ဒီဇင်ဘာ ၂၃၊ ၂၀၁၆
M-Media
– ဘာသာရေးအရေ ညှင်းပမ်းနှိပ်စက်မှုများကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအပေါ် သည်းမခံနိုင်မှုနှင့်ပတ်သက်၍ ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားက သတိပေးလိုက်ပြီး၊ လူပြိန်းကြိုက်ဝါဒ (populism) မြင့်တက်လာမှုက ၁၉၃၀ ပြည့်နှစ်များတွင် ကြုံတွေ့ခဲ့ရသော အမှောင်ကာလ (dark days) ကို ပြန်လည်အမှတ်ရစေသည်ဟု ပြောကြားခဲ့သည်။
“နိုင်ငံခြားတိုင်းပြည်ကိုလာပြီး ခိုလှုံလည်း သူတို့ရဲ့ ခံစားရမှုတွေက အဆုံးမသတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ လူပြိန်းကြိုက်ဝါဒသမားအုပ်စုတွေ များလာတာကို ကျွန်တော်တို့ အခု မြင်နေရပါတယ်။ လူနည်းစုဘာသာဝင်တွေအပေါ် သူတို့တွေရဲ့ ရန်လိုမှုကလည်း မြင့်
တက်နေပါတယ်” ဟု မင်းသားက ဘီဘီစီ ရေဒီယို၏ Thought For The Day အစီအစဉ်သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် ထိုအခြေအနေများက ၁၉၃၀ ပြည့်နှစ်များတွင် ပေါ်ပေါက်ခဲ့သော အမှောင်ကာလကို စိတ်ပျက်စရာကောင်းစွာ ပြန်လည်မြင်နေရခြင်း ဖြစ်သည်ဟုလည်း ချားလ်စ်မင်းသားက ဆိုသည်။
ချားလ်စ်မင်းသားမှာ ဒုတိယကမ္ဘာစစ်မတိုင်ခင် ပေါ်ပေါက်ခဲ့သည့် အမျိုးသားရေး အစွန်းရောက်ဝါဒကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်ပြီးနောက် ယခု ပြန်လည်တွေ့မြင်နေရသည့် အဆိုပါ ညှင်းပမ်းနှိပ်စက်မှုများကို မည်သည့်ဘာသာတရားနှင့်မှ တန်းညှိ၍မရဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
“ကြောက်စရာအတိတ်ဆိုးတွေ တစ်ပတ်ပြန်မလည်လာဖို့အတွက် ထိခိုက်ခံစားခဲ့ရသူတွေ၊ သေဆုံးသူတွေကို ကျွန်တော်တို့ အကြွေးတင်နေပါတယ်”
ဘာသာရေးဖိနှိပ်မှုကြောင့် ထွက်ပြေးလာရသူများမှာ အရှေ့အလယ်ပိုင်းမှ ထွက်ပြေးလာရသည့် ခရစ်ယာန်များကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ ယာဇီဒီများ၊ ဂျူးများ၊ အဟ်မဒီယာ မွတ်စလင်များနှင့် ဘဟာအီဘာသာဝင်များ အပါအ၀င် ဘာသာတရားကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသူအားလုံးကို ရည်ညွှန်းသည်ဟုလည်း မင်းသားက ဆိုသည်။
ထို့ပြင် ခရစ်တော်ဖွားမြင်ရာ ယခုအချိန်ကာလကို ရည်ညွှန်း၍ ခရစ်တော်၏ မိသားစုပင်လျှင် ညှင်းပမ်းနှိပ်စက်မှုကြောင့် ထွက်ပြေးခိုလှုံခဲ့ရပြီး၊ တမန်တော် မုဟမ္မဒ်မှာလည်း ဘာသာရေးလွတ်လပ်ခွင့်အတွက် မက္ကာမှ မဒီနာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ပြောဆိုကာ ဒုက္ခသည်များအား စာနာရန် တောင်းဆိုခဲ့သည်။
အဲလိဇဘက်ဘုရင်မကြီး ကွယ်လွန်ပါက ထီးနန်းစိုးစံသည့်အချိန် အင်္ဂလန်ခရစ်ယာန်အသင်းတော်၏ အကြီးအကဲဖြစ်လာမည့် ချားလ်စ်မင်းသားမှာ အရှေ့အလယ်ပိုင်းတွင် ခရစ်ယာန်လူနည်းစုများ ဖိနှိပ်ခံရမှုအတွက် မကြာခဏ ဖွင့်ဟပြောဆိုလေ့ရှိသူဖြစ်သည်။
Ref: Todayonline