News @ M-Media

Blog

  • ဆြစ္ဇ္ဇာလန္ရွိ ဗလီတစ်လုံးတွင် သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်

    ဆွစ်ဇ်ဇာလန်ရှိ ဗလီတစ်လုံးတွင် သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mosque
    သေနတ်သမားက ၀င်ရောက်ပစ်ခတ်သွားသည့် ဇူးရစ်ခ်ျမှ ဗလီ

    – ဆွစ်ဇ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့ရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးအတွင်းသို့ ယမန်နေ့က လူတစ်ယောက် ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၀တ်ပြုသူများ ဒဏ်ရာရရိခဲ့သည်ဟု သိရသည်။

    ဒေသစံတော်ချိန် ညနေပိုင်း ၅ နာရီ ခွဲတွင် အမည်မသိ တိုက်ခိုက်သူတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၀တ်ပြုရန် ရောက်ရှိနေသူများထဲမှ အသက် ၃၀၊ ၃၅ နှင့် ၅၆ နှစ်အရွယ် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ ဦးမှာ အခြေအနေဆိုးရွားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    မျက်မြင်သက်သေများကမူ သေနတ်ဖြင့် ပစ်ခတ်သူမှာ အသက် ၃၀ အရွယ်ခန့်ရှိပြီး အနက်ရောင် ၀တ်စုံနှင့် အနက်ရောင်ဦးထုတ် ဆောင်းထားသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ တစ်ခါမှ ပြဿနာ မရှိခဲ့ဖူးဗျ။ ဒီကိုလာပြီး ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေတာလဲလို့ မေးတာမျိုးတောင် တစ်ခါမှ ရှိခဲ့တာမဟုတ်ဘူး” ဟု အဆိုပါ ဗလီဝတ်ကျောင်းသို့ ၀တ်ပြုရန် ပုံမှန်လာရောက်နေသူ ဆိုမာလီနွယ်ဖွား အဘူကာရ် အဘ်ရှီရိုးက ပြောကြားခဲ့သည်။

    အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေမှုများပြုလုပ်ရာ အခင်းဖြစ်ပွားသည့်နေရာမှာ မီတာ ၃၀၀ ခန့် အကွာတွင် သေဆုံးနေသည့် အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ သေဆုံးသူမှာ ဗလီဝတ်ကျောင်းတော်အား တိုက်ခိုက်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယနေ့တွင် အတည်ပြုခဲ့သည်။

    သို့သော်လည်း တိုက်ခိုက်မှုနောက်ကွယ်မှ အကြောင်းအရင်းအပါအ၀င် အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိချေ။

    လူဦးရေ ၈ သန်းခန့်ရှိသည့် ဆွစ်ဇာလန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၄၅၀,၀၀၀ ခန့် ရှိနေသည်။

    Ref: Reuters, CNBC

  • သိမ်းထားသည့် အမေရိကန်ရေအောက်ဒရုန်းကို တရုတ်ပြန်ပေး

    သိမ်းထားသည့် အမေရိကန်ရေအောက်ဒရုန်းကို တရုတ်ပြန်ပေး

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    drone-2
    တရုတ်က သိမ်းဆည်းခဲ့သည့် အမေရိကန် ရေအောက်ဒရုန်း

    – ပြီးခဲ့သည့်တစ်ပတ်က တောင်တရုတ်ပင်လယ်အတွင်း ဖမ်းဆီးခဲ့သည့် အမေရိကန် ရေအောက်ဒရုန်းတစ်စင်းကို တရုတ်က ပြန်လည်ပေးအပ်လိုက်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    အမေရိကန် ရေတပ်ပိုင်ဖြစ်ပြီး ‘ရေတပ် ဂလိုက်ဒါ’ ဟု အမည်ပေးထားသည့် အဆိုပါ ရေအောက်ဒရုန်းကို ဆူဘစ်ပယ်လယ်အော်ရှိ နိုင်ငံတကာရေပိုင်နက်တွင် အမေရိကန်သမုဒ္ဒရာဗေဒသင်္ဘောက စေလွှတ်ထားစဉ် တရုတ်က သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

    အမေရိကန်ကမူ အဆိုပါဒရုန်းကို ရေအောက်လမ်းကြောင်းများ သတ်မှတ်ရာတွင် အကူအညီဖြစ်စေရန်အတွက် ရေ၏ ဆားပါဝင်မှုနှင့် အပူချိန်တို့ကို တိုင်းတာရန် အသုံးပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး တရုတ်၏ ထိုသိမ်းဆည်းမှုကိုလည်း ကန့်ကွက်ရှုတ်ချခဲ့သည်။

    တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါဒရုန်းကို ပြန်ပေးခဲ့ကြောင်း ၎င်း၏ ၀ဘ်ဆိုက်တွင် ယနေ့မနက်ပိုင်းက လွှင့်တင်ခဲ့ပြီး၊ နှစ်ဖက် ရင်းနှီးဖော်ရွေစွာ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း လက်လွှဲမှုမှာ ချော့မွေ့စွာ ပြီးဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

    အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည့် ကြငြာချက်တွင် သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ပီတာကွတ်ကမူ အဆိုပါဒရုန်းကို ဖမ်းဆီးထားသည့်နေရာ မလှမ်းမကမ်းတွင် တရုတ်ရေတပ်သင်္ဘောက ပြန်လည်ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    တရုတ်ကမူ အဆိုပါ ဒရုန်းမှာ အခြားသော သင်္ဘောများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေမည့်ပုံရသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref : Aljazeera

  • လေယာဉ်ပျက်ကျခဲ့သည့် ဘရာဇီးလ်ကလပ်အသင်းအတွက် ရန်ပုံငွေပွဲ ကစားမည်

    လေယာဉ်ပျက်ကျခဲ့သည့် ဘရာဇီးလ်ကလပ်အသင်းအတွက် ရန်ပုံငွေပွဲ ကစားမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    bra
    ပျက်ကျသည့်လေယာဉ်ပေါ်သို့မတက်မီ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သော Chapecoense အသင်းသားများ

    – ပြီးခဲ့သည့်လက ကိုလံဘီယာနိုင်ငံအတွင်း လေယာပျက်မှုတွင် တစ်သင်းလုံးကို ဆုံးရှုံးခဲ့ရသည့် ဘရာဇီးကလပ် Chapecoense အသင်းကို ထောက်ပံ့ရန်အတွက် ဘရာဇီးလက်ရွေးစင်အသင်းနှင့် ကိုလံဘီယာ လက်ရွေးစင်အသင်းတို့မှာ လာမည့်လ ၂၅ ရက်နေ့တွင် ရန်ပုံငွေပွဲ ကစားသွားမည်ဟု သိရသည်။

    တောင်အမေရိက ကလပ်အသင်းလောကတွင် ဒုတိယအဆင့်အမြင့်ဆုံးဖလားဖြစ်သည့် Copa Sudamericana ဖိုင်နယ်ပွဲအတွက် ကိုလံဘီယာနိုင်ငံသို့အသွား ဖြစ်ပွားခဲ့သည့် အဆိုပါ လေယာဉ်ပျက်ကျမှုအတွင်း Chapecoense အသင်းမှ ကစားသမားများ၊ နည်းပြများနှင့် ၀န်ထမ်း စုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည်။

    ထိုအဖြစ်အပျက်အတွက် တစ်ကမ္ဘာလုံးက ယူကြုံးမရ ဖြစ်ခဲ့ကြပြီး ဥရောပနှင့် တောင်အမေရိကမှ အသင်းများကလည်း Chapecoense အသင်းအတွက် ကစားသမားများကို အခမဲ့ အငှားချပေးသွားမည်ဟု ကမ်းလှမ်းခဲ့သည်။

    ဘရာဇီးလ်နှင့် ကိုလံဘီယာတို့၏ ယခု ရန်ပုံငွေပွဲကို ရီယိုဒီဂျနေရိုးမြို့ရှိ Estadio Nilton Santos ဘောလုံးကွင်းတွင် ကစားမည်ဖြစ်ပြီး ထိုပွဲမှ ရရှိသည့် ရန်ပုံငွေများ အားလားကို လေယာပျက်ကျမှုတွင် ပါဝင်သွားသည့် ကစားသမားများ၏ မိသားစုနှင့် အသင်းအတွက် လှူဒါန်းမည်ဖြစ်သည်။

    Ref: Goal

  • ကမ္ဘာ့ပထမဆုံး အစ္စလာမ့်နည်းကျ ရွှေဈေးကွက်ကို စင်ကာပူက စတင်

    ကမ္ဘာ့ပထမဆုံး အစ္စလာမ့်နည်းကျ ရွှေဈေးကွက်ကို စင်ကာပူက စတင်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    sgx

    – စင်ကာပူအိတ်ချိန်းဖြစ်သော (SGX) က Singapore Kilobar Gold Contract အမည်ဖြင့် ရွှေဈေးကွက်သစ်တစ်ခုကို ယနေ့တွင် ဖွင့်လှစ်လိုက်ပြီး ကမ္ဘာ့ပထမဆုံး ရရှီအာနည်းကျ ရွှေဈေးကွက် ဖြစ်လာမည်ဖြစ်သည်။

    SGX မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလကလည်း ကမ္ဘာ့ရွှေကောင်စီ၊ Singapore Bullion Market Association တို့နှင့် ပူးပေါင်းကာ ကမ္ဘာ့ပထမဆုံး ရွှေသားလက်ငင်းပေးသည့် လက်ကားရွှေဈေးကွက်ကို ဖွင့်လှစ်ခဲ့သည်။

    ယခု ရှရီအာနည်းကျ ရွှေဈေးကွက်မှာ အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အသင်းအဖွဲ့များဆိုင်ရာ စာရင်းစစ်အဖွဲ့ AAOIFI က သတ်မှတ်ထားသည့် ‘ရွှေဆိုင်ရာ ရရှီအာစံသတ်မှတ်ချက်’ နှင့် ကိုက်ညီသည်ဟု အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို အထူးအလေးထားသော အကြံပေးအဖွဲ့ Amanie Advisors ၏ ထောက်ခံချက် ရရှိထားသည်။

    SGX ၏ သတ္တုနှင့် ကျောက် ကုန်စည်ဆိုင်ရာ အကြီးအကဲ မစ္စတာ ၀ီလီယံ ချင်က “ဒါဟာ စုစုပေါင်းတန်ဖိုး ခန့်မှန်းခြေ ကန်ဒေါ်လာ ၂ ထရီလီယံလောက် ရှိနေပြီး အလျင်အမြန် တိုးတက်လာတဲ့ အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်နဲ့ risk management နည်းလမ်းအသစ်ကို ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းမှာ ကမ္ဘာလုံးဆိုင်ရာ အချက်အ
    ချာနေရာ ဖြစ်တယ်ဆိုတဲ့ စင်ကာပူရဲ့ အနေအထားကို ပိုမို ခိုင်မာစေပြီး၊ ရွှေရောင်းဝယ်မှုအတွက် နိုင်ငံတကာအချက်အချာ ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်အပေါ်မှာ ဖြစ်တည်လာတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ကမ္ဘာ့ရွှေကောင်စီမှ ဘဏ်များနှင့် ပြည်သူ့ပေါ်လစီရေးရာ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ နာတာလီ ဒမ့်စတာကလည် ယခုဈေးကွက်အသစ်ကြောင့် ရှေ့တောင်အာရှတွင် ရွှေဝယ်လိုအား သိသိသာသာ တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများမှာ အိတ်ချိန်းတစ်ခုမှတစ်ဆင့် ရွှေချောင်းများကို ၀ယ်ယူနိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Singapore Kilobar Gold Contract ဈေးကွက်အသစ်မှာ ပွင့်လင်းမြင်သာမှုရှိပြီး ရွှေဈေးကွက်အတွက် အာရှတွင် ဗဟိုထိန်းချုပ်မှုစနစ်ရှိသည့် ဈေးနှုန်းသုံးသပ်ရေး ပလက်ဖောင်းတစ်ခုအဖြစ် အသုံးဝင်မည်ဖြစ်ကြောင်း SGX က ပြောကြားခဲ့သည်။

    လက်ရှိတွင် ကမ္ဘာ့ ရွှေအရောင်းအ၀ယ်၏ ၆၀ ရာခိုင်နှုန်းကို အာရှတွင် ပြုလုပ်နေခြင်းဖြစ်သည်။

    Ref : Straitstimes

  • မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော

    မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mn-u

    – မိမိအနေဖြင့် အနာဂတ်မန်ယူအသင်းတွင် နေရာတစ်နေရာ ရရှိရန်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အသင်းတွင် မည်သူအတွက်မှ နေရာပုံသေရှိမနေဟု ကွင်းလယ်လူ အန်ဒရေ ဟာရဲရားက ပြောကြားလိုက်သည်။

    မော်ရင်ဟိုလက်အောက်တွင် ဟာရဲရားမှာ အသင်း၏ အဓိကအစိတ်အပိုင်း ဖြစ်လာခဲ့ပြီး ကစားပုံ တက်လာသောအသင်းတွင် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ပါဝင်ခွင့် ရလာခဲ့သည်။

    မန်ယူသို့ လွန်ခဲ့သည့် ၂ နှစ်ခွဲအရင်က ရောက်လာခဲ့သည့် အသက် ၂၇ နှစ်အရွယ် ဟာရဲရားက ကမ္ဘာ့ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်စွမ်း ရှိနေသည့် မန်ယူတွင် မည်သူ၏နေရာမှ မသေချာဟု ပြောကြားခဲ့သည်။

    “အသင်းက ဘယ်လိုကစားသမားမျိုးကိုမဆို ခေါ်ယူနိုင်တဲ့အစွမ်း ရှိနေတယ်။ ဒါ့ကြောင့် အသင်းမှာ ဆက်ကစားချင်ရင်တော့ ကစားသမားတစ်ယောက်ဟာ အမြဲတမ်း စွမ်းဆောင်မှု အမြင့်ဆုံးမှာ ရှိနေရမှာပါ။ လွယ်တော့မလွယ်ဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော် လုပ်နိုင်မယ်လို့ထင်တယ်။ အဲဒီအတွက်လည်း တိုက်ပွဲ ၀င်သွားမှာပါ” ဟု ဟာရဲရားက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း ကစားသမားဘ၀ စတင်ခဲ့သည့် လာလီဂါနှင့် ပရီးမီးယားလိဂ်တို့၏ ကွာခြားချက်မှာ အမြန်နှုန်းဖြစ်သည်ဟုလည်း ဖွင့်ဟခဲ့သည်။

    Ref: Goal