News @ M-Media
Blog
  • မူဆိုးလ်တက္ကသိုလ် အစိတ်အပိုင်းတစ်ချို့အား အီရတ်စစ်တပ် သိမ်းပိုက်နိုင်
    မူဆိုးလ်တက္ကသိုလ် အစိတ်အပိုင်းတစ်ချို့အား အီရတ်စစ်တပ် သိမ်းပိုက်နိုင်
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    – IS အကြမ်းဖက်အဖွဲ့လက်မှ မူးဆိုးလ်မြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ မူဆိုးလ်တက္ကသိုလ်၏ အစိတ်အပိုင်းတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။
    အဆိုပါတက္ကသိုလ်ကို IS က အခြေစိုက်စခန်းအဖြစ် အသုံးပြုထားခြင်းဖြစ်ပြီး ယမန်နေ့ မနက်ပိုင်းမှစတင်ကာ ညပိုင်းအထိ ပြုလုပ်ခဲ့သည့် အီရတ်စစ်တပ်၏ ထိုးစစ်အတွင်း အဆောက်အဦးများအပါအ၀င် တက္ကသိုလ်၏ ၃ ပုံ ၁ ပုံကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
    စစ်တပ်တာဝန်ရှိသူများကမူ ၎င်းတို့ ထိုးစစ်ဆင်ရာနေရာတွင် အရပ်သားများ နည်းပါးသောကြောင့် လေကြောင်းမှ လွတ်လွတ်လပ်လပ် ပစ်ကူပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    အီရတ်စစ်တပ်မှာ IS ၏ နောက်ဆုံးခံတပ်ဖြစ်သော မူဆိုးလ်ကို အောက်တိုဘာလကတည်းက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး မြို့၏ အစိတ်အပိုင်း အများအပြားကို သိမ်းယူထားနိုင်ကာ IS ၏ ပြင်းပြင်းထန်ထန် ခုခံမှုနှင့်လည်း ကြုံတွေ့နေရသည်။
    Ref : Aljazeera
  • ရိုဟင်ဂျာပြဿနာက IS အတွက် ရေခံမြေခံကောင်းဟု မလေး ကာကွယ်ရေးဝန်ကြီး သတိပေး
    ရိုဟင်ဂျာပြဿနာက IS အတွက် ရေခံမြေခံကောင်းဟု မလေး ကာကွယ်ရေးဝန်ကြီး သတိပေး
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမွဒ်ဒင် ဟူစိန်
    – ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှင်းပမ်းမှုများက IS အကြမ်းဖက်သမားအတွက် လူသစ်စုဆောင်းရာ ရေခံမြေခံကောင်းဖြစ်နေသည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမွဒ်ဒင် ဟူစိန်က သတိပေးပြောကြားလိုက်သည်။
    “အစွန်းရောက်အောင်တွန်းပို့နေရင် သူတို့အနေနဲ့ IS လိုအဖွဲ့မျိုးနဲ့ သွားပေါင်းဖို့ကလွဲလို့ သူတို့မှာ တစ်ခြားရွေးချယ်စရာမရှိမှာကို ကျွန်တော် စိုးရိမ်ပါတယ်” ဟု ၀န်ကြီးက ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မီလာဒွန် ရစူလ် အခမ်းအနားအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အနောက်နိုင်ငံများက အကြမ်းဖက်ဝါဒကို အမြတ်ဖြုတ်နေသည့် ယခုအချိန်တွင် စစ်သွေးကြွးများက အီရတ်နှင့် ဆီးရီးယားအပြင်ဖက်တွင် ခြေကုပ်ယူရန် လိုအပ်ကောင်း လိုအပ်လိမ့်မည်ဟုလည်း ဆိုသည်။
    “ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်းပိုင်းမှာ မဟုတ်ဘူးဆိုရင် ရခိုင်က ရိုဟင်ဂျာဒေသမှာ ဖြစ်မှာပါ”
    ရိုဟင်ဂျာကိစ္စကို ချက်ခြင်းဖြေရှင်းရန်လည်း ဟီရှာမွဒ်ဒင်က တောင်းဆိုခဲ့သည်။
    “ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်ကတော့ သိပ်ရှင်းပါတယ်။ ဒီပြဿနာကို ဆွေးနွေးဖို့အတွက် အိုအိုင်စီအဖွဲ့နဲ့ အစည်းဝေးလုပ်ဖို့ ကက်ဘိနတ်ရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုကို ၀န်ကြီးချုပ်က ရရှိထားပါတယ်”
    Ref : Free Malaysia Today
  • ဂရိမှာ တတ်နိုင်သလောက်ပြန်ပေးဆပ်နေကြတဲ့ ဆီးရီးယား ဒုက္ခသည်များ
    ဂရိမှာ တတ်နိုင်သလောက်ပြန်ပေးဆပ်နေကြတဲ့ ဆီးရီးယား ဒုက္ခသည်များ
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    – မတည်ငြိမ်မှုတွေကြောင့် ဇာတိမြေက စွန့်ခွာလာရတဲ့သူတွေအတွက် ဘ၀သစ်တစ်ခုစခွင့်ပေးတဲ့ ကျေးဇူးကို ပြန်လည်တုန့်ပြန်တဲ့အနေနဲ့ ဂရိက ဆီးရီးယားဒုက္ခသည်တွေဟာ နိုင်ငံအတွင်း အိမ်ယာမဲ့တွေကို အဟာရဒါန ပြုပေးနေကြပါတယ်။
    “လူသားဆန်မှုအတွက်ဗျ။ ဒုက္ခသည်ဖြစ်လို့၊ ဂရိလူမျိုးဖြစ်လို့ မဟုတ်ဘူး။ လူသားဆန်မှုအတွက်ပါ” လို့ ဒီဒါနပြုမှုမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ဆီးရီးယားဒုက္ခသည် အဒဲလ်က ပြောကြားခဲ့ပါတယ်။
    အဒဲလ်နဲ့ သူ့ရဲ့ သူငယ်ချင်းတွေဟာ သူတို့နေထိုင်ရာ ဒုက္ခသည်စခန်းအတွင်းက ပိုလျှံနေတဲ့ အစားအသောက်တွေကို စုဆောင်းပြီး၊ လမ်းမတွေကို အမှီပြုနေထိုင်ရတဲ့ ဂရိက အိမ်ယာမဲ့တွေကို ဝေငှလှူဒါန်းနေကြတာပါ။
    “သူတို့က ဒုက္ခသည်တွေဆိုတာတောင် ကျွန်မ မသိဘူး။ ကျေးဇူးတင်လိုက်တာရှင်။ သူတို့တစ်နေ့ကို သုံးကြိမ်လာတယ်၊ နေ့လည်စားစားချိန်နဲ့ ညစာစားချိန်တွေလည်း ပါပါတယ်” လို့ ဂရိမိခင်တစ်ဦးဖြစ်တဲ့ မာလီနာက ဖွင့်ဟခဲ့ပါတယ်။
    အဒဲလ်တို့အုပ်စုရဲ့ ဒီလှုပ်ရှားမှုမှာ အပြင်က စေတနာ့ဝန်ထမ်းတွေလည်းပါဝင်ပြီး ဂရိက ချို့တဲ့ကြသူတွေ ဘယ်နားမှာ ရှိနေတတ်လဲဆိုတာ ဒုက္ခသည်တွေက ပြောပြကြာတလို့လည်း စေတနာ့ဝန်ထမ်းတွေက ဆိုပါတယ်။
    “ဒီနားမှာ အိမ်ယာမဲ့မိသားစုတွေ နေထိုင်တယ်လို့ ဒီမှာ ကူညီနေတဲ့ ဒုက္ခသည်တစ်ယောက်က ပြောပြတာပါ။ လွန်ခဲ့တဲ့ ၉ လမှာ စပြီး ရောက်လာကတည်းက အိမ်ယာမဲ့ ဒုက္ခသည်တွေ၊ အိမ်ယာမဲ့ ဂရိတွေလို အကူအညီလိုအပ်နေသူတွေကို ရှာဖွေဖို့ သူက နေ့ဖက်မှာ ကူညီပေးခဲ့ပါတယ်” လို့ အဒဲလ်တို့အဖွဲ့မှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နေသူ လူးဝစ် ဖိလစ်က ပြောကြားခဲ့ပါတယ်။
    ဂရိနိုင်ငံမြောက်ပိုင်းမှာ အပူချိန်ဟာ လက်ရှိအချိန်မှာ အနှုတ် ၁၀ လောက်ရှိနေတာကြောင့် အိမ်ယာမဲ့တွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။
    “လူကြည့်ပြီး လှူတာမဟုတ်ဘူးဗျ။ ကျွန်တော်က ဆီးရီးယားဒုက္ခသည်တစ်ယောက်။ သူတို့ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သူတို့လည်း လူသားတွေပဲလေ” လို့ အဒဲလ်က ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ယူကေနိုင်ငံရေးတွင် အစ္စရေး၏ခြေရှုပ်မှုကို စစ်ဆေးရန် လေဘာပါတီခေါင်းဆောင် တောင်းဆို
    ယူကေနိုင်ငံရေးတွင် အစ္စရေး၏ခြေရှုပ်မှုကို စစ်ဆေးရန် လေဘာပါတီခေါင်းဆောင် တောင်းဆို
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    ယူကေ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကော်ရ်ဘန်
    – ယူကေနိုင်ငံရေးတွင် အစ္စရေး၏ ခြေရှုပ်မှုများကို အလ်ဂျာဇီးရားသတင်းဌာနက ဖွင့်ချခဲ့ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ယူကေ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကော်ရ်ဘန်က တောင်းဆိုလိုက်သည်။
    အလ်ဂျာဇီးရားမှာ ယခုတစ်ပတ်အစောပိုင်းက မာဆွတ်နှင့် ယူကေ အစိုးရ၀န်ထမ်းတစ်ဦးတို့ တွေ့ဆုံပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား ဖြုတ်ချရန် တိုင်ပင်ဆွေးနွေးမှုကို လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးကာ ဖော်ထုတ်ခဲ့ပြီးနောက် ယူကေ နိုင်ငံရေးလောကတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
    အဆိုပါ ဖော်ထုတ်မှုမှာ The Lobby ဟု အမည်ပေးထားပြီး အပိုင်းလေးပိုင်းပါဝင်မည့် အလ်ဂျာဇီးရား၏ မှတ်တမ်းရုပ်ရှင်မှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
    ယူကေနိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က လန်ဒန်ရှိ အစ္စရေးသံရုံးမှ လုပ်ရပ်များမှာ ‘ပြီးဆုံးသွားသည့်ကိစ္စ’ ဟု ပြောဆိုသည်ကို မိမိအနေဖြင့် စိုးရိမ်မိပြီး ‘ထိုကိစ္စမှာ လုံးဝ အမျိုးသားလုံခြုံရေးကိစ္စဖြစ်သောကြောင့်’ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ၀န်ကြီးချုပ်ကို တိုက်တွန်းခဲ့သည်။
    “(စုံစမ်းစစ်ဆေးမှု ပြုလုပ်မှာသာ) အစိုးရအနေနဲ့ ဒါမျိုးလုပ်ရပ်တွေကို သည်းခံမှာမဟုတ်ဘူးဆိုတာ လွှတ်တော်နဲ့ ပြည်သူလူထုက ရှင်းရှင်းလင်းလင်းသိမှာပါ” ဟုလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
    အလ်ဂျာဇီးရား၏ ထိုဖွင့်ချမှု ထွက်ပေါ်လာပြီးနောက် မာဆွတ်မှာ ယခုသီတင်းပတ် အစောပိုင်းတွင် ရာထူးက နှုတ်ထွက်သွားခဲ့ပြီး၊ လန်ဒန်ရှိ အစ္စရေးသံရုံးကလည်း ထိုလုပ်ရပ်အတွက် တောင်းပန်ခဲ့သည်။
    Ref: Aljazeera
  • စက်မှုလုပ်ငန်းသုံး နျူနည်းပညာကို မြန်မာနိုင်ငံတွင် ချဲ့ထွင်အသုံးပြုမည်
    စက်မှုလုပ်ငန်းသုံး နျူနည်းပညာကို မြန်မာနိုင်ငံတွင် ချဲ့ထွင်အသုံးပြုမည်
    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media
    မြန်မာ့ အဏုမြူစွမ်းအင် ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက စမ်းသပ်နေစဉ်
    – နျူးကလီးယားနည်းပညာကို ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အကောင်အထည်ဖော်မှု အောင်မြင်ခဲ့ပြီးပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စက်မှုလုပ်ငန်းများတွင် စမ်းသပ်အသုံးပြုရန်အတွက် ကျွမ်းကျင်သူများက ဆောင်ရွက်နေသည်ဟု သိရသည်။
    Non-destructive testing (NDT) ဟုခေါ်သည့် နည်းပညာဖြစ်ပြီး သုံးစွဲမည့်ပစ္စည်းများ၊ ထုတ်ကုန်များ၏ အရည်အသွေးကို စမ်းသပ်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ ထိုနည်းပညာမှာ စက်မှုလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့တွင် အရေးပါပြီး ပျက်ဆီးခြင်း၊ ရေဒီယိုသတ္တုကြွမှုများ ကြွင်းကျန်ရစ်ခြင်း မရှိပေ။
    အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ (IAEA) မှာ ၂၀၁၃ ခုနှစ်ကတည်းက လိုအပ်သောပစ္စည်းများ ၀ယ်ယူရန်နှင့် နည်းပညာကို အသုံးပြုနိုင်ရေး ၀န်ထမ်းများအား သင်တန်းပေးရန်တို့အတွက် မြန်မာနိုင်ငံမှ အနုမြူစွမ်းအင်ဦးစီးဌာနကို အကူအညီများ ပေးအပ်ခဲ့သည်။
    NDT နည်းပညာကို သန်လျင်မြို့ရှိ ရေနံချက်စက်ရုံတွင် စတင်အသုံးပြုခဲ့ပြီး ထိရောက်မှု ရှိ၊ မရှိကို ကျွမ်းကျင်သူများကလည်း ပုံမှန်စစ်ဆေးခဲ့ကြသည်။
    ကမ္ဘာတစ်ဝှမ်းတွင် ရေနံပိုက်များ၊ ဘွိုင်လာများ၊ လေအိုးများ၊ အဆောက်အဦးများ၊ လေယာဉ်အစိတ်အပိုင်းများနှင့် သင်္ဘောများကို စစ်ဆေးရာတွင် ထိုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး၊ မြန်မာအစိုးရ၏ အဏုမြူစွမ်းအင် ဦးစီးဌာနကလည်း လက်ရှိသုံးစွဲမှုနယ်ပယ်ကို ချဲ့ထွင်ရန် ဆောင်ရွက်နေသည်ဟု ဦးစီးဌာန၏ NDT ဓာတ်ခွဲခန်းကို ကြီးကြပ်သူ ဒေါ်အင်ဂျင်းဖြူက ပြောကြားခဲ့သည်။
    ထိုနည်းပညာကို အသုံးပြုရန်အတွက် မြန်မာ့ မီးရထား၊ သင်္ဘောကျင်းများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ ၀န်ထမ်းများကို မကြာသေးမီက လေ့ကျင့်သင်ကြားပေးခဲ့ပြီး လုပ်ငန်းအများအပြားတွင် လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်သည်။
    Ref: IAEA