News @ M-Media

Blog

  • အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား

    အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၇

    ( ဓါတ်ပုံ – ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ၂၇ ဦးက စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားထားတဲ့စာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ် )

    လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိရောက်စွာအရေးယူတားမြစ်ပေးဖို့ မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ၂၇ ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတင်ပြလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေရဲ့လူမှုဘဝ လုံခြုံစိတ်ချမှုရရှိစေရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် အစိုးရအကြီးအကဲတွေဆီကို အစ္စလာမ်ဘာသာဝင်တချို့က စုပေါင်းလက်မှတ်ရေးထိုးပြီး စာရေးသားပေးပို့ထားတယ်လို့ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ မဒါလီမြင့်က ပြောပါတယ်။

    ‘ ၂၀၁၆ ဧပြီကနေစပြီးတော့ပေါ့နော်၊ ကျမတို့ အစ္စလာမ်ဘာသာဝင်တွေကို ရွှေတိဂုံဘုရားဈေးရောင်းတဲ့ကိစ္စတွေ၊ သူရဲသမိန်ကိစ္စဆိုလည်း သာမန်ပုဂ္ဂိုလ်တွေကနေ အသွင်ပြောင်းပြီးတော့မှ တိုက်ခိုက်တာတွေ ရှိလာတယ်လေ၊ ဖြစ်စဉ်တွေက တောက်လျှောက်ဖြစ်လာပြီးတော့ တမန်တော်နေ့ အခမ်းအနား ဆိုပြီးလုပ်တာရှိတယ်၊ အားလုံးဟာ တရားဝင်ခွင့်ပြုချက်ကို ယူပြီးတော့မှ လုပ်တာပါ၊ ဒါပေမဲ့ မျိုးချစ်အဖွဲ့တွေက မလုပ်ရဘူးဆိုပြီးတော့ လာပြီးတော့ပိတ်ပင်ခဲ့တယ်၊ ကျွန်မတို့က စိတ်လုံခြုံမှုရရှိအောင် ဒေါ်အောင်ဆန်းစုကြည်ဆီကို ဥပဒေအတိုင်း အမြန်ဆုံးဆောင်ရွက်ပေးဖို့ စာတင်ထားတာပါရှင့်”

    သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကို ဆက်သွယ်မေးမြန်းရာမှာ အဲဒီစာကို လက်ခံရရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

    ကျနော့်ဆီကိုတော့ အဲဒီစာ မရောက်သေးပါဘူးခင်ဗျ၊ ရောက်လာတော့မှပဲ အခြေအနေကြည့်မှာပေါ့လေ”

    အဲဒီစာထဲမှာ အစ္စလမ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံတာ၊ ဘာသာရေးပွဲတွေကို နှောင့်ယှက်တာ စတဲ့ အဖြစ်အပျက် ၉ ခုကိုလည်း နေ့စွဲနဲ့ အတိအကျ တိုင်ကြားထားပါတယ်။

    အခုလိုမေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ လိပ်မူပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားတယ်လို့ ပြောပါတယ်။

    နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဥက္ကဌတွေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေဆီကိုလည်း မိတ္တူပေးပို့ထားတယ်လို့ ပြောပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကို တရားဝင်ကျင်းပခွင့်တင်ပြီး လုပ်ခဲ့ပေမယ့် အဖွဲ့အစည်းတချို့က တိုက်ခိုက်ဖိအားပေးတာမျိုးတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ တိုင်ကြားပေမယ့် ထိရောက်တဲ့ အရေးယူမှုမျိုးတွေ မရှိသေးဘူးလို့လည်း မဒါလီမြင့်က ပြောပါတယ်။

    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

  • အမေရိကန်စီးပွားရေးကျမှုမှာ စစ်တိုက်နေခြင်းကြောင့်ဟု တရုတ်ဘီလီယံနာ ပြော

    အမေရိကန်စီးပွားရေးကျမှုမှာ စစ်တိုက်နေခြင်းကြောင့်ဟု တရုတ်ဘီလီယံနာ ပြော

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    အလီဘာဘာ အွန်လိုင်းရှော့ပင်းပိုင်ရှင် တရုတ်ဘီလီယံနာ ဂျက်မာ

    – အမေရိကန်အတွင် အလုပ်အကိုင်များလျော့ကျကာ စီးပွားရေးကျဆင်းမှုမှာ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အခြားနိုင်ငံများကြောင့်မဟုတ်ဘဲ အမေရိကန်အစိုးရအဆက်ဆက်က ဘက်ဂျက်များ မလျော်မကန်သုံးစွဲမှု၊ စစ်ပွဲများတွင် အလွန်အကျွံ ငွေကြေးသုံးစွဲမှုတို့ကြောင့် ဖြစ်သည်ဟု အလီဘာဘာ ကုမ္ပဏီကို တည်ထောင်သူ တရုတ် ဘီလီယံနာ ဂျက်မာက ပြောကြားလိုက်သည်။

    ယနေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်တွင် အလုပ်အကိုင်များ၊ စက်မှုလုပ်ငန်းများ ဆုံးရှုံးရခြင်းမှာ မက္ကဆီကိုနှင့် တရုတ်တို့ကဲ့သို့ နိုင်ငံများက ခွဲဝေယူထားခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားမှုကို မာက ယခုကဲ့သို့ ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

    “အတိတ်ကိုပြန်ကြည့်ရင် အမေရိကန်ဟာ စစ်ပွဲပေါင်း ၁၃ ခုကို စစ်နွှဲခဲ့ပြီး ဒေါ်လာ ၄၀.၂ ထရီလီယံလောက် ကုန်ကျခဲ့ပါတယ်။ အဲဒီငွေကြေးထဲက တစ်စိတ်တစ်ပိုင်းလောက်ကို အခြေခံအဆောက်အဦးတွေ အဆင့်မြှင့်တင်တာမျိုး၊ ကာယလုပ်သား၊ ဉာဏလုပ်သားတွေကို ကူညီတာမျိုးမှာ ဘာဖြစ်လို့ မသုံးတာလဲ။ ဘယ်လောက်ပဲ မဟာဗျူဟာ ကျနေပါစေ ပိုက်ဆံကိုတော့ ကိုယ့်ပြည်သူတွေအတွက် သုံးစွဲရမှာပါ” ဟု မာက ဒါဗို့စ်မြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ယမန်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းကာလက အမေရိကန်တစ်နိုင်ငံတည်းမှာပင် ဒေါ်လာ ၁၉.၂ ထရီလီယံ ဆုံးရှုံးခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အလုပ်အကိုင်ပေါင်း ၃၄ သန်း ဆုံးရှုံးခဲ့ကြောင်း၊ စစ်တိုက်မည့်ငွေကြေးများကို ထိုဆုံးရှုံးမှုများ ကာမိရန် သုံးစွဲပါက အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း မာက ထပ်လောင်း ပြောဆိုခဲ့သည်။

    Stockholm International Peace Research Institute ၏ စစ်တမ်းများအရ အမေရိကန်မှာ ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ ဂျီဒီပီ၏ ၃.၃ ရာခိုင်နှုန်း ကန်ဒေါ်လာ ၅၉၆ ဘီလီယံကို စစ်ပွဲများတွင် သုံးစွဲခဲ့ပြီး ကမ္ဘာပေါ်တွင် စစ်အသုံးစားရိတ် အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။ မာကမူ ထိုကဲ့သို့ သုံးစွဲမှုများကြောင့်သာ အမေရိကန်တွင် အလုပ်အကိုင်ဆုံးရှုံးမှု ဖြစ်စေခဲ့သည်ဟု ယူဆနေသည်။

    “ဒါပဲလေ။ ဘယ်နိုင်ငံကမှ ခင်ဗျားတို့ဆီက အလုပ်တွေကို ခိုးသွားတာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ဗျူဟာကြောင့် ဒီလိုဖြစ်တာပဲ။ ပိုက်ဆံကို သင့်လျော်တဲ့ နည်းလမ်းနဲ့မှ မသုံးတာ”

    ဇန်န၀ါရီလ အစောပိုင်းက ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့သည့် မာက ဂလိုဘယ်လိုက်ဇေးရှင်းကို အကောင်းမြင်နေပြီး ကမ္ဘာကြီးနှင့် တရုတ်နိုင်ငံတို့အတွက် အကျိုးရှိကြောင်း၊ သို့သော်လည်း ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) က လက်ရှိတွင် ဆောင်ရွက်နေသည့် စနစ်ထက် အငယ်စား စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်း ပိုမိုဖန်တီးပေးရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • ဂမ်ဘီယာအာဏာရှင်ကို ဒေသတွင်းနိုင်ငံများက နောက်ဆုံး ရာဇသံပေးထား

    ဂမ်ဘီယာအာဏာရှင်ကို ဒေသတွင်းနိုင်ငံများက နောက်ဆုံး ရာဇသံပေးထား

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    ရာထူးမှ ဆင်းမပေးသေးသည့် ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်

    – ဂမ်ဘီယာ အာဏာရှင် ယဟ်ယာ ဂျာမေဟ်အနေဖြင့် သောကြာနေ့နေ့လည် နောက်ဆုံးထား၍ ရာထူးမှဆင်းပေးရန် ဒေသတွင်းနိုင်ငံများက နောက်ဆုံးရာဇသံပေးထားပြီး မလိုက်နာပါက စစ်ရေးအရ အရေးယူသွားမည်ဟု ထပ်မံသတိပေးလိုက်သည်။

    ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အဒါမာ ဘာရိုးအား ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ဆင်းပေးရန် ငြင်းဆိုခဲ့သည့် ဂျာမေဟ်၏သက်တမ်းမှာ ဗုဒ္ဓဟူးနေ့ည သန်းခေါင်ယံအချိန်တွင် ကုန်ဆုံးသွားပြီဖြစ်ပြီး၊ ကြာသာပတေးနေ့က ဘာရိုးမှာ ဆီနီဂေါနိုင်ငံရှိ ဂမ်ဘီယာသံရုံးတွင် သမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့သည်။

    လက်ရှိတွင် အနောက်အာဖရိကနိုင်ငံများအဖွဲ့ဖြစ်သော ECOWAS မှ တပ်များမှာ ဂမ်ဘီယာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ထားကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နောက်ဆုံး ရာဇသံပေလိုက်ခြင်းဖြစ်သည်။

    “စစ်ဆင်ရေးတွေကို ကျွန်တော်တို့ ရပ်ထားပြီး သူ့ကို ရာဇသံပေးလိုက်တာပါ။ နေ့လည်ရောက်တာတောင်မှ ရာထူးကဆင်းပေးဖို့ သဘောမတူဘူးဆိုရင်တော့ စစ်ရေးနဲ့ ကြားဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ECOWAS အကြီးအကဲ အလာအင် ဆူဇာက ပြောကြားခဲ့သည်။

    နောက်ဆုံးဆွေးနွေးမှုပြုလုပ်ရန် ဂီနီသမ္မတ အလ်ဖာ ကွန်ဒီမှာ ဂမ်ဘီယာမြို့တော် ဘန်ဂျူလ်သို့ ရောက်ရှိနေသည်။

    လက်ရှိတွင် ECOWAS မှ တပ်ဖွဲ့ဝင် ၇၀၀၀ မှာ တင့်ကားများဖြင့် ဆီနီဂေါမှတစ်ဆင့် ၀င်ရောက်လာပြီး ခုခံမှုကို မကြုံရသေးပေ။

    အိမ်နီးချင်းနိုင်ငံတစ်ချို့ကလည်း ဂျာမေဟ်ကို အသိအမှတ်မပြုတော့ကြောင်း၊ စစ်ရေးဆောင်ရွက်မှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ကြေငြာထားသည်။

    Ref: Aljazeera

  • UN ကဒ် ကိုင်ထားသည့် ရိုဟင်ဂျာများကို မလေးရှားက တရားဝင်အလုပ်လုပ်ခွင့်ပေးမည်

    UN ကဒ် ကိုင်ထားသည့် ရိုဟင်ဂျာများကို မလေးရှားက တရားဝင်အလုပ်လုပ်ခွင့်ပေးမည်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    – ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ထုတ်ပေးသည့်ကဒ် ကိုင်ဆောင်ထားသူ ရိုဟင်ဂျာ ၅၆၀၀၀ ခန့်ကို ကျွမ်းကျင်မှု နည်းနည်းသာ လိုအပ်သည့် ကဏ္ဍများတွင် အလုပ်လုပ်နိုင်ရန်အတွက် မလေးရှားက လေ့ကျင့်သင်ကြားပေးသွားမည်ဟု သိရသည်။

    ဒုတိယ၀န်ကြီးချုပ်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ ဒါတွတ် ဆရီ ဒေါက်တာ အဟ်မဒ် ဇာဟစ်ဒ် ဟာမီဒီက အစိုးရအနေဖြင့် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပြီး ထို့နောက်တွင် ယာယီ အလုပ်လုပ်ကိုင်ခွင့်ကဒ် PLKS လျှောက်ထားနိုင်မည်ဟု ယမန်နေ့က ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယဒ် အလ်-မာလီကီနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအစီအစဉ်က အလုပ်အကိုင်ကဏ္ဍများတွင် ဥပဒေဘောင်အတွင်းမှ လူ့စွမ်းအားအရင်းအမြစ်ကို ထပ်မံထည့်သွင်းခြင်းဖြစ်ပြီး ရိုဟင်ဂျာလူ့အဖွဲ့အစည်းအား ၀န်ထုတ်ဝန်ပိုးအဖြစ်မှ အသုံးဝင်သူများအဖြစ် အမြင်ပြောင်းလဲစေလိမ့်မည်ဟုလည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    “လေ့လာမှုတွေ လုပ်နေတယ်။ မကြာမီကြေငြာသွားမှာပါ”

    ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးမှာ ကွာလာလမ်ပူမြို့တွင် ကျင်းနေသည့် ရိုဟင်ဂျာမွတ်စလင်ဆိုင်ရာ အိုအိုင်စီ အထူးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

    Ref: New Straits Times

  • ရော်နယ်ဒိုအား တရုတ်ကလပ်သို့ ရီးယဲလ်က ရောင်းမည်ဟု ကောလဟာလထွက်ပေါ်

    ရော်နယ်ဒိုအား တရုတ်ကလပ်သို့ ရီးယဲလ်က ရောင်းမည်ဟု ကောလဟာလထွက်ပေါ်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    – စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းမှာ ၎င်း၏တို့၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတွင် ရောင်းချသွားဖွယ်ရှိသည်ဟု စပိန်သတင်းဌာနတစ်ခုဖြစ်သော Don Balon က ဖော်ပြခဲ့သည်။

    အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ နိုဝင်ဘာလက ရီးယဲလ်နှင့် ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ အသင်း၌ရှိနေမည့် သဘောဖြစ်သည်။

    ရီးယဲလ်မှာ လွန်ခဲ့သည် ၂ နှစ်ကတည်းက ရော်နယ်ဒိုအား လက်လွှတ်ရန် ဆန္ဒရှိခဲ့သော်လည်း အသင်း၌ ဆက်ရှိစေခဲ့ပြီး ယမန်နှစ် ချန်ပီယံလိဂ် ဗိုလ်စွဲမှုက သက်တမ်းတိုးရန် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။

    သို့သော်လည်း ရီးယဲလ်ဥက္ကဌ ပီရက်ဇ်မှာ လက်ရှိစာချုပ်သက်တမ်းအကုန်အထိ ရော်နယ်ဒိုကို မထားချင်ဘဲ စာချုပ်ပြည့်ရန် ၁၂ လအလိုတွင် ပြောင်းရွှေ့ကြေးအများအပြားဖြင့် တရုတ်ကလပ်တစ်ခုခုသို့ ရောင်းချချင်နေသည်ဟု Don Balon က ဆိုသည်။

    လက်ရှိတွင် တရုတ်ကလပ်အသင်းများမှာ ဥရောပမှာ နာမည်ကြီး ကစားသမားများကို ဘောလုံးလောကမှ အနားမယူခင် ခေါ်ယူရန် ကြိုးစားလာပြီး တရုတ်အမှတ်ပေးပြိုင်ပွဲ၏ ပုံရိပ်ကို မြှင့်တင်ရန် ဆောင်ရွက်လာသည်။

    Ref: Goal