News @ M-Media

Blog

  • ဟာလီမာ အေဒင် (သို့မဟုတ်) မယ်ပြိုင်ပွဲတွင် မွတ်စလင်အမျိုးသမီး၏ ဂုဏ်သိက္ခာကို ပြသခဲ့သူ

    ဟာလီမာ အေဒင် (သို့မဟုတ်) မယ်ပြိုင်ပွဲတွင် မွတ်စလင်အမျိုးသမီး၏ ဂုဏ်သိက္ခာကို ပြသခဲ့သူ

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    halima

    – အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ Miss Minnesota USA မယ်ပြိုင်ပွဲမှာ ဆိုမာလီအမေရိကန် ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးက မွတ်စလင်အမျိုးသမီးတွေ ၀တ်လေ့ရှိတဲ့ ဟီဂျဘ်၊ ဘုရ်ကီနီတို့နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေလည်း ရရှိခဲ့ပါတယ်။

    “ဆိုးရွားတဲ့ကိစ္စတွေကို လုပ်ဆောင်နေတဲ့ သူတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ မွတ်စလင်အမျိုးသမီးတွေအပေါ်မှာရှိနေတဲ့ ထင်မြင်ယူဆချက်အမှားတွေ၊ ပုံသေကားကျ ယူဆချက်တွေကို ချေဖျက်ဖို့ ကျွန်မ ဒီမှာ ရှိနေတာပါ” လို့ အဲဒီပြိုင်ပွဲဝင် ဟာလီမာ အေဒင်က ပြောကြားခဲ့ပါတယ်။

    အသက် ၁၉ နှစ်အရွယ် ဟာလီမာဟာ ကင်ညာနိုင်ငံက ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၆ နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ကာ လက်ရှိမှာတော့ မင်နီဆိုတာပြည်နယ်က စိန့်ကလောက်မြို့မှာ နေထိုင်ပါတယ်။ သူဟာ Miss Minnesota USA ပြိုင်ပွဲမှာ ဟီဂျဘ်၊ ဘုရ်ကီနီတို့နဲ့ ပထမဆုံး ပြိုင်ပွဲဝင်မယ့်သူလည်း ဖြစ်ပါတယ်။

    ဟာလီမာကတော့ ဒီလိုယှဉ်ပြိုင်မှုဟာ ဆုရလိုမှုထက် အခြားမိန်းကလေးတွေအတွက် အတူယူစရာဖြစ်အောင်၊ အ၀တ်အစား ရွေးချယ်မှုက သူတို့ရဲ့ဖြစ်တည်မှုကို ဘောင်ခတ်လို့မရဘူးဆိုတာကို သိရှိအောင် အာရုံစိုက်တာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်မလုပ်နေတာတွေအတွက် အမျိုးသမီးတွေ တော်တော်များများက အားပေးထောက်ခံကြပါတယ်။ အဲဒီတစ်ခုတည်းနဲ့ပဲ ၀တ်ရတာ တန်နေပါပြီ။ ကျွန်မကတော့ ကိုယ့်က ဘယ်လိုအသားအရောင်မျိုး ဖြစ်နေပါစေ ယုံကြည်ချက်ရှိဖို့၊ စိတ်လှဖို့အရေးကြီးတာကြောင့် ခန္ဓာကိုယ်ပေါ်က အ၀တ်အစားနဲ့ လူတစ်ယောက်ရဲ့ အလှအပကို တိုင်းတာလို့မရဘူးဆိုတာ သိဖို့ အကြံပေးခဲ့ပါတယ်”

    စနေ့နေ့က ပြိုင်ပွဲမှာ လုံခြုံတဲ့ရေကူးဝတ်စုံ၊ ဟီဂျဘ်တို့ရဲ့ ရှိုးလျှောက်ပြခဲ့တဲ့ ဟာလီမာကို ပရိတ်သတ်တွေ အကြီးအကျယ် သြဘာပေးခဲ့ကြတယ်လို့ Minneapolis Star Tribune က ဂျာနယ်လစ် လစ်ဇ် ဆော်ယာက ရေးသားခဲ့ပါတယ်။

    ပြိုင်ပွဲရဲ့ အစီအစဉ်ကြေငြာသူကတော့ “သူမဟာ ဒီညမှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တယ်” လို့ ကြေငြာခဲ့ပါတယ်။

    ဟာလီမာရဲ့ အနက်ရောင်ဟီဂျဘ်၊ အနက်ရောင် ခါးဖုံးအင်္ကျီ၊ ပန်းရောင်ဂါဝန်နဲ့ ညနေခင်းဝတ်စုံကလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

    Minneapolis Star Tribune ကတော့ ဟာလီမာဟာ တစ်နေ့မှာ အမေရိကန်ရဲ့ သံတမန်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက် ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလီမာဟာ St. Cloud တက်က္ကသိုလ်မှာ ပညာဆည်းပူးနေပါတယ်။

    ဟာလီမာရဲ့ ဒီယှဉ်ပြိုင်မှုကြောင့် အမေရိကန်က ဆိုမာလီအသိုင်းအ၀ိုင်းကြားမှာ အငြင်းပွားမှုတစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် Miss Minnesota ပြိုင်ပွဲရဲ့ အမှုဆောင်ပူးတွဲဒါရိုက်တာ ဒန်နီဆီ ဝေါလေ့စ်က ပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဟာလီမာရဲ့ ရိုးရာအ၀တ်အစား ရွေးချယ်မှုကို အားပေးပြီး မိမိတို့ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ‘အမျိုးသမီးတွေ ယုံကြည်ချက်ပြည့်ဝတဲ့ လှပမှုမျိုး’ ရှိလာအောင် တိုက်တွန်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    “အမျိုးသမီးတွေ တိုးတက်နေမှ၊ ဒီပြိုင်ပွဲကလည်း ဆက်လက်တိုးတက်နေမှာပါ။ Miss Universe အဖွဲ့ဟာ မတူကွဲပြားတဲ့ အလှအပတွေ ဖော်ဆောင်ရာမှာ ရှေ့တန်းကရှိနေတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ဝေါလေ့စ်က ပြောကြားခဲ့ပါတယ်။

    တနင်္ဂနွေနေ့က ပြီးဆုံးခဲ့ပြီး အလှမယ်ပေါင်း ၄၅ ဦးပါဝင်ယှဉ်ပြိုင်တဲ့ ဒီ Miss Minnesota USA မှာ ဆိုမာလီအမေရိကန်က ဟာလီမာတစ်ယောက်တည်းသာ မဟုတ်ပါဘူး။ အသက် ၂၀ အရွယ် မူနာအလီဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး သူကတော့ ဘီကီနီနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

    Miss Minnesota USA ဆုရသူကို တနင်္ဂနွေနေ့ညမှာ ကြေငြာမှာဖြစ်ပြီး ဆုရတဲ့အလှမယ်ဟာ နိုင်ငံတော်အဆင့်မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

    Ref: mic.com

  • ရေအသုံးပြု မောင်းနှင်နိုင်သည့်ကားကို အီရန်သိပ္ပံပညာရှင် တီထွင်

    ရေအသုံးပြု မောင်းနှင်နိုင်သည့်ကားကို အီရန်သိပ္ပံပညာရှင် တီထွင်

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    iran

    – အီရန်နိုင်ငံက သိပ္ပံပညာရှင် အေလာအဒ်ဒင် ကာစီမီဟာ ရေအသုံးပြုမောင်းနှင်လို့ရတဲ့ ကားကို တီထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    လောင်စာအဖြစ် ရေကိုသာ ဖြည့်တင်းအသုံးပြုရတဲ့ အဲဒီကားဟာ ရေလီတာ ၆၀ လောက်နဲ့ ၁၀ နာရီအတွင်း ကီလိုမီတာ ၉၀၀ အထိ မောင်းနှင်နိုင်မှာဖြစ်တယ်လို့ ကာစီမီက ဆိုပါတယ်။

    ရေထဲက H2O ဒြပ်ပေါင်းကို ဟိုက်ဒရိုဂျင် သပ်သပ်၊ အောက်ဆီဂျင်သပ်သပ် ဖြိုခွဲကာ ဓာတုဗေဒ ဓာတ်ပြုမှုကနေတစ်ဆင့် စွမ်းအင်ထုတ်ပေးတာ ဖြစ်ပါတယ်။ အဲဒီကားအင်ဂျင်ကနေ ရေငွေ့သာ ထွက်မှာဖြစ်ပြီး လေထုညစ်ညမ်းမှုကို လုံးဝ ဖြစ်စေမှာ မဟုတ်ပါဘူး။

    ကာစီမီကတော့ သူ့ရဲ့ ဒီတီထွင်မှုကို နိုင်ငံတကာအဆင့် မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော် လှန်ရေးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရတာကြောင့် အီရန်ဟာ သိပ္ပံနဲ့နည်းပညာနယ်ပယ်မှာ ကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရပြီး အထူးသဖြင့် ကာကွယ်ရေးကဏ္ဍမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

    Ref: Press TV

  • ဒူဘိုင်းအစ္စလာမ့်မစ်ဘဏ်က ထိပ်တန်း ဆု ၄ ခု ရရှိ

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    dubai

    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ အကြီးဆုံးဘဏ်ဖြစ်သော ဒူဘိုင်းအစ္စလာမ့်မစ်ဘဏ် (DIB) သည် ‘၂၀၁၆ အစ္စလာမ့်နည်းကျ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုပေးပွဲ’ တွင် ဆုပေါင်း ၄ ဆု ရရှိခဲ့သည်ဟု သိရသည်။

    နှစ်စဉ်ပြုလုပ်သည့် အဆိုပါ ဆုပေးပွဲမှာ ၁၁ ကြိမ်မြောက်ဖြစ်ပြီး DIB ဘဏ်ကမူ ယူအေအီးတွင် အကောင်းဆုံး Retail Bank ဆုနှင့် Corporate Bank ဆု၊ အကောင်းဆုံး Sukuk Arranger ဆု၊ အကောင်းဆုံး Islamic Bank ဆုများကို ရရှိခဲ့ခြင်းဖြစ်သည်။

    ဆုပေးပွဲအခမ်းအနားကို ဒူဘိုင်းမြို့ Emirates Towers ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အအောင်မြင်ဆုံး အစ္စလာမ့်ဘဏ်လုပ်ငန်းရှင်များ၊ ဘဏ္ဍာရေးလုပ်ငန်းရှင်များ၊ အစ္စလာမ့်ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်း အသင်းအဖွဲ့များကိုလည်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

    အခမ်းအနားသို့ ကမ္ဘာတစ်ဝှမ်းမှ ဘဏ်လုပ်ငန်းရှင်များနှင့် အကြီးတန်းတာဝန်ရှိသူ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။

    DIB ဘဏ် အမှုဆောင်ချုပ် ဒေါက်တာ အက်ဒနန် ချီလ်ဝမ်မှာ ‘တစ်နှစ်တာ အထူးချွန်ဆုံး အစ္စလာမ့်ဘဏ်လုပ်ငန်းရှင်ဆု’ ရရှိခဲ့ပြီး၊ ယူအေအီးတွင်သာမက နိုင်ငံရပ်ခြားအထိပါ အစ္စလာမ့်ဘဏ်လုပ်ငန်း ချဲ့ထွင်နိုင်ခဲ့မှုကို ဂုဏ်ပြုခြင်း ဖြစ်သည်။

    ငွေချေးဘဏ်တစ်ခုဖြစ်ပြီး အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အကြံပေးမှုများ ပြုလုပ်ပေးနေသည့် Dar Al Sharia လုပ်ငန်းကို အရှေ့အလယ်ပိုင်းတွင် အကောင်းဆုံး ရှရီအာအကြံပေး ၀န်ဆောင်မှုလုပ်ငန်းအဖြစ် ဆုချီးမြှင့်ခဲ့သည်။

    DIB မှာ လက်လီနှင့် စီးပွားရေးဘဏ်လုပ်ငန်း၊ ကော်ပိုရိတ်ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် ဆောက်လုပ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ဘဏ္ဍာရေးကဏ္ဍများကို အလေးထားဆောင်ရွက်သည့် ဘဏ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ဈေးကွက် ၇ ခု၌ ဖြန့်ကျက်ထားပြီးဖြစ်သည်။

    Ref : IINA

  • အီဂျစ်တွင် နှစ် ၇၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့ တွေ့ရှိ

    အီဂျစ်တွင် နှစ် ၇၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့ တွေ့ရှိ

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    egypt

    – နိုင်ငံတောင်ပိုင်း ဆိုဟဂ်ပြည်နယ်တွင် နှစ် ၇၀၀၀ ကျော် သက်တမ်းရှိ မြို့ဟောင်းတစ်ခုနှင့် အီဂျစ်၏ ပထမဆုံးမင်းဆက် လက်ထက်မှ သုဿာန်တစ်ခုကို တူးဖော်နိုင်ခဲ့သည်ဟု အီဂျစ် ရှေးဟောင်း သုတေသနဆိုင်ရာ ၀န်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားလိုက်သည်။

    အဆိုပါတွေ့ရှိမှုမှာ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဟိုစနီမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် မတည်ငြိမ်မှုနောက်ပိုင်း နောက်ပြန်ရောက်ခဲ့သော တိုင်းပြည်၏ ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

    အဆိုပါ ရှေးဟောင်းမြို့တော်သည် အဆင့်မြင့် အာဏာပိုင်ပုဂ္ဂိုလ်များနှင့် သင်္ချိုင်းဂူတူးသူများ နေထိုင်ရာမြို့ ဖြစ်ဖွယ်ရှိပြီး ထိုရှာဖွေတွေ့ရှိမှုက အီဂျစ်သမိုင်းတွင် သက်တမ်းအရင့်ဆုံး မြို့များမှ တစ်ခုဖြစ်သော အဘီဒို့စ်မြို့အကြောင်း ပိုမို အတွင်းကျကျသိနိုင်ရေး အကျိုးရှိစေမည်ဟုလည်း ၀န်ကြီးဌာနမှထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပညာရှင်များက အဘီဒို့စ်မြို့တော်သည် အီဂျစ်တွင် ဘုရင်စနစ် မထွန်းကားသည့်ကာလ အဆုံးနှင့် ပထမ မင်းဆက် ၄ ဆက် အုပ်စိုးစဉ်အတွင်း အီဂျစ်နိုင်ငံ၏မြို့တော် ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ရှေးဟောင်းမြို့ကို နိုင်းမြစ်ပေါ်ရှိ Seti I ဘုရားကျောင်းမှ မီတာ ၄၀၀ အဝေးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ရှေးဟောင်း သုတေသနပညာရှင်များမှာ တဲများ၊ အိုးခွက်အစိတ်အပိုင်းများ၊ သံထည်ပစ္စည်းများနှင့် ကြီးမားသည့် ဂူဗိမာန် ၅ ခုတို့ကို တွေ့ရှိခဲ့ကြသည်။

    “သုဿာန်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီ ဂူကြီတွေရဲ့ အရွယ်အစားဟာ အဘီဒို့စ်မင်းဆက်လက်ထက်က နမူနာရှိထားတဲ့ ဂူတွေထက် ပိုကြီးပါတယ်။ ဒါဟာ အဲဒီမှာမြှုပ်နှံထားတဲ့သူတွေက ပိုအရေးပါတယ်။ အီဂျစ်သမိုင်းရဲ့ ဒီအစောပိုင်းကာလက သူတို့ရဲ့ သြဇာဟာ တော်တော်ကြီးတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်”

    အီဂျစ်တွင် ၂၀၁၀ ခုနှစ်က ကမ္ဘာ့လှည့်ခရီးသည် ၁၄.၇ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၁ တွင် ၉.၈ သန်းအထိ လျော့ကျသွားခဲ့သည်။ ၂၀၁၆ ပထမလေးလပတ်တွင် အီဂျစ်သို့ လည်ပတ်သူ ၁.၂ သန်းခန့်ရှိကာ ၂၀၁၅ တွင်မူ ၂.၂ သန်း ရှိခဲ့သည်။

    Ref : IINA

  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဥရောပနှင့် လက်တင်အမေရိက ပြည်သူများ​ ရှုတ်ချ

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဥရောပနှင့် လက်တင်အမေရိက ပြည်သူများ​ ရှုတ်ချ

    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    woman

    – ဥရောပတွင် မြင့်တက်လာသည့် အမျိုးသမီးအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချသည့် ဆန္ဒပြပွဲကို စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် သောကြာနေ့က ပြုလုပ်ခဲ့ပြီး ပြင်သစ်နှင့် လက်တင်အမေရိက နိုင်ငံများတွင်ပါ ထိုကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    မက်ဒရစ်ရှိ Opera ရင်ပြင်တွင် စုဝေးကာ ပြုလုပ်သည့် ဆန္ဒပြမှုတွင် လူထောင်ချီ ပါဝင်ခဲ့ပြီး အမျိုးသမီးများကို အနိုင်ကျင့်မှုများ ရပ်တန့်စေရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကာ၊ အမျိုးသမီးများအပေါ် ပစ်မှတ်ထား ပြုလုပ်သည့် အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကို ဆန့်ကျင်သည့် ကျွေးကြော်သံများလည်း ကျွေးကြော်ခဲ့ကြသည်။

    ထို့ပြင် နိုင်ငံတွင်း၌ အမျိုးသမီးများအား အကြမ်းဖက်သတ်ဖြတ်သူတို့၏ နာမည်၊ နေရပ်၊ ပြုလုပ်သည့်ရက်စွဲတို့ပါဝင်သော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    အကြမ်းဖက်ခံရသူ အမျိုးသမီးများအား ဂါရ၀ပြုသည့်အနေဖြင့် ဆန္ဒပြသူများနှင့် အာဏာပိုင်များမှာ တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။ လိင်ကိုအခြေခံသည့် ညှင်းပန်းနှိပ်စက်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သောအားဖြင့် အလားတူ ဆန္ဒပြချီတက်ပွဲများကို စပိန်နိုင်ငံရှိ အခြားမြို့များတွင်လည်း ပြုလုပ်ခဲ့သည်။

    အမျိုးသမီးများအား အကြမ်းဖက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ဆန္ဒပြမှုတွင် လူရာချီ ပါဝင်ခဲ့ပြီး Place de la astille မှ Place de la Republique သို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြသည်။

    အမျိုးသမီးများ ရက်စက်စွာအသတ်ခံရမှုမှာ ကပ်ရောဂါတစ်ခုကဲ့သို့ ဖြစ်နေသော လက်တင်အမေရိကရှိ မက္ကဆီကို၊ အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလားနှင့် ဂွါတီမာလာတို့တွင်လည်း လူပေါင်း ရာထောင်ချီ စုဝေးကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ကြသည်။

    ထိုကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ နိုင်ငံတကာ အမျိုသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့လည်း ဖြစ်သည်။

    Ref : Presstv