News @ M-Media

Blog

  • ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ခြင်းကို ပါကစ္စတန်ပယ်ဖျက်

    ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ခြင်းကို ပါကစ္စတန်ပယ်ဖျက်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    paki

    – ပြီးခဲ့သည့်လအနည်းငယ်အတွင်း ကက်ရှ်မီးယားဒေသအရေး နှစ်ဖက်တင်းမာမှုများကြောင့် ဘောလီးဝုဒ်ရုပ်ရှင်များ ပြသခွင့် ပိတ်ပင်ထားမှုကို ပါကစ္စတန်အစိုးရက ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    စက်တင်ဘာ ၁၉ ရက်နေ့တွက် အိန္ဒိယက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ စစ်စခန်းကို လက်နက်ကိုင်များက တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၉ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ အပြန်အလှန်ပြစ်တင်မှုများ၊ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအရ တင်းမာမှုများ မြင့်တက်ခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် ဘောလီးဝုဒ် ထုတ်လုပ်သူများက ပါကစ္စတန်သရုပ်ဆောင်များကို လက်မခံဟု ကြေငြာခဲ့ပြီးနောက် ပါကစ္စတန်ကလည်း ဘောလီးဝုဒ်ရုပ်ရှင်များကို ပါကစ္စတန်တွင် မပြရဟု အမိန့်ထုတ်ခဲ့သည်။

    သို့သော်လည်း ယခုတွင်မူ ထိုပိတ်ပင်ထားချက်အား ပါကစ္စတန်အစိုးရက ရုပ်သိမ်းခဲ့သည်။

    “ဒါဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက် ခြေလှမ်းတစ်ခုပါပဲ။ နှစ်နိုင်ငံလုံးကပြည်သူတွေကို သွားမေးကြည်လိုက်ဗျ။ ရန်ဖြစ်နေပေမယ့် ကုန်သွယ်မလားဆိုရင် ‘သွယ်မယ်’ လို့ဖြေကြမှာပါ။ နှစ်နိုင်ငံစလုံးမှာ ကျွန်တော်တို့ဟာ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ဖို့ လိုပါတယ်” ဟု ကာရာချီအခြေစိုက် Atrium ရုပ်ရှင်လုပ်ငန်းအကြီးအကဲ နဒီမ်း မန်ဗီဝါလာက ပြောကြားခဲ့သည်။

    ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ထားခြင်းကို အစိုးရက ပယ်ဖျက်မှုတွင် ဘဏ္ဍာရေးအကြောင်းအရင်းကလည်း စေ့စော်မှုတစ်ခု ဖြစ်မည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ပါကစ္စတန်တွင် ဘောလီးဝုဒ်ရုပ်ရှင်များနှင့် မင်းသားမင်းသမီးများမှာ အလွန်လူကြိုက်များပြီး၊ ပါကစ္စတန်မှ အဆိုတော်များ၊ သရုပ်ဆောင်များကလည်း အိန္ဒိယနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် နေရာရနေသည်။

    Ref : Aljazeera

  • နီလူရှီကာ ဂျာယာဝီရာ (သို့မဟုတ်) အိမ်အကူဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ

    နီလူရှီကာ ဂျာယာဝီရာ (သို့မဟုတ်) အိမ်အကူဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    sirilanka
    အိမ်အကူဘ၀မှ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသူ နီလူရှီကာ ဂျာယာဝီရာ

    – တစ်ချိန်က အိမ်အကူလုပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာတယ်ဆိုရင် ယုံနိုင်ပါ့မလား။

    ဟုတ်ပါတယ်။ သီရိလင်္ကာကာ နီလူရှီကာ ဂျာယာဝီရာဆိုတဲ့ အမျိုးသမီးကတော့ စင်ကာပူမှာ အိမ်အကူလုပ်ရတဲ့ ဘ၀ကနေ အခုအချိန်မှာတော့ ပြည်ပကို လက်ဖက်ခြောက်ပို့တဲ့ လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်လို့နေပါပြီ။

    အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီလူရှီကာ အသက်ငယ်ငယ်လေးနဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရပြီး မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့အောက်က မောင်နှမလေးယောက်ကို ထောက်ပံ့ဖို့အတွက် စင်ကာပူမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်ရပါတော့တယ်။

    “အဲဒီတုန်းက ကျွန်မမှာ ဘာရည်မှန်းချက်မှ မရှိပါဘူး။ ကံတရားပြုသမျှ နုရသူပါ” လို့ အောက်တိုဘာ ၂၉ ရက်နေ့က စင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ TEDxSingapore အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အဲဒီ အခမ်းအနားတက်ဖို့အတွက် နီလူရှီကာတစ်ယောက် ဖိတ်ကြားခံခဲ့ရတာ ဖြစ်ပြီး ဘီလ်ဂိတ်၊ အမေရိကန်သမ္မတဟောင်း အလ်ဂိုးနဲ့ သုတေသနပညာရှင် ဂျိန်း ဂွဒ်အောလ်တို့အပါအ၀င် အခြေားသော နာမ
    ည်ကြီးတွေနဲ့အတူ လက်ချာပေးခွင့် ရခဲ့ပါတယ်။

    စင်ကာပူက အစိုးရမဟုတ်တဲ့ အဖွဲ့ဖြစ်ပြီး အိမ်အကူအမျိုးသမီးတွေကို ငွေကြေး စီမံခန့်ခွဲနည်းနဲ့ စီးပွားရေးစတင်နည်းတွေကို သင်ကြားပေးတဲ့ Aidha အဖွဲ့က သူမရဲ့ဘ၀ကို ပြောင်းလဲပေးခဲ့တယ်လို့လည်း သူမက ဖွင့်ဟခဲ့ပါတယ်။

    စင်ကာပူမှာ ကျင်လည်ခဲ့ရတဲ့အချိန်ဟာ သူမအတွက် စီးပွားရေးကျွမ်းကျင်မှုတွေ ရရှိစေရုံသာမကဘဲ ဇာတိမြေ သီရိလင်္ကာက အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေး နည်းလမ်းကိုလည်း တတ်မြောက်စေခဲ့ပါတယ်။

    အိမ်ဖော်လုပ်နေရတဲ့အချိန် ၂၀၁၁ ခုနှစ်က သူမမှာ မိသားစုပြဿနာတွေ ကြုံတွေ့ခဲ့ရတာကြောင့် အကူအညီဖြစ်လိုဖြစ်ငြား အိရှင်က စင်ကာပူဒေါ်လာ ၄၀၀ သွင်းပြီး Aidha မှာ စနေ၊ တနင်္ဂနွေသင်တန်းကို တက်ခိုင်းခဲ့တာပါ။ နီလူရှီကာကတော့ အဲဒီသင်တန်းမှာ ငွေကြေးပညာရပ်၊ စီးပွားရေးနဲ့ ခေါင်းဆောင်မှုဆိုင်ရာတွေကို သင်ကြားခဲ့ပါတယ်။

    အဲဒီကျွမ်းကျင်မှုတွေနဲ့ပဲ သီရိလင်္ကာမှာ ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို အွန်လိုင်း လက်ဖက်ခြောက်လုပ်ငန်းစတင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

    လက်ရှိမှာ နီလူရှီကာဟာ သီရိလင်္ကာက လက်ဖက်ခြောက်တွေကို နိုင်ငံတကာက ဖောက်သည် ၅၀၀ ဆီ တင်ပို့ရောင်းချရတဲ့အထိ အောင်မြင်နေပြီး ပြီးခဲ့တဲ့ လအနည်းကပဲ အန်ဂျီအိုတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူမရဲ့ရွာမှာလည်း ၀က်မွေးမြူရေးနဲ့ အပ်ချုပ်ဆိုင်ဖွင့်တာတို့လို စီးပွားရေးအသေးလေးတွေ ဘယ်လိုစရမလဲဆိုတာကို သင်ပေးနေပါတယ်။

    နောက်ပြီး သူမရဲ့ ၀င်ငွေတစ်ချို့တစ်ဝက်ကိုလည်း ကျောင်းစာအုပ်ဝယ်ပေးတာလို ကလေးငယ်တွေရဲ့ ပညာရေးကုန်ကျမှုအတွက် သုံးစွဲနေပါတယ်။

    နီလူရှီကာဟာ ၂၀၀၆ ခုနှစ် Aidha အဖွဲ့ စင်ကာပူမှာ စတင်ခဲ့ကတည်းက သင်တန်းတစ်ယောက်ခဲ့တဲ့ အိမ်ကူလုပ်သားပေါင်း ၃၃၅၀ ထဲက တစ်ယောက်ဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်အကူလုပ်သားပေါင်းဟာ အခုနှစ် ဇွန်လအထိ ၂၃၇၁၀၀ ရှိနေပါတယ်။

    Ref : Straitstimes

  • အမျိုးသားနေ့အခမ်းအနားကို ဖျက်သိမ်းကာ ကာတာက ဆီးရီးပြည်သူများအား စာနာကြောင်းပြသ

    အမျိုးသားနေ့အခမ်းအနားကို ဖျက်သိမ်းကာ ကာတာက ဆီးရီးပြည်သူများအား စာနာကြောင်းပြသ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    national

    – ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့တွင် ဆီးရီးယားအစိုးရတပ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံစားနေရသည့် ပြည်သူများအား စာနာမှုကို ဖော်ကျူးသည့်အနေဖြင့် ကာတာက အမျိုးသားနေ့အခမ်းအနားများ မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    ကာတာအမျိုးသားနေ့မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ (ယနေ့တွင်) ကျရောက်ခြင်းဖြစ်ပြီး မနက်ပိုင်းတွင် မြို့တော်ဒိုဟာ၌ စစ်ကြောင်းများချီတက်ခြင်း၊ တစ်နေ့လုံး ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ ကျင်းပခြင်းနှင့် ညနေပိုင်းတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ကို ပုံမှန် ပြုလုပ်လေ့ရှိသည်။

    သို့သော်လည်း ကာတာသမ္မတ ရှိခ် တာမင် အလ်-သာနီကမူ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ကာ အမျိုးသားနေ့အခမ်းအနားများကို မပြုလုပ်ရန် တားမြစ်ခဲ့သည်။

    “အဆိုးဝါးဆုံး ဖိနှိပ်မှု၊ ငြှင်းပမ်းမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ခံစားနေရတဲ့ အဲလစ်ပိုမြို့က ပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ကာတာသမ္မတ ရှိခ် တာမင် ဘင် ဟာမဒ် အလ်-သာနီဟာ အမျိုးသားနေ့အထိမ်းအဖြစ် ပြုလုပ်မယ့် အခမ်းအနားတွေအားလုံးကို ပယ်ဖျက်ဖို့ အမိန့်ပေးလိုက်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    သူပုန်များ သိမ်းပိုက်ထားသော အဲလစ်ပိုမြို့အရှေ့ပိုင်းကို ဆီးရီးယားအစိုးရစစ်တပ်က ဆက်လက်၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေမှုကြောင့် အဆိုပါမြို့မှ အရပ်သားများနှင့် သူပုန်များ ကယ်ထုတ်ရေး သဘောတူညီချက်ကို မလိုက်နာဟု စိုးရိမ်မှုများ ပေါ်ထွက်လာပြီးနောက် ကာတာက ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်။

    Ref: Aljazeera

  • အိမ်ကွင်းမှာ အင်ဒိုကို ၂ ဂိုးပြတ်နိုင်ပြီး ဆူဇူကီးဖလားချန်ပီယံဘွဲ့ကို ထိုင်း ကာကွယ်

    အိမ်ကွင်းမှာ အင်ဒိုကို ၂ ဂိုးပြတ်နိုင်ပြီး ဆူဇူကီးဖလားချန်ပီယံဘွဲ့ကို ထိုင်း ကာကွယ်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    suzuki

    – ဆူဇူကီးဖလား နောက်ဆုံးဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ဘန်ကောက်က ရာဇမင်္ဂလာအားကစားကွင်းမှာ ဒီနေ့ညနေက ကစားခဲ့တဲ့ ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့ပွဲမှာ အိမ်ရှင်ထိုင်းအသင်းက ၂ ဂိုးပြတ်အနိုင်ရကာ နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုး ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်နိုင်ခဲ့ပါတယ်။

    ပထမကျော့ အင်ဒိုမှာတုန်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတာကြောင့် ဒီနေ့ပွဲမှာ ၁ ဂိုး ရရင်ပဲ ထိုင်းအသင်းဟာ ချန်ပီယံဖြစ်မှာ ဖြစ်ပါတယ်။

    ပွဲအစကတည်းက တိုက်စစ်ဖွင့်ကစားတဲ့ ထိုင်းတို့ အင်ဒိုဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ၃၈ မိနစ်မှာ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ထိုင်းအသင်း ဘယ်ဖက်ခြမ်းကနေ တိုက်စစ်ဆင်မှုအတွင်း ဂိုးရှေ့ဖြတ်တင်ပေးရာမှာ အင်ဒိုနောက်ခံလူရဲ့ ဖြတ်ထုတ်မှု ထိုင်းအသင်းတိုက်စစ်မှူး ဆီရို့ ချက်သွန်နဲ့ထိကာ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

    ဒုတိယပိုင်းအစမှာ ချက်သွန်ကပဲ ဒုတိယဂိုး သွင်းပေးခဲ့ပြီး ဂိုးဧရိယာထဲကနေ အပိုင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

    အင်ဒိုကတော့ ထိုင်းဂိုးပေါက်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိဘဲ မိနစ် ၇၀ ကျော်လောက်မှ အပိုင်ကန်သွင်းခွင့်တစ်ချို့ ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ အင်ဒိုကစားသမား လက်စတာလူဟူ တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

    ထိုင်းအသင်းဟာ ဒီပွဲအနိုင်ကြောင့် ၂ ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ဆူဇူးကီးဖလား ချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

  • ရခိုင်ကိစ္စ ဆွေးနွေးရန် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မြန်မာနှင့် ဘင်္ဂလားသို့ သွားမည်

    ရခိုင်ကိစ္စ ဆွေးနွေးရန် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မြန်မာနှင့် ဘင်္ဂလားသို့ သွားမည်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    indo
    အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီ

    – ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများ အထူးသဖြင့် ထိုဒေသရှိ မွတ်စလင်များ ကြုံတွေ့နေရသည့် ဒုက္ခသုက္ခများအတွက် အဖြေရှာရန် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေ့ရှ်သို့ ၂ ရက်ကြာ သွားရောက်မည်ဟု သိရသည်။

    မာဆူဒီမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၉ ရက်နေ့ တနင်္လာနေ့တွင် သွားရောက်ကာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ အင်္ဂါနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မဟ်မူဒ် အလီနှင့် ဒါကာ၌ တွေ့ဆုံမည်ဖြစ်သည်။

    “မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားမှုကြောင့် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရန်ကုန်မြို့မှာ တွေ့ဆုံကာ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်အသေးစိတ် အချက်အလက်ကို မြန်မာအစိုးရက ပေးလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ အသေးစိတ် တိုက်ရိုက်သိရတာဟာ အစကောင်းမှုတစ်ခုပါပဲ” ဟု မာဆူဒီက သောကြာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုအပေါ် စစ်တပ်က ညှင်းပမ်းနှိပ်စက်နေမှုများ ရှိသည်ဆိုသည့် စွပ်စွဲမှုများနှင့် ပတ်သက်၍ တုန့်ပြန်ဆောင်ရွက်ခြင်းမရှိဟု ယူဆရသောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဝေဖန်မှုများကို ခံနေရသည်။

    အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက် အစိုးရစစ်တပ်၏ စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းမှ မွတ်စလင် ၂ သောင်းကျော်မှာလည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပြီး၊ စစ်တပ်၏ အဓမ္မကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းတို့ကို ခံနေရသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ မြန်မာအစိုးရကမူ ထိုစွပ်စွဲချက်မျာကို ငြင်းဆိုထားသည်။

    Ref: Jakatar Post