News @ M-Media
Blog
  • သန်းခေါင်စာရင်းမှ လူမျိုးအရေအတွက်ကို ထုတ်ပြန်ရန်ရှိနေပြီး ၁၃၅ မျိုးထက် ကျော်လွန်မည်
    သန်းခေါင်စာရင်းမှ လူမျိုးအရေအတွက်ကို ထုတ်ပြန်ရန်ရှိနေပြီး ၁၃၅ မျိုးထက် ကျော်လွန်မည်
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    la-wa-ka
    – ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအတွင်း ရရှိခဲ့သည့် လူမျိုးစုဆိုင်ရာ အချက်အလက်များကို ၄ လအတွင်း ထုတ်ပြန်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောကြားလိုက်ပြီး သန်ခေါင်းစာရင်းနှင့်ပတ်သက်၍ နောက်ဆုံး ထုတ်ပြန်မှုလည်းဖြစ်သည်။
    “အခု တစ်ချို့အချက်အလက်တွေကို နောက်ဆုံးအကြိမ်အဖြစ် အပြီးသတ် ပြင်ဆင်နေပါတယ်။ ပြီးရင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ်။ အဲဒီနောက်မှာ ထုတ်ပြန်မှာပါ” ဟု အမြဲတမ်းအတွင်းဝန်က ပြောကြားခဲ့သည်။
    တိုင်းရင်းသားလူမျိုးစု ကိစ္စမှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှု မတိုင်ခင်ကတည်းက အငြင်းပွားရဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်သည်။
    သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် လက်ရှိ တရားဝင်သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးထဲမှသာ ရွေးချယ်ခွင့်ပေးခဲ့ပြီး၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကမူ ထိုလုပ်ရပ်မှာ မှားယွင်းကြောင်း၊ အခြားလူမျိုးကို ရွေးချယ်ခွင့်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
    နောက်ပိုင်းတွင် အစိုးရက မိမိကြိုက်နှစ်သက်သည့် လူမျိုးအမည် ခံယူရန် ခွင့်ပြုမည်ဟု ကတိပေးခဲ့သော်လည်း နောက်ဆုံးအချိန်တွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာဟု ခံယူရန် ခွင့်မပြုခဲ့ပေ။
    “အခုထုတ်ပြန်မယ့် အချက်အလက်တွေက တိုင်းရင်းသားအုပ်စု ၁၃၅ မျိုးထက် ကျော်မှာပါ။ အချို့ တိုင်းရင်းသားတွေရဲ့ အမည်က အမျိုးမျိုးဖြစ်နေတယ်။ ဥပမာအားဖြင့် တလိုင်းလိုဟာမျိုး၊ ရှမ်းနီလိုဟာမျိုးပါ။ ဒီအချက်အလက်တွေကိုစုဖို့က ရှုပ်ထွေးနိုင်ပါတယ်” ဟု ဦးမြင့်ကြိုင်က ထည့်သွင်းပြောကြားခဲ့သည်။
    နိုင်ငံအတွင်း လူမျိုးရေးတင်းမာမှုများ ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်သည်ဟုဆိုကာ သန်းခေါင်စာရင်းကောက်ယူမှုမှ ဘာသာရေးနှင့် လူမျိုးစုအချက်အလက်များကို ထုတ်ပြန်မှုမှာ ကြန့်ကြာခဲ့ပြီး ဇွန်လက နိုင်ငံအတွင်းရှိ ဘာသာရေးအုပ်စုများ၏ အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။
    ထိုအချက်အလက်များအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၈၉.၈ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင် ၆.၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင် ၂.၃ ရာခိုင်နှုန်းနှင့် ဟိန္ဒူဘာသာဝင် ၀.၅ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
    Ref : mmtimes
  • ခြစားမှုကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ်ကို ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်း
    ခြစားမှုကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ်ကို ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်း
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    naytan
    – စီးပွားရေးသမားများထံမှ လက်ဆောင်များ ရယူခဲ့သည်ဟု သံသယရှိမှုနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ ရဲတပ်ဖွဲ့၏ ၃ နာရီကြာ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပြီး၊ ခြစားသည်ဟူသော စွဲချက်အတွက် စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
    ယမန်နေ့က ဂျေရုစလင်မြို့လယ်ကောင်ရှိ ၎င်း၏ ၀န်ကြီးချုပ်နေအိမ်တွင် စစ်ဆေးခံရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၀န်ကြီးချုပ်မှာ လက်ဆောင်များ ရယူခဲ့သည်ဟု သံသယရှိသည့်အတွက် မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အသေစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
    အတိုက်အခံများက နေတန်ယာဟုမှာ ခြစားမှုများရှိခဲ့သည်ဟု စွပ်စွဲပြောဆိုထားပြီး၊ ၀န်ကြီးချုပ်ကမူ ထိုစွဲချက်အား ငြင်းဆိုခဲ့သည်။
    ယမန်နေ့ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုကို အစ္စရေး တရားရေးဝန်ကြီးဌာနကလည်း အတည်ပြုခဲ့သည်။ နေတန်ယာဟုမှာ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ စီးပွားရေးသမားများထံမှ ငွေကြေပမာဏများစွာ လာဘ်ယူခဲ့သည်ဆိုသည့် စွပ်စွဲမှုများမှာ ယခင်ကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။
    ရှေ့နေချုပ် အဗီချိုင် မန်ဒဲလ်ဘလစ်ကမူ လက်ရှိ စုံစမ်းမှုကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းမှုအဖြစ် တစ်ဆင့်မြှင့်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်ဟု ဖော်ပြမှုများလည်း ရှိနေသည်။
    နေတန်ယာဟု ခြစားသည်ဆိုသော စွဲချက်များအတွက် အစ္စရေးရဲတပ်ဖွဲ့က လွန်ခဲ့သည့် ၈ လ အရင်ကတည်းက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေခြင်းဖြစ်ပြီး၊ မကြာသေးမီကာလအတွင်း ထိုကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် သက်သေ ၅၀ ခန့်ကိုလည်း မေးမြန်းစုံစမ်းခဲ့သည်။
    Ref: Aljazeera
  • အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်ဝါဒ ကျဆုံးတော့မည်ဟု အီရန်သမ္မတပြော
    အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်ဝါဒ ကျဆုံးတော့မည်ဟု အီရန်သမ္မတပြော
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    iran-2
    – အရှေ့အလယ်ပိုင်းအတွင် အကြမ်းဖက်ဝါဒမှာ သံခင်တမန်ခင်း အောင်မြင်မှုနှင့် ခုခံတွန်းလှန်မှုတို့ကြောင့် လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေပြီဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။
    တနင်္ဂနွေနေ့က ရုပ်မြင်သံကြားမှတစ်ဆင့် အီရန်ပြည်သူများသို့ မိန့်ခွန်းတွင် ရူဟာနီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းကို ခြိမ်းခြောက်နေသော အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေး အရေးပါမှုကိုလည်း အလေးထား ပြောကြားခဲ့သည်။
    ထို့ပြင် အီရန်မှာ အရှေ့အလယ်ပိုင်း ဒေသအတွင်း ခြွင်းချက်မဲ့ လုံခြုံမှုကို ခံစားနေရပြီး နိုင်ငံအနောက်ပိုင်းအပါအ၀င် တစ်နိုင်ငံလုံးတွင် လုံခြုံရေးအဆင့်အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်ထားကြောင်း အီရတ်နှင့် ဆီးရီးယားတို့ကို ဥပမာပေးကာ မိမိတို့အနေဖြင့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် တောင်းဆိုလာသည့် မည်သည့်နိုင်ငံကိုမဆို ကူညီမှုအား နောက်ဆုတ်သွားမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဒေသတွင်းနိုင်ငံများအား အစိတ်စိတ်အမွှာမွှာဖြစ်ရေး မည်သည့် ဆောင်ရွက်မှုမျိုးကိုမဆို ဆန့်ကျင်သည်ဟုလည်း ရူဟာနီကဆိုပြီး ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများတွင် သံတမန်နည်းလမ်းဖြင့်သာ နောက်ဆုံးအဖြေရမည်ဟု ပြောကြားခဲ့သည်။
    ဆီးရီးယားငြိမ်းချမ်းရေး ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့တွင် ဆွေးနွေးပွဲပြုလုပ်ရန် ရှိနေပြီး အဆိုပါဆွေးနွေးပွဲမှာ ဆီးရီးယားပြဿနာအတွက် သံတမန်နည်းကျ အဖြေတစ်ခု ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ရူဟာနီက ထပ်လောင်း ပြောဆိုခဲ့သည်။
    Ref: Press TV
  • ဘရာဇီးလ်ထောင်တွင်းဆူပူမှု လူ ၆၀ နီးပါး သေဆုံး
    ဘရာဇီးလ်ထောင်တွင်းဆူပူမှု လူ ၆၀ နီးပါး သေဆုံး
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    riot
    – ဘရာဇီးလ်နိုင်ငံ အနောက်မြောက်ပိုင်း အမေဇိုနက်စ်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုအတွင်း ဆူပူမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပြီး အလောင်းများကို မီးရှို့ခြင်း၊ တစ်စစီဖြတ်တောက်ခြင်းတို့ ဖြစ်ခဲ့သည်ဟု သိရသည်။
    ပြည်နယ်မြို့တော် မာနော့စ်ရှိ Anisio Jobim Penitentiary Complex အကျဉ်းထောင်အတွင်း တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရုန်းရင်းဆန်ခန်မှုမှာ ၁၇ နာရီခန့် ကြာမြင့်ခဲ့သည်။
    ဆူပူသောင်းကျန်းသူများမှာ အစောင့် ၁၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လွတ်မြောက်သွားသည့် အကျဉ်းသားအရေအတွက်ကို သိရှိရခြင်း မရှိသေးပေ။ အဆိုပါဆူပူမှုမှာ ဒေသတွင်း ရာဇ၀တ်ဂိုဏ်းနှစ်ခုအကြား ပြဿနာဖြစ်ပွားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
    အမေဇိုနက်စ်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနကမူ သေဆုံးသူအရေအတွက်မှာ ၆၀ ခန့်ရှိသည်ဟု စောစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ၅၆ ဦးဟု ထုတ်ပြန်ခဲ့သည်။ ဌာနအကြီးအကဲကမူ အဆိုပါဖြစ်ရပ်မှာ ပြည်နယ် အကျဉ်းသားထိန်းသိမ်းရေးသမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကာ မူးယစ်မှောင်ခိုလုပ်ငန်းကို တိုက်ဖျက်ရေးနှင့် အကျဉ်းထောင် လုံခြုံရေး ပိုမိုအားကောင်းစေရေး ဗဟိုအစိုးရက ကူညီရန် တောင်းဆိုခဲ့သည်။
    အကျဉ်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး ခေါင်းဖြတ်သတ်ဖြတ်မှုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်မှုများ၊ မီးရှို့မှုများလည်း ဖြစ်ပွားခဲ့သည်။
    Ref: Aljazeera
  • အီရန်စစ်တုရင်မယ် ကမ္ဘာ့အကောင်းဆုံး ၃၀ စာရင်းတွင် ပါဝင်လာ
    အီရန်စစ်တုရင်မယ် ကမ္ဘာ့အကောင်းဆုံး ၃၀ စာရင်းတွင် ပါဝင်လာ
    ဇန်န၀ါရီ ၂၊ ၂၀၁၇
    M-Media
    iran
    – အီရန်နိုင်ငံမှ စစ်တုရင်အားကစားမယ် ဆာရာဆာဒတ် ခါဒီမာလ်ရှာရီယာမှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (FIDE) မှ ဇန်န၀ါရီအတွက် ထုတ်ပြန်သည့် အဆင့်သတ်မှတ်ချက်တွင် ၁၁ ဆင့်အထိ ခုန်တက်ခဲ့ပြီး ကမ္ဘာထိပ်တန်း စစ်တုရင်ကစားသမား ၃၀ စာရင်းတွင် ပါဝင်လာသည်ဟု သိရသည်။
    အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ဆာရာဆာဒတ်မှာ ရမှတ် ၂၄၅၂ ဖြင့် အဆင့် ၂၈ သို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူမမှာ ပြီးခဲ့သည့်လက ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် FIDE ၏ အမျိုးသမီး ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲ World Chess Rapid Championships တွင် လက်စွမ်းပြနိုင်ခဲ့ပြီး စတုတ္ထနေရာ ရရှိခဲ့သည်။
    ထို့ပြင် World Chess Blitz Championships ပြိုင်ပွဲတွင်လည်း အဆင့် ၁၈ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အီရန်နိုင်ငံ တီဟီရန်၌ ကျင်းပပြုလုပ်ခဲ့သည့် FIDE ၏ အမျိုးသမီး ဂရင်းပရီ စစ်တုရင်ပြိုင်ပွဲတွင်မူ ဆာရာဆာဒတ်မှာ ဒုတိယ ရရှိခဲ့သည်။
    FIDE ၏ အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အခြားအီရန် စစ်တုရင်အားကစားမယ် ဒေါရ်စာ ဒီရက်ရှာနီက ရမှတ် ၂၃၇၀၊ မီထရာ ဟီဂျာဇီပူရ်က ၂၃၀၇ မှတ်၊ အာတူဆာ ပူရ်ကာရှီယန်က ၂၃၀၃ မှတ် အသီးသီး ရရှိခဲ့သည်။
    Ref: Press TV