News @ M-Media
Blog
  • ကမ္ဘာ့အကြီးဆုံး ဆိုလာဓာတ်အားပေးစက်ရုံကို အိန္ဒိယ ဖွင့်လှစ်
    ကမ္ဘာ့အကြီးဆုံး ဆိုလာဓာတ်အားပေးစက်ရုံကို အိန္ဒိယ ဖွင့်လှစ်
    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media
    india
    – အိန္ဒိယနိုင်ငံဟာ ၆၄၈ မီဂါဝပ် ထုတ်လုပ်နိုင်မယ့် ကမ္ဘာအကြီးဆုံး နေစွမ်းအင်အသုံးပြု ဓာတ်အားပေးစက်ရုံကို ထုတ်ဖော် ပြသလိုက်ပါတယ်။
    တမီလ်နာဒူးပြည်နယ် ကာမူသီမြို့မှာရှိတဲ့ အဲဒီဓာတ်အားပေးစက်ရုံကြီးဟာ ၁၀ စကွဲယားကီလိုမီတာ အကျယ်အ၀န်းမှာ ဆောက်လုပ်ထားတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ၅၅၀ မီဂါဝပ် ထုတ်လုပ်နိုင်တဲ့ Topaz Solar Farm နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ကျော်ဖြတ်ကာ ကမ္ဘာ့အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
    အဲဒီ ဓာတ်အားပေးစက်ရုံကို Adani Group က ၈ လအတွင်းမှာ တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး အလိုအလျောက်ပြုလုပ်တဲ့ နေ့စဉ် သန့်ရှင်းရေးစနစ်၊ ကိုယ်ပိုင်ဆိုလာပြားအသုံးပြုကာ ပြန်အားဖြည့်တဲ့စနစ်လည်း ပါဝင်ပါတယ်။ စွမ်းအားပြည့်အသုံးပြုမယ်ဆိုရင် နေအိမ်ပေါင်း ၁၅၀၀၀၀ လောက်ကို ဓာတ်အားပေးနိုင်မှာဖြစ်ပါတယ်။
    အဲဒီစက်ရုံမှာ ဆိုလာပြားစုစုပေါင်း ၂.၅ သန်း တပ်ဆင်ထားပြီး စုစုပေါင်း ကန်ဒေါ်လာ ၆၇၉ သန်း ကုန်ကျခဲ့ပါတယ်။ ဒီစက်ရုံကြောင့် အိန္ဒိယဟာ နေစွမ်းအသုံးပြုပြီး ဓာတ်အားစုစုပေါင်း ၁၀ ဂီဂါဝပ် ထုတ်လုပ်လာနိုင်တာဖြစ်ပြီး အဲဒီလို နေစွမ်းအင်ကနေ အကြီးအကျယ် ဓာတ်အားထုတ်လုပ်နိုင်တဲ့ နိုင်ငံကတော့ ကမ္ဘာပေါ်မှာ လက်တစ်ဆုပ်စာလောက်သာ ရှိပါသေးတယ်။
    အိန္ဒိယဟာ လာမယ့်နှစ်ကနေစပြီး တရုတ်၊ အမေရိကန်တို့ပြီးတဲ့နောက် ကမ္ဘာ့တတိယအကြီးဆုံး ဆိုလာဈေးကွက် ဖြစ်လာမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ နေစွမ်းအင်ကနေ နေအိမ်ပေါင်း သန်း ၆၀ လောက်ကို ဓာတ်အားပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ ၂၀၃၀ ရောက်တဲ့အခါ ရုပ်ကြွင်းလောင်စာမဟုတ်တဲ့ရင်းမြစ်ကနေ ဓာတ်အားထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းလောက် လျှော့ဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
    Ref: Aljazeera
  • ရခိုင်ကိစ္စ လူသားထုအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှု မြောက်နိုင်သည်ဟု ကုလ ထပ်ပြော
    ရခိုင်ကိစ္စ လူသားထုအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှု မြောက်နိုင်သည်ဟု ကုလ ထပ်ပြော
    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media
    rohingya
    စစ်တွေကယ်ဆယ်ရေးစခန်းမှ ရိုဟင်ဂျာ အမျိုးသမီးများ
    – ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်ပွားသော ပြဿနာများတွင် ရိုဟင်ဂျာမွတ်စလင်များမှာ လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု၏ သားကောင်များ ဖြစ်နေနိုင်သည်ဟု ကုလသမဂ္ဂက ထပ်မံပြောကြားလိုက်သည်။
    နိုဝင်ဘာလ အစောပိုင်းက နယ်ခြားစောင်စခန်းများ တိုက်ခိုက်ခံရမှုနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရစစ်တပ်၏ နယ်မြေရှင်းလင်းမှုများအတွင်း ဒေသခံ မွတ်စလင်များအပေါ် အစုလိုက်အပြုံလိုက် အဓမ္မကျင့်မှု၊ ညှင်းပမ်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ ရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီး၊ ထိုဒေသရှိ မွတ်စလင်များကလည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။
    အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် အရေအတွက်မှာ ၃၀၀၀၀ ခန့်ရှိနေပြီး ရိုဟင်ဂျာများနေထိုင်သည့်ရွာများ မီးရှို့ဖျက်ဆီးခံရမှုကိုလည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ ဂြိုဟ်တုပုံရိပ်များတွင် တွေ့ရှိခဲ့သည်။ မြန်မာအစိုးရကမူ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး စစ်တပ်မှာ အကြမ်းဖက်သမားများကိုသာ လိုက်လံနှိမ်နှင်းနေသည်ဟု ဆိုသည်။
    ထို့ပြင် အဓမ္မပြုကျင့်မှုနှင့် သတ်ဖြတ်မှုများ ပြုလုပ်သည်ဟု မီဒီယာများတွင် ဖော်ပြမှုကို အစိုးရက ရှုတ်ချခဲ့ပြီး အင်္ဂလားဒေ့ရှ်ဆိုင်ရာ ကုလတာဝန်ရှိသူတစ်ဦးက ‘လူမျိုးစုလိုက် သုတ်သင်မှု’ ဟု ခေါင်းစဉ်တပ်ခဲ့မှုကိုလည်း ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
    အင်္ဂါနေ့တွင် ကုသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ ဆက်ဆံမှုမှာ လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုကဲ့သို့ ဖြစ်နေသည်ဟု ထပ်လောင်းပြောကြားလိုက်ပြီး၊ ဇွန်လက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာမှ တွေ့ရှိချက်များကိုလည်း ပြန်လည် ထောက်ပြခဲ့သည်။
    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကမူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးလားသည့် ရိုဟင်ဂျာစက်လှေ ၁၄ စင်းအထိ ရှိခဲ့ပြီး ၀င်ရောက်ခွင့်မပေးဘဲ ပြန်လှည့်ခိုင်းခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း နယ်စပ်တွင် ထွက်ပြေးလာသူ ထောင်ချီရှိနေသည်ဟု ဆိုသည်။
    အဆိုပါ ထွက်ပြေးလာသူများအား ၀င်ရောက်ခွင့်ပေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က ငြင်းဆိုထားပြီး မြန်မာအစိုးရအနေဖြင့် ထိုကဲ့သို့ ထွက်ပြေးမှုများ ရပ်တန့်အောင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
    “ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်မှုပုံစံတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်လို့ရနိုင်ချေ ရှိတယ်လို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ အစီစဉ်ခံစာက အကြံပြုချက်တွေ တော်တော်များများကို မြန်မာအစိုးရက မဆောင်ရွက်ခဲ့ပါဘူး” ဟု ကုလ၏ လူ့အခွင့်အရေးအေဂျင်စီမှ အင်္ဂါနေ့တွင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ကုလအတွင်းရေးမှူးဟောင်း မစ္စတာ ကိုဖီအန်နန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့မှာလည်း အင်္ဂါနေ့မှ စတင်ကာ တစ်ပတ်တာ ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်သို့ သွားရောက်နေသည်။
    Ref: Aljazeera
  • အတိုက်အခံများကြားမှ ပထမဆုံးဗလီကို စောင့်မျှော်နေကြသည့် ဂရိမွတ်စလင်များ
    အတိုက်အခံများကြားမှ ပထမဆုံးဗလီကို စောင့်မျှော်နေကြသည့် ဂရိမွတ်စလင်များ
    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media
    athens
    အေသင်ရှိမွတ်စလင်များမှာ မြေအောက်ခန်းများနှင့် စတိုခန်းများတွင် စုပေါင်းဝတ်ပြုကြရသည်
    – လက်လုပ်လက်စား အိမ်နီးချင်းတစ်ယောက်နှင့်အတူ အီလီယူပိုလီရှိ ကော်ဖီဆိုင်တစ်ခုတွင် ထိုင်နေသည့် အသက် ၄၃ နှစ်အရွယ် အန်နာ စတာမူက သူမအအနေဖြင့် အေသင်မြို့၏ ဗလီဝတ်ကျောင်းတော်သို့ များမကြာမီအချိန်တွင် မိသားစုနှင့်အတူ သွားရောက်ဝတ်ပြုရန် မျှော်လင့်နေသည်ဟု ဆိုသည်။
    “စစ်ပွဲတွေမှာ ပိတ်မိနေတဲ့ ကလေးတွေအတွက်၊ စစ်ပွဲတွေအားလုံး ရပ်တန်ဖို့အတွက် ကျွန်မ ဆုတောင်းမှာပါ။ နေ့တိုင်းလည်း ကျွန်မ ဒီလိုပဲ ဆုမွန်ကောင်းတောင်းနေတာပါ။ ဒါပေမယ့် ဗလီမှာကျတော့ လူအများကြီးနဲ့ ဆုတောင်းရတာပေါ့လေ” ဟု စတာမူက ပြောကြားခဲ့သည်။
    ကလေးနှစ်ယောက်၏ မိခင်ဖြစ်ပြီး အေသင်ခြေစိုက် ပြည်သူ့ဆက်ဆံရေးအကြံပေးအဖြစ် ဆောင်ရွက်နေသည့် စတာမူမှာ လွန်ခဲ့သည့် နှစ်အနည်းကမှ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သူဖြစ်သည်။
    စတိုခန်းများ၊ မြေအောက်အခန်းများတွင် နှစ်ပေါင်းများစွာ ၀တ်ပြုလာခဲ့ရသည့် အေသင်မွတ်စလင်များမှာ လက်ယာစွန်းရောက်အဖွဲ့များ၏ ဆန့်ကျင်ဆန္ဒပြမှုကို ကြုံတွေ့နေရသော်လည်း အေသင်တွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် ဗလီဝတ်ကျောင်းတော်ကို အစိုးရအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု မျှော်လင့်နေသည်။ အေသင်မှာ ဗလီဝတ်ကျောင်းတော်မရှိသည့် ဥရောပ၏ တစ်ခုတည်းသောမြို့ ဖြစ်သည်။
    ဂရိနိုင်ငံမှာ အော်တိုမန်အင်ပါယာလက်အောက်တွင် ၁၈၀၀ ပြည့်နှစ်များအထိ ရာစုနှင့် ၄ ခုအထိ ရှိနေခဲ့ခြင်းဖြစ်ပြီး၊ ယခု ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖြစ်ပါကာ အော်တိုမန် အင်ပါယာနောက်ပိုင်း ပထမဆုံး အစိုးရဘက်ဂျက်ဖြင့် ဆောက်လုပ်မည့် ဗလီ ဖြစ်လာမည်ဖြစ်သည်။
    အေသင်အနောက်ပိုင်း ဗိုတာနီကို့စ်ရပ်ကွက်မှ ရေတပ်စတိုခန်းအဟောင်းပါ စကွဲယားမီတာ ၆၀၀ ရှိသော မြေပေါ်တွင် တည်ဆောက်မည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူပေါင်း ၃၅၀ ကျော် ၀င်ဆံ့နိုင်မည်ဖြစ်သည်။
    “ဒါ (ဗလီဆောက်တာက) က ထူးခြားမှုတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တရားဝင် အီမာမ်တစ်ပါးနဲ့ တရားဝင်ဗလီဝတ်ကျောင်းတော်တစ်လုံး ဖြစ်မှာဖြစ်တာကြောင့် အရေးပါပါတယ်။ အခုအချိန်အထိ အီမာမ်တွေဟာ စေတနာ့ဝန်ထမ်း သဘောမျိုး ဖြစ်နေပြီး ဒါက အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကံကောင်းတာကာ ဂရိမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား ဆိုးဆိုးဝါးဝါးဆက်ဆံရေးမျိုး မရှိတာပါပဲ” ဟု ဂရိမွတ်စလင်အသင်း၏ ဥက္ကဌဖြစ်ပြီး စတာမူ၏ ခင်ပွန်း လည်းဖြစ်သူ အသက် ၆၂ နှစ်အရွယ် နအင်း အလ်ဂန်ဒူရ်က ပြောကြားခဲ့သည်။
    အေသင်ရှိ မွတ်စလင်မဟုတ်သူ အများစုကလည်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို တည်ဆောက်ရမည်ဟု သဘောတူကြသည်။
    “ကျွန်တော်တို့တိုင်းပြည်က ဒီမိုကရေစီနိုင်ငံပါ။ ဘာသာရေးလွတ်လပ်ခွင့် ရှိရပါမယ်။ နေစမ်းပါအုံး- ဘာ့ကြောင့် သောကတွေရောက်နေကြတာလဲ။ မွတ်စလင်တစ်ယောက်ဖြစ်တာဟာ အစွန်းရောက်တစ်ယောက်ဖြစ်တာမှ မဟုတ်ဘဲ” ဟု အသက် ၆၂ နှစ်အရွယ်ရှိ Aggeliki Anagnostopoulou က ပြောကြားခဲ့သည်။
    ဂရိမွတ်စလင်အသင်း၏ အဆိုအရ မြို့တော်အေသင်တွင် အစ္စလာမ်ဘာသာဝင်ပေါင်း ခန့်မှန်းချေ ၂ သိန်းအထိ ရှိနေပြီး၊ အစိုးရက အသိအမှတ်မပြုသေးသည့် ဗလီဝတ်ကျောင်းတော်ပေါင်း ၁၀၀ ကျော် ရှိနေသည်ဟု သိရသည်။
    ၁၀ နှစ်စောင့်ခဲ့ရ
    အေသင်တွင် ဗလီအသစ်တစ်လုံး ဆောက်လုပ်ခွင့်ပေးသည့် ဥပဒေတစ်ခုကို ၂၀၀၆ ခုနှစ်တွင် ပြဌာန်းခဲ့သော်လည်း ဆန့်ကျင်မှုများကို ကြုံတွေ့ခဲ့ရသည်။ ၁၀ စုနှစ်တစ်ခုကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် စတာမူနှင့် အလ်ဂန်ဒူရ်တို့က ထိုဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးကို နောက်ဆုံး အကောင်အထည်ဖော်နိုင်မည်၊ ၎င်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို အသိအမှတ်ပြုနိုင်မည်ဟု မျှော်လင့်နေကြသည်။
    ယခုနှစ်အစောပိုင်းတွင် ယူရို ၁ သန်း (ကန်ဒေါ်လာ ၁.၀၅ သန်း) ကုန်ကျမည့် အဆိုပါဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးအုပ်စုတစ်ခုကို အပ်နှံခဲ့ပြီး ၆ လအတွင်း အပြီးသတ်နိုင်ရန် မျှော်မှန်းခဲ့သည်။
    သို့သော်လည်း လက်ယာစွန်းရောက် အုပ်စုတစ်ခုက ဗလီဝတ်ကျောင်းတော် တည်ဆောက်မှုကို ဟန့်တားရန်နှင့် ဂရိလူမျိုး အိမ်ယာမဲ့များအတွက် အဆောက်အဦးဆောက်လုပ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဗလီဝတ်ကျောင်းဆောက်လုပ်မည့် နေရာကို ၅ လ ကြာ သိမ်းပိုက်ထားသောကြောင့် ဆောက်လုပ်ရေးမှာ နှောင့်နှေးခဲ့ကြသည်။ နိုဝင်ဘာလ အစောပိုင်းတွင် ရဲတပ်ဖွဲ့က အဆိုပါ အစွန်းရောက်အုပ်စုကို ဖမ်းဆီးခဲ့ပြီးနာက် ထိုသိမ်းပိုက်မှုမှာလည်း တစ်ခန်းရပ်သွားခဲ့သည်။
    ထို့အနှောက်အယှက်မျိုးက အေသင်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် အဆန်းမဟုတ်တော့။ ပြီးခဲ့သည် ၅ နှစ်အတွင်း လက်ယာစွန်းရောက်အဖွဲ့များမှာ အေသင်မြို့တွင် ဒါဇင်နှင့်ချီသော ကိုယ်ထူကိုယ်ထ ဗလီဝတ်ကျောင်းတော် တိုက်ခိုက်ခဲ့သည်။ ထိုအထဲမှတစ်ခုတွင် ဗလီအတွင်း၌ ၀တ်ပြုသူများရှိနေချိန် အပြင်မှသော့ခတ်ကာ မီးလောင်တိုက်သွင်းရန် ကြိုးပမ်းမှုလည်း ပါဝင်သည်။
    လွှတ်တော်တွင် နေရာအနည်းငယ်ရထားသည့် Golden Dawn လက်ယာစွန်းရောက်ပါတီက အက်ခရိုပိုးလစ် ရှေးဟောင်းအမွေအနှစ်နေရာမှ ၃ ကီလိုမီတာသာဝေးသော အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မည့်နေရာတွင် ဆန္ဒပြခဲ့ကြသည်။
    “ဒါက ကျွန်တော်တို့တိုင်းပြည်ကို ဖျက်ဆီးဖို့ အကြီးကြီးကြံနေတဲ့ အကြံအစည်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူတို့ (အစိုးရ) ဟာ ကွန်မြူနစ်ဖြစ်တာကြောင့် ဘာသာရေးမစွက်တဲ့ နိုင်ငံတစ်ခုကို ထူထောင်ချင်နေတယ်ဆိုတာ သူတို့ ၀န်မခံပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂရိအမျိုးသားရေးသမားတွေကတော့ သူတို့ကို တုန့်ပြန်ချင်ပါတယ်။ ဒီနိုင်ငံဟာ ၁၈၂၁ (တော်လှန်ရေး) မှာ ပါဝင်တဲ့သူတွေရဲ့ သွေးနဲ့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိဉာဏ်တော်ဆိုတဲ့ နာမတော်မြတ်ရဲ့အောက်မှာ တည်ဆောက်ထားတဲ့ တိုင်းပြည်ပါ။ ဒါဟာ ဂရိအော်သို့ဒေါ့စ် တိုင်းပြည်ဖြစ်ပါတယ်” ဟု ပါတီခေါင်းဆောင် နီကို့စ် မီခေလ်းအိုလီယာကော့စ်က ဆန္ဒပြမှုတွင် ပါဝင်သည့် လူအုပ်စုကြီးကို ပြောကြားခဲ့သည်။
    အဆိုပါလူအုပ်စုကြီးမှာ ဂရိအလံနှင့် ‘အစ္စလာမ်ကို ရပ်တန့်ပါ’ ဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။
    ဗလီဝတ်ကျောင်းတော်ကို ဆန့်ကျင်သူများကို ထောက်ခံသူများတွင် ဂရိအော်သိုဒေါ့စ်အသင်းတော်၏ ဘာသာရေးအသိုင်းအ၀ိုင်းမှ ပါဝင်မှုကိုလည်း တွေ့မြင်ရသည်။
    “ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ (မွတ်စလင်ဒုက္ခသည်တွေ) ဂရိမှာ နေခွင့်ရှိမလားဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်တဲ့ အချိန်အထိ ဆိုင်းငံ့ထားရပါမယ်။ သူတို့က ဖြတ်သွားဖြတ်လာတွေဆိုရင်တော့ ဘာ့ကြောင့် ဒီဗလီကို ကျွန်တော်တို့ လိုအပ်မှာလဲ” ဟု ဂရိအော်သိုဒေါ့စ်အသင်းတော်၏ အကြီးအကဲ ဂိုးဏ်အုပ်ဘုန်းတော်ကြီး အီရိုနီမို့စ်က Greek Skai TV နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ၎င်းက ဂရိမွတ်စလင်နှင့် နိုင်ငံအတွင်းနေထိုင်သော အခြားမွတ်စလင်များကို အသိအမှတ်ပြုခြင်း မရှိခဲ့။
    မွတ်စလင်ဒုက္ခသည်များ ရောက်ရှိလာခြင်းက ဥရောပတိုက်ကို အစ္စလာမ်သာသနာလွှမ်းမိုးရန် လုပ်ဆောင်မှု အစိတ်အပိုင်းဟု အီရိုနီမို့စ်က ရှုမြင်သည်။
    “ဒါဟာ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ တော်တော်လေး အသေးစိတ်စီစဉ်ထားတဲ့ စီမံကိန်းတစ်ခုပါ”
    သို့သော်လည်း စတာမူ-အဲလ်ဂန်ဒူရ်နှင့် အခြားသော ထောင်နှင့်ချီသည့် ဂရိမွတ်စလင်တို့ကတော့ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ဂရိလူမျိုး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူတိုင်းအတွက်ဟု ပြောကြားခဲ့သည်။
    “သူဟာ ဘုရားသခင်ရဲ့ အမှုတော်ထမ်းဖြစ်ပေမယ့် လက်ယာစွန်းဘက်ကို ရွေးချယ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ အမေဖြစ်သူက ကလေးရဲ့အသက်ကို ကယ်တင်ဖို့အတွက် ထားသွားတဲ့အချိန် ယေရှုခရစ်လေးဟာ ဒုက္ခသည်ပဲ မဟုတ်ဘူးလား။ နောက်ပိုင်း သူဟာ ပြောင်းရွှေ့အခြေချသူတစ်ယောက် မဟုတ်ဘူးလား” ဟု အဲလ်ဂန်ဒူရ်က ပြောကြားခဲ့သည်။
    ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးစလုံးက ကလေးငယ်များအား အမိမြေတွင် လူနည်းစုအစိတ်အပိုင်းဖြစ်သည်ဆိုသော ခံစားချက်မျိုးမရှိအောင် ပျိုးထောင်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
    ထိုကလေးငယ်များက ကျောင်းများတွင် အခြားကျောင်းသားများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဂရိအော်သို့ဒေါ့စ် ဘာသာဝင်နှင့် မွတ်စလင်တစ်ယောက်အကြား ခြားနားမှုကို ခံစားလာရပြီး လှပသည့် ခရစ်ယာန်ဘုရားကျောင်းကဲ့သို့ ၀တ်ပြုရာနေရာမျိုး မိမိတို့တွင် အဘယ့်ကြောင့် မရှိသလဲဆိုသည့် မေးခွန်းမျိုးကို မေးလာနိုင်သည်ဟုလည်း ၎င်းတို့နှစ်ဦးက ဆိုသည်။
    “ကျွန်မတို့ လူကြီးတွေက နေ့စဉ်ဝတ်ပြုမှုကို မြေအောက်ခန်းတွေမှာဝတ်ပြုတာ ကျင့်သားရနေပါပြီ။ ဒါပေမယ့် ဒုတိယနဲ့ တတိယမျိုးဆက်တို့က ပျော်မှာတော့ မဟုတ်ပါဘူး” ဟု အဲလ်ဂန်ဒူရ်က ပြောကြားခဲ့သည်။
    ၎င်းက မွတ်စလင်တို့၏ အခါကြီးရက်ကြီးများတွင် မိသားစုအား နိုင်ငံရပ်ခြားသို့ ခေါ်ဆောင်သွားကာ ဂုဏ်သိက္ခာရှိရှိ ၀တ်ပြုစေသည်။
    “အစိုးရက ကျွန်တော်တို့ကို ဒုတိယတန်းစားနိုင်ငံသားအဖြစ် သတ်မှတ်တယ်ဗျ။ ကျွန်တော်တို့ကလေးတွေက ဒါမျိုး မခံစားသင့်ဘူး”
    စတာမူက ဗလီဝတ်ကျောင်းတော်အတွက်ပေးထားသည့် နေရာတွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဆောက်လုပ်ရေးနှင့် ပတ်သက်၍ စိုးရိမ်နေသည်။
    “လူငယ်တွေက သူတို့ဟာ သာတူညီမျှအခွင့်အရေးရှိတဲ့ နိုင်ငံသားတွေဖြစ်တယ်လို့ ခံစားရလာအောင် ဒီဗလီဝတ်ကျောင်းတော်ကို ကောင်းကောင်းမွန်မွန် ဆောက်လုပ်ဖို့အတွက် အရေးကြီးပါတယ်။ မြေအောက်ခန်းထဲမှာ သူတို့ သက်တောင့်သက်သာ မဖြစ်ပါဘူး။ ကျွန်မတို့က ၀တ်ပြုဖို့ အတင်းအဓမ္မ မတိုက်တွန်းပေမယ့်လည်း သူတို့ဟာ မြေအောက်ခန်းတွေကို အမြဲတမ်း မလာချင်ကြပါဘူး။ ဒါပေမယ့် နိုင်ငံခြားရောက်တဲ့အခါ သူတို့လေးတွေ ဗလီထဲက မထွက်တော့ပါဘူး။ အဲဒီမှာ သူတို့ ကစားတယ်။ ပျော်တယ်။ ဗိသုကာလက်ရာတွေကိုလည်း သူတို့လေးတွေ နှစ်သက်ကြပါတယ်” ဟု စတာမူက ပြောကြားခဲ့သည်။
    ယခုလက်ရှိတွင် ၎င်း၏တို့ကလေးများက အေသင်ဗလီဝတ်ကျောင်းတော် မည်သည့်အချိန်တွင် အဆင်သင့်ဖြစ်မလဲဟု မေးကြသည်။ မိသားစုကတော့ လာမည့်ရမ်ဇာန်ဥပုသ်လကို ၎င်းတို့၏ မွေးရပ်မြေ၌ ဗလီနှင့်တူသော ဗလီဝတ်ကျောင်းတော်တွင် ဖြတ်သန်းရန် မျှော်လင့်နေကြလေသည်။
    “အဲဒီဗလီဝတ်ကျောင်းတော်မှာ သားတို့ အစ်ဖ်သာရ်ဝါဖြေပွဲ လုပ်နိုင်မှာပေါ့” ဟု ကလေးများက ဆိုသည်။
    အလ်ဂန်ဒူရ်ကတော့ “နေအုံး အဆင်သင့်မှ မဖြစ်သေးတာ” ဟု ပြန်လည် ပြောကြားခဲ့သည်။
    “အကယ်၍ ဒီဗလီကို နောက်ဆုံး ဆောက်ဖြစ်မယ်ဆိုရင် ကျွန်မတို့ အရမ်းပျော်မှာပါ။ ဒါပေမယ့် စိတ်လှုပ်ရှားမှုတွေကတော့ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ၁၀ နှစ်စောင့်ခဲ့ရတာရှင်။ နိုင်ငံရေးညစ်လုံးထဲမှာ ၁၀ နှစ်စောင့်ခဲ့ရတာပေါ့ရှင်”
    Ref: Aljazeera
    (Aljazeera မှ Muslims in Athens prepare for the city’s first mosque ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင်
    ဘာသာပြန်ဆိုသည်)
  • အထက (၃)သင်္ဃန်းကျွန်း ကျောင်းအုပ်၏ လူမျိုးရေးခွဲခြားမှု ပညာရေးဝန်ကြီး သိစေလို (ပြည်သူ့အသံကဏ္ဍ)
    အထက (၃)သင်္ဃန်းကျွန်း ကျောင်းအုပ်၏ လူမျိုးရေးခွဲခြားမှု ပညာရေးဝန်ကြီး သိစေလို (ပြည်သူ့အသံကဏ္ဍ)
    နိုဝင်ဘာ ၃၀ ၊ ၂၀၁၆
    stop-racism
    အထက (၃ )သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အငြိမ်းစားယူသွားသည့် တပ်မတော်ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးလှဌေးဝင်း တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သော  အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည်။
    ထိုကျောင်းတွင် ဗုဒ္ဓဘာသာဝင်ကျောင်းသားကျောင်းသူများ ၃၀ ရာခိုင်နှုန်းကျော်ရှိပြီး ခရစ်ယာန်၊အစ္စလာမ် ၊ဟိန္ဒူ ဘာသာဝင် ကျောင်းသား/သူများ ၇၀ ရာခိုင်နှုန်းခန့်ရှိပါသည။
    မတူကွဲပြားသော ဘာသာဝင် ကျောင်းသား;သူများ  အေးအတူ ပူအမျှ  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သော အစဉ်အလာ ရှိသည့်ကျောင်းဖြစ်ပါသည်။
    လက်ရှိကျောင်းအုပ် ဆရာကြီး ဦးတင်မောင်အေးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီ အချိန်တွင် ကျောင်းသားကျောင်းသူများ အား Assembly လုပ်ရန် ကွင်းပြင်၌ စုဝေးနေစဉ် ကျောင်းသားကျောင်းသူများအား “အစိုးရကျောင်းဖြစ်လို့ ‘ငါ ‘မင်းတို့ကို ကျောင်းလက်ခံထားတာ။ ငါ့ ကိုယ်ပိုင်ကျောင်းဆိုရင်  ကုလားတွေကို လုံးဝ လက်မခံဖူး “ဟု ရိုင်းပြစွာ ပြောဆိုခဲ့ကြောင်း ပြောခဲ့ပါသည်။
    ထို့ပြင် ၂၉ ရက် နိုဝင်ဘာ မနက်ခင်းကျောင်းတက်ချိန်တွင်လည်း  နေပူကြီးထဲတွင် ကျောင်းသားကျောင်းသူများအား အပြစ်ပေးသည့်အနေဖြင့် မနက်ကျောင်းတက်ချိန်မှ ၁၀ နာရီအထိ နေပူထဲ အချောက်လှန်းထားသည့်ဖြစ်ရပ်လည်း ရှိခဲ့ပါသည်။
    ဘာသာပေါင်းစုံ ယဉ်ကျေးမှု့ပေါင်းစုံ ရှိနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံဝန်ထမ်း ကျောင်းအုပ်ဆရာကြီးဆိုသူမှ ဗုဒ္ဓဘာသာဝင်မဟုတ်သော အခြား ဘာသာဝင်များကို ရောသမမွှေကာ “ကုလား”ဟု သုံးနှုန်းပြောဆိုခြင်းသည် ဆရာကြီး၏ ယုတ်ရင်းကြမ်းတမ်းသော အမူအယာနှင့် ခွဲခြားဆက်ဆံသည့်စိတ်ဓာတ်ကို ပြနေပါသည်။
    ထိုသို့သော ကျောင်းအုပ်ဆရာကြီးများသည် ယနေ့ခေတ် ပညာရေးလောကတွင် ရှိနေခြင်းသည် ပညာရေးဝန်ထမ်းဆရာ ဆရာမများအားလုံးအတွက် ဂုဏ်သိက္ခာကျဆင်းပါကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သိစေရန် တင်ပြအပ်ပါသည်
    **M-Media ၏ ပြည်သူ့အသံ ကဏ္ဍ သို့ “နေမင်း” မှ  ပေးပို့သော ပေးစာဖြစ်ပါသည်။
  • ရခိုင်ပြည်က ရိုဟင်ဂျာအရေး ကူညီဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆို
    ရခိုင်ပြည်က ရိုဟင်ဂျာအရေး ကူညီဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆို
    နိုဝင်ဘာ ၃၀ ၊ ၂၀၁၆
    2016_11_25_16590_1480050988-_large
    ရိုဟင်ဂျာ မွတ်စလင်မ်တွေကို ညှင်းပမ်းဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ဂျာကာတာက မြန်မာသံရုံးကို လူထောင်ချီပြိးတော့ နိုဝင်ဘာ ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဓါတ်ပုံ-(JP/Safrin La Batu)
    မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေ ဆိုးရွားနေဆဲဖြစ်တဲ့ အတွက် စစ်တပ်နောက်ခံပြု ဖိနှိပ်ညှင်းပမ်းမှုတွေ ရပ်တန့်စေရေး ရင်ဆိုင်ဖြေရှင်းပေးဖို့ လူအခွင့်ရေးလှုပ်ရှားသူတစ်ဦးက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။
    အင်ဒိုနီးရှားအစိုးရအနေနဲ့ ရိုဟင်ဂျာပြဿနာကို ပါဝင်ကူညီဖြေရှင်းပေးဖို့ လိုအပ်ပြီး မြန်မာအစိုးရရဲ့ တင်ပြချက်တွေကိုပဲ အာရုံစိုက် မနေသင့်ဘူးလို့ မြန်မာ့လူ့အခွင့်ရေး ကွန်ရက်(BHRN) အမှူဆောင် ဒါရိုက်တာ ဦးကျော်ဝင်းက ပြောဆိုပါတယ်။
    “အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာအစိုးရကို တိုက်ရိုက် ဆက်သွယ်ပြီး ဒီကိစ္စတွေကို တင်ပြဖို့နဲ့ ရိုဟင်ဂျာတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ ပြောသင့်ပါတယ်”လို့ ဦးကျော်ဝင်းက ဂျာကာတာပို့စ်ကို သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
    ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ လူသားချင်း စာနာထောက်မှုပြဿနာလို့ အများစုကရှုမြင်ထားတဲ့ ဒီကိစ္စတွေကို ဖြေရှင်းရာမှာ အာဆီယံနိုင်ငံများအကြား ၀င်ရောက် မစွက်ဖက်ရေးမူဝါဒကြောင့် အဟန့်အတား မဖြစ်သင့်ဘူးလို့ သူက ဆက်လက်ပြောဆိုပါတယ်။
    “ဒီကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရဆီက ဘာအသံမှမကြားရဘူးလို့ ကျနော်တို့ ခံစားရတယ်၊ မြန်မာစစ်တပ်ရဲ့ ပြောဆိုချက်တွေ ကိုပဲ အာရုံစိုက်နေတာက အဆိုးဆုံးပါပဲ” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။
    ရိုဟင်ဂျာလူမျိုးတွေဟာ သူတို့အိမ် သူတို့ ကိုယ်တိုင်မီးရှို့ပြီး စွန့်ခွာထွက်ပြေးကြတယ်လို့  သတင်းမှားတွေကို မကြာခဏဆိုသလို  ထုတ်ပြန်လေ့ရှိတယ်လို့လည်း သူက ထောက်ပြပါတယ်။
    နိုင်ငံခြားရေးဝန်ကြီး Retno LP Marsudi ကတော့ အင်ဒိုနီးရှားအနေနဲ့ ရခိုင်ပြည်နယ်အရေး လက်တွေ့မြေပြင် အခြေအနေမှန်များကို လေ့လာရာမှာ နိုင်ငံတကာသံတမန်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အဆင်သင့်ဖြစ်နေတယ်လို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။
    အင်ဒိုနီးရှား အာဏာပိုင်တွေအနေနဲ့ မြေပြင်က သတင်းမှန်တွေပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဦးကျော်ဝင်းက ဆိုပါတယ်။
    Ref : Jakarta Post