News @ M-Media

Blog

  • ကမ္ဘာ့ပထမဆုံး အစ္စလာမ့်နည်းကျ ရွှေဈေးကွက်ကို စင်ကာပူက စတင်

    ကမ္ဘာ့ပထမဆုံး အစ္စလာမ့်နည်းကျ ရွှေဈေးကွက်ကို စင်ကာပူက စတင်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    sgx

    – စင်ကာပူအိတ်ချိန်းဖြစ်သော (SGX) က Singapore Kilobar Gold Contract အမည်ဖြင့် ရွှေဈေးကွက်သစ်တစ်ခုကို ယနေ့တွင် ဖွင့်လှစ်လိုက်ပြီး ကမ္ဘာ့ပထမဆုံး ရရှီအာနည်းကျ ရွှေဈေးကွက် ဖြစ်လာမည်ဖြစ်သည်။

    SGX မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလကလည်း ကမ္ဘာ့ရွှေကောင်စီ၊ Singapore Bullion Market Association တို့နှင့် ပူးပေါင်းကာ ကမ္ဘာ့ပထမဆုံး ရွှေသားလက်ငင်းပေးသည့် လက်ကားရွှေဈေးကွက်ကို ဖွင့်လှစ်ခဲ့သည်။

    ယခု ရှရီအာနည်းကျ ရွှေဈေးကွက်မှာ အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အသင်းအဖွဲ့များဆိုင်ရာ စာရင်းစစ်အဖွဲ့ AAOIFI က သတ်မှတ်ထားသည့် ‘ရွှေဆိုင်ရာ ရရှီအာစံသတ်မှတ်ချက်’ နှင့် ကိုက်ညီသည်ဟု အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို အထူးအလေးထားသော အကြံပေးအဖွဲ့ Amanie Advisors ၏ ထောက်ခံချက် ရရှိထားသည်။

    SGX ၏ သတ္တုနှင့် ကျောက် ကုန်စည်ဆိုင်ရာ အကြီးအကဲ မစ္စတာ ၀ီလီယံ ချင်က “ဒါဟာ စုစုပေါင်းတန်ဖိုး ခန့်မှန်းခြေ ကန်ဒေါ်လာ ၂ ထရီလီယံလောက် ရှိနေပြီး အလျင်အမြန် တိုးတက်လာတဲ့ အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်နဲ့ risk management နည်းလမ်းအသစ်ကို ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းမှာ ကမ္ဘာလုံးဆိုင်ရာ အချက်အ
    ချာနေရာ ဖြစ်တယ်ဆိုတဲ့ စင်ကာပူရဲ့ အနေအထားကို ပိုမို ခိုင်မာစေပြီး၊ ရွှေရောင်းဝယ်မှုအတွက် နိုင်ငံတကာအချက်အချာ ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်အပေါ်မှာ ဖြစ်တည်လာတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ကမ္ဘာ့ရွှေကောင်စီမှ ဘဏ်များနှင့် ပြည်သူ့ပေါ်လစီရေးရာ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ နာတာလီ ဒမ့်စတာကလည် ယခုဈေးကွက်အသစ်ကြောင့် ရှေ့တောင်အာရှတွင် ရွှေဝယ်လိုအား သိသိသာသာ တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများမှာ အိတ်ချိန်းတစ်ခုမှတစ်ဆင့် ရွှေချောင်းများကို ၀ယ်ယူနိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Singapore Kilobar Gold Contract ဈေးကွက်အသစ်မှာ ပွင့်လင်းမြင်သာမှုရှိပြီး ရွှေဈေးကွက်အတွက် အာရှတွင် ဗဟိုထိန်းချုပ်မှုစနစ်ရှိသည့် ဈေးနှုန်းသုံးသပ်ရေး ပလက်ဖောင်းတစ်ခုအဖြစ် အသုံးဝင်မည်ဖြစ်ကြောင်း SGX က ပြောကြားခဲ့သည်။

    လက်ရှိတွင် ကမ္ဘာ့ ရွှေအရောင်းအ၀ယ်၏ ၆၀ ရာခိုင်နှုန်းကို အာရှတွင် ပြုလုပ်နေခြင်းဖြစ်သည်။

    Ref : Straitstimes

  • မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော

    မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mn-u

    – မိမိအနေဖြင့် အနာဂတ်မန်ယူအသင်းတွင် နေရာတစ်နေရာ ရရှိရန်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အသင်းတွင် မည်သူအတွက်မှ နေရာပုံသေရှိမနေဟု ကွင်းလယ်လူ အန်ဒရေ ဟာရဲရားက ပြောကြားလိုက်သည်။

    မော်ရင်ဟိုလက်အောက်တွင် ဟာရဲရားမှာ အသင်း၏ အဓိကအစိတ်အပိုင်း ဖြစ်လာခဲ့ပြီး ကစားပုံ တက်လာသောအသင်းတွင် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ပါဝင်ခွင့် ရလာခဲ့သည်။

    မန်ယူသို့ လွန်ခဲ့သည့် ၂ နှစ်ခွဲအရင်က ရောက်လာခဲ့သည့် အသက် ၂၇ နှစ်အရွယ် ဟာရဲရားက ကမ္ဘာ့ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်စွမ်း ရှိနေသည့် မန်ယူတွင် မည်သူ၏နေရာမှ မသေချာဟု ပြောကြားခဲ့သည်။

    “အသင်းက ဘယ်လိုကစားသမားမျိုးကိုမဆို ခေါ်ယူနိုင်တဲ့အစွမ်း ရှိနေတယ်။ ဒါ့ကြောင့် အသင်းမှာ ဆက်ကစားချင်ရင်တော့ ကစားသမားတစ်ယောက်ဟာ အမြဲတမ်း စွမ်းဆောင်မှု အမြင့်ဆုံးမှာ ရှိနေရမှာပါ။ လွယ်တော့မလွယ်ဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော် လုပ်နိုင်မယ်လို့ထင်တယ်။ အဲဒီအတွက်လည်း တိုက်ပွဲ ၀င်သွားမှာပါ” ဟု ဟာရဲရားက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း ကစားသမားဘ၀ စတင်ခဲ့သည့် လာလီဂါနှင့် ပရီးမီးယားလိဂ်တို့၏ ကွာခြားချက်မှာ အမြန်နှုန်းဖြစ်သည်ဟုလည်း ဖွင့်ဟခဲ့သည်။

    Ref: Goal

  • ဘ၀တစ်ခုလုံးကို ရင်သားကင်ဆာတိုက်ဖျက်ရေးတွင် မြှုပ်နှံထားသည့် ဆော်ဒီမှ သာဖွားမီးယပ် ပါရဂူ

    ဘ၀တစ်ခုလုံးကို ရင်သားကင်ဆာတိုက်ဖျက်ရေးတွင် မြှုပ်နှံထားသည့် ဆော်ဒီမှ သာဖွားမီးယပ် ပါရဂူ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    samiya
    ဒေါက်တာ ဆာမီယာ ဘင်သီ မိုဟာမက် အလ်-အာမူဒီ

    – ရင်သားကင်ဆာ ရောဂါ နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး အသက်ဘေးမှလွတ်မြောက်လာသူ ဆော်ဒီမှ သားဖွားနှင့် မီးယပ်ပါရဂူတစ်ဦးက သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်လွှတ်ပြီး ကင်ဆာရောဂါ တိုက်ဖျက်ရေးအတွက် ဘ၀တစ်ခုလုံးကို နှစ်မြှုပ်ခဲ့လေသည်။

    ဒေါက်တာ ဆာမီယာ ဘင်သီ မိုဟာမက် အလ်-အာမူဒီဖြစ်ပြီး အမျိုးသမီးများ၏ ကျန်းမာရေး ပြဿ နာများအတွက် အသိပညာပေးနေခြင်းသာမက၊ အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ ရပိုင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်တို့အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး တိုက်ပွဲဝင်နေသည်။

    ပါမောက္ခဆာမီယာမှာ ဂျစ်ဒါမြို့ရှိ ဘုရင် အလ်ဒူလ်အဇစ်ဆေးရုံ ကျန်းမာရေးတက္ကသိုလ်မှ သားဖွားနှင့် မီးယပ် အကြံပေးတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ရှိခ် မိုဟာမက် ဟာဆန် အလ်-မူဒီ ကင်ဆာ အထူးစောင့်ရှောက်မှုစင်တာတွင် အမှုဆောင်အရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်နေကာ ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေသော Memoirs of a Saudi Woman နှင့် ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေသော Empowering Girls စာအုပ် အပါအ၀င် စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူလည်းဖြစ်သည်။

    ကင်ဆာကို တိုက်ဖျက်မည်

    အလ်အာရေဗျသတင်းဌာနှင့် အင်တာဗျူးတွင် ဆာမီယာက သူမ၏ ဘ၀ဖြတ်သန်းမှုတွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ပြောပြခဲ့ပြီး၊ ကလေးဘ၀တွင် ဖခင်ဆုံးရှုံးခဲ့ရမှု၊ အိမ်ထောင်ကျမှု၊ ကိုယ်ဝန်ဆောင်မှု အခက်အခဲများမှ ၂၀၀၆ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ရင်သားကင်ဆာရောဂါ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သည့် အကြောင်းများအထိ ပါဝင်သည်။ ထိုကဲ့သို့ ကင်ဆာရောဂါ ဖြစ်ပွားမှုက သူမဘ၀၏ အလှည့်အပြောင်းဖြစ်ခဲ့သည်။

    သူမ၏ ထိုဘ၀အတွေ့အကြုံကို တစ်ခြားအမျိုးသမီးများ သိရှိစေရန် ရည်ရွယ်၍ ကိုယ်တိုင်ရေးအထုပ္ပတ္တိတစ်အုပ်ကို ရေးသားခဲ့ပြီး Memoirs of a Saudi Woman ဟု အမည်ပေးခဲ့သည်။ အဆိုပါစာအုပ်က ဆော်ဒီအာရေဗျတွင် အရောင်းရဆုံးစာအုပ်စာရင်း ၀င်ခဲ့သည်ဟု ဆာမီယာက ပြောကြားခဲ့သည်။

    အလ်-မဒီနာသတင်းစာတွင် သူမ၏ ရောဂါအကြောင်းကို ရေးသားဖော်ပြမှု အကြောင်းအရင်းနှင့်ပတ်သက်၍ မေးမြန်းရာ “ကျွန်မက စာရေးရတာနဲ့ မီဒီယာအပေါ်မှာ ခင်တွယ်တယ်ရှင့်။ ဒါ့ကြောင့် အဲဒီအချိန်တုန်းက အပတ်စဉ်ရေးနေတာပေါ့။ မီဒီယာမှာ ကျွန်မရဲ့ ပြောကြားချက်တွက ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကိုမဆို အသိပညာပေးရာ ရောက်နိုင်တာကြောင့် ကျွန်မ ရောဂါကြောင်းကို ရေးသားချင်တာပါ။ ကျွန်မကို စံနမူနာယူဖို့မျှော်လင့်တယ်။ ကျွန်မဟာ ကိုယ်ခံစားရတဲ့ ရင်သားကင်ဆာအကြောင်း မြိုသိပ်ထားမှုကို ချိုးဖျက်ပြီး၊ ပွင့်ပွင့်လင်းလင်းချပြတဲ့ ပထမဆုံး အာရပ်အမျိုးသမီးပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    အမျိုးသမီး သတ္တိခဲဆု

    ဆာမီယာမှာ သူမ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က သူမအား နိုင်ငံတကာအမျိုးသမီးသတ္တိခဲဆု ‘International Women of Courage Award’ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆာမီယာမှာ အဆိုပါဆုကို ပထမဆုံးရရှိသည့် အာရပ်အမျိုးသမီး ဖြစ်လာခဲ့သည်။

    “ဒီဆုကြောင့်၊ အသိအမှတ်ပြုခံရတာကြောင့် ကျွန်မ ဂုဏ်ယူပါတယ်။ ဒါက ပြဿနာကို အာရုံစိုက်လာစေမယ့် အချက်ပေးခေါင်းလောင်းလိုပါပဲ။ ကျွန်မရဲ့ အသံ၊ ကျွန်မရဲ့ ခံစားရမှုတွေက တစ်နေ့မှာ ဒီလို ကမ္ဘာ့လူသားထုဆီ ရောက်ရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး” ဟု သတ္တိခဲဆုနှင့်ပတ်သက်၍ ဆာမီယာက ပြောကြားခဲ့သည်။

    Ref: Alarabiya

  • ရုရှားသံအမတ်ကို လုပ်ကြံသူက ဆီးရီးယားပြည်သူများ ထိခိုက်ခံစားရမှုများကို ရည်ညွှန်းပြောဆိုခဲ့

    ရုရှားသံအမတ်ကို လုပ်ကြံသူက ဆီးရီးယားပြည်သူများ ထိခိုက်ခံစားရမှုများကို ရည်ညွှန်းပြောဆိုခဲ့

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    russia
    လုပ်ကြံခံလိုက်ရသည့် တူရကီဆိုင်ရာ ရုရှားသံအမတ် အန်ဒရေး ကာရ်လော့ဗ်

    – တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို လုပ်ကြံခဲ့သည့် သေနတ်သမားမှာ ပစ်ခတ်မှုအပြီးတွင် ဆီးရီးယားနိုင်ငံ အဲလစ်ပိုတွင် ဆီးရီးယားအစိုးရနှင့် ရုရှားတို့ ပူးပေါင်းကာ သူပုန်များအား တိုက်ခိုက်နေမှုကို ရည်ညွှန်းပြောဆိုသွားခဲ့သည်ဟု သိရသည်။

    အသက် ၆၂ နှစ်အရွယ်ရှိ ရုရှားသံအမတ် အန်ဒရေး ကာရ်လော့ဗ်မှာ ယမန်နေ့က အန်ကာရာ၌ ရုရှားသံရုံးမှ ဦးစီးပြုလုပ်သော ဓာတ်ပုံပြပွဲတွင် မိန့်ခွန်းပြောကြားနေစဉ် အနောက်ဖက်မှ အနီးကပ်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

    လုပ်ကြံသူမှာ အသက် ၂၂ နှစ်အရွယ် အန်ကာရာအခြေစိုက် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တာဝန်ချိန်ပြင်ပ၌ ယခုကဲ့သို့ ကျူးလွန်ခြင်းဖြစ်သည်။ တူရကီ ရဲတပ်ဖွဲ့မူ အဆိုပါလုပ်ကြံသူကို နောက်ပိုင်းတွင် အသေဖမ်းဆီးခဲ့သည်။

    “အဲလစ်ပိုကို မမေ့ပါနဲ့၊ ဆီးရီးယားကို မမေ့ပါနဲ့။ ဒီလိုရက်စက်ကြမ်းကြုတ်မှုမှာ ပါဝင်သူတွေဟာ ပြန်ပေးဆပ်ကြရလိမ့်မယ်။ ဒီနေရာကနေ ကျုပ်ကို အရှင်ဖမ်းလို့ရမှာ မဟုတ်ဘူး” ဟု အဆိုပါ သေနတ်သမားက ဟစ်အော်ပြောကြားခဲ့သည်။

    ကာရ်လော့ဗ်မှာ သံတမန် အသိုင်းအ၀ိုင်းထဲသို့ ၁၉၇၆ ခုနှစ်တွင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မြောက်ကိုရီးယား သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ တူရကီသံအမတ်အဖြစ် ၂၀၁၃ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရုရှားနှင့် အီရန်တို့ ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားအစိုးရတပ်များမှာ သူပုန်များထိန်းချုပ်ထားရာ အဲလစ်ပိုမြို့အား တိုက်ခိုက်မှုများကို တရစပ် ပြုလုပ်ခဲ့ပြီး ပြည်သူအများအပြား သေဆုံးခဲ့ရသည်။

    Ref: Aljazeera

  • ဂျာမနီခရစ္စမတ်ဈေးကို ကားဝင်တိုက်မှုကြောင့် လူ တစ်ဒါဇင် သေဆုံး

    ဂျာမနီခရစ္စမတ်ဈေးကို ကားဝင်တိုက်မှုကြောင့် လူ တစ်ဒါဇင် သေဆုံး

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    berlin

    – ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ရှိ ခရစ္စမတ်ဈေးတစ်ခုမှ လူအုပ်အတွင်းသို့ ထရပ်ကားတစ်စီးက အပြင်းမောင်းနှင် ၀င်တိုက်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု ဂျာမနီရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် ဒဏ်ရာရရှိသူမှာလည်း အနည်းဆုံး ၅၀ ခန့်ရှိနေပြီး ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ကာ ထရပ်ကားမှာ ပိုလန်လိုင်စင်ဖြစ်သည်ဟု ဆိုသည်။

    ဂျာမနီတရားရေးဝန်ကြီး ဟီကို မက်စ်ကမူ အကြမ်းဖက်ကိစ္စများကို ကိုင်တွယ်နေသည့် တာဝန်ရှိသူများက ယခုကိစ္စအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ဂျာမနီ ပြည်ထဲရေးဝန်ကြီး သောမတ်စ် ဒီ မိုင်ဇီရီက ၎င်းအနေဖြင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရှိနေသည်ဟု ပြောကြားခဲ့ပြီး မတော်တဆ ဖြစ်ရပ်လား၊ တိုက်ခိုက်မှုလားဆိုသည်ကို မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

    ချက်နှင့် ပြင်သစ်အာဏာပိုင်များကလည်း ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း တိုင်းပြည်အတွင်း လုံခြုံရေး တိုးမြှင့်ထားသည်ဟု ဆိုသည်။ အိမ်ဖြူတော်ကမူ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်သည့် ထိုကိစ္စကို ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera