News @ M-Media
Blog
  • ကိုယ်မင်းကိုယ်ချင်းဝနယ်မြေထိ လက်တံရှည်လာသော တရုတ်သြဇာ
    ကိုယ်မင်းကိုယ်ချင်းဝနယ်မြေထိ လက်တံရှည်လာသော တရုတ်သြဇာ
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    People dress in traditional style attend a festival in a village outside Pansang, Wa territory in northeast Myanmar October 3, 2016. Picture taken on October 3, 2016. REUTERS/Soe Zeya Tun
    ၂၀၁၆ အောက်တိုဘာ ၃ ရက် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ၀ ပိုင်နက်ရှိ ပန်ဆန်းမြို့ပြင် ရွာတစ်ရွာ၏ပွဲတော်ကို ရိုးရာဝတ်စုံဖြင့် တက်ရောက်နေသူများ
    – တရုတ်ပြည်သည် ၎င်း၏ထိန်းချုပ်မှုလက်တံကို မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အုပ်စု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးသန့်နယ်မြေအပေါ်သို့ ဆန့်တန်းနေလျက်ရှိကြောင်း ဒေသခံရင်းမြစ်များက ရိုက်တာသတင်းဋ္ဌာနသို့ ပြောကြားသည်။
    ကိုယ်ပိုင်နယ်မြေအဖြစ် ကြေငြာထားသော ၀ပြည်နယ်၏ နိုင်ငံခြားရေးမူဝါဒကို ဘေဂျင်းမှ အနီးကပ် စောင့်ကြည့်ထားသည်။ အုပ်ချုပ်ရေးပိုင်းတွင် ထိပ်တန်းအရာရှိများက အင်အား သုံးသောင်းရှိသော သွေးစည်းညီညွတ်သည့် ၀ပြည်တပ်မတော်- UWSA အား ထိန်းချုပ်ပဲ့ကိုင်ထားသည်။ အနောက်တိုင်းအစိုးရများနှင့်လည်း အဆက်အသွယ် ရှိကြသည်။ စီးပွားရေးနှင့် အကူအညီပေးရေးအုပ်စုများကိုလည်း အထိပါးမခံကြချေ။
    မြန်မာနိုင်ငံအနေဖြင့် အထူးဒေသ ၂ အဖြစ် သိရှိထားကြသော ဝေလံခေါင်သီလှသည့် ယင်းနယ်မြေပိုင်နက်သည် ဘယ်လ်ဂျီယံနိုင်ငံမျှ အကျယ်အ၀န်းရှိပြီး လူဦးရေ ၆ သိန်း နေထိုင်လျက်ရှိသည်။ ဆယ်စုနှစ်များစွာ အနောက်တိုင်းသားတို့နှင့် နီးစပ်မှု ကျယ်ကျယ်ပြန့်ပြန့်ရှိရကား အောက်တိုဘာလအတွင်း ရိုက်တာသတင်းဋ္ဌာနက ထိုဒေသသို့ ရောက်ရှိနိုင်ခဲ့သည်။
    ပြည်နယ်မြို့တော် ပန်ဆန်းတွင် မန်ဒရင်း(နိုင်ငံတကာသုံး တရုတ်ဘာသာစကား)သုံး လမ်းညွှန်များ၊ နေရာအနှံ့နီးပါး တွေ့ရသည့် တရုတ်စီးပွားရေးလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာစာရွက်စာတမ်းများဖြင့် တရုတ်ပြည်၏လွှမ်းမိုးမှုမှာ တမဟုတ်ချင်း သိသာလွန်းလာသည်။
    နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းကြည့်လျှင် စီးပွားရေး၊ လူမှုရေးပတ်သက်မှုများထက် ပိုလွန်နေသော တရုတ်ပြည်၏ လက်တံကို တွေ့ရပေမည်။
    စောင့်ကြည့်ခြင်းနှင့် နားစွင့်ခြင်း
    ——————————-
    “မူးယစ်ဆေးတိုက်ဖျက်မှုကမ်ပိန်းပြီးဆုံးတဲ့နောက် ကျွန်တော်တို့အစိုးရအနေနဲ့ အဖွဲ့အစည်းတွေရော လူတစ်ဦးချင်းကိုရော တရုတ်ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များကိုရော မူးယစ်ဆန့်ကျင်ရေးလှုပ်ရှားမှုထဲ ပါဝင်ကြဖို့ တိုက်တွန်းထားပြီးဖြစ်တယ်” ဟု ၀န်ကြီး၏နောက်ထပ်အတွင်းရေးမှူး ဖြစ်သူ တရုတ်ပြည်အရှေ့ဖျားကမ်းခြေရှိ ရှီကျန်းပြည်နယ်သား Chen Chun က ဆိုသည်။
    ပန်ဆန်းအုပ်ချုပ်ရေးရပ်ဝန်းအတွင်း လုပ်ကိုင်နေကြသော ၎င်းတို့နှင့်အတူ အခြားတရုတ်နိုင်ငံသားများကို တွေ့ရသည့်အပေါ် သူတို့မှာ ၀အစိုးရ၏၀န်ထမ်းများသာဖြစ်ပြီး ဘေဂျင်းအတွက် အလုပ်လုပ်နေသူများမဟုတ်ကြဟု ရိုက်တာအား ပြောပြသည်။ သို့သော် သူတို့၏အနေအထားများက ၀ပြည်နယ်နှင့်ခေါင်းဆောင်များမှာ အိမ်နီးချင်းနိုင်ငံနှင့် လုံးထွေးနေကြောင်း မသိမသာဖော်ကျူးလျက်ရှိသည်။
    “အစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းအပြင် နေရာတိုင်းမှာ အနောက်တိုင်းနဲ့ အနီးကပ်ဆက်ဆံမှုမှန်သမျှအပေါ် တရုတ်ပြည်က စောင့်ကြည့်နားစွင့်နေသူတွေ ရှိနေကြတယ်။ ဒါမျိုးကို ကျွန်တော်တို့ အထူးသတိထားရတယ်။ တရုတ်ပြည်ရဲ့အမျက်မသင့်စေဖို့ပါ။ ၀ါရှင်တန်၊ ဘရပ်ဆဲလ်နဲ့ ဆက်ဆံရေးတွေအပြင် ၀နယ်မြေထဲဝင်ရောက်လာတဲ့ NGO တွေ၊ နိုင်ငံခြားသားမှန်သမျှအပေါ် မျက်စေ့ဒေါက်ထောက်စောင့်ကြည့်ပြီး တရုတ်ပြည်ကို သတင်းပို့လေ့ရှိပါတယ်” ဟု ထိလွယ်ရှလွယ်အရေးကြောင့် အမည်မဖော်လိုသူ ၀အစိုးရ၀န်ကြီးတစ်ဦးက ပြောပြသည်။
    ရိုက်တာ၏မေးခွန်းတစ်ခုကိုဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ပြည်သည် နွေးထွေးရင်းနှီးလှသည့် အိမ်နီးချင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နက်ကို လေးစားမှုရှိကြောင်း၊ မြန်မာ့ပြည်တွင်းရေးကိုလည်း ၀င်ရောက်စွက်ဖက်မှုမရှိကြောင်း ပြောကြားခဲ့သည်။
    တံခါးဖွင့်ခြင်း၏နောက်ကွယ်
    ————————–
    ဗမာပြည်ကွန်မြူနစ်ပါတီ CPB သည် တိုင်းရင်းသားစစ်တပ်များအဖြစ် ပြိုကွဲသွားပြီးနောက် ၀ပြည်နယ်ကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်သည်။ ၎င်းအချိန်မှစပြီး မြန်မာဗဟိုအစိုးရဖက်တိမ်းညွှတ်သော UWSA က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။
    ၀ နှင့်အတူ အခြားလက်နက်ကိုင်အုပ်စုများနှင့် သဘောတူညီချက်တစ်ရပ် ရယူနိုင်ရေးမှာ ဒေါ်စုကြည်၏ အကြီးမားဆုံး စိန်ခေါ်ချက်တစ်ရပ်ဖြစ်၏။ သူမသည် ဆယ်စုနှစ်များစွာကြာမြင့်နေသော တိုင်းရင်းသားပဋိပက္ခ အဆုံးသတ်ရေး၊ ၎င်းနှင့်တွဲပါနေသော မြန်မာ့ဥပဒေမဲ့နယ်စပ်ဒေသများရှိ မူးယစ်ဆေးထုတ်လုပ်ရေးဆိုင်ရာ ရှုပ်ထွေးပွေလီသည့် ပြဿနာများကို ဆုပ်ကိုင်ထားရသည်။
    USWA သည် မြန်မာစစ်တပ်နှင့် နှစ်များစွာ တိုက်ပွဲဖြစ်ပွားမှု မရှိသလို၊ ၎င်း၏ခေါင်းဆောင်များသည် အမေရိကန်နှင့် အနောက်နိုင်ငံမှ မူးယစ်စိတ်ကြွဆေးများကို ပင်တိုင်ထုတ်လုပ်သည်ဆိုသော စွပ်စွဲချက်မျာအပေါ်ငြင်းပယ်ထားသည်။ ဒေါ်စုကြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ အတွင်းကျကျ ပါဝင်ခြင်းကိုလည်း တိမ်းညွှတ်စပြုနေသည်။
    “ကျွန်တော်တို့အတွက် တံခါးဖွင့်ဖို့ အချိန်တန်ပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးသရုပ်သကန်သစ်တစ်ရပ် ဖြစ်ထွန်းနေပါတယ်။ နိုင်ငံရေးစကားဝိုင်းထဲ ပါဝင်ဖို့၊ ပြင်ပကမ္ဘာကို တံခါးဖွင့်လှစ်ဖို့ ဖြစ်လာရတာပါပဲ” ဟု ၀အစိုးရအရာရှိတစ်ဦးဖြစ်သူ Nyi Rang က ဆိုသည်။
    သုတေသီများ၏အဆိုအရ တရုတ်ပြည်၏ ကိုယ်ပိုင်အကျိုးစီးပွားလည်း ထိုအခင်းအကျင်းထဲ ပါဝင်နေ၏။
    ဒေါ်စုကြည်သည် ပိတ်ဆို့ခံထားရသော တရုတ်ထောက်ပံ့မှု မြစ်ဆုံဆည်စီမံကိန်းကြီးအား ပြန်လည်စတင်လိမ့်မည်၊ အမေရိကန်၏ပိတ်ဆို့မှု ဖယ်ရှားပြီးနောက် အနောက်တိုင်းပြိုင်ဖက်များထံ လမ်းပွင့်သွားတော့မည့် နိုင်ငံတွင်း သယံဇာတဆိုင်ရာ အကျိုးစီးပွားတို့ကိုလည်း ကာကွယ်လိုလျက်ရှိသည်ဟု ဘေဂျင်းက မျှော်မှန်းထား၏။
    “တရုတ်ပြည်ဟာ မြန်မာနိုင်ငံထဲ ရှုပ်ထွေးလှတဲ့ ကစားကွက်တစ်ခုကို ခင်းကျင်းနေပါတယ်။ မြန်မာနိုင်ငံရဲ့ အတိုင်းအတာတစ်ရပ်ထိရှိတဲ့ သူတို့ရဲ့စီးပွားရေး၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ မဟာဗျူဟာဆိုင်ရာအကျိုးစီးပွားများအပေါ် ကာကွယ်ဖို့၊ လက်တံဆန့်တန်းဖို့ တရုတ်ပြည်က ရည်ရွယ်ဦးတည်ထားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အနောက်တောင်ဖက် နယ်စပ်ဒေသများတစ်လျှောက် မသိမသာ ၀င်ရောက်လာတဲ့ အနောက်တိုင်း သို့မဟုတ် ဂျပန်ရဲ့ အကျိုးစီးပွားတွေကိုလည်း တားဆီးထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီကြိုးရှည်ရှည်လှန်တဲ့ ကစားကွက်ထဲမှာ UWSA ဟာ သွေးစည်းညီညွတ်တဲ့ တိုင်းရင်းသားတပ်ပေါင်းစု ဖြစ်လာရေးအတွက် သံတမန်နည်းလမ်းမကျတဲ့ – အကြီးအကျယ် သြဇာလွှမ်းမိုးထားတဲ့ – မြှောက်ထိုးပင့်ကော်လုပ်ထားတဲ့ – စစ်ရေးအရ ကိုယ်တိုင်ပါဝင်ခြင်းကို ခေါင်းရှောင်ထားတဲ့ ငါးစာတစ်ခု ဟုတ်မဟုတ်ဆိုတာ မေးစရာမလိုလောက်အောင်ပါပဲ” ဟူ၍ လုံခြုံရေးအတိုင်ပင်ခံအဖွဲ့ IHS-Jane’ မှ ဘန်ကောက်အခြေစိုက်သုတေသီ Anthony Davis က ဆိုသည်။
    လက်နက် အရောင်းအ၀ယ်များ
    —————————–
    အစိုးရပိုင်းရာထူးများကို ၀င်ရောက်နေရာယူထားသလို ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသားတို့က ဒေသတွင်းဈေးကွက်ထဲတွင် လွှမ်းမိုးထား၏။ ထို့အပြင် ၀ လူကုံထံများက သူတို့၏ကလေးငယ်များကို တရုတ်ကျောင်းများသို့လည်းကောင်း၊ သက်ကြီးရွယ်အိုများကို တရုတ်ဆေးရုံများသို့လည်းကောင်း ပို့ဆောင်နေပေသည်။
    “ဒီနေရာမှာ ကျွန်တော်တို့ ဘာကိုမှ မထုတ်လုပ်ပါဘူး။ လုပ်သား၊ အစားအသောက်၊ အ၀တ်အထည်နဲ့ အသုံးပြုစရာတွေအားလုံးက တရုတ်ပြည်ကပဲ ဖြစ်တယ်။ စနေနေ့မနက်တိုင်း တောင်သူဈေးရှိတယ်ဆိုပေမယ့် အဲ့ဒီက ပျံကျဈေးသည်အများစုက တရုတ်ပြည်က လာရောက်ရောင်းချကြတယ်” ဟု ၀နယ်စပ်မှ နန်းသစ်မြို့ ခရိုင်မှူးက ပြောပြသည်။
    တရုတ်ပြည်သည် လက်နက်ပစ္စည်းမျိုးစုံကို ၀ ထံသို့ ရောင်းချထားကြောင်း IHS-Jane’s Defence Weekly ကဲ့သို့သော စာစောင်၌ ကျွမ်းကျင်သူများက ကနဦးကပင် တင်ပြထားခဲ့သည်။ အမည်မဖော်လိုသည့် ၀ ၀န်ကြီးတစ်ဦးက ယင်းသတင်းနှင့်ဖြစ်စဉ်အချို့ကို ပထမဆံုးအကြိမ်အဖြစ် အတည်ပြုပြောကြားလိုက်သည်။
    “၀ပြည်နယ်က စစ်သုံးထရပ်ကားတွေကို တရုတ်ပြည်ကနေ တိုက်ရိုက် ၀ယ်ယူခဲ့တယ်။ တရုတ်ပြည်ထွက် လက်နက်ငယ်တွေကိုတော့ လာအိုကတဆင့် ၀ယ်ယူခဲ့ခြင်းဖြစ်တယ်။ ဒီလက်နက်တွေထဲမှာ ရိုင်ဖယ်သေနတ်၊ အမြောက်တွေလည်း ပါဝင်ပါတယ်။ တရုတ်ပြည်အနေနဲ့ တိုက်ရိုက်မရောင်းချခြင်းက မြန်မာနိုင်ငံနဲ့ မျက်နှာမပျက်ချင်လို့ပဲ ဖြစ်ပါတယ်”။
    တရုတ်ကာကွယ်ရေးဝန်ကြီးကမူ ၀တို့ထံ လက်နက်ရောင်းချခြင်းကို ငြင်းဆိုထား၏။
    “တရုတ်နိုင်ငံအဖို့ မိမိရဲ့ဆက်နွှယ်တိုင်းပြည်ရဲ့ လတ်တလောကာကွယ်ရေးလိုအပ်ချက်အကျိုးဖြစ်တဲ့ ပြည်ပပို့ကုန်စစ်လက်နက်ပစ္စည်းဆိုင်ရာ မူဝါဒကို အစဉ်တစိုက် တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်နေပါတယ်။ ဒီမူဝါဒဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို မထိခိုက်စေတဲ့၊ ဒီတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးရာတွေအပေါ် ၀င်ရောက်မစွက်ဖက်တဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်” ဟူ၍ သူက ရိုက်တာသို့ ပြောကြားခဲ့သည်။
    (Antoni Slodkowski နှင့် Yimou Lee ရေးသားသော ရိုက်တာသတင်းဋ္ဌာနဆောင်းပါး Through reclusive Wa, China’s reach extends into Suu Kyi’s Myanmar ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)
  • သန်းခေါင်စာရင်းမှ လူမျိုးအရေအတွက်ကို ထုတ်ပြန်ရန်ရှိနေပြီး ၁၃၅ မျိုးထက် ကျော်လွန်မည်
    သန်းခေါင်စာရင်းမှ လူမျိုးအရေအတွက်ကို ထုတ်ပြန်ရန်ရှိနေပြီး ၁၃၅ မျိုးထက် ကျော်လွန်မည်
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    la-wa-ka
    – ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအတွင်း ရရှိခဲ့သည့် လူမျိုးစုဆိုင်ရာ အချက်အလက်များကို ၄ လအတွင်း ထုတ်ပြန်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောကြားလိုက်ပြီး သန်ခေါင်းစာရင်းနှင့်ပတ်သက်၍ နောက်ဆုံး ထုတ်ပြန်မှုလည်းဖြစ်သည်။
    “အခု တစ်ချို့အချက်အလက်တွေကို နောက်ဆုံးအကြိမ်အဖြစ် အပြီးသတ် ပြင်ဆင်နေပါတယ်။ ပြီးရင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ်။ အဲဒီနောက်မှာ ထုတ်ပြန်မှာပါ” ဟု အမြဲတမ်းအတွင်းဝန်က ပြောကြားခဲ့သည်။
    တိုင်းရင်းသားလူမျိုးစု ကိစ္စမှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှု မတိုင်ခင်ကတည်းက အငြင်းပွားရဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်သည်။
    သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် လက်ရှိ တရားဝင်သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးထဲမှသာ ရွေးချယ်ခွင့်ပေးခဲ့ပြီး၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကမူ ထိုလုပ်ရပ်မှာ မှားယွင်းကြောင်း၊ အခြားလူမျိုးကို ရွေးချယ်ခွင့်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
    နောက်ပိုင်းတွင် အစိုးရက မိမိကြိုက်နှစ်သက်သည့် လူမျိုးအမည် ခံယူရန် ခွင့်ပြုမည်ဟု ကတိပေးခဲ့သော်လည်း နောက်ဆုံးအချိန်တွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာဟု ခံယူရန် ခွင့်မပြုခဲ့ပေ။
    “အခုထုတ်ပြန်မယ့် အချက်အလက်တွေက တိုင်းရင်းသားအုပ်စု ၁၃၅ မျိုးထက် ကျော်မှာပါ။ အချို့ တိုင်းရင်းသားတွေရဲ့ အမည်က အမျိုးမျိုးဖြစ်နေတယ်။ ဥပမာအားဖြင့် တလိုင်းလိုဟာမျိုး၊ ရှမ်းနီလိုဟာမျိုးပါ။ ဒီအချက်အလက်တွေကိုစုဖို့က ရှုပ်ထွေးနိုင်ပါတယ်” ဟု ဦးမြင့်ကြိုင်က ထည့်သွင်းပြောကြားခဲ့သည်။
    နိုင်ငံအတွင်း လူမျိုးရေးတင်းမာမှုများ ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်သည်ဟုဆိုကာ သန်းခေါင်စာရင်းကောက်ယူမှုမှ ဘာသာရေးနှင့် လူမျိုးစုအချက်အလက်များကို ထုတ်ပြန်မှုမှာ ကြန့်ကြာခဲ့ပြီး ဇွန်လက နိုင်ငံအတွင်းရှိ ဘာသာရေးအုပ်စုများ၏ အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။
    ထိုအချက်အလက်များအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၈၉.၈ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင် ၆.၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင် ၂.၃ ရာခိုင်နှုန်းနှင့် ဟိန္ဒူဘာသာဝင် ၀.၅ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
    Ref : mmtimes
  • ခြစားမှုကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ်ကို ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်း
    ခြစားမှုကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ်ကို ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်း
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    naytan
    – စီးပွားရေးသမားများထံမှ လက်ဆောင်များ ရယူခဲ့သည်ဟု သံသယရှိမှုနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ ရဲတပ်ဖွဲ့၏ ၃ နာရီကြာ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပြီး၊ ခြစားသည်ဟူသော စွဲချက်အတွက် စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
    ယမန်နေ့က ဂျေရုစလင်မြို့လယ်ကောင်ရှိ ၎င်း၏ ၀န်ကြီးချုပ်နေအိမ်တွင် စစ်ဆေးခံရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၀န်ကြီးချုပ်မှာ လက်ဆောင်များ ရယူခဲ့သည်ဟု သံသယရှိသည့်အတွက် မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အသေစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
    အတိုက်အခံများက နေတန်ယာဟုမှာ ခြစားမှုများရှိခဲ့သည်ဟု စွပ်စွဲပြောဆိုထားပြီး၊ ၀န်ကြီးချုပ်ကမူ ထိုစွဲချက်အား ငြင်းဆိုခဲ့သည်။
    ယမန်နေ့ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုကို အစ္စရေး တရားရေးဝန်ကြီးဌာနကလည်း အတည်ပြုခဲ့သည်။ နေတန်ယာဟုမှာ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ စီးပွားရေးသမားများထံမှ ငွေကြေပမာဏများစွာ လာဘ်ယူခဲ့သည်ဆိုသည့် စွပ်စွဲမှုများမှာ ယခင်ကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။
    ရှေ့နေချုပ် အဗီချိုင် မန်ဒဲလ်ဘလစ်ကမူ လက်ရှိ စုံစမ်းမှုကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းမှုအဖြစ် တစ်ဆင့်မြှင့်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်ဟု ဖော်ပြမှုများလည်း ရှိနေသည်။
    နေတန်ယာဟု ခြစားသည်ဆိုသော စွဲချက်များအတွက် အစ္စရေးရဲတပ်ဖွဲ့က လွန်ခဲ့သည့် ၈ လ အရင်ကတည်းက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေခြင်းဖြစ်ပြီး၊ မကြာသေးမီကာလအတွင်း ထိုကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် သက်သေ ၅၀ ခန့်ကိုလည်း မေးမြန်းစုံစမ်းခဲ့သည်။
    Ref: Aljazeera
  • အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်ဝါဒ ကျဆုံးတော့မည်ဟု အီရန်သမ္မတပြော
    အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်ဝါဒ ကျဆုံးတော့မည်ဟု အီရန်သမ္မတပြော
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    iran-2
    – အရှေ့အလယ်ပိုင်းအတွင် အကြမ်းဖက်ဝါဒမှာ သံခင်တမန်ခင်း အောင်မြင်မှုနှင့် ခုခံတွန်းလှန်မှုတို့ကြောင့် လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေပြီဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။
    တနင်္ဂနွေနေ့က ရုပ်မြင်သံကြားမှတစ်ဆင့် အီရန်ပြည်သူများသို့ မိန့်ခွန်းတွင် ရူဟာနီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းကို ခြိမ်းခြောက်နေသော အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေး အရေးပါမှုကိုလည်း အလေးထား ပြောကြားခဲ့သည်။
    ထို့ပြင် အီရန်မှာ အရှေ့အလယ်ပိုင်း ဒေသအတွင်း ခြွင်းချက်မဲ့ လုံခြုံမှုကို ခံစားနေရပြီး နိုင်ငံအနောက်ပိုင်းအပါအ၀င် တစ်နိုင်ငံလုံးတွင် လုံခြုံရေးအဆင့်အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်ထားကြောင်း အီရတ်နှင့် ဆီးရီးယားတို့ကို ဥပမာပေးကာ မိမိတို့အနေဖြင့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် တောင်းဆိုလာသည့် မည်သည့်နိုင်ငံကိုမဆို ကူညီမှုအား နောက်ဆုတ်သွားမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဒေသတွင်းနိုင်ငံများအား အစိတ်စိတ်အမွှာမွှာဖြစ်ရေး မည်သည့် ဆောင်ရွက်မှုမျိုးကိုမဆို ဆန့်ကျင်သည်ဟုလည်း ရူဟာနီကဆိုပြီး ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများတွင် သံတမန်နည်းလမ်းဖြင့်သာ နောက်ဆုံးအဖြေရမည်ဟု ပြောကြားခဲ့သည်။
    ဆီးရီးယားငြိမ်းချမ်းရေး ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့တွင် ဆွေးနွေးပွဲပြုလုပ်ရန် ရှိနေပြီး အဆိုပါဆွေးနွေးပွဲမှာ ဆီးရီးယားပြဿနာအတွက် သံတမန်နည်းကျ အဖြေတစ်ခု ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ရူဟာနီက ထပ်လောင်း ပြောဆိုခဲ့သည်။
    Ref: Press TV
  • ဘရာဇီးလ်ထောင်တွင်းဆူပူမှု လူ ၆၀ နီးပါး သေဆုံး
    ဘရာဇီးလ်ထောင်တွင်းဆူပူမှု လူ ၆၀ နီးပါး သေဆုံး
    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media
    riot
    – ဘရာဇီးလ်နိုင်ငံ အနောက်မြောက်ပိုင်း အမေဇိုနက်စ်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုအတွင်း ဆူပူမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပြီး အလောင်းများကို မီးရှို့ခြင်း၊ တစ်စစီဖြတ်တောက်ခြင်းတို့ ဖြစ်ခဲ့သည်ဟု သိရသည်။
    ပြည်နယ်မြို့တော် မာနော့စ်ရှိ Anisio Jobim Penitentiary Complex အကျဉ်းထောင်အတွင်း တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရုန်းရင်းဆန်ခန်မှုမှာ ၁၇ နာရီခန့် ကြာမြင့်ခဲ့သည်။
    ဆူပူသောင်းကျန်းသူများမှာ အစောင့် ၁၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လွတ်မြောက်သွားသည့် အကျဉ်းသားအရေအတွက်ကို သိရှိရခြင်း မရှိသေးပေ။ အဆိုပါဆူပူမှုမှာ ဒေသတွင်း ရာဇ၀တ်ဂိုဏ်းနှစ်ခုအကြား ပြဿနာဖြစ်ပွားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
    အမေဇိုနက်စ်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနကမူ သေဆုံးသူအရေအတွက်မှာ ၆၀ ခန့်ရှိသည်ဟု စောစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ၅၆ ဦးဟု ထုတ်ပြန်ခဲ့သည်။ ဌာနအကြီးအကဲကမူ အဆိုပါဖြစ်ရပ်မှာ ပြည်နယ် အကျဉ်းသားထိန်းသိမ်းရေးသမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကာ မူးယစ်မှောင်ခိုလုပ်ငန်းကို တိုက်ဖျက်ရေးနှင့် အကျဉ်းထောင် လုံခြုံရေး ပိုမိုအားကောင်းစေရေး ဗဟိုအစိုးရက ကူညီရန် တောင်းဆိုခဲ့သည်။
    အကျဉ်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး ခေါင်းဖြတ်သတ်ဖြတ်မှုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်မှုများ၊ မီးရှို့မှုများလည်း ဖြစ်ပွားခဲ့သည်။
    Ref: Aljazeera