News @ M-Media

Blog

  • ရခိုင်ပြဿနာဖြေရှင်းရေး အာဆီယံ အိုလမာအဖွဲ့နှင့် အန်ဂျီအိုများ အရေးပေါ်အစည်းအဝေး ပြုလုပ်

    ရခိုင်ပြဿနာဖြေရှင်းရေး အာဆီယံ အိုလမာအဖွဲ့နှင့် အန်ဂျီအိုများ အရေးပေါ်အစည်းအဝေး ပြုလုပ်

    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    malay

    – အာဆီယံ အိုလမာ အစ္စလာမ့်သာသနာ့ပညာရှင်များ မဟာမိတ်အဖွဲ့နှင့် အာဆီယံဒေသအတွင်းရှိ အန်ဂျီအိုအဖွဲ့များမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအား တုန့်ပြန်ရန်အတွက် အရေးပေါ် အစည်းအဝေးကို ယမန်နေ့တွင် မလေးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အစည်းအဝေးကို မလေးရှားရှိ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော MAPIM က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြန်မာအစိုးရစစ်တပ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူနည်းစုများအပေါ် ပြုလုပ်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရေးအတွက် ဆောင်ရွက်ပေးရန်နှင့် ရေရှည်အကျိုးဖြစ်ထွန်းမည့် နိုင်ငံရေးအဖြေများ ရှာဖွေရန် အစ္စလာမ်ကမ္ဘာနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့သည်။

    ထို့ပြင် ထိုဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ရန်နှင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ဆိုးရွားသည့် ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

    အစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှု စီမံချက်တစ်ခုကိုလည်း ရေးဆွဲခဲ့ပြီး၊ ထိုပြဿနာအား ဖြေရှင်းရေး အစည်းအဝေးတွင် ပါဝင်သူများက လက်တွေ့ကျကျ ဆောင်ရွက်သွားရန်လည်း ဆုံးဖြတ်ခဲ့သည်။

    အစည်းအဝေးမှ ထုတ်ပြန်သော လုပ်ငန်းဆောင်ရွက်မှု စီမံချက်တွင် ရခိုင်ပြည်နယ်သို့ စားနပ်ရိက္ခာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခြင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသအတွင်းရှိ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရခိုင်ပြည်နယ်ရှိ ပြဿနာများ ဖြေရှင်းရေးအတွက် မြန်မာအစိုးရကို ဖိအားပေးရန် တရုတ်၊ အိန္ဒိနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တိုက်တွန်းစာ ပေးပို့ခြင်း၊ လူနည်းစုများအပေါ် မြန်မာနိုင်ငံက ကာကွယ်ပေးရေး တောင်းဆိုရန်အတွက် အာဆီယံ လူ့အခွင့်အရေး ကော်မရှင်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း စသည်တို့လည်း ပါဝင်သည်။

    Ref: mapim.org

  • တစ်နာရီလုပ်ခ ၁၅ ဒေါ်လာရရှိရေး အမေရိကန်ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    တစ်နာရီလုပ်ခ ၁၅ ဒေါ်လာရရှိရေး အမေရိကန်ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    wage

    – အနိမ့်ဆုံးလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားသမဂ္ဂ အခွင့်အရေးများ ပိုမိုရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းတွင် ယမန်နေ့က လူထောင်သောင်းချီ ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့က လူရာချီ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    Fight for $15 အမည်ဖြင့် ပြုလုပ်သည့် အဆိုပါဆန္ဒပြမှုမှာ အမေရိကန်အခြေစိုက် နိုင်ငံတကာလှုပ်ရှားမှုဖြစ်ပြီး လစာနည်းသူများအတွက် တစ်နာရီလျှင် အနိမ့်ဆုံးလုပ်ခ ၁၅ ဒေါ်လာရရှိရေး တောင်းဆိုခြင်းဖြစ်သည်။ အမေရိကန်ပြည်သူများမှာ ယမန်နေ့တွင် မြို့ကြီးများဖြစ်သော နယူးယောက်၊ ချီကာဂိုနှင့် လော့စ်အိန်ဂျလိစ်တို့အပါအ၀င် နိုင်ငံတစ်ဝှမ်း ရာနှင့်ချီသောမြို့များ၌ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

    အဆိုပါတောင်းဆိုမှုကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ယခုလှုပ်ရှားမှုမှာ အကြီးကျယ်ဆုံးဖြစ်သည်။ လှုပ်ရှားသူများမှာ မြို့ကြီးပေါင်း ၃၄၀ နှင့် လေဆိပ်ပေါင်း ၂၀ တို့တွင် ဆန္ဒပြမှုပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ ယမန်နေ့ ဆန္ဒပြမှုတွင် လေကြောင်း၊ စားသောက်ဆိုင်၊ ကျန်းမာရေးလုပ်ငန်း၊ တက္ကသိုလ်နှင့် ကောလိပ်မှ ၀န်ထမ်းများအပါအ၀င် အလုပ်သမားများစွ ပါဝင်ခဲ့သည်။

    ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် ယခုလအစောပိုင်းက ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံထားရသူ ၄ ဦး ပါဝင်ခဲ့သည်။

    Ref: Aljazeera

  • ငွေစက္ကူဖျက်သိမ်းမှုကို မကျေနပ်​၍ အိန္ဒိယပြည်သူများ ဆန္ဒပြ

    ငွေစက္ကူဖျက်သိမ်းမှုကို မကျေနပ်​၍ အိန္ဒိယပြည်သူများ ဆန္ဒပြ

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    modi

    – တန်ဖိုးမြင့် ငွေစက္ကူများ ဖျက်သိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း၌ ယနေ့တွင် လူထောင်းပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီး၊ ငွေကြေးလည်ပတ်မှု အားလုံးနီးပါးကို ငွေသားဖြင့်သာ ပြုလုပ်ရသည့် အိန္ဒိတွင် ‘ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေ’ ဖြစ်စေသည်ဟု ဆန္ဒပြမှုကို စီစဉ်သူများက ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၃ ပတ်က အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီမှာ ခြစားမှု၊ ငွေကြေးခ၀ါချမှု၊ အခွန်ရှောင်မှုတို့ကို တိုက်ဖျက်ရန်အတွက်ဟု ဆိုကာ ငွေစက္ကူ ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို တရားမ၀င်ဟု ကြေငြာခဲ့ပြီး အဟောင်းကိုင်ထားသူများကို အသစ်ဖြင့် လဲလှယ်ပေးခဲ့သော်လည်း နိုင်ငံ၏ ငွေကြေးလည်ပတ်မှု၏ ၈၆ ရာခိုင်နှုန်းမှာ ရပ်တန့်သွားခဲ့သည်။

    ငွေစက္ကူအသစ်များ လဲလှယ်ရာတွင် အဆင်မပြေမှုများ၊ ကြန့်ကြာမှုများ ရှိခြင်းကြောင့် ပြည်သူများအကြားတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါလ်ပြည်နယ်မြို့တော် ကိုလ်ကာတား၌ ယနေ့တွင် လူပေါင်း ၂၅၀၀၀ ခန့် ဆန္ဒပြခဲ့ကြပြီး လက်ဝဲယိမ်း ပြည်နယ်ဝန်ကြီးချုပ် မာတာမာ ဘာနာဂျီကမူ ထိုဖျက်သိမ်းမှုကို ဆက်လက်ထားရှိပါက ပဋိပက္ခများ၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်မည်ဟု သတိပေးခဲ့သည်။

    နိုင်ငံအနောက်ပိုင်းမှ စီးပွားရေးမြို့တော် မွမ်ဘိုင်း ဆန္ဒပြမှုတွင် လူပေါင်း ၆၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အဆိုပါ ၅၀၀ တန်နှင့် ၁၀၀၀ တန်ကို ကိုင်ဆောင်ထားသူများမှာ ယခုနှစ်ကုန်အထိ ဘဏ်တွင် ငွေလဲလှယ်ခွင့် ရှိသော်လည်း တစ်ကြိမ်တွင် အနည်းငယ်သာ လဲပေးနိုင်သည်။

    အိန္ဒိယနိုင်ငံ၏ ငွေကြေးလည်ပတ်မှု ၉၀ ရာခိုင်နှုန်းကျော်မှာ ငွေသားဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး ယခုကဲ့သို့ တရားမ၀င် ကြေငြာမှုကြောင့် အစားအသောက်နှင့် နေ့စဉ်လိုအပ်ချက်များ ၀ယ်ယူရန် မလုံလောက်သူ အများအပြား ရှိနေသည်။ ထို့ပြင် လယ်သမားများကလည်း မျိုးစေ့များ မ၀ယ်နိုင်ကြဘဲ၊ ကုန်သည်အငယ်စားများကမူ ၎င်းတို့၏ စီးပွားရေးမှာ ပျက်သုဉ်းလုနီးနီး ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    မိုဒီက ၎င်း၏ ထိုဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပြီး ငွေသားမသုံးဘဲ ငွေပေးချေသည့်စနစ်သို့ ပြောင်းရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • မြန်မာနှင့် ဆီမီးဖိုင်နယ်ပွဲမှာ ခက်ခဲမည်ဟု ထိုင်းနည်းပြပြော

    မြန်မာနှင့် ဆီမီးဖိုင်နယ်ပွဲမှာ ခက်ခဲမည်ဟု ထိုင်းနည်းပြပြော

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    thia
    ကိုင်တီယာဆတ်

    – မြန်မာအသင်းနှင့် ကစားရမည့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခက်ခဲမည်ဟု ထိုင်းလက်ရွေးစင်အသင်းနည်းပြ ကိုင်တီယာဆတ်က ပြောကြားလိုက်ပြီး အသင်းသားများကိုလည်း အဆင်သင့်ရှိနေရန် သတိပေးခဲ့သည်။

    စနေနေ့က မလေးရှားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အုပ်စု (ခ) တွင် အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်တက်သွားသည့် မြန်မာအသင်းမှာ အုပ်စု (က) မှ အုပ်စုဗိုလ် ထိုင်းအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ဆီးမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်းတွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာမင်္ဂလာ အားကစားကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ကိုင်တီယာဆတ်ကမူ မြန်မာအသင်းမှာ တောင့်တင်းသည့်အသင်း ဖြစ်သောကြောင့် ၂ ပွဲစလုံးမှာ ခက်ခဲမည်ဟု ဆိုသည်။

    “အဝေးကွင်းပွဲက ခက်ခဲဖို့ ရှိပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတွေ၊ မနှစ်က ယူ ၂၀ ကမ္ဘာ့ဖလားမှာ ၀င်ကစားထားတဲ့ လူငယ်အသင်းက ကစားသမားတွေနဲ့ ပေါင်းစပ်ထားတဲ့ အသင်းပါ။ တောင်ပံနှစ်ဖက်ကနေ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်တိုက်စစ်ဆင်နိုင်တယ်။ တိုက်စစ်မှူးအောင်သူဆိုရင် အသက် ၂၀ ပဲ ရှိပါသေးတယ်။ သူ တော်တော်လေး ကောင်းပါတယ်။ ကျွန်တော်တို့ သူတို့ကို လုံးဝလျှော့တွက်လို့မရဘူးဗျ။ ပထမကျော့မှာ ပြည်တွင်းပရိတ်သတ်ရဲ့ တစ်ခဲနက်အားပေးမှုက သူတို့ ထူးထူးခြားခြား တစ်ခုခုလုပ်ဖို့ တွန်းအား ဖြစ်သွားနိုင်ပါတယ်” ဟု ကိုင်တီယာဆတ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ရန်အတွက် ကြံ့ခိုင်မှုက အဓိက စကားပြောသွားလိမ့်မည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

    Ref : Bangkokpost

  • မဲပြန်ရေလည်း ရလဒ်မပြောင်းဟု ထရမ့်ပြော

    မဲပြန်ရေလည်း ရလဒ်မပြောင်းဟု ထရမ့်ပြော

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    trump

    – နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အဓိကပြည်နယ် ၃ ခု၏ ရလဒ်များကို ပြန်လည်ရေတွက်ရန်အတွက် ကြိုးစားမှုတွင် ဟီလာရီကလင်တန် ပါဝင်လာခြင်းကို ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပြီး ‘မည်သည့်ပြောင်းလဲမှုမှ ရှိမည်မဟုတ်’ ဟု ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့မနက်ပိုင်းက Twitter စာမျက်နှာ၌ ရေးသားမှုတွင် ထရမ့်က ၎င်း၏ ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီ ကလင်တန်မှာ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ၎င်း အောင်ပွဲခံမိန့်ခွန်းမပြောမီတွင် ရွေးကောက်ပွဲရှုံးနိမ့်ကြောင့် ဖုန်းဆက်ပြောကြားခဲ့သည်ဟု ရေးသားခဲ့သည်။

    “အချိန်တွေ၊ ငွေတွေ ကုန်တာပဲ အဖတ်တင်လိမ့်မယ်ဗျ။ ရလဒ်က ပြောင်းမှာမဟုတ်ဘူး။ ၀မ်းနည်းဖို့ ကောင်းလိုက်တာ” ဟုလည်း ထည့်သွင်းရေးသားခဲ့ပြီး ‘ဒေါ်နယ်ထရမ့်ဟာ ကျွန်မတို့ရဲ့သမ္မတ ဖြစ်တော့မှာပါ’ ဟု ကလင်တန်က ၎င်းအား ထောက်ခံသူများကို ပြောကြားခဲ့သည့် ဗီဒီယို အစိတ်အပိုင်းတစ်ခုကိုလည်း ထိုစာသားနှင့်အတူ ထရမ့်က လွှင့်တင်ခဲ့သည်။

    Green ပါတီမှ သမ္မတလောင်း ဂျီလ် စတိုင်း၏ တောင်းဆိုမှုကြောင့် ၀စ်ကွန်ဆင်ပြည်နယ်တွယ် မဲပြန်လည်ရေတွက်မှုကို စတင်ပြုလုပ်နေပြီး မီချီဂန်နှင့် ပင်ဆဲလ်ဗားနီးယား ပြည်နယ်တို့တွင်လည်း ပြန်လည်ရေတွက်မှုများ ဖြစ်လာနိုင်သည်။

    ကလင်တန်၏ မဲဆွယ်ရေးအဖွဲ့ကမူ အဆိုပါ မဲပြန်ရေတွက်မှုတွင် ပူးပေါင်းပါဝင်သွားမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    Ref: Aljazeera