News @ M-Media

Blog

  • ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ထူးခြားသည့် ခရစ္စမတ်အလှူ ပြုလုပ်

    ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ထူးခြားသည့် ခရစ္စမတ်အလှူ ပြုလုပ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    ukarine
    ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ရီနတ် အက်ခ်မီတော့ဗ်

    – ယူကရိန်းဘောလုံးကလပ် ရှက်တာဒိုးနက်အသင်း၏ ပိုင်ရှင်ဖြစ်ပြီး၊ နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်သူ ရီနတ် အက်ခ်မီတော့ဗ်က ခရစ္စမတ်ပွဲတော်အကြိုအဖြစ် ကလေးငယ်ပေါင်း ၁၄၀,၀၀၀ အတွက် လက်ဆောင်များ လှူဒါန်းမည်ဟု သိရသည်။

    အက်ခ်မီတော့ဗ်မှာ တေးရေးဆရာ အီဂေါရ် ကရူတွိုင်နှင့်အတူ စာသင်ကျောင်းများနှင့် ကလေးငယ် စောင့်ရှောက်ရေးစင်တာများသို့သွားရောက်ကာ အရုပ်များ၊ လွယ်အိတ်များ ပေးအပ်မည်ဖြစ်ပြီး၊ မသန်စွမ်းကလေးငယ်များကိုလည်း အခြားလက်ဆောင်ပစ္စည်းများ ဝေငှရန် ရှိနေသည်။

    “ကျွန်တော်တို့ရဲ့ မိဘတွေကို ကျွန်တော်တို့ မစောင့်ရှောက်ရင် ကျွန်တို့ဟာ ဘယ်လို သားသမီးမျိုးတွေဖြစ်မလဲ။ ဒီလိုပဲ ကျွန်တော်တို့ကလေးတွေကို မစောင့်ရှောက်ရင်လည်း ကျွန်တော်တို့ဟာ ဘယ်လို မိဘတွေဖြစ်မလဲ။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို လှူဒါန်းတာပါ” ဟု အက်ခ်မီတော့ဗ်က ပြောကြားခဲ့သည်။

    အဆိုပါ လှူဒါန်းမှုကို ရီနတ် အက်ခ်မီတော့ဗ်ဖောင်ဒေးရှင်းက ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ယူကရိန်းနိုင်ငံတစ်ဝှမ်းမှ ကလေးငယ်ပေါင်း ၁၃၀,၀၀၀ ကျော်နှင့် မသန်စွမ်းကလေးငယ် ၆၀၀၀ နီးပါးမှာ ထိုလှူဒါန်းမှုမှ အကျိုးခံစားရမည်ဖြစ်သည်။

    အက်ခ်မီတော့ဗ်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းထားသူလည်းဖြစ်ပြီး၊ ကင်ဆာ သုတေသနစင်တာတစ်ခု ဆောက်လုပ်ရေးအတွက်လည်း ကန်ဒေါ်လာ ၁၉ သန်း မတည်ပေးထားသည်။

    Ref : Goal

  • ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အသတ်ခံရသည့်ဂျာနယ်လစ် ၅၇ ဦး ရှိနေ

    ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အသတ်ခံရသည့်ဂျာနယ်လစ် ၅၇ ဦး ရှိနေ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    journalist
    ဂျာနယ်လစ်တစ်ဦး အသတ်ခံရမှုအတွက် ဆန္ဒပြနေသည့် သီရိလင်္ကာမှ ဂျာနယ်လစ်များ

    – ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အသတ်ခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၅၇ ဦးရှိသည်ဟု နယ်စည်မခြားသတင်းထောက်များအဖွဲ့က ပြောကြားလိုက်သည်။

    ပြင်သစ်အခြေစိုက် အဆိုပါအဖွဲ့က ယနေ့တွင်ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး အသတ်ခံရသည့် ဂျာနယ်လစ်အများစုမှာ ဆီးရီးယားနှင့် အာဖဂန်တို့မှဖြစ်ပြီး စုစုပေါင်း ၂၉ ဦး ရှိသည်။

    အာဖဂန်နစ္စတန်တွင်သေဆုံးခဲ့သည့် ဂျနယ်လစ် ၁၀ ဦးစလုံးမှာ ၎င်းတို့ အလုပ်ကြောင့် တမင် ပစ်မှတ်ထား သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

    ဇန်န၀ါရီလက အာဖဂန်ရှိ ပုဂ္ဂလိက တီဗီလိုင်း Tolo TV မှ မီနီဘတ်စ်တစ်စီးအား တာလီဘန်တို့က တိုက်ခိုက်မှုတွင် အမျိုးသမီး ၃ ဦး အပါအ၀င် ၇ ဦး အသက်ဆုံးရှုံးခဲ့သည်။

    မက္ကဆီကိုတွင် အသတ်ခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၉ ဦးရှိနေပြီး အီရတ်တွင် ၅ ဦး၊ ယီမင်တွင် ၅ ဦးတို့ ဖြစ်ကြောင်း၊ သေဆုံးခဲ့သည့် ဂျာနယ်လစ်များ အားလုံးနီးပါးမှာ ဒေသအခြေစိုက် ဂျာနယ်လစ်များဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ်တွင် အသတ်ခံခဲ့ရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၆၇ ဦး ရှိခဲ့ပြီး ယခုနှစ်တွင်မူ ကျဆင်းသွားခြင်းဖြစ်သည်။ သို့သော်လည်း ထိုသို့ကျဆင်းမှုမှာ အန္တရာယ်ရှိသောနိုင်ငံများ အထူးသဖြင့် ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ယီမင်၊ အာဖဂန်နှင့် ဘူရန်ဒီတို့ကဲ့သို့ နိုင်ငံများမှ ဂျာနယ်လစ်များ တိုင်းပြည်မှ ထွက်ပြေးသွားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် မက္ကဆီကိုကဲ့သို့ နိုင်ငံများမှ သတင်းထောက်များမှာ အသတ်ခံရမှုမှ ရှောင်ရှားနိုင်ရန်အတွက် သတင်းကို ဖြတ်တောင်မှုများ ပြုလုပ်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး၊ နောက်တက်လာမည့် ကုလ အတွင်းရေးမှူးအသစ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် ဂျာနယ်လစ်များကို ကာကွယ်ရေး အထူးကိုယ်စားလှယ်တစ်ယောက်ကို ခန့်အပ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Press TV

  • တောင်ကိုရီးယားသမ္မတနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံရသူကို ရုံးထုတ်

    တောင်ကိုရီးယားသမ္မတနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံရသူကို ရုံးထုတ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    cho
    သမ္မတ ပတ်ဂျုံဟေးနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံထားရသည့် ချို ဆွန်-ဆီလ်

    – သမ္မတ ပတ်ဂျုံဟေးနှင့် ရင်းနှီးမှုကို အသုံးချကာ စီးပွားရေးကုမ္ပဏီကြီးများမှ ငွေများတောင်းခံခဲ့သည်ဆိုသည့် စွဲချက်များကို ပတ်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချို ဆွန်-ဆီလ်က ယနေ့တွင် ငြင်းဆိုလိုက်သည်။

    ၎င်းအား ဖမ်းဆီးထားပြီးနောက် ဆိုးလ်ခရိုင်တရားရုံးတွင် ပထမဆုံးပြုလုပ်သည့် တစ်နာရီကြာ ကြားနာမှုအတွင်း ချိုက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ သူမ၏ ရှေ့နေဖြစ်သူ လီယုံဂျေးကလည်း ချိုမှာ သူမ စီမံနေသော ဖောင်ဒေးရှင်းသို့ အလှူငွေထည့်ရန် သမ္မတ၊ ၎င်း၏ အကြံပေးတို့နှင့်ပူးပေါင်းကာ ကုမ္ပဏီကြီးများကို ဖိအားပေးသည်ဆိုသည်မှာ မဟုတ်မှန်ဟု ငြင်းဆိုခဲ့သည်။ ချိုမှာ နိုင်ငံ့ရေးရာများတွင်လည်း ၀င်ရောက်စွက်ဖက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ချို၏ ထိုပြဿနာကြောင့် တောင်ကိုရီးယားပြည်သူများက ဒေါသထွက်ခဲ့ကြပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပတ်ဂျုံဟေးနှုတ်ထွက်ရန် ဆန္ဒပြခဲ့ကြကာ ရလဒ်အနေဖြင့် လွှတ်တော်က ပြီးခဲ့သည့် သီတင်းပတ်တွင် မဲခွဲကာ ပတ်ဂျုံဟေးအား ရာထူးမှ ဖြုတ်ချခဲ့သည်။

    တရားသူကြီးများက ထိုကဲ့သို့ ငွေအတင်းအကျပ်တောင်းယူမှု ရှိခဲ့လားဟု တိုက်ရိုက်မေးမြန်းရာတွင် ချို ဆွန်-ဆီလ်က ငြင်းဆိုခဲ့သည်။ အဆိုပါပြဿနာတွင် ပါဝင်နေသည်ဟု စွပ်စွဲခံရသူ ၁၀ ဦးမှာလည်း တရားရင်ဆိုင်နေရသည်။

    Ref: Aljazeera

  • ရခိုင်ကိစ္စ အဖြေထွက်ရေး အချိန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အာဆီယံကို ပြောကြား

    ရခိုင်ကိစ္စ အဖြေထွက်ရေး အချိန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အာဆီယံကို ပြောကြား

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    rakhine

    – ရခိုင်ပြည်နယ်က ရှုပ်ထွေးလှတဲ့ပြဿနာကို အဖြေရှာရေး မြန်မာအစိုးရက ပြင်းပြတဲ့ စိတ်ဆန္ဒရှိနေပြီး၊ အကျိုးရလဒ် ခံစားရဖို့ကတော့ အချိန်လိုအပ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး ဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေကို ရှင်းလင်းမှုမှာ ဒီလိုပြောကြားလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    နောက်ပြီး အာဆီယံအဖွဲ့ရဲ့ စည်းလုံးမှု ခိုင်မာစေဖို့၊ အာဆီယံမိသားစုဝင်တွေကြားထဲက မတူညီမှုတွေကို ငြိမ်းချမ်းပြီး၊ ရင်းနှီးတဲ့ အကြံပေးမှုတွေကနေတစ်ဆင့် ဖြေရှင်းဖို့ အရေးကြီးတယ်လို့လည်း ဒေါ်ဆောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အဲဒီရှင်းလင်းပွဲကို ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်ကြိုးပမ်းမှုတွေကို အာဆီယံမိသားစုဝင်နိုင်ငံတွေထံ အသိပေးလိုတဲ့ ရည်ရွယ်ချက်၊ အာဆီယံအသိုက်အ၀န်းရဲ့ စည်းလုံးညီညွတ်မှု ခိုင်မာစေရေး ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

    ရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်တိုဘာလအတွင်း နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက လတ်တလောအခြေအနေတွေကို အကျဉ်းချုံး ပြောကြားခဲ့ပြီး၊ ကုလအေဂျင်စီတွေနဲ့ပူးပေါင်းကာ အဲဒီဒေသက လူ့အဖွဲ့အစည်း နှစ်ခုစလုံးကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်မှုအပါအ၀င် အစိုးရရဲ့ ပြဿနာဖြေရှင်းရေး
    ဆောင်ရွက်ချက်တွေကိုလည်း အသိပေးခဲ့ပါတယ်။

    တက်ရောက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကတော့ မြန်မာအစိုးရအနေနဲ့ ဒီလို အစည်းအဝေးမျိုး လုပ်ပေးတာ၊ သတင်းအချက်အလက်တွေပေးတာတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ကြောင်း၊ မိမိတို့ရဲ့ အမြင်တွေကို အာဆီယံမိသားစုစိတ်ဓာတ်၊ အာဆီယံလူ့အဖွဲ့အစည်းစိတ်ဓာတ်တွေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ စိန်ခေါ်မှုတွေကို ဖြေရှင်းရေး ဆောင်ရွက်မှုတွေအတွက်လည်း ကြိုဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လူ့အဖွဲ့အစည်းတွေအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့ သဟဇာတဖြစ်မှု မြှင့်တင်ရေး၊ အရပ်သားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးရေး၊ ပြည်နယ်အတွင်းက ပြည်သူအားလုံးကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ရေး စတာတွေအတွက် နည်းလမ်းတွေကိုလည်း အကြံပြုခဲ့ကြပါတယ်။

    နောက်ပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေအတွက် မိမိတို့နိုင်ငံတွေက အဆင်သင့်ရှိနေတယ်လို့လည်း ၀န်ကြီးတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်က အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေအတွက် အာဆီယံအသိုင်းအ၀ိုင်းရဲ့ဒီလိုနားလည်ပေးမှုနဲ့ နွေးထွေးတဲ့တုန့်ပြန်မှုတွေအတွက် မြန်မာနိုင်ငံက ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: FB Page of Sate Counsellor Office

  • ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမန် တိုင်းရင်းသားများ စုပေါင်းသွေးလှူ

    ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမန် တိုင်းရင်းသားများ စုပေါင်းသွေးလှူ

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    15492114_1330496367009827_5612139277799958732_n
    ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကမန်တိုင်းရင်းသားများမှာ စုပေါင်းသွေးလှူပွဲ တရပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

    ” ၄၂ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင် တိုင်းရင်းသား မျိုးနွယ် (၇) မျိုးထဲမှာ ၁ မျိုးအပါအဝင်ဖြစ်တဲ့ ကမန်တိုင်းရင်းသားတွေ စုပေါင်းသွေးလှူတာပါ။ လာမယ်လွတ်လပ်ရေးနေ့မှာလဲ အခုလိုပဲ သွေးလှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ဒီကနေ့ လူ ၂၀ လောက်လောက် သွေးလှူဖြစ်ပါတယ်။ ”  လို့ အဆိုပါအသင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတေဇ က M-Media ကို ပြောကြားခဲ့တာပါ။
    စစ်တွေခရိုင် ၊ ကမန်တိုင်းရင်းသား သာရေး၊ နာရေး လူမှုရေးအသင်းမှ ဦးစီးပြီး ရန်ကုန်မြို့ အမျိုးသား သွေးလှူဘဏ် မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ဓါတ်ပုံ-Taiza Pyitphyo  FB

    15542013_1330496397009824_5404298557413331572_n

     

    15442131_1330496640343133_7081075568578520350_n