News @ M-Media

Blog

  • Age of Empires ဂိမ်း၏ နောက်ဆုံးဗားရှင်းတွင် ဘုရင့်နောင်အင်ပါယာ ပါဝင်လာမည်

    Age of Empires ဂိမ်း၏ နောက်ဆုံးဗားရှင်းတွင် ဘုရင့်နောင်အင်ပါယာ ပါဝင်လာမည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    raja

    – မိုက်ခရိုဆော့ဖ်မှထုတ်ဝေသည့် နာမည်ကြီး မဟာဗျူဟာဂိမ်းတစ်ခုဖြစ်သော Age of Empires II HD ၏ နောက်ဆုံးထွက်မည့် ဗားရှင်းတွင် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်အင်ပါယာ ပါဝင်မည်ဟု သိရသည်။

    Age of Empires II HD: Rise of the Rajas ဟု အမည်ပေးထားသည့် အဆိုပါ ဗားရှင်းကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖြန့်ချီမည်ဖြစ်ပြီး အင်ပါယာသစ် ၄ ခုဖြစ်သော မြန်မာ၊ ခမာ (ကမ္ဘောဒီးယား)၊ မလေးနှင့် ဗီယက်နမ်မှ အင်ပါယာများ ပါဝင်လာမည်ဖြစ်သည်။

    ထို့ပြင် ဆင်တပ်၊ ဧကရာဇ် ချုံခိုတပ်သားများကိုလည်း ထည့်သွင်းပေးထားပြီး၊ မိုးသစ်တော၊ နွံအိုင်များ၊ ကမ်းခြေများနှင့် လမုတောများကဲ့သို့ ပတ်ဝန်းကျင်သစ် အများအပြားလည်း ပါဝင်သည်။ မြေပုံများမှာလည်း ယခင်ဗားရှင်းများထက် စုံလင်သည်။

    မိုက်ခရိုဆော့ဖ်မှာ ပြီးခဲ့သည့်နှစ်က အဆိုပါဂိမ်းတွင် အာဖရိက အင်ပါယာများကို ထည့်သွင်းပေးခဲ့သည်။

    ဘုရင့်နောင် (၁၅၁၆-၁၅၈၁) မှာ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်သူဖြစ်ပြီး၊ ၎င်း၏ တောင်ငူအင်ပါယာမှာ အရှေ့တောင်အာရှသမိုင်းတွင် အကြီးမားဆုံး အင်ပါယာကြီးတစ်ခု ဖြစ်ခဲ့သည်။ ယခုနောက်ဆုံးဗားရှင်းတွင် ပါဝင်လာသည့် အခြား အင်ပါယာ ၃ ခုမှာ မလေးကျွန်းဆွယ်မှ ဂါဂျာမာဒါ အင်ပါယာ၊ ခမာမှ ဆူရ်ယာဗာရ်မန် အင်ပါယာနှင့် ဗီယက်နမ်မှ လီ လွိုင်း အင်ပါယာတို့ ဖြစ်ကြသည်။

    Ref: PC Gamer

    bayint
    ဘုရင့်နောင်တည်ထောင်ခဲ့သည့် တောင်ငူအင်ပါယာ
  • တပ်မတော်က နိုင်ငံတစ်ဝှမ်း လူမျိုးဘာသာမရွေး အခမဲ့ဆေးကုသပေးနေ

    တပ်မတော်က နိုင်ငံတစ်ဝှမ်း လူမျိုးဘာသာမရွေး အခမဲ့ဆေးကုသပေးနေ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    tch-4
    ကျိုင်းတုံမြို့ ပါလျှံဗလီတွင် တပ်မတော်၏ ဆေးကုသမှုမြင်ကွင်း

    – ယခုရက်ပိုင်းအတွင်းမှာ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့က နိုင်ငံတစ်ဝှမ်းမှာ နယ်လှည့်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး ဗလီဝတ်ကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာပါ အခြေစိုက်ကာ လူမျိုးမရွေး၊ ဘာသာမရွေး အခမဲ့ ကုသပေးခဲ့တယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၁၃ ရက်န့မှာ မန္တလေးမြို့ ဂျွန်းဗလီဝန်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ အလယ်ပိုင်းတိုင်း စစ်ဌာနာချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ပါရဂူကြီးတွေအပါအ၀င် စုစုပေါင်း အင်အား ၂၀ ကျော်နဲ့ အစ္စလာမ်ဘာသာဝင် ၃၀၀ နီးပါးကို အခမဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

    ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ အခြေစိုက်တဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်က အမှတ်(၁၂) စစ်မြေပြင်ဆေးတပ်ရင်းနဲ့ အမှတ်(၃) တပ်မတော်ဆေးရုံတို့ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေဟာ ပါလျှံဗလီမှာ အခြေစိုက်ပြီး အစ္စလာမ်ဘာသာဝင်တွေအပါအ၀င် ဒေသခံပြည်သူတွေကို အခမဲ့ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့  အရင်တုန်းကတော့ ရပ်ကွက်၊ ကျေးရွာတွေမှာပဲလိုက်ပြီးတော့ ကုသပေးနေတာ ဖြစ်ပါတယ်။ ဗလီတွေကိုတော့ မရောက်ဖြစ်ဘူး။ ဒီနေ့မှ ရောက်ဖြစ်တာပါ။ အဓိကကတော့ ကျွန်တော်တို့  တပ်မတော်က လူမျိုး၊ဘာသာ ခွဲခြားတာမရှိဘဲနဲ့ ဆေးကုသမှုအပိုင်းမှာ တစ်ပြေးညီကုပေးနေတယ်ဆိုတာ ပြည်သူလူထုကို သိစေချင်တာပါ”လို့ အမှတ်(၁၂)ခြေမြန်တပ်ရင်းက တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ၀င်းမြတ်က တာချီလိတ်သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

    tch
    ကျိုင်းတုံမြို့ ပါလျှံဗလီတွင် တပ်မတော်၏ ဆေးကုသမှုမြင်ကွင်း

    ပါလျှံဗလီကြီးက အကျိုးတော်ဆောင် ဆရာတော် ဦးစိုးလွင်က တပ်မတော်အနေနဲ့ အခုလို လူမျိုး ဘာသာမရွေး ကုသပေးတဲ့အတွက် ကျေးဇူးတင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ကို တပ်မတော်ကနေပြီးတော့ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲနဲ့  အခုလို ဆေးကုသပေးတာဟာ တတ်နိုင်တဲ့ လူကော မတတ်နိုင်တဲ့လူကော ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ၀မ်းသာဖို့ ကောင်းပါတယ်”

    ဒီဇင်ဘာ ၁၅ ရက်နေ့ ကြာသာပတေးနေ့ နေ့လည်ပိုင်းမှာတော့ ကရင်ပြည်နယ် မြ၀တီမြို့က ဂျာမေဗလီဝတ်ကျောင်းတော်မှာ တပ်မတော်ဆေးတပ်ရင်းက တပ်ဖွဲ့ဝင် ၂၀ ခန့် လာရောက်အခြေစိုက်ကာ ဆေးကုသပေးခဲ့တယ်လို့ ဗလီဂေါပကဥက္ကဌ ဟာဂျီဦးဇော်ဝင်းက ပြောကြားခဲ့ပါတယ်။

    tch-2
    ကျိုင်းတုံမြို့ ပါလျှံဗလီတွင် တပ်မတော်၏ ဆေးကုသမှုမြင်ကွင်း

    ဒီဇင်ဘာ ၁၄ ရက်နေ့မှာ နိုင်ငံတစ်ဝှမ်း တိုင်းစစ်ဌာနချုပ်တွေက နယ်လှည့်ဆေးကုသရေးအဖွဲ့တွေဟာ ဒေသအသီးသီးက ဆေးရုံတွေ၊ ခရယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေနဲ့ ဗလီတွေမှာ အခြေစိုက်ကာ လူမျိုးဘာသာမရွေး အခမဲ့ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    Ref : FB Page of Tachileik News Agency၊ FB Page of တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
    Photo Credit – Tachileik News Agency

    tch-3
    ကျိုင်းတုံမြို့ ပါလျှံဗလီတွင် တပ်မတော်၏ ဆေးကုသမှုမြင်ကွင်း
  • နှုတ်မှုပညာ ခေါင်းစဉ်ဖြင့် ပါမောက္ခ ဒေါက်တာ စိုးနိုင် ဟောပြောမည်။

    နှုတ်မှုပညာ ခေါင်းစဉ်ဖြင့် ပါမောက္ခ ဒေါက်တာ စိုးနိုင် ဟောပြောမည်။

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    dr-soe-naing
    ဒေါက်တာ စိုးနိုင် (မြန်မာစာပါမောက္ခ- ရန်ကုန်တက္ကသိုလ်) ဟောကြားပို့ချမည့် လူမှုဆက်ဆံရေးဆိုင်ရာ (နှုတ်မှုပညာ) ခေါင်းစဉ်ဖြင့် ဟောပြောပွဲ တရပ်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် ၁၅၇ (မြေညီ) ၃၇ လမ်း ၊ ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    ပါမောက္ခ ဒေါက်တာစိုးနိုင်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပညာရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်များ အဖွဲ့မှ ကြီးမှူး ကျင်းပသည့် (၁၄) ကြိမ်မြောက် သုတေသန စာတမ်း ဖတ်ပွဲတွင် ၂၀၁၄ ခုနှစ်အတွက် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” လည်းဖြစ်ပါသည်။

    ဟောပြောပွဲကို စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပြီး အဆိုပါ ဟောပြောပွဲကို ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှု ဖွံ့ဖြိုးရေး စင်တာမှ စီစဉ်ဆောင်ရွက်ကြောင်းသိရသည်။

    15494176_1647578785535433_1291387863_n

    ဆက်စပ် အကြောင်းအရာ ဖတ်ဖို့
    —————————–
    ၂၀၁၄ ခုနှစ် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” ဒေါက်တာစိုးနိုင် နှင့်တွေ့ဆုံခြင်း – Link

  • အိန္ဒိယမွတ်စလင် ဂီတပညာရှင်တစ်ဦး အော်စကာဆု ထပ်ရရန် နီးစပ်နေ

    အိန္ဒိယမွတ်စလင် ဂီတပညာရှင်တစ်ဦး အော်စကာဆု ထပ်ရရန် နီးစပ်နေ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    raham
    အိန္ဒိယမွတ်စလင် ဂီတပညာရှင် အေအာရ် ရဟ်မန် ၂၀၀၉ ခုနှစ်တွင် အော်စကာဆု ရရှိခဲ့စဉ်က

    – အော်စကာဆု နှစ်ဆု ရရှိထားသည့် အိန္ဒိယမှ မွတ်စလင်ဂီတပညာရှင် အေအာရ် ရဟ်မန်မှာ ကမ္ဘာကျော် ဘရာဇီးလ် ဂန္တ၀င်ဘောလုံးသမား ပီလီ၏ အထုတ်ပတ္တိရုပ်ရှင်တွင် ဖန်တီးပေးခဲ့သည့် ဂီတလက်ရာအတွက် လာမည့်နှစ် အော်စကာဆု အမည်စာရင်းတင်သွင်းခြင်း ခံထားရသည်ဟု သိရသည်။

    Pele: Birth of a Legend ဟု အမည်ပေးထားသည့် အဆိုပါ ရုပ်ရှင်မှာ ငယ်စဉ်တောင်ကြေးဘ၀မှ ကမ္ဘာကျော် ဘောလုံးသမား ဖြစ်လာသည့်အချိန်အထိ ပီလီ၏ ဘ၀ဖြတ်သန်းမှုကို ပုံဖော် ရိုက်ကူးထားခြင်းဖြစ်ပြီး ရဟ်မန်က ရုပ်ရှင်တစ်ကားလုံးတွင် အိန္ဒိယဂီတဖြင့် တန်ဆာဆင်ထားသည်။

    ရဟ်မန်မှာ ၂၀၀၉ ခုနှစ်တွင် Slumdog Millionaire ရုပ်ရှင်ဇာတ်ကားဖြင့် ဂီတဆိုင်ရာ အော်စကာဆု ၂ ဆုကို ရရှိခဲ့ပြီး လာမည့်နှစ်တွင် ပေးအပ်မည့် ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲ ရုပ်ရှင်တေးသွားဆု (Original Score) အတွက် အမည်စာရင်းတင်သွင်းခံရသော တေးသွား ၁၄၅ ခုတွင် ပီလီဇာတ်ကား၌ ရဟ်မန် ဖန်တီးခဲ့သည့် တေးသွားလည်း ပါဝင်နေသည်။

    ထို့ပြင် ထိုဇာတ်ကား၏ ဇာတ်ဝင်တေးဖြစ်သော Ginga ကလည်း ဇာတ်ဝင်တေးဆု ( Original Song) အတွက် အမည်စာရင်း တင်သွင်းခံရသော ဇာတ်ဝင်တေး ၉၁ ခုတွင် ပါဝင်လာသည်။

    အဆိုပါ စာရင်းများကို Academy of Motion Picture Arts and Sciences အဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ၈၉ ကြိမ်မြောက် အော်စကာဆု ဇကာတင်စာရင်းကို ဇန်န၀ါရီ ၂၄ ရက်နေ့တွင် ကြေငြာမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဟောလီးဝုဒ်ရှိ Dolby Theatre ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်သည်။

    ရဟ်မန်မှာ အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် မြို့တော်ချန်နိုင်းတွင် ၁၉၆၇ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့၌ မွေးဖွားခဲ့သူဖြစ်ပြီး ဂီတတွင် ထူးချွန်းသည့် ၎င်းကို ‘မက်ဒရက်ဇ်မှ မိုးဇက်’ ဟုလည်း ခေါ်ဆိုကြသည်။ တေးရေး၊ တေးဆိုနှင့် ဂီတဖန်တီးရှင်တစ်ဦးဖြစ်သည့်အပြင် ရဟ်မန်မှာ ပရဟိတလုပ်ငန်းကို တစ်စိုက်မက်မက် ဆောင်ရွက်သူတစ်ဦးလည်း ဖြစ်သည်။

    အော်စကာဆု နှစ်ခုအပြင် ရဟ်မန်မှာ နိုင်ငံတကာနှင့် အိန္ဒိယနိုင်ငံမှ ဂီတထူးချွန်ဆုပေါင်းများစွာ ရရှိထားပြီး အိန္ဒိယအစိုးရက အရပ်သားများကို ချီးမြှင့်သည့် တတိယအမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော Padma Bhushan ဆုကို ၂၀၁၀ ခုနှစ်တွင် ရရှိခဲ့သည်။

    Ref: Daily Star

  • ၂၀၁၆ ခုနှစ်အတွင်း အဖ တိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန် မွတ်စလင် အမျိုးသမီးများ – အပိုင်း (၃)

    ၂၀၁၆ ခုနှစ်အတွင်း အဖ တိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန် မွတ်စလင် အမျိုးသမီးများ – အပိုင်း (၃)

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    – အခုအချိန်မှာ အမေရိကန်မွတ်စလင်တွေဟာ ဘာသာရေး သည်းမခံနိုင်မှု၊ အစ္စလာမ်ကြောက်ရောဂါတွေကိုရဲ့ ဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ရလဒ်အနေနဲ့ နိုင်ငံရေးသမားတွေ၊ ကွန်ဆာဗေးတစ်မီဒီယာတွေရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့နေရပါတယ်။ အမေရိကန်မွတ်စလင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားခံရတယ်၊ အရှက်ခွဲခံရတယ်၊ သူတို့ရဲ့ ဘာသာအယူ ယုံကြည်သက်ဝင်မှုကြောင့် အသတ်ခံရတာမျိုးတွေအထိ ရှိပါတယ်။ ခေါင်းဆောင်းပုဝါနဲ့ မွတ်စလင်အမျိုးသမီးတွေကလည်း အကြမ်းဖက်မှုတွေကို ခံနေရပါတယ်။

    ဒါပေမယ့် သူတို့တွေဟာ အရှုံးပေးသူတွေတော့ မဟုတ်ပါဘူး။ မွတ်စလင်အမျိုးသမီးတွေဟာ လူနည်းစုတွေရဲ့ အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေကြတယ်၊ အမေရိကန်ရဲ့ အုတ်မြစ်ဖြစ်တဲ့ ‘လူတိုင်းအတွက် အသက်ရှင်သန်နိုင်မှု၊ လွတ်မြောက်မှုနဲ့ တရားမျှတမှု’ ဆိုတာတွေ ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါ့မလားဆိုတာ အမေရိကန်ကို စမ်းသပ်နေပါတယ်။

    အောက်မှာဖော်ပြမယ့် အမေရိကန်မွတ်စလင်အမျိုးသမီးတွေကတော့ ၂၀၁၆ ခုနှစ်ကို ကြင်နာတဲ့၊ တရားမျှတတဲ့၊ လှပတဲ့ နှစ်တစ်နှစ်ဖြစ်အောင် ပုံဖော်ခဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အဖတိုင်းပြည်ကို ကြီးကျယ်အောင် လုပ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

    ၁၁။ ဟာလီမာ အေဒင်

    11

    အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဟာလီမာအေဒင်ဟာ နိုဝင်ဘာလအတွင်းက Miss Minnesota USA မယ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံး ဆိုမာလီ-အမေရိကန် မွတ်စလင်အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကိုရောက်ရှိခဲ့တဲ့ သူမဟာ ပြိုင်ပွဲမှာ ဟီဂျဘ် ခေါင်းဆောင်းပုဝါ၊ ဘုရ်ကီနီ (မွတ်စလင်အမျိုးသမီး ရေကူးဝတ်စုံ) တို့နဲ့ ယှဉ်ပြိုင်တဲ့ ပထမဆုံး ပြိုင်ပွဲဝင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

    “မီဒီယာမှာ၊ အထူးသဖြင့် အလှပြိုင်ပွဲတွေမှာ ကိုယ့်ပုံစံ (မွတ်စလင်အမျိုးသမီးတွေ လုံလုံခြုံခြုံ ၀တ်စားဆင်ယင်မှုပုံစံ) ကို မမြင်ရတာက ကိုယ်ကပဲ မလှတော့သလိုလို၊ သူတို့လိုလှအောင်ပဲ ပုံပြောင်းရတော့မလိုလို အမြင်မျိုး မြင်လာစေပါတယ်။ ဒါပေမယ့် ဒါက မှန်ကန်တဲ့အမြင်တော့ မဟုတ်ပါဘူး” လို့ အေဒင်က ပြောကြားခဲ့ပါတယ်။

    ၁၂။ မိုနာ ဟေဒါ

    12

    ကဗျာဆရာမနဲ့ တက်ကြွလှုပ်ရှားတစ်ဦးတစ်ဦဖြစ်တဲ့ မိုနာဟေဒါဟာ အစ္စလာမ်သာသနာ၊ မွတ်စလင်အကြောင်း၊ ထင်မြင်ယူဆချက်အမှားတွေရဲ့ အန္တရာယ်တွေအကြောင်းကို မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ဂ်ျက သူမရဲ့ အခမဲ့ လမ်းဘေးကော်ဖီဆိုင်ကနေ တစ်ဆင့် အသိပညာပေးနေသူဖြစ်ပါတယ်။ “မွတ်စလင်တစ်ယောက်ကို မေးကြည့်ပါ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ သူတို့ရဲ့ ကော်ဖီဆိုင်လေးမှာ ဟေဒါနဲ့ ခင်ပွန်းသည်တို့ဟာ လမ်းသွားလမ်းတာတွေကို ကော်ဖီလေးသောက်ပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ကာ အစ္စလာမ့်အသိပညာပေးလုပ်ငန်းကို လုပ်ကိုင်နေကြတာပါ။

    “လူတွေရဲ့ မျက်နှာမှာ အပြုံပန်းလေးတွေ ပွင့်စေချင်တာပါ။ နှလုံးသားချင်း နီးစေချင်တယ်။ စိတ်ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေကို ဒိုးနပ်မုန့်၊ ကော်ဖီ၊ ပန်းပွင့်လေးတွေကမ်းကာ စကားစပြည်ပြောပြီး ဖြေသိမ့်ပေးချင်ပါတယ်” လို့ ဟေဒါက ပြောကြားခဲ့ပါတယ်။

    ၁၃။ လီဆာ ဗိုဂါလ်

    13

    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အစ္စလာမ့်ဖက်ရှင်တွေဟာ H&M နဲ့ Dolce & Gabbana တို့လို ထိပ်တန်း ဖက်ရှင်ဆိုင်တွေအထိ ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်က အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ခဲ့တဲ့ ဓာတ်ပုံဆရာမ လီဗာ ဗိုဂါလ်ကတော့ ဖလော်ရီဒါက ထင်ရှားတဲ့ ရှော့ပင်းမောလ်တစ်ခုမှာ အစ္စလာမ့်ဖက်ရှင်ဆိုင်တစ်ခု ဖွင့်လှစ်ကာ ခြေလှမ်းသစ်တစ်ခုကို လှမ်းခဲ့ပါတယ်။ ဗိုဂါလ်ရဲ့ Verona Collection ဆိုင်လေးဟာ ဟီဂျဘ်ခေါင်းဆောင်းပုဝါတွေ၊ အ၀တ်အစားတွေ၊ သိုးမွှေးဆွယ်တာတွေကို ကိုယ်တိုင် ဒီဇိုင်းထုတ်ရောင်းချပြီး မေလမှာပဲ အော်လန်ဒို ဖက်ရှင်စကွဲမှာ နောက်ထပ် ဆိုင်သစ်ဖွင့်လှစ်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

    ၁၄။ အမီရာဟ် ဆက်ကက်

    အမီရာဟ် ဆက်ကက်ဟာ Hip Hop အကအဖွဲ့ကို တည်ထောင်သူတစ်ဦးပါ။ We’re Muslim, Don’t Panic (ကျွန်မတို့ မွတ်စလင်ပါ။ မကြောက်စမ်းပါနဲ့) လို့ အမည်ပေးထားတဲ့ ဆန်းဆန်းပြားပြား ဒီအဖွဲ့အကြောင့် ဆက်ကက်ဟာ ဒီနှစ်အတွင်း သတင်းစာခေါင်းကြီးပိုင်းတွေမှာ မပြတ်တမ်း ဖော်ပြခံလာရပါတယ်။ အဲဒီအဖွဲ့ကို ၂၀၁၁ ခုနှစ်မှာ အမျိုးသမီးအဖွဲ့ဝင် ၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး Hip Hop အကရဲ့ မပြည့်စုံမှုတွေကို နီကဘ်တွေ၊ ၀တ်ရုံရှည်တွေနဲ့ ချေဖျက်ပြခဲ့ပါတယ်။ သူတို့ဟာ လက်ရှိမှာတော့ နိုင်ငံတစ်ဝှမ်း လှည့်လည်ဖျော်ဖြေတဲ့အဆင့် ရောက်နေပါပြီ။

    “ကျွန်မက အမြင်တွေကို ပြောင်းပစ်ချင်တာရှင့်။ တစ်ခြားသူတွေကို အသိပညာပေးချင်တယ်။ ပြီးတော့ ကျွန်မသိတဲ့၊ ကျွန်မနှစ်သက်တဲ့ မွတ်စလင်အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်မှု အလှတရားကိုလည်း ရောင်ပြန်ဟပ်စေချင်ပါတယ်။ မွတ်စလင်ကမ္ဘာမှာ ဖိနှိပ်ခံရတဲ့ အမျိုးသမီးတွေရှိတယ်ဆိုတာ ဟုတ်တယ်။ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေလည်း ဖိနှိပ်ခံနေရတာရှင့်။ ဒါဟာ ကျွန်မတို့ ပုံစံတစ်မျိုးစီ ရုန်းကန်နေရမှုပါပဲ” လို့ ဆက်ကက်က ပြောကြားခဲ့ပါတယ်။

    Ref: Huffingtonpost

    အပိုင်း (၁) ဖတ်ရန်  Link 

    အပိုင်း (၂)  ဖတ်ရန် Link