနောက် ကြာသာပတေးနေ့တွင် ပထမဆုံးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဘာရိုးက တိုင်းပြည်၏အမည်တွင် ‘အစ္စလာမ်’ ဟူသော စကားလုံးကို နောက်ထပ် အသုံးပြုသွားမည်မဟုတ်ဟု ဆိုပြီး မိမိတို့တိုင်းပြည်မှာ ‘ပြည်သူ့သမ္မတနိုင်ငံ’ သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဂျာမေဟ်၏ လက်ကိုင်တုတ်ဖြစ်ခဲ့ပြီး နိုင်ငံအတွင်း တက်ကြွလှုပ်ရှားသူများ၊ အတိုက်အခိုက်များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် အမျိုးသား ထောက်လှမ်းရေးအေဂျင်စီ (NIA) ကို အမည်ပြောင်းသွားမည် ဖြစ်ကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပေးမည်ဖြစ်ကာ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဘာရိုးမှာ လာမည့်တစ်ပတ် အစောပိုင်းတွင် ကတ်ဘိနတ်ဝန်ကြီးများ အမည်စာရင်းကို ထုတ်ပြန်ရန် ရှိနေပြီး ရာထူးမယူခင် ထိုဝန်ကြီးများ၏ ပိုင်ဆိုင်မှုများကို တရားဝင် ကြေငြာခိုင်းသွားမည်ဟု ဆိုသည်။

    Ref: Aljazeera