News @ M-Media

Blog

  • Ballon d’Or တွင် စပိန်ကစားသမားများ တန်ဖိုးထားမခံရဟု ရာမို့စ်ပြော

    Ballon d’Or တွင် စပိန်ကစားသမားများ တန်ဖိုးထားမခံရဟု ရာမို့စ်ပြော

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    raos

    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ရွေးချယ်သည့်အခါတွင် စပိန်ကစားသမားများမှာ တန်ဖိုးထားမခံရဟု ရီးယဲလ်နောက်ခံလူ ရာမို့စ်က ပြောကြားလိုက်သည်။

    ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရာမို့စ်၏ ရီးယဲလ်အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုက ဘာကာတိုက်စစ်မှူး မက်ဆီနှင့် အက်သလက်တီကိုတိုက်စစ်မှူး ဂရီဇ်မန်းတို့ကို ကျော်ဖြတ်ကာ စတုတ္ထအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

    ကမ္ဘာ့အကောင်းဆုံး အသင်းများစာရင်းတွင် ထိပ်ဆုံး ၆ နေရာကို စပိန်ကလပ်အသင်းများ ရယူနိုင်ခဲ့သော်လည်း အကောင်းဆုံးဘောလုံးသမားဆု ဇကာတင်စာရင်းတွင် ပါဝင်ခဲ့သော ရာမို့စ်၊ အင်နီယေစတာနှင့် ကိုကီးတို့မှာ မဲတစ်မဲမှ မရခဲ့ပေ။

    “Ballon d’Or မှာ အင်နီယေစတာ မဲတစ်မဲမှ မရတာကို ကျွန်တော် အံ့သြပါတယ်။ ကျွန်တော် တစ်မဲမှ မရတဲ့အတွက် ဘာမှဖြစ်ပါဘူး။ ရာအူးလ်တို့လို၊ အင်နီယေစတာတို့လို ကစားသမားတွေ ဒီဆုမရတာ အံ့သြစရာကောင်းပါတယ်။ စပိန်ကစားသမားတွေဟာ တန်ဖိုးထား မရခံသလိုပါပဲ” ဟု ရာမို့စ်က ပြောကြားခဲ့သည်။

    ထို့ပြင် ရာမို့စ်က အဆိုပါဆုအတွက် သတ်မှတ်ချက်များ မည်သို့ ချထားသည်ကို မသိကြောင်း၊ သို့သော်လည်း ရီးယဲလ်တွင် ထိုဆုရထားသူတစ်ဦး (နည်းပြဇီဒန်း) ရှိနေသောကြာင့် ဆုရွေးချယ်မှုအပေါ် လေးစားမှု ပေးရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အာဖဂန်တွင် အမျိုးသမီး လေဆိပ်ဝန်ထမ်း ၅ ဦး အသတ်ခံရ

    အာဖဂန်တွင် အမျိုးသမီး လေဆိပ်ဝန်ထမ်း ၅ ဦး အသတ်ခံရ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    kandahar-2

    – အာဖဂန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် သေနတ်သမားများက လေဆိပ် အမျိုးသမီးဝန်ထမ်းများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေဆိပ်ဝန်ထမ်းများမှာ ကားဖြင့် လေယာဉ်ကွင်းသို့ လာရောက်စဉ် အနည်းဆုံး သေနတ်သမား ၃ ဦးက ဆိုင်ကယ်များဖြင့် ၎င်းတို့ကားအား ၀န်းရံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဆာမင် ချက်ပါလ်ဝက်က ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွင်း ကစားမောင်းသူလည်း သေဆုံးခဲ့သည်။

    ကန်ဒါဟာ နိုင်ငံတကာလေဆိပ်မှ ဒါရိုက်တာ အဟ်မဒ်ဒွလ္လာ ဖိုင်ဇီက အဆိုပါ အမျိုးသမီးများမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ ၀န်ထမ်းများဖြစ်ပြီး အမျိုးသမီး ခရီးသွားများ၏ ကိုယ်ခန္ဓာနှင့် အိတ်များကို ရှာဖွေသည့်တာဝန်ကို ထမ်းဆောင်ရကာ၊ ၎င်းတို့မှာ လုံခြုံရေးအတွက် စိုးရိမ်နေရသည်ဟု ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    ကန်ဒါဟာတွင် အိမ်အပြင်ထွက်၍ အလုပ်လုပ်သော အမျိုးသမီးများမှာ တာလီဘန်နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်မှု အန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရသည်။

    ၂၀၀၁ ခုနှစ်တွင် တာလီဘန်အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း အာဖဂန်အမျိုးသမီးများမှာ ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပြသခွင့် ရလာသော်လည်း အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အနိုင်ကျင့်မှုတို့ကို သိသိသာသာ ခံစားနေရဆဲဖြစ်သည်။

    အာဖဂန်ရှေ့နေချုပ်ရုံးက ၂၀၁၆ ခုနှစ်၏ ပထမ ၈ လအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှာ ၃၇၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် တစ်နှစ်လုံတွင်း ၅၀၀၀ ခန့်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်း တာလီဘန်အဖွဲ့မှာ ကန်ဒါဟာ နိုင်ငံတကာ လေယာဉ်ကွင်းကို တိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့သည်။

    Ref: Aljazeera

  • နိုက်ဂျီးရီးယား မွတ်စလင်အမျိုးသမီး ကုလ၏ ထိပ်တန်းရာထူးတစ်ခု ရရှိ

    နိုက်ဂျီးရီးယား မွတ်စလင်အမျိုးသမီး ကုလ၏ ထိပ်တန်းရာထူးတစ်ခု ရရှိ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    amina
    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ လက်ထောက်အဖြစ် ခန့်အပ်ခံခဲ့ရသသည့် နိုက်ဂျီးရီးယားမွတ်စလင်အမျိုးသမီး အမီနာ မိုဟာမက်

    – ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ် အန်တိုနီယို ဂူတီယာရက်စ်က ၎င်း၏ လက်ထောက်အဖြစ် နိုက်ဂျီးရီးယား သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး အမီနာ မိုဟာမက်ကို ခန့်အပ်လိုက်သည်ဟု ကြာသာပတေးနေ့တွင် ကြေငြာခဲ့သည်။

    အတွင်းရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ စတီဖစ် ဒူဂျာရစ်မှတစ်ဆင့် ယခုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး ဘရာဇီးလ်မှ မာရီယာ ဗီအိုတီနှင့် တောင်ကိုရီးယားမှ ကျွန်ဝါကန်တို့ကိုလည်း ကုလ၏ အကြီးတန်း ရာထူးများ၌ ခန့်အပ်ခဲ့သည်။

    လက်ရှိ နိုက်ဂျီးရီးယား သဘာဝပတ်ဝန်းကျင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အမီနာမိုဟာမက်မှာ ကုလ၏ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်းလည်းကောင်း၊ ရာထူးမှ မကြာခင် အနားယူတော့မည့် အတွင်းရေးမှူး ဘန်ကီမွန်လက်အောက် ‘၂၀၁၅ အလွန် ဖွံ့ဖြိုးရေးစီမံကိန်း’ အတွက် အထူးအကြံပေးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ဖူးသည်။

    ကုလ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်နှင့် စီမံကိန်းများဖြစ်သော 2030 Agenda for Sustainable Development နှင့် Sustainable Development Goals တို့တွင်လည်း အမီနာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

    ကုလ၏ ‘ထောင်စုနှစ် ရည်မှန်းချက်’ ဆိုင်ရာ အထူးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည့် အမီနာမိုဟာမက်မှာ ကုလတွင် ၀င်ရောက်အမှူမထမ်းခင် နိုက်ဂျီးရီးယား အစိုးရ ၃ ဆက်တွင် ပါဝင်ခဲ့ပြီး ဆင်းရဲမွဲတေမှု၊ ပြည်သူရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲမှု၊ ရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပါအ၀င် ကဏ္ဍများစွာအတွက် အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။

    အမီနာ မိုဟာမက်မှာ အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှ ဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့အကောင်အထည်ဖော်မှုဆိုင်ရာ လက်ထောက်ပါမောက္ခလည်း ဖြစ်ပြီး နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့များနှင့် အသင်းအဖွဲ့ များစွာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

    နိုက်ဂျီးရီးယားသမ္မတ မူဟာမာဒူ ဘူဟာရီကမူ ၎င်း၏ ကက်ဘိနတ်ဝန်ကြီးတစ်ယောက် ထိုကဲ့သို့ အဆင့်အမြင့်ရာထူးတစ်ခုကို ရရှိခဲ့သည့်အတွက် ယမန်နေ့တွင် ချီးကျူးပြောဆိုခဲ့သည်။

    Ref: All Africa

  • အာရှစွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းမှာ ပါဝင်လာတဲ့ ပါကစ္စတန်က အဖျော်ဆရာ

    အာရှစွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းမှာ ပါဝင်လာတဲ့ ပါကစ္စတန်က အဖျော်ဆရာ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    khan-3

    – ပြာလဲတဲ့မျက်လုံး ခန့်ထည်တဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် လက်ဖက်ရည်ဖျော်သမား ဘ၀ကနေ အင်တာနက်မင်းသား ဖြစ်လာပြီး လှပြိုဖြူတွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ပါကစ္စတန်က အာရ်ရှဒ်ခန်းတစ်ယောက် အခုအချိန်မှာတော့ ၂၀၁၆ ခုနှစ် အာရှရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား (Sexiest Asian Men of 2016) အယောက် ၅၀ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

    ဒီအဖျော်ဆရာလေးရဲ့ ဘ၀အလှည့်အပြောင်းဟာ ပါကစ္စတန် ဓာတ်ပုံဆရာ ဂျီအာဟ် အလီက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဖျော်နေတဲ့ သူ့ရဲ့ ဓာတ်ပုံကို အခုနှစ်အတွင်း ရိုက်ကူးကာ အင်တာနက်စာမျက်နှာမှာ လွှင့်တင်ပြီးနောက်ပိုင်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    အခုအချိန်မှာတော့ ခန်းဟာ ဘောလီးဝုဒ်က နာမည်ကျော်မင်းသားတွေနဲ့အတူ အာရှရဲ့ စွဲဆောင်မှုအရှိဆုံး အမျိုးသား ၅၀ စာရင်းမှာ ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    khan-1
    လက်ဖက်ရည်အဖျော်ဆရာဘ၀ အင်တာနက်တွင် ပေါက်ခဲ့သည့် အာရ်ရှဒ်ခန်း၏ပုံ

    ခန်းက အဆင့် ၃၁ စွဲခဲ့တဲ့ အဲဒီစာရင်းကို One Direction အဖွဲ့ဝင်ဟောင်း ပါကစ္စတန်နွယ်ဖွား ဇေယန်မာလစ်က ဦးဆောင်နေပါတယ်။ ဘောလီးဝုဒ်မင်းသားတွေဖြစ်တဲ့ ဟရီသစ် ရိုရှန်းနဲ့ ဖါဝဒ် အဖ်ဇဲလ်ခန်း တို့ကတော့ ဒုတိယနဲ့ တတိယနေရာမှာ အသီးသီး ရှိနေကြပါတယ်။

    ဒါပေမယ့် ဒီစာရင်းမှာ အပေါက်ဆုံးလူက အဖျော်ဆရာတစ်ဖြစ်လဲ မော်ဒယ် အာရှ်ရှဒ် ခန်း ဖြစ်နေပါတယ်။ အဲဒီစာရင်းကို ဗြိတိန်အခြေစိုက် Eastern Eye အပတ်စဉ်သတင်းစာက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အယ်ဒီအဖွဲ့ရဲ့ ဦးစားပေးကလည်း အာရှ်ရှဒ်ခန်း ပါပဲ။

    Ref : Khaleej Times

  • ပါလက်စတိုင်းကျူးကျော်ရေး စိတ်ဓာတ်ရှိသူကို အစ္စရေးသံအမတ်အဖြစ် ထရမ့် အဆိုပြု

    ပါလက်စတိုင်းကျူးကျော်ရေး စိတ်ဓာတ်ရှိသူကို အစ္စရေးသံအမတ်အဖြစ် ထရမ့် အဆိုပြု

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    david
    အစ္စရေးသံအမတ်အဖြစ် ထရမ့်က အဆိုပြုထားသည့် ဒေးဗစ်ဖရိဒ်မန်း

    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် ကျူးကျော်အိမ်ယာများ ဆောက်လုပ်ကာ နယ်မြေ ကျူးကျော်သိမ်းပိုက်နေသော အစ္စရေး၏လုပ်ရပ်ကို ထောက်ခံသည့် လက်ယာနိုင်ငံရေးသမားတစ်ဦးကို အစ္စရေးဆိုင်ရာ အမရိကန်သံအမတ်အဖြစ် ဒေါ်နယ်ထရမ့်က အဆိုပြုလိုက်သည်ဟု သိရသည်။

    ဒေးဗစ် ဖရိဒ်မန်းဆိုသူဖြစ်ပြီး သံတမန်အတွေ့အကြုံ လုံးဝမရှိဘဲ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် အစ္စရေးက ဂျူးအခြေချအိမ်ယာများ ဆောက်လုပ်မှုကို ထောက်ခံသူလည်းဖြစ်သည်။ အဆိုပါအိမ်ယာများမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်သောကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်မှုများ ပြုလုပ်ထားသည်။

    အနောက်ဖက်ကမ်းရှိ အစ္စရေး၏ အဆိုပါ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူအရေအတွက်မှာ လက်ရှိတွင် ၅ သိန်း ၃ သောင်းကျော် ရှိနေသည်။

    ကြာသာပတေးနေ့တွင် ထရမ့်၏ ထိုကြေငြာချက် ထွက်လာပြီးနောက်ပိုင်း ဖရိဒ်မန်းမှာ ၁၉၆၇ ခုနှစ်ကတည်းက နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားသော အရှေ့ဂျေရုစလင်တွင် အစ္စရေးဆိုင်ရာ အမေရိကန်သံရုံ ပြောင်းရွှေ့အခြေစိုက်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သောကြောင့် နိုင်ငံတကာက စိုးရိမ်မှုများ မြင့်တက်လာသည်။

    လက်ရှိတွင် အမေရိကန်သံရုံးမှာ တဲလ်အဗီးတွင် ရှိနေသည်။

    ရာမာလာအခြေစိုက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ ၎င်းတို့၏ အနာဂတ် ပါလက်စတိုင်းနိုင်ငံတော်ကို အရှေ့ဂျေရုစလင်အပါအ၀င် အနောက်ဖက်ကမ်းတွင် တည်ထောင်ရန် မျှော်လင့်ထားပြီး၊ အစ္စရေးက အရှေ့ဂျေရုစလင်အား ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို ဥရောပနှင့် အာရပ်နိုင်ငံအများစုက ကန့်ကွက်ထားသည်။

    ထရမ့်ကမူ ဖရိဒ်မန်းမှာ အမေရိကန်နှင့် အစ္စရေးအကြား ‘ထူးခြားသော ဆက်ဆံရေးကို ထိန်းသိမ်းထားမည်’ ဟု ပြောကြားခဲ့သည်။ ထရမ့်၏ ထိုအဆိုပြုမှုကို လွှတ်တော်က မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

    Ref : Aljazeera