News @ M-Media

Blog

  • ထိပ်ဆုံးနှင့် အမှတ်ကွာနေသော်လည်း ချန်ပီယံမျှော်လင့်ချက်ကို စပါးနည်းပြ မစွန့်လွှတ်သေး

    ထိပ်ဆုံးနှင့် အမှတ်ကွာနေသော်လည်း ချန်ပီယံမျှော်လင့်ချက်ကို စပါးနည်းပြ မစွန့်လွှတ်သေး

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    spur

    – သရေပွဲများ၊ ရှုံးပွဲများကြုံတွေ့ကာ အမှတ်များ ဆုံးရှုံးခဲ့သော်လည်း မိမိအသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလား ပြေးလမ်းကြောင်းမှ သွေဖည်ခြင်းမရှိသေးဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    စပါးအသင်းမှာ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ၄ ပွဲဆက်တိုက် သရေကျခဲ့ပြီး ချယ်ဆီးနှင့် မန်ယူတို့ကိုလည်း ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် အမှတ်ကွာဟသွားခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်တွင် ဟူးလ်စီးတီးနှင့် ယခုတစ်ပတ်တွင် ဘန်လေတို့အား အနိုင်ကစားနိုင်ခဲ့သော်လည်း ထိပ်ဆုံးနှင့် အမှတ်ကွာဟမှုမှာ ၁၀ မှတ်အထိ ရှိနေသည်။ ပိုချက်တီနိုကမူ ချန်ပီယံမျှော်လင့်ချက်အား မစွန့်လွှတ်သေးပေ။

    “ချယ်ဆီးက အပြတ်အသတ် မသာသေးပါဘူး။ ချယ်ဆီးနဲ့ ကျွန်တော်တို့ ၁၀ မှတ်ကွာတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကစားဖို့ ပွဲအများကြီးကျန်သေးတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုအချိန်မှာ လက်စတာနဲ့ ၉ မှတ် ၁၀ မှတ်လောက် ကွာခဲ့တယ်။ လက်ရှိ ကျွန်တော်တို့ အခြေအနေမဆိုးသေးဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ပွဲတွေကို နိုင်နေတယ်။ ဒုတိယနေရာနဲ့တော့ အမှတ်ကွာဟမှုကို လျှော့ချလာနိုင်ပါပြီ” ဟု ပိုက်ချက်တီနိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ဗီယက်နမ်တွင် ပုံမှန်မဟုတ်သော ရေကြီးမှုကြောင့် လူ ၂၀ ကျော် သေဆုံး

    ဗီယက်နမ်တွင် ပုံမှန်မဟုတ်သော ရေကြီးမှုကြောင့် လူ ၂၀ ကျော် သေဆုံး

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    vietnam

    – ဗီယက်နမ်နိုင်ငံတွင် ရာသီချိန်မဟုတ်ဘဲ မိုးရွာသွန်းမှုမှတစ်ဆင့် ရက်ပေါင်းများစွာ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူပေါင်း ၂၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    မိုးသည်းထန်စွာ ရွာသွန်းမှုမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ရေဘေးနှင့် မုန်တိုင်းထိန်းချုပ်ရေးကော်မတီက ကမ်းရိုးတန်း ဘင် ဒင်းပြည်နယ်မှာ ရေကြီးမှုကို အဆိုးဝါးဆုံး ခံစားရသည့် ပြည်နယ်ဖြစ်ကာ သေဆုံးသူ ၁၆ ဦးအထိ ရှိနေသည်ဟု ဆိုသည်။

    ထို့ပြင် ပျောက်ဆုံးသူလည်း ၂ ဦးရှိနေပြီး နေအိမ်မြောက်များစွာလည်း ရေမြုပ်နေသည်။

    အဆိုပါရေကြီးမှုကြောင့် ဆုံးရှုံးမှုမှာ ကန်ဒေါ်လာ ၃၂ သန်းဖိုး ရှိနေပြီး၊ လယ်ယာ ၃၂၀၀၀ ဟက်တာမှာလည်း ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ ထို့ပြင် ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သော Hoi An မြို့မှာလည်း ရေလွှမ်းမှုဒဏ် ခံစားနေရသည်။

    Ref : Press TV

  • ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ထူးခြားသည့် ခရစ္စမတ်အလှူ ပြုလုပ်

    ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ထူးခြားသည့် ခရစ္စမတ်အလှူ ပြုလုပ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    ukarine
    ယူကရိန်းမှ အချမ်းသာဆုံးပုဂ္ဂိုလ် ရီနတ် အက်ခ်မီတော့ဗ်

    – ယူကရိန်းဘောလုံးကလပ် ရှက်တာဒိုးနက်အသင်း၏ ပိုင်ရှင်ဖြစ်ပြီး၊ နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်သူ ရီနတ် အက်ခ်မီတော့ဗ်က ခရစ္စမတ်ပွဲတော်အကြိုအဖြစ် ကလေးငယ်ပေါင်း ၁၄၀,၀၀၀ အတွက် လက်ဆောင်များ လှူဒါန်းမည်ဟု သိရသည်။

    အက်ခ်မီတော့ဗ်မှာ တေးရေးဆရာ အီဂေါရ် ကရူတွိုင်နှင့်အတူ စာသင်ကျောင်းများနှင့် ကလေးငယ် စောင့်ရှောက်ရေးစင်တာများသို့သွားရောက်ကာ အရုပ်များ၊ လွယ်အိတ်များ ပေးအပ်မည်ဖြစ်ပြီး၊ မသန်စွမ်းကလေးငယ်များကိုလည်း အခြားလက်ဆောင်ပစ္စည်းများ ဝေငှရန် ရှိနေသည်။

    “ကျွန်တော်တို့ရဲ့ မိဘတွေကို ကျွန်တော်တို့ မစောင့်ရှောက်ရင် ကျွန်တို့ဟာ ဘယ်လို သားသမီးမျိုးတွေဖြစ်မလဲ။ ဒီလိုပဲ ကျွန်တော်တို့ကလေးတွေကို မစောင့်ရှောက်ရင်လည်း ကျွန်တော်တို့ဟာ ဘယ်လို မိဘတွေဖြစ်မလဲ။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို လှူဒါန်းတာပါ” ဟု အက်ခ်မီတော့ဗ်က ပြောကြားခဲ့သည်။

    အဆိုပါ လှူဒါန်းမှုကို ရီနတ် အက်ခ်မီတော့ဗ်ဖောင်ဒေးရှင်းက ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ယူကရိန်းနိုင်ငံတစ်ဝှမ်းမှ ကလေးငယ်ပေါင်း ၁၃၀,၀၀၀ ကျော်နှင့် မသန်စွမ်းကလေးငယ် ၆၀၀၀ နီးပါးမှာ ထိုလှူဒါန်းမှုမှ အကျိုးခံစားရမည်ဖြစ်သည်။

    အက်ခ်မီတော့ဗ်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းထားသူလည်းဖြစ်ပြီး၊ ကင်ဆာ သုတေသနစင်တာတစ်ခု ဆောက်လုပ်ရေးအတွက်လည်း ကန်ဒေါ်လာ ၁၉ သန်း မတည်ပေးထားသည်။

    Ref : Goal

  • ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အသတ်ခံရသည့်ဂျာနယ်လစ် ၅၇ ဦး ရှိနေ

    ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အသတ်ခံရသည့်ဂျာနယ်လစ် ၅၇ ဦး ရှိနေ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    journalist
    ဂျာနယ်လစ်တစ်ဦး အသတ်ခံရမှုအတွက် ဆန္ဒပြနေသည့် သီရိလင်္ကာမှ ဂျာနယ်လစ်များ

    – ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အသတ်ခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၅၇ ဦးရှိသည်ဟု နယ်စည်မခြားသတင်းထောက်များအဖွဲ့က ပြောကြားလိုက်သည်။

    ပြင်သစ်အခြေစိုက် အဆိုပါအဖွဲ့က ယနေ့တွင်ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး အသတ်ခံရသည့် ဂျာနယ်လစ်အများစုမှာ ဆီးရီးယားနှင့် အာဖဂန်တို့မှဖြစ်ပြီး စုစုပေါင်း ၂၉ ဦး ရှိသည်။

    အာဖဂန်နစ္စတန်တွင်သေဆုံးခဲ့သည့် ဂျနယ်လစ် ၁၀ ဦးစလုံးမှာ ၎င်းတို့ အလုပ်ကြောင့် တမင် ပစ်မှတ်ထား သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

    ဇန်န၀ါရီလက အာဖဂန်ရှိ ပုဂ္ဂလိက တီဗီလိုင်း Tolo TV မှ မီနီဘတ်စ်တစ်စီးအား တာလီဘန်တို့က တိုက်ခိုက်မှုတွင် အမျိုးသမီး ၃ ဦး အပါအ၀င် ၇ ဦး အသက်ဆုံးရှုံးခဲ့သည်။

    မက္ကဆီကိုတွင် အသတ်ခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၉ ဦးရှိနေပြီး အီရတ်တွင် ၅ ဦး၊ ယီမင်တွင် ၅ ဦးတို့ ဖြစ်ကြောင်း၊ သေဆုံးခဲ့သည့် ဂျာနယ်လစ်များ အားလုံးနီးပါးမှာ ဒေသအခြေစိုက် ဂျာနယ်လစ်များဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ်တွင် အသတ်ခံခဲ့ရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၆၇ ဦး ရှိခဲ့ပြီး ယခုနှစ်တွင်မူ ကျဆင်းသွားခြင်းဖြစ်သည်။ သို့သော်လည်း ထိုသို့ကျဆင်းမှုမှာ အန္တရာယ်ရှိသောနိုင်ငံများ အထူးသဖြင့် ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ယီမင်၊ အာဖဂန်နှင့် ဘူရန်ဒီတို့ကဲ့သို့ နိုင်ငံများမှ ဂျာနယ်လစ်များ တိုင်းပြည်မှ ထွက်ပြေးသွားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် မက္ကဆီကိုကဲ့သို့ နိုင်ငံများမှ သတင်းထောက်များမှာ အသတ်ခံရမှုမှ ရှောင်ရှားနိုင်ရန်အတွက် သတင်းကို ဖြတ်တောင်မှုများ ပြုလုပ်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး၊ နောက်တက်လာမည့် ကုလ အတွင်းရေးမှူးအသစ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် ဂျာနယ်လစ်များကို ကာကွယ်ရေး အထူးကိုယ်စားလှယ်တစ်ယောက်ကို ခန့်အပ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Press TV

  • တောင်ကိုရီးယားသမ္မတနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံရသူကို ရုံးထုတ်

    တောင်ကိုရီးယားသမ္မတနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံရသူကို ရုံးထုတ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    cho
    သမ္မတ ပတ်ဂျုံဟေးနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံထားရသည့် ချို ဆွန်-ဆီလ်

    – သမ္မတ ပတ်ဂျုံဟေးနှင့် ရင်းနှီးမှုကို အသုံးချကာ စီးပွားရေးကုမ္ပဏီကြီးများမှ ငွေများတောင်းခံခဲ့သည်ဆိုသည့် စွဲချက်များကို ပတ်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချို ဆွန်-ဆီလ်က ယနေ့တွင် ငြင်းဆိုလိုက်သည်။

    ၎င်းအား ဖမ်းဆီးထားပြီးနောက် ဆိုးလ်ခရိုင်တရားရုံးတွင် ပထမဆုံးပြုလုပ်သည့် တစ်နာရီကြာ ကြားနာမှုအတွင်း ချိုက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ သူမ၏ ရှေ့နေဖြစ်သူ လီယုံဂျေးကလည်း ချိုမှာ သူမ စီမံနေသော ဖောင်ဒေးရှင်းသို့ အလှူငွေထည့်ရန် သမ္မတ၊ ၎င်း၏ အကြံပေးတို့နှင့်ပူးပေါင်းကာ ကုမ္ပဏီကြီးများကို ဖိအားပေးသည်ဆိုသည်မှာ မဟုတ်မှန်ဟု ငြင်းဆိုခဲ့သည်။ ချိုမှာ နိုင်ငံ့ရေးရာများတွင်လည်း ၀င်ရောက်စွက်ဖက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ချို၏ ထိုပြဿနာကြောင့် တောင်ကိုရီးယားပြည်သူများက ဒေါသထွက်ခဲ့ကြပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပတ်ဂျုံဟေးနှုတ်ထွက်ရန် ဆန္ဒပြခဲ့ကြကာ ရလဒ်အနေဖြင့် လွှတ်တော်က ပြီးခဲ့သည့် သီတင်းပတ်တွင် မဲခွဲကာ ပတ်ဂျုံဟေးအား ရာထူးမှ ဖြုတ်ချခဲ့သည်။

    တရားသူကြီးများက ထိုကဲ့သို့ ငွေအတင်းအကျပ်တောင်းယူမှု ရှိခဲ့လားဟု တိုက်ရိုက်မေးမြန်းရာတွင် ချို ဆွန်-ဆီလ်က ငြင်းဆိုခဲ့သည်။ အဆိုပါပြဿနာတွင် ပါဝင်နေသည်ဟု စွပ်စွဲခံရသူ ၁၀ ဦးမှာလည်း တရားရင်ဆိုင်နေရသည်။

    Ref: Aljazeera