News @ M-Media

Blog

  • ခရစ္စမတ်အထိမ်းအမှတ်အဖြစ် ချို့တဲ့သူများကို အဟာရဒါနပြုသည့် လန်ဒန်မွတ်စလင်များ

    ခရစ္စမတ်အထိမ်းအမှတ်အဖြစ် ချို့တဲ့သူများကို အဟာရဒါနပြုသည့် လန်ဒန်မွတ်စလင်များ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    london-1

    – မကြာခင် ကျရောက်တော့မယ့် ခရစ်စမတ်ပွဲတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ လန်ဒန်က မွတ်စလင်တွေဟာ အိမ်ယာမဲ့တွေအတွက် အစားအသောက် ၁၀ တန်လောက်ကို ဒါနပြုခဲ့ကြတယ်လို့ သိရပါတယ်။

    Muslim Aid အဖွဲ့နဲ့ ၀ှိုက်ချာပဲလ်ခရိုင်က East London ဗလီဝတ်ကျောင်းတော်တို့ ပူးပေါင်းစီစဉ်တဲ့ အဲဒီ ဒါနပြုမှုကို ဒေသခံမွတ်စလင်တွေက ဒီတစ်ပတ်သောကြာနေ့ ၀တ်ပြုဆုတောင်းမှုအစီအစဉ်မှာ အစားအသောက်တွေ ယူလာပြီး ပါဝင်ခဲ့ကြတာပါ။

    အဲဒီအစားအသောက်တွေကို အိမ်ယာမဲ့တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ Crisis အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပြီး ဒီ ဒါနပြုမှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို မွတ်စလင်မဟုတ်သူတွေက အကျိုးခံစားရမှာ ဖြစ်ပါတယ်။

    “ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုသူတွေက အစားအသောက်တွေယူလာတာကို မြင်ရတာ ကြည်နူးစရာပါ။ ပြီးတော့ ဒါဟာ လူသားဆန်မှုရဲ့ ပြယုဂ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စမှာ အားထုတ်လုပ်ဆောင်ဖို့လိုပြီး၊ ကံမကောင်းအကြောင်းမလှသူတွေကို တစ်နှစ်ပတ်လုံး လှူဒါန်းနိုင်အောင် လုပ်ရပါမယ်” လို့ East London ဗလီဝတ်ကျောင်းတော်က အမှုဆောင်ဒါရိုက်တာ ဒီလိုဝါရ်ခန်းက ပြောကြားခဲ့ပါတယ်။

    St Pauls, Bow Common Church ဘုရားကျောင်းက သိက္ခာတော်ရဆရာတော် ဘာရ်နာဒက်တီ ဟီဂါတီက “အလှူရေစက် လက်နဲ့မကွာဆိုတာ ခရစ်ယာန်နဲ့ အစ္စလာမ်သာသနာ နှစ်ခုစလုံးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေကို ကူညီဖေးမနိုင်ဖို့ ကျွန်တော်တို့ အတူတကွ အဓိကထား ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    london-2

    Muslim Aid က အမှုဆောင်အကြီးအကဲ ဂျီဟန်ဂီရန် မာလစ်က အစိုးရရဲ့ ချွေတာရေးပေါ်လစီ၊ အိမ်ယာအကျပ်အတည်းတွေကြောင့် လမ်းပေါ်ရောက်လာတဲ့လူတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

    “မွတ်စလင်ပရဟိတအဖွဲ့ဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ ဘာသာလူမျိုးမခွဲခြားဘဲ ဒီခရစ္စမတ်မှာ ဒီနိုင်ငံက ကံမကောင်းအကြောင်းမလှသူတွေအတွက် ကူညီနိုင်တာအားလုံး ကူညီပေးသွားချင်ပါတယ်။ ချို့တဲ့သူတွေကို ကူညီခြင်းဆိုတာ အစ္စလာမ့်ရဲ့ မဏ္ဍိုင် ၅ ခုထဲ တစ်ခုပါ။ အေးစိမ့်နေတဲ့ ဒီလိုအချိန်မှာ အန္တရာယ်အရှိဆုံးသူတွေကို ကာကွယ်နိုင်ဖို့ လုပ်နိုင်သမျှ လုပ်သွားချင်ပါတယ်”

    East London ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ် ရှိလ် အဘ်ဒူလ် ကိုင်ယွမ်က ဘာသာလူမျိုးမရွေး တစ်ဖက်သားကို ကူညီဖို့ဆိုတာ မွတ်စလင်တွေအတွက် ဘာသာရေးတာဝန်တစ်ရပ်ဖြစ်သလို၊ ဒီလို စာနာထောက်ထားမှုကပဲ အစ္စလာမ်ရဲ့ သရုပ်မှန်ကို ရောင်ပြန်ဟပ်စေတယ်လို့ ဆိုပါတယ်။

    “သိပ်အေးတဲ့ ဆောင်းရာသီလို ကာလမျိုးမှာ အိမ်မှာ ဇိမ်ကျပြီး ပူပူနွေးနွေးအစားအသောက်တွေကို စားနေရတဲ့ကျွန်တော်တို့ ပတ်ဝန်းကျင်က လိုအပ်ချက်ရှိနေတဲ့ တစ်ခြားသူတွေကို အလွယ်တကူပဲ မေ့ထားတတ်ကြပါတယ်။ ဒါကို သိနေတာကြောင့်ပဲ ကျွန်တော်တို့ဟာ ဒီလို အစားအသောက်တွေ ဒါနပြုတာ ဖြစ်ပါတယ်”

    Ref: Telegraph

  • “ဗလီဝတ်ကျောင်းဝန်း၊ ချာ့ခ်ျကျောင်းဝန်းထဲက မြန်မာ့တပ်မတော်” (သူ့အမြင်)

    “ဗလီဝတ်ကျောင်းဝန်း၊ ချာ့ခ်ျကျောင်းဝန်းထဲက မြန်မာ့တပ်မတော်” (သူ့အမြင်)

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၆
    M-Media
    မြင်သစ်ရေးသည်။

    15390768_1159638307490366_1131369016599186339_n
    ကျိုင်းတုံမြို့ ပါလျှံဗလီတွင် တပ်မတော်၏ ဆေးကုသမှုမြင်ကွင်း (ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး FB)

    ဒီတလော မြန်မာမွတ်စလင်မ် လူမှုမီဒီယာ အသိုင်းအဝိုင်းမှာ တပ်မတော်နယ်လှည့်ဆေးကုသအဖွဲ့ရဲ့ ဗလီဝတ်ကျောင်းတွေနဲ့ ချာ့ခ်ျကျောင်းတွေမှာ အခြေပြုပြီး ဆေးကုသတဲ့ သတင်းဟာ အတော်လေး ရေပန်းစားနေပါတယ်။

    အကောင်းဖက်က ချဉ်းကပ်ဆွေးနွေးတဲ့ သူတွေ ရှိသလို အဆိုးမြင်တဲ့ သူတွေလည်း ရှိနေပါတယ်။ အဓိကကတော့ မယုံကြည်မှုနဲ့ သံသယအကြောင်းခံတွေပေါ့။

    အဲ့ဒါနဲ့ ပတ်သက်ပြီး အမြင် ဆွေးနွေးလိုပါတယ်။

    အရွေ့

    ကိုယ်တွေ့ကြုံဖူးသူတွေ အပြောအရ စစ်အစိုးရလက်ထက်မှာ ဗလီဝတ်ကျောင်းတွေ ဖျက်ဆီးတဲ့ အစွန်းရောက်တွေကို လုံခြုံရေးယူကာထားပေးခဲ့ကြတယ်ဆိုတဲ့ ယူနီဖောင်းတူတွေက ဒီမိုကရေစီ ခေတ်ပြောင်းမှာ ဗလီဝတ်ကျောင်းတွေထဲကို အခုလို ပုံစံနဲ့ရောက်လာတာဟာ နောက်ခံဘယ်လိုအကြောင်းရှိရှိ ဝမ်းမြောက်ဝမ်းသာစွာကို ကြိုဆိုရမှာပါ။

    သမိုင်းတွင် အရွေ့တစ်ခုလို့ပဲ မှတ်ချက်ပြုရမှာပါ။

    တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုအရ ဒီဝန်ဆောင်မှုဟာ အသစ်မဟုတ်ဘဲ ပုံမှန်လုပ်နေကြဖြစ်ပြီး ဗလီဝတ်ကျောင်းတွေနဲ့ ချာ့ခ်ျကျောင်းတွေကို အခြေပြုခြင်းကသာ အသစ်ဖြစ်တယ်လို့ သိရပါတယ်။

    အဲ့ဒီမှာ တပ်မတော်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးပိုင်းမှာ ကျွမ်းကျင်မှုကိုလည်း အသိအမှတ်ပြုရပါမယ်။

    ဆေးတပ်ဆိုတာဟာ တခြားတိုက်ခိုက်ရေးတပ်တွေနဲ့ယှဉ်ရင် သမားဂုဏ်ရှိမှု အပေါ်မှာ ပျော့ပြောင်းတယ်၊ ပညာသည်ပိုဆန်တယ်၊ တိုက်ရိုက် ချက်ချင်း ဝန်ဆောင်မှုပေးနိုင်တယ်၊ သမားနဲ့ လူနာဆိုတဲ့ နွေးထွေးတဲ့ ဆက်ဆံမှုရှိတယ်၊ လူနာဖြစ်တဲ့ ဝန်ဆောင်ခံ လူထုရဲ့ ယုံကြည်လေးစားမှုကို ချက်ချင်းရယူနိုင်တယ်။

    15542269_1160909994029864_8050860674686303891_n

    ချိန်ကိုက်

    ဒီလှုပ်ရှားမှုမှာ တပ်မတော်နဲ့ လူနည်းစုဘာသာရေး အသိုင်းအဝိုင်းအကြား စိန်ခေါ်မှုက စတင်လှုပ်ရှားတဲ့ အချိန် timing ပါ။

    Timing ကို ကြည့်ရင် တပ်မတော်ရဲ့ အနေအထားက ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်မ်တွေထဲက အချို့ရဲ့ လက်နက်ကိုင် ပုန်ကန်မှုကို နှိမ်နှင်းရာမှာ အင်အားအလွန်အကျွံသုံးမှု၊ လူအခွင့်အရေးစံတွေကို ဖောက်မှုနဲ့ အပြစ်မဲ့ အရပ်သား ရိုဟင်ဂျာတွေကိုပါ ထိခိုက်နစ်နာစေမှုစတာတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှု ဖိအားပေးနဲ့ စောင့်ကြည့်မှုကို ခံနေရချိန်။

    မြန်မာနိုင်ငံရဲ့ အရှေ့ဖက်ပိုင်းနဲ့ မြောက်ဖက်ပိုင်းကို လှမ်းကြည့်ပြန်ရင်လည်း ခရစ်ယာန်လူများစုဖြစ်တဲ့ ကချင်ပြည်နယ်အခြေပြု KIAနဲ့ ညွှန့်ပေါင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေတဲ့ အချိန်၊ အဲ့ဒီ့ တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော် ဖက်က ပစ်ခတ်မှုတွေကြောင့် ခရစ်ယာန်ချာ့ခ်ျကြောင်းတွေ ပျက်စီးနစ်နာမှုရှိနေတယ်၊ တိုက်ပွဲတွေကြောင့် အရပ်သားတွေ စစ်ပြေးဒုက္ခရောက်နေရတယ်ဆိုပြီး နိုင်ငံတကာရော ပြည်တွင်း အရပ်ဖက်လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းရဲ့ ဝေဖန်ခံနေရချိန်ပါ။

    အပေါ်ကအချက်ကိုကြည့်ရင် တပ်မတော် ဆေးတပ်ဖွဲ့ရဲ့ ဒီအရွေ့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားကို ပြေလျော့စေဖို့နဲ့ ပြည်တွင်း လူနည်းစု ဘာသာဝင်တွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့က လွဲလို့ ကျန်တဲ့ အကြောင်းမရှိဘူးလို့ ရိုးရိုးသားသား မြင်မိပါတယ်။

    စောလွန်ပါသေးသည်

    တပ်မတော်ရဲ့ ဒီလုပ်ရပ်အပေါ် အနုတ်ဆောင်ချဉ်းကပ်တဲ့သူတွေအနေနဲ့ “ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတာပါကွာ ဒါမျိုးတွေ ရိုးနေပြီဆိုတာမျိုး တကယ်စေတနာရှိလို့မှမဟုတ်တာ”ဆိုတာမျိုးတွေ ဝေဖန်ပြောဆိုနေတာဟာ သိပ်စောလွန်းနေသေးတယ်လို့ ထင်ပါတယ်။

    အရိုးရှင်းဆို ဥပမာပေးရရင် စာမကျက်တဲ့ စာမဖတ်လုပ်တဲ့ ကျောင်းသားကို စာမဖတ်လို့ မကျက်လို့ ပြစ်တင်နေပြီး စာစကျက်ဖို့လုပ်တော့လည်း သွားစမ်းပါကွာ ဟန်ဆောင်ကျက်နေတာဆိုတာမျိုးဖြစ်နေပါတယ်။ တကယ်ကတော့ သူစာဆက်ကျက်ဖို့အကြံပြု တွန်းအားပေးရင်း စာမေးပွဲအောင်စာရင်းထွက်တဲ့ အထိတော့ စောင့်ကြည့်ပေးသင့်ပါတယ်။

    ဝေဖန်သူတွေအများစုက ဒါမျိုးဆေးကုပေးတာထက် နိုင်ငံတွင်းကလူနည်းစု ဘာသာဝင်တွေအပေါ်မှာ တရားမျှတစွာ ဆက်ဆံဖို့ ဖိနှိပ်မှုတွေမရှိအောင် ကာကွယ်ပေးဖို့စတာတွေ ထောက်ပြတောင်းဆိုတာတွေ ရှိနေပါတယ်။

    အပေါ်ပိုင်းမှ ဆွေးနွေးပြသလိုပါပဲ။ ပြည်သူလူထုနဲ့ စထိတွေ့မှု entry public relation point မှာ ဆေးတပ်ဖွဲ့ကို ရွေးတာကိုက မြန်မာ့တပ်မတော်ရဲ့ ဆက်ဆံရေး ကျွမ်းကျင်မှုပါ။ social tension မယုံကြည်မှု လူမှုတင်းမာမှု အနည်းအများရှိနေတဲ့ အုပ်စုနှစ်ခုကြားမှာ ဒီလှုပ်ရှားမှုဟာ အမြန်ဆုံးပြေလျော့စေမယ်၊ ရလဒ်ကောင်းကို အမြန်ဆုံးမြင်ရမယ်၊ နှစ်ဖက်စလုံးက အပြန်အလှန်စကားပြောဆို နားထောင် dialogue ဖို့အတွက် အခွင့်အရေးကောင်းဖန်တီးပေးတယ်။

    နောက်တစ်ချက်က နိုင်ငံတွင်းက ဘာသာရေးလူနည်းစုအသိုင်းအဝိုင်းအနေနဲ့ တပ်မတော်ကို သမိုင်းကြောင်းအရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ရှိဒီမိုကရေစီခေတ်ပြောင်းကာလမှာ သူရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုကို ပြုရမှာပါ။ ပြည်ထဲရေး၊ ကာကွယ်ရေး၊ လွှတ်တော်နဲ့ ကာလုံမှာ အဓိကနေရာက ပါဝင်နေတဲ့ တပ်မတော်ရဲ့ လက်ရှိ အရေးပါမှုကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။

    15578839_1159638277490369_321125507174549670_n

    Win Win

    ဘာသာရေးလူနည်းစု အသိုင်းအဝိုင်းတွေက တပ်မတော်ရဲ့ ဒီချဉ်းကပ်မှုကို Win Win နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အခြေအနေမျိုးနဲ့ ပြန်လည်တုန့်ပြန်သင့်ပါတယ်။ လူထုအနေနဲ့ လတ်တလော ကျန်းမာရေးအကျိုးရှိမယ်၊ ပြီးတော့ လူထုနဲ့ တပ်ကြားမှာ ပုံမှန်ရော ခင်မင်မှုပိုင်းအားဖြင့်ရော ဆက်ဆံရေး လမ်းကြောင်းတစ်ခုရလာမယ်၊ လူထုရဲ့ တကယ့်အောက်ခြေကအသံကို  တပ်ဖက်က ကြားသိစေနိုင်ရမယ်၊ လူထုရဲ့ လူမှုရေး ဘာသာရေး အရှိတရားကို တပ်ဖက်ကို နားလည်အောင် ပြသဖို့လည်း အခွင့်အရေးဖြစ်တယ်။ လူထုဖက်က သူတို့သိပြီးသားပါ၊ သိလျက်သားနဲ့ ငါတို့ကို မကောင်းလုပ်တာပါဆိုတာမျိုး အနုတ်ဆောင် တစ်ဖက်သတ်ကြိုတင် ဆုံးဖြတ်ချက်ချထားတာမျိုး မလုပ်အပ်ပါ။ လူထုဖက်က အထူးသဖြင့် လူ့အသိုင်းအဝိုင်းရဲ့ ဒေသအလိုက် လူမှုခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေ ဘာသာရေးခေါင်းဆောင်တွေက နောက်တစ်ဆင့်အနေနဲ့ ဝန်ဆောင်မှုလာပေးတဲ့ ဆေးတပ်ဖွဲ့တွေနဲ့ ဘယ်လိုရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းမလဲ၊ ဒေသခံ စစ်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ရော Win Win ဆက်ဆံရေး ဘယ်လို တည်ဆောက်ကြမလဲဆိုတာမျိုး ဆွေးနွေးပြင်ဆင်ထားသင့်ပါတယ်။ အဲ့ဒီ့မှာ အရေးပိုကြီးလာတာက နိုင်ငံအဆင့် ဆက်ဆံရေးတည်ဆောက်မှုပါ။ မြန်မာ ခရစ်ယာန်နဲ့မွတ်စလင်မ်လူထု အသိုင်းအဝိုင်းက နိုင်ငံအဆင့် လူမှုရေး နိုင်ငံရေး ဘာသာရေး အဖွဲ့အစည်းတွေ ခေါင်းဆောင်ပိုင်းတွေက အောက်ခြေအဆင့် နယ်မြေအဆင့် ဒီဆက်ဆံရေးနဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့် အကြံပေးကူညီပေးနေပြီး တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံအဆင့်မှာ ဘယ်လို ပိုမိုကောင်းမွန်တဲ့ Win Win ဆက်ဆံရေးလမ်းကြောင်းတွေ ဖွင့်ကြမလဲဆိုတာကို ပြင်ဆင်ထားသင့်ပါတယ်။

    မြန်မာ့တပ်မတော်ဖက်ကရောပေါ့။ တပ်မတော်ဖက်က ဒီဆေးကုလှုပ်ရှားမှုဟာ ရေတိုလမ်းကြောင်းရွေးချယ်မှုမှာ ထိရောက်တာသွားလှပေမယ့် လူထုဖက်မှာ အကြောင်းအမျိုးမျိုးနဲ့ ရှိနေတဲ့ မယုံကြည်မှု သံသယတွေဟာ တကယ်မမှန်ပါဘူးဆိုတာကို ရေလတ်မှာ လက်တွေ့ကျကျ တည်ဆောက်သက်သေပြဖို့ လိုမယ်လို့ ထင်ပါတယ်။

    အဲ့ဒီ့အတွက် ဒီဆေးအဖွဲ့လှုပ်ရှားမှုဟာ ဆေးမြီတိုပုံစံ ကောက်ရိုးမီးလှုပ်ရှားမှု မဟုတ်ဘဲ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမလဲဆိုတာမျိုး ပြင်ဆင်ထားပြီးသားဖြစ်မယ်လို့လည်း ထင်ပါတယ်။

    ပိုအရေးကြီးတာက ဆေးအဖွဲ့က တာဝန်အရ လူထုကို ဆေးကုသပေးနိုင်လုံရုံလောက်နဲ့ မတင်းတိမ်ဘဲ တကယ့်မြေပြင် လူထုအကြားက လူနည်းစုဘာသာဝင်တွေရဲ့ စိုးရိမ်မှုတွေ အမြင်တွေ အသံတွေကို မူဝါဒနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းကို ဆက်လက်တင်ပြပေးဖို့၊ သတင်းပေးပေးဖို့လိုပါမယ်။

    ရေလတ်ပိုင်းအနေနဲ့ တပ်မတော်က နိုင်ငံနဲ့ လူ့မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒေသအလိုက် လူများစုဘာသာဝင်တွေရော လူနည်းစု ဘာသာဝင်တွေပါ သက်ဆိုင်ရာ တပ်မတော်နဲ့ လက်တွဲပြီး ဆောင်ရွက်လို့ရမယ့် လမ်းကြောင်းမျိုးတွေ ဖွံ့ထားသင့်ပါပြီ။

    အမျိုးဘာသာနိုင်ငံရေး

    နောက်တစ်ခုက အမျိုးသားရေး ဘာသာရေးရော နိုင်ငံရေးလမ်းကြောင်းနဲ့ အမျိုး ဘာသာနိုင်ငံရေးဝါဒီအုပ်စုတွေ ကိစ္စပါ။

    အဲ့ဒီမှာ ဥပမာ ယူထိုက်တဲ့ ခေတ်နှောင်းပိုင်း စစ်ရေး နိုင်ငံရေး ခေါင်းဆောင်ကတော့ မင်းတုန်းမင်းတရားကြီးပါဘဲ။ လူများစုကြီးရဲ့ ဘာသာတရားဖြစ်တဲ့ ဗုဒ္ဓဘာသာတရားကို  ပဉ္စမ သင်္ဂါယနာတင်ခြင်း အထိ ချီးမြှောက်ခဲ့ပြီး တစ်ဖက်မှာလည်း လူနည်းစုနိုင်ငံသား မွတ်စလင်မ်တွေအတွက် မက္ကာဟ်မြို့တော်မှာ ဒေါင်းဇရပ်ကြီးလှူဒါန်းခဲ့ပါတယ်။ ဘာသာတရားတစ်ခုကို စောင့်ရှောက်ရာမှာ အခြားဘာသာတရားတွေကို လျစ်လျူရှုထားစရာ၊ နှိပ်ကွပ်စရာမလိုဘူး၊ ဘာသာတရားတွေကို သူ့ဟာနဲ့သူ ချီးမြှောက်ခြင်းနဲ့ စောင့်ရှောက်လို့ရတယ်ဆိုတာကို လက်တွေ့ပြသခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ မတူညီတဲ့ နိုင်ငံသားတွေကြားမှာ ကွဲပြားမှုရဲ့ အားကို တည်ဆောက်ပြသခဲ့သူပါ။ မြန်မာမွတ်စလင်မ်တွေကလည်း မင်းတုန်းမင်းတရားကြီးနဲ့ နိုင်ငံအပေါ်မှာ သစ္စာရှိစွာနဲ့ တာဝန်ထမ်းခဲ့ကြပါတယ်။

    နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုအတွက် လူမျိုးဘာသာပေါင်းစုံပါဝင်မှု သမိုင်းကြောင်းနဲ့ ပေါ်ထွန်းခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ လူမျိုးတစ်မျိုး ဘာသာတရားတစ်ခုအတွက် မဟုတ်ဘဲ နိုင်ငံမှာ ရှိတဲ့ လူမျိုးပေါင်းစုံ ဘာသာတရားပေါင်းစုံကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းကြီး အဖြစ် ပြတ်ပြတ်သားသား ပြန်လည် ရပ်တည်သင့်ပါပြီ။

    ယခင်ကအတိုင်း နိုင်ငံသားလူမျိုးပေါင်းစုံ ဘာသာဝင်ပေါင်းစုံပါဝင်လို့ရမယ့် အဖွဲ့အစည်းကြီးဖြစ်ဖို့ မူဝါဒကောင်းတွေ ပြန်လည်ထားရှိသင့်ပါပြီ။

    အကြောင်းအမျိုးမျိုးကြောင့် နှစ်ဖက်စလုံးမှာ တပ်နဲ့ (လူနည်းစုဘာသာဝင်)လူထုတွေ အကြားမှာ မယုံကြည်မှုတွေ ရှိနေသေးကောင်း ရှိနိုင်ပါတယ်။

    မြန်မာ့တပ်မတော်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကောင်းတွေရှိနေတဲ့ ရေမြေ နိုင်ငံရေးအခြေအနေလည်း နီးစပ်တဲ့ ထိုင်းတပ်မတော်က နမူနာကောင်းတစ်ခုပါပဲ။

    သမိုင်းကြောင်း အရ ထိုင်းတောင်ပိုင်းမှာ မွတ်စလင်မ် ခွဲထွက်ရေး သူပုန်တွေရှိနေပေမယ့်၊ ထိုင်းစစ်တပ်ရော ထိုင်းနိုင်ငံရေး ခေါင်းဆောင်ပိုင်း ကပါ အစဉ်အဆက် ဘာသာရေးနဲ့ နိုင်ငံရေး လူမျိုးရေးကို ခွဲခြားထားပါတယ်။

    လူများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ချီးမြှောက်ရင်း တခြားလူနည်းစုဘာသာတရားတွေကိုလည်း နိုင်ငံတော်အဆင့်မှာကို ကောင်းစွာ အသိအမှတ်ပြုပါတယ်။

    ထိုင်းဘုရင့်တပ်မတော်ကိုလည်း လူမျိုးတစ်မျိုး ဘာသာတရားတစ်ခုကို ကိုယ်စားပြုတာမျိုးမဟုတ်ဘဲ အားလုံးကို ကိုယ်စားပြုထားပါတယ်။

    မြန်မာ့တပ်မတော် လက်ရှိ ခေါင်းဆောင်ပိုင်းတွေနဲ့ မျိုးဆက်သစ် အရာရှိတွေဟာ မင်းတုန်းမင်းတရားကြီးရဲ့ မူ၊ တပ်မတော် သန္ဓေတည်ခဲ့ရာ သမိုင်းကြောင်းနဲ့ ထိုင်းတပ်မတော် ဥပမာကောင်းတွေအတိုင်း အားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စု တစ်ခုလုံးကို ကိုယ်စားပြုတဲ့ စောင့်ရှောက်မယ့် အဖွဲ့အစည်းကြီးဖြစ်လာစေဖို့ ဦးဆောင်သွားရင်း လူထုကြားက သံသယတွေဟာ မမှန်ပါဘူးလို့ သက်သေပြသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

    မြန်မာမွတ်စလင်မ်တွေကလည်း အရင် မိမိတို့ရဲ့ ဘိုးဘွားမွတ်စလင်မ်ကြီးတွေရဲ့ နိုင်ငံတော်နဲ့ အမိမြေ အပေါ်သစ္စာရှိမှု စံကို ဆက်ထိန်းသွားကြပါ။

    နိဂုံး (သို့) တစ်နိုင်ငံလုံးကို ကိုယ်စားပြုမည့် တပ်မတော်

    စာရေးသူ ထိုင်းရောက်စဉ် စစ်တပ်ဝန်းတွေရှိရာဖက်ရောက်ရာက ထိုင်းစစ်တပ်ရဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်ပုဒ်တစ်ပုဒ်ကိုတွေ့ရာ ကြက်သည်းမွေးညှင်းထပြီး ဝမ်းသာဝမ်းနည်းဖြစ်မိပါတယ်။ ထိုင်းတပ်မတော်က နိုင်ငံကိုကာကွယ်မည်၊ ပြည်သူကို ကာကွယ်မည်…ပြီးတော့ Religions ဘာသာတရားများ…(အမြင်မှားတယ် ထင်မိလို့ နှစ်ခေါက်သုံးခေါက်ကို ဖတ်ကြည့်နေမိခဲ့ပါတယ်။ တကယ်ကို Religion မှာ ‘s’ ပါပါတယ်။

    တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တပ်မတော်…ကျွန်တော်တို့လည်း မျှော်လင့်နေဆဲပါ။

     

  • အစ္စလာမ့်ယဉ်ကျေးမှုကို အရောင်တင်ပေးခဲ့သူများ (နိုင်ငံတကာစာအုပ်မိတ်ဆက်ကဏ္ဍ)

    အစ္စလာမ့်ယဉ်ကျေးမှုကို အရောင်တင်ပေးခဲ့သူများ (နိုင်ငံတကာစာအုပ်မိတ်ဆက်ကဏ္ဍ)

    ဒီဇင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    shape

    – ရှေးဦးမွတ်စ်လင်မ်တို့၏ ဖြစ်ထွန်းအောင်မြင်မှုများအကြောင်း စာအုပ်သစ်တစ်အုပ် ထွက်ရှိလာပါသည်။

    အစ္စလာမ်သာသနာကို အကြမ်းဖက်မျက်နှာစာနှင့်တွဲ၍ မကြာခဏ ဖော်ပြခံရလေ့ရှိ၏။ သို့ဖြစ်ရာ အစ္စလာမ်သည် ကမ္ဘာ့ယဉ်ကျေးမှုထက်စာလျှင် တိတ္ထိအယူ မပါဝင်သလောက်သာရှိကြောင်း သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရ၊ သတိဥာဏ်သမ္ပဇဉ်အရ သတိပေးရန်အလို့ငှာ ဖြေလျော့ရာရုပ်လုံးတစ်ရပ် ထွက်ပေါ်လာပေသည်။ ၎င်းမှာ Chase Robinson က Islamic Civilisation in Thirty Lives အမည်ငြ့် ရေးသားသောစာအုပ်တစ်အုပ်ဖြစ်ပြီး အစ္စလာမ့်သမိုင်းမှ ထင်ရှားကြီးမြတ်သူ ပုဂ္ဂိုလ် ၃၀ ဦးကို ကလောင်စွမ်းဖြင့် ခြယ်မှုန်းတင်ပြထားသည်။

    ယင်းစာအုပ်၌ အေဒီ ၇ ရာစု အာရေဗျကျွန်းဆွယ်ကာလအတွင်း ကန္တာရ၏အိုအေစစ်ဖြစ်ခဲ့သော တမန်တော်မုဟမ္မဒ်(ငြိမ်းချမ်းပါစေ)မှ စတင်၍ နောက်နှစ်ပေါင်း ၉၀၀ အလွန် ရှားဟ်အစ္စမာအီလ်အထိ စစ်သည်တော်များနှင့် အာဏာစက်ကျယ်ပြန့်လှသော မင်းဘုရင်များလည်း ပါဝင်ကြသည်။ သို့သော် ရော်ဘင်ဆင်က ၎င်းတို့၏ အနုသုခုမ ဒဿနကျက်စားမှုနှင့် နှိုင်းစာလျှင် ၎င်းတို့၏ ကာကွယ်ရေးကိုယ်လုံစွမ်းရည်များမှာ ဒုတိယအဆင့်သာရှိကြောင်း တင်ပြထားသည်။ တမန်တော်မုဟမ္မဒ်သည် သူ၏ စစ်မြေပြင်ရေးရာအတွက်သာမဟုတ်၊ သူ၏ လင်္ကာဖွဲ့စွမ်းရည်ကြောင့်လည်း ထင်ရှားကျော်ကြားသူဖြစ်၏။ ဆိုက်ပရပ်စ်ကို အရယူနိုင်ခဲ့သော အဗ်ဒုလ် မာလစ်က်သည် ဂျေရုဆလင်ရှိ ကျောက်ပေါင်းမိုးခုံးဝတ်ကျောင်းတော် တည်ဆောက်ခြင်းအတွက် မော်ကွန်းတင်ခံရသူဖြစ်သည်၊ သို့သော် သူသည် ယင်ကောင်တစ်ကောင်အား သတ်ရန်ကိုပင်လျှင် ကြဉ်ရှောင်လိုသူအထိ မွန်မြတ်သူဖြစ်ကြောင်းကိုမူ လူသိနည်းပါးလှ၏။ အိန္ဒိယအနောက်တောင်ပိုင်းရှိ ဟိန္ဒူဘုရင့်နယ်မြေများကို အောင်နိုင်ခဲ့သော ဂျိဟာ့ဒ်ဝါဒီ ဂဇ်နီနယ်မှ မဟ်မူးဒ်မှာ အစ္စလာမ်၏အရှေဖျားဒေသတို့ကို ပန်းဥယျာဉ်များဖြင့် တန်ဆာဆင်ခဲ့ခြင်းကြောင့် ကြည်ညိုအားကျခံရသူဖြစ်သည်။ မွန်ဂိုသိုးကျောင်းသားနှင့် ကမ္ဘာကို ခါးစောင်းတင်နိုင်ခဲ့သော တိမူးရ်သည် ဦးခေါင်းခွံမျှော်စင်များကိုသာမက စမာရ်ကန်ဒေသ၏ ထူးခြားကြီးကျယ်လှပသည့် ဗလီဝတ်ကျောင်းများကိုလည်း တည်ဆောက်ခဲ့၏။ ကွန်စတန်တီနိုပယ်၏ အော်တိုမန်ဧကရာဇ် ဒုတိယမြောက် စုလ်တာန် မုဟမ္မဒ်မှာ စာပေနှင့်အသိအတတ်ပညာများကို ပြန်လည်နှိုးဆွထွန်းတောက်စေခဲ့သူဖြစ်သည်။

    တိုက်ခိုက်ရေးသမားများကဲ့သို့ ညှို့အားကောင်းသည့် အခြားဂုဏ်အင်္ဂါများဖြင့်လည်း ခေတ်ကို ဦးဆောင်ခဲ့ကြပါသေးသည်။ ရော်ဘင်ဆင်၏ မီးမောင်းထိုးပြမှု၌ သီးခြားတွေးခေါ်ရှင်ပါရဂူများ၊ ဇီဝဗေဒပညာရှင်များ၊ လက်ရေးလှသရုပ်ဖော်ပညာရှင်များ၊ မုဟမ္မဒ် အလ်အီဒရိစ် အပါအ၀င် မြေပုံဆွဲအတတ်ပညာရှင်များ၊ ရာဇ၀င်ပညာရှင်များနှင့် စာဆိုကြီးများလည်း ပါဝင်နေ၏။ အဆိုပါ မုဟမ္မဒ် အလ်အီဒရိစ် သည် မိမိကိုယ်၌က စာပေတတ်မြောက်ခြင်းမရှိသော်လည်း သူ၏ဆင့်ဆိုတင်ပြချက်မှာမူ စာပေဖြင့် မှတ်တမ်းတင်ခံရပေသည်။

    အမျိုးသမီးများသည်လည်း ပညာရှင်များအဖြစ် ထွန်းပေါက်ခဲ့ကြသည်။ မက္ကဟ်ဝတ်ကျောင်းတော်၏ခေါင်မိုးများအောက်ဝယ် ကရီမာ အလ်မရ်ဝီဇီယဟ်သည် အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံးအတွက် ကုရ်အာန်လေ့လာရေးအသိုင်းအ၀ိုင်းကို ဦးဆောင်ခဲ့သည်။ အစ္စလာမ့်ထုံးတမ်းဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သူများနှင့် တမန်တော်၏နောက်လိုက်အများအပြားမှာ အမျိုးသမီးများပင် ဖြစ်ကြသည်။

    မြို့သစ်တည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နှင့် အသိပညာပေးလုပ်ငန်းတို့မှာ ထင်ရှားထူးခြားသောခေတ်သစ်ဖြစ်စဉ်တစ်ရပ်ဟူ၍ ဆိုကြသည်၊ သို့သော် ၎င်းမှာ မှားယွင်းနေသည်ဟု ရော်ဘင်ဆင်က ဆိုသည်။ စင်စစ်၌ အစ္စလာမ်လောကသည် ရှေးယခင်ကတည်းက ကမ္ဘာ့ရွာစနစ်၊ မတူကွဲပြားသည့် ယဉ်ကျေးမှုအသီးသီးစုစည်းချက်၊ ၀တ်မှုန်ကူးစိုက်ပျိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအမြင်တို့ကို စံနမူနာပြကျင့်သုံးခဲ့ပေသည်။ ကုန်သွယ်မှုမှ ကြွယ်ဝလာသဖြင့် ၎င်း၏မြို့ကြီပြကြီးများမှာ ကမ္ဘာ့အကောင်းဆုံးအဆင့် ၀င်ခဲ့သည်။ လွန်ခဲ့သော နှစ်တစ်ထောင်အလျင် အေဒီ ၉ ရာစုက ဘဂ္ဂဒက်မြို့သည် မန်ဟက်တန်ကဲ့သို့ တမဟုတ်ချင်း ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။ အစ္စလာမ့်နေပြည်တော်တစ်ခုဖြစ်သော ကော်ဒိုဗာသည်လည်း ဥရောပတွင် အကြီးကျယ်ဆုံးမြို့ပြဖြစ်ပြီး မဟာဥာဏ်ပညာရှင်အချို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

    shape-2
    ကိုလံဘတ်အရင် နှစ် ၃၀၀ အရင်က မွတ်စလင်ပညာရှင် အလ်-အစ်ဒရီဆီ၏ ကမ္ဘာ့မြေပုံ

    ၁၄ ရာစုအရောက်တွင် အစ္စလာမ်၏ဗဟိုဌာနသည် အစ္စတန်ဘူလ်သို့ ရွှေ့ပြောင်းသွားခဲ့သော်လည်း ကမ္ဘာ့ရှေ့ဆောင်သိပ္ပံပညာရှင်များနှင့် အနုပညာရှင်များကို ဆွဲဆောင်ညှို့ယူနိုင်ဆဲ။ ထို့ပြင် ဆေးဝါးဆိုင်ရာအထွဋ်အထိပ်တိုးတက်မှုနှင့် စစ်ပညာကို ထိန်းသိမ်းထားနိုင်ဆဲသာ။ မွန်ဂိုအုပ်ချုပ်ရေးကလည်း သိပ္ပံပညာ၌ မြှုပ်နှံမှုအသစ်ကို သွေးသစ်လောင်းရန် တွန်းအားပေးခဲ့သလို Maragheh မှ ၁၃ ရာစု စူးစမ်းရှာဖွေချက်သည်လည်း ကော့ပါးနီးကပ်စ်၏ စကြာဝဠာအနေအထားများအပေါ် အထောက်အကူပြုစေသည့် တွေ့ရှိချက်များ ရရှိခဲ့၏။ မတူငြိမ်းချမ်းယှဉ်တွဲနေထိုင်ခြင်း ဗဟုဝါဒ အပြင် အပြန်အလှန်အရှိတရားကိုလက်ခံခြင်းက အစ္စလာမ့်အုပ်ချု့ပ်ရေးစနစ်အတွင်း ရင်းနှီးကျွမ်းဝင်နေသည့် ပြယုဂ်တစ်ရပ်ဖြစ်ခဲ့ပေသည်။ စွန္နီနှင့် ရှီအိုက်တို့၏ အယူများ တစ်လှည့်စီ နေရာယူနေသည့်ကြားမှ မွန်ဂိုတို့၏သက်ဝင်ယုံကြည်မှုသည် ချောမွေ့စွာ ရပ်တည်သွားနိုင်ခဲ့သည်။ အစ္စလာမ်သို့ကူးပြောင်းသက်ဝင်ခဲ့သော အီရန်ဖွားဂျူးလူမျိုး Uljeitu’s vizier သည် ရာရှစ်အုဒ္ဒီးန် ဖြစ်လာပြီးနောက် ၁၄ ရာစုနှစ် တာဘရစ်စ်အနီး ကမ္ဘာ့သုတေသီများဆုံစည်းရာဌာနတစ်ခုကို ဖန်တီး၍ ကမ္ဘာ့သုတဘဏ်အဖြစ် ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်နိုင်အောင် ပျိုးထောင်ပေးခဲ့သည်။ သူကိုယ်တိုင်က ဟီးဘရူးပညာရှင်ဖြစ်ပြီး ၎င်းပညာရှင်များ၊ ကက်ရှ်မီးဘုန်းတော်ကြီးများ၊ တရုတ်သံတမန်များနှင့် ဗုဒ္ဓတရားတော်များမှတဆင့် စွယ်စုံကျမ်းကြီးတစ်စောင်ကိုလည်း ရေးသားနိုင်ခဲ့သည်။ ၎င်းမှ မိုင် ၂၀၀၀ ကျော်ကွာဝေးသော တူးနစ်တွင် အိဘ်နု ခလ်ဒူးန်သည် လူမှုသိပ္ပံသမိုင်းကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့ကာ သမိုင်းနောက်ခံထား၍ အကြောင်းရင်းများကို စူးစမ်းသုံးသပ်အဖြေရှာနိုင်စေမည့် ပထမဆုံးလမ်းစကို ချပြပေးခဲ့သည်။

    အထက်ပါအရာများအပြင် လူအများ သတိပြုစရာအကြောင်းများကိုပါ ထည့်သွင်းရေးသားထားကြောင်း တွေ့ရ၏။

    (The Economist ၏ အရှေ့အလယ်ပိုင်းသတင်းထောက်၊ “Holy Lands, A New Muslim Order” စာအုပ်၏ကလောင်ရှင်၊ “A History of the Middle East” ကို တွဲဖက်ရေးသားပြုစုသူ Nicolas Pelham ၏ The people who shaped Islamic civilisation မှ ကောက်နှုတ်ပြန်ဆိုသည်။)

  • ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ခြင်းကို ပါကစ္စတန်ပယ်ဖျက်

    ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ခြင်းကို ပါကစ္စတန်ပယ်ဖျက်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    paki

    – ပြီးခဲ့သည့်လအနည်းငယ်အတွင်း ကက်ရှ်မီးယားဒေသအရေး နှစ်ဖက်တင်းမာမှုများကြောင့် ဘောလီးဝုဒ်ရုပ်ရှင်များ ပြသခွင့် ပိတ်ပင်ထားမှုကို ပါကစ္စတန်အစိုးရက ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    စက်တင်ဘာ ၁၉ ရက်နေ့တွက် အိန္ဒိယက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ စစ်စခန်းကို လက်နက်ကိုင်များက တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၉ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ အပြန်အလှန်ပြစ်တင်မှုများ၊ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအရ တင်းမာမှုများ မြင့်တက်ခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် ဘောလီးဝုဒ် ထုတ်လုပ်သူများက ပါကစ္စတန်သရုပ်ဆောင်များကို လက်မခံဟု ကြေငြာခဲ့ပြီးနောက် ပါကစ္စတန်ကလည်း ဘောလီးဝုဒ်ရုပ်ရှင်များကို ပါကစ္စတန်တွင် မပြရဟု အမိန့်ထုတ်ခဲ့သည်။

    သို့သော်လည်း ယခုတွင်မူ ထိုပိတ်ပင်ထားချက်အား ပါကစ္စတန်အစိုးရက ရုပ်သိမ်းခဲ့သည်။

    “ဒါဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက် ခြေလှမ်းတစ်ခုပါပဲ။ နှစ်နိုင်ငံလုံးကပြည်သူတွေကို သွားမေးကြည်လိုက်ဗျ။ ရန်ဖြစ်နေပေမယ့် ကုန်သွယ်မလားဆိုရင် ‘သွယ်မယ်’ လို့ဖြေကြမှာပါ။ နှစ်နိုင်ငံစလုံးမှာ ကျွန်တော်တို့ဟာ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ဖို့ လိုပါတယ်” ဟု ကာရာချီအခြေစိုက် Atrium ရုပ်ရှင်လုပ်ငန်းအကြီးအကဲ နဒီမ်း မန်ဗီဝါလာက ပြောကြားခဲ့သည်။

    ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ထားခြင်းကို အစိုးရက ပယ်ဖျက်မှုတွင် ဘဏ္ဍာရေးအကြောင်းအရင်းကလည်း စေ့စော်မှုတစ်ခု ဖြစ်မည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ပါကစ္စတန်တွင် ဘောလီးဝုဒ်ရုပ်ရှင်များနှင့် မင်းသားမင်းသမီးများမှာ အလွန်လူကြိုက်များပြီး၊ ပါကစ္စတန်မှ အဆိုတော်များ၊ သရုပ်ဆောင်များကလည်း အိန္ဒိယနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် နေရာရနေသည်။

    Ref : Aljazeera

  • နီလူရှီကာ ဂျာယာဝီရာ (သို့မဟုတ်) အိမ်အကူဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ

    နီလူရှီကာ ဂျာယာဝီရာ (သို့မဟုတ်) အိမ်အကူဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    sirilanka
    အိမ်အကူဘ၀မှ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသူ နီလူရှီကာ ဂျာယာဝီရာ

    – တစ်ချိန်က အိမ်အကူလုပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာတယ်ဆိုရင် ယုံနိုင်ပါ့မလား။

    ဟုတ်ပါတယ်။ သီရိလင်္ကာကာ နီလူရှီကာ ဂျာယာဝီရာဆိုတဲ့ အမျိုးသမီးကတော့ စင်ကာပူမှာ အိမ်အကူလုပ်ရတဲ့ ဘ၀ကနေ အခုအချိန်မှာတော့ ပြည်ပကို လက်ဖက်ခြောက်ပို့တဲ့ လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်လို့နေပါပြီ။

    အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီလူရှီကာ အသက်ငယ်ငယ်လေးနဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရပြီး မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့အောက်က မောင်နှမလေးယောက်ကို ထောက်ပံ့ဖို့အတွက် စင်ကာပူမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်ရပါတော့တယ်။

    “အဲဒီတုန်းက ကျွန်မမှာ ဘာရည်မှန်းချက်မှ မရှိပါဘူး။ ကံတရားပြုသမျှ နုရသူပါ” လို့ အောက်တိုဘာ ၂၉ ရက်နေ့က စင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ TEDxSingapore အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အဲဒီ အခမ်းအနားတက်ဖို့အတွက် နီလူရှီကာတစ်ယောက် ဖိတ်ကြားခံခဲ့ရတာ ဖြစ်ပြီး ဘီလ်ဂိတ်၊ အမေရိကန်သမ္မတဟောင်း အလ်ဂိုးနဲ့ သုတေသနပညာရှင် ဂျိန်း ဂွဒ်အောလ်တို့အပါအ၀င် အခြေားသော နာမ
    ည်ကြီးတွေနဲ့အတူ လက်ချာပေးခွင့် ရခဲ့ပါတယ်။

    စင်ကာပူက အစိုးရမဟုတ်တဲ့ အဖွဲ့ဖြစ်ပြီး အိမ်အကူအမျိုးသမီးတွေကို ငွေကြေး စီမံခန့်ခွဲနည်းနဲ့ စီးပွားရေးစတင်နည်းတွေကို သင်ကြားပေးတဲ့ Aidha အဖွဲ့က သူမရဲ့ဘ၀ကို ပြောင်းလဲပေးခဲ့တယ်လို့လည်း သူမက ဖွင့်ဟခဲ့ပါတယ်။

    စင်ကာပူမှာ ကျင်လည်ခဲ့ရတဲ့အချိန်ဟာ သူမအတွက် စီးပွားရေးကျွမ်းကျင်မှုတွေ ရရှိစေရုံသာမကဘဲ ဇာတိမြေ သီရိလင်္ကာက အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေး နည်းလမ်းကိုလည်း တတ်မြောက်စေခဲ့ပါတယ်။

    အိမ်ဖော်လုပ်နေရတဲ့အချိန် ၂၀၁၁ ခုနှစ်က သူမမှာ မိသားစုပြဿနာတွေ ကြုံတွေ့ခဲ့ရတာကြောင့် အကူအညီဖြစ်လိုဖြစ်ငြား အိရှင်က စင်ကာပူဒေါ်လာ ၄၀၀ သွင်းပြီး Aidha မှာ စနေ၊ တနင်္ဂနွေသင်တန်းကို တက်ခိုင်းခဲ့တာပါ။ နီလူရှီကာကတော့ အဲဒီသင်တန်းမှာ ငွေကြေးပညာရပ်၊ စီးပွားရေးနဲ့ ခေါင်းဆောင်မှုဆိုင်ရာတွေကို သင်ကြားခဲ့ပါတယ်။

    အဲဒီကျွမ်းကျင်မှုတွေနဲ့ပဲ သီရိလင်္ကာမှာ ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို အွန်လိုင်း လက်ဖက်ခြောက်လုပ်ငန်းစတင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

    လက်ရှိမှာ နီလူရှီကာဟာ သီရိလင်္ကာက လက်ဖက်ခြောက်တွေကို နိုင်ငံတကာက ဖောက်သည် ၅၀၀ ဆီ တင်ပို့ရောင်းချရတဲ့အထိ အောင်မြင်နေပြီး ပြီးခဲ့တဲ့ လအနည်းကပဲ အန်ဂျီအိုတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူမရဲ့ရွာမှာလည်း ၀က်မွေးမြူရေးနဲ့ အပ်ချုပ်ဆိုင်ဖွင့်တာတို့လို စီးပွားရေးအသေးလေးတွေ ဘယ်လိုစရမလဲဆိုတာကို သင်ပေးနေပါတယ်။

    နောက်ပြီး သူမရဲ့ ၀င်ငွေတစ်ချို့တစ်ဝက်ကိုလည်း ကျောင်းစာအုပ်ဝယ်ပေးတာလို ကလေးငယ်တွေရဲ့ ပညာရေးကုန်ကျမှုအတွက် သုံးစွဲနေပါတယ်။

    နီလူရှီကာဟာ ၂၀၀၆ ခုနှစ် Aidha အဖွဲ့ စင်ကာပူမှာ စတင်ခဲ့ကတည်းက သင်တန်းတစ်ယောက်ခဲ့တဲ့ အိမ်ကူလုပ်သားပေါင်း ၃၃၅၀ ထဲက တစ်ယောက်ဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်အကူလုပ်သားပေါင်းဟာ အခုနှစ် ဇွန်လအထိ ၂၃၇၁၀၀ ရှိနေပါတယ်။

    Ref : Straitstimes