News @ M-Media

Blog

  • ချိုတဲ့မိသားစုများကို အမေရိကန်မွတ်စလင်များ အဟာရဒါနပြု

    ချိုတဲ့မိသားစုများကို အမေရိကန်မွတ်စလင်များ အဟာရဒါနပြု

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    turkey-3

    – အမေရိကန်ပြည်ထောင်စု ချီကာဂိုပြည်နယ် အနောက်မြောက်ဖက်ရှိ ချို့တဲ့မိသားစုများကို အမေရိကန်မွတ်စလင် ပရဟိတအဖွဲ့တစ်ခုက ပြီးခဲ့သည့် ရက်အနည်းအတွင်း ကြက်ဆင်သားများ ဝေငှကာ အဟာရဒါန ပြုခဲ့သည်ဟု သိရသည်။

    Sabeel Food Pantry ဟု အမည်ရသည့် ပရဟိတအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုမှာ ၎င်းတို့ နှစ်စဉ်ပြုလုပ်နေသည့် လှုပ်ရှားမှုလည်းဖြစ်ကာ ယခုနှစ်တွင် ၃ ဆပို၍ ဒါနပြုခဲ့သည်။

    ကြက်ဆင်များကို စာသင်ကျောင်းများမှတစ်ဆင့် ချို့တဲ့သည့် မိသားစုများကို ဝေငှခဲ့ခြင်းဖြစ်ပြီး အဆိုပါလှုပ်ရှားမှုကို စီစဉ်ခဲ့သည့် ဒေါက်တာ ဆိုဖီယာ ရှာကီရ်ကမူ ယခုကဲ့သို့ ဒါနပြုခွင့်ရသည့်အတွက် ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    Woodlawn မြို့ ဒေသကျောင်းကောင်စီဥက္ကဌဖြစ်သူ ဗစ်တိုးရီးယား ဘိုဝင်က “ခွဲခြားမှုတွေဟာ ကျွန်မတို့ဆီက လာတာမဟုတ်ပါဘူး၊ ခွဲခြားဆက်ဆံတာမျိုးဟာ ဘယ်လိုခံစားရလဲဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ အဲဒီအစား ကံမကောင်း အကြောင်းမလှသူတွေကို ကူညီဖို့အတွက် သူတို့လေးတွေကို ပြုစုပျိုးထောင်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အဆိုပါ ဒါနပြုမှုတွင် ပါဝင်ခဲ့သည့် စာသင်ကျောင်းများမှ ဆရာများနှင့် ကျောင်းအုပ်များက ထိုလှုပ်ရှားမှုကို ချီးကျူးခဲ့ကြပြီး အချို့ကျောင်းများက ၎င်းအစီအစဉ်ကို ကျောင်းသားမိဘများ ပါဝင်နိုင်သည့် လှုပ်ရှားမှုမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရှကီးရ်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ ရှိုရှာရာက ထိုလှုပ်ရှားမှုမှာ ချို့တဲ့သူများကို ကူညီရမည်ဟူသည့် အစ္စလာမ့်သွန်သင်ချက်များကို အကောင်အထည်ဖော်သည့် ကြိုးပမ်းမှုဖြစ်ကြောင်း၊ ဆာလောင်မွတ်သိပ်သူများကို ကျွေးမွေးခြင်းထက် ပိုပြီး မိဘများအနေဖြင့် သားသမီးများအတွက် ဂရုစိုက်မှု နည်းလမ်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref : IINA

  • အငြင်းပွားရေပိုင်နက်တွင် ဖိလစ်ပိုင်ကို တရုတ်က ငါးဖမ်းခွင့်ပြုမည်

    အငြင်းပွားရေပိုင်နက်တွင် ဖိလစ်ပိုင်ကို တရုတ်က ငါးဖမ်းခွင့်ပြုမည်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    phili-2

    – နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်စေရန်အတွက် တောင်တရုတ်ပင်လယ်ရှိ Scarborough Shoal ရေပိုင်နက်အတွင်းသို့ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောများ အပြည့်အ၀ ၀င်ရောက် ငါးဖမ်းခွင့်ပြုရေးအတွက် စဉ်းစားနေသည်ဟု တရုတ် အစိုးရအကြံပေးတစ်ဦးဖြစ်သူ ၀ူရှီချွမ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အောက်တိုဘာလက ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဘေဂျင်းသို့ လာရောက်လည်ပတ်ပြီးနောက်ပိုင်း ထိုကဲ့သို့ စဉ်းစားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆွေးနွေးမှုများပြုလုပ်နေကာ သဘောတူညီချက် မကြာခင် ရရှိမည်ဟု ၀ူက ထည့်သွင်းပြောဆိုခဲ့သည်။

    Scarborough Shoal ရေပိုင်နက်အား ပိုင်ဆိုင်မှုအတွက် ယခင်က တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများ ရှိခဲ့သော်လည်း ဒူတာတေးက တရုတ်ပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ထိုတင်းမာမှုမှာ လျော့ကျသွားခဲ့သည်။ အဆိုပါ ရေပိုင်နက်မှာ ဖိလစ်ပိုင်နှင့်သာ သက်ဆိုင်သည်ဟု မကြာသေးမီက နယ်သာလန်အခြေစိုက် နိုင်ငံတကာ ခုံသမာဓိရုံးက ဆုံးဖြတ်ခဲ့သည်။

    ၂၀၁၂ ခုနှစ်ကတည်းက တရုတ်သည် ၎င်းရေပိုင်နက်အတွင်း ဖိလစ်ပိုင်နိုင်ငံသားများ ၀င်ရောက်သွားလာခွင့်ကို ပိတ်ဆို့ရန် ကမ်းခြေစောင့်တပ်ဖွဲ့များ ဖြန့်ချထားခဲ့သည်။ သို့သော် ဒူတာတေးလည်ပတ်ချိန်မှစ၍ အဆိုပါရေပိုင်နက်မှ တရုတ်သင်္ဘောများ ထွက်ခွာခဲ့ပြီး ငါးဖမ်းသူများအား ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သည်။

    Ref : CNA

  • အမေရိကန်ကို အန်တုခဲ့သူ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒဲလ်ကက်စထရို ကွယ်လွန်

    အမေရိကန်ကို အန်တုခဲ့သူ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒဲလ်ကက်စထရို ကွယ်လွန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    cuba

    – ကျူးဘား တော်လှန်ရေးခေါင်းဆောင်ဖြစ်ပြီး အမေရိကန် သမ္မတ ၁၁ ဦးကို အာခံခဲ့သူ ဖီဒဲလ် ကက်စရိုမှာ ယမန်နေ့တွင် ကွယ်လွန်သွားခဲ့ပြီဟု နိုင်ငံပိုင်ရုပ်သံက ကြေငြာခဲ့သည်။

    အသက် ၉၀ အရွယ်ရှိ သမ္မတဟောင်း ကက်စထရိုမှာ ညနေ ၇ နာရီတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ညီဖြစ်သူ လက်ရှိသမ္မတ ရာအူးလ် ကက်စထရိုကလည်း ထိုသတင်းကို အတည်ပြုခဲ့သည်။

    အမေရိကန်အစိုးရမှာ ကက်စထရိုအား လုပ်ကြံသတ်ဖြတ်ရန်နှင့် ၎င်းအား ဖြုတ်ချရန်အတွက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် သုံးစွဲခဲ့သော်လည်း ၎င်းကို အနာတရဖြစ်အောင်ပင် မလုပ်နိုင်ခဲ့ဘဲ နောက်ဆုံး ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

    ကျူးဘားပြည်သူများက ဖီဒဲလ်မှာ ဆင်းရဲမွဲတေသူများအတွက် မမောနိုင်မပမ်းနိုင် ကာကွယ်ပေးခဲ့သူဖြစ်သည်ဟု မှတ်ယူကြပြီး ဝေဖန်သူများကမူ ၎င်းမှာ တိုင်းပြည်စီးပွားရေး ပျက်ဆီးအောင် ပြုလုပ်ခဲ့ကာ ၁၁ သန်းသော ကျူးဘားပြည်သူများ၏ အခြေခံလွတ်လပ်ခွင့်ကိုလည်း ငြင်းပယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဖီဒဲလ်ကက်စထရိုမှာ ကျူးဘားသမ္မတနှင့် ၀န်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၅၀ ကြာ ဦးဆောင်ခဲ့ပြီး တိုင်းပြည်ကို တန်းတူညီမျှရှိသည့်၊ တရားဥပဒေစိုးမိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်အောင် တည်ဆောက်ပေးခဲ့သည်။ ၎င်း၏အစိုးရမှာ ဆရာဝန်နှင့် ကျောင်းဆရာ ထောင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပြီး၊ ကျူးဘားနိုင်ငံမှာလည်း ကမ္ဘာ့အနောက်ခြမ်းတွင် မွေးကင်းစကလေး သေဆုံးမှုနှုန်း၊ ပညာမတတ်မှုနှုန်း အနိမ့်ဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • ဂျကာတာရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို အင်ဒိုဖမ်းဆီး

    ဂျကာတာရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို အင်ဒိုဖမ်းဆီး

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    – လာမည့်လတွင် အစိုးရအဆောက်အအုံများနှင့် ဂျကာတာရှိ မြန်မာသံရုံးတို့အား တိုက်ခိုက်ရန် ကြံစည်နေသည့် စစ်သွေးကြွတစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအများအပြားကိုလည်း သိမ်းယူရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။

    ဖမ်းဆီးရမိသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ ရီယို ပရီယက်တနာ ၀ီဘာဝါဆိုသူဖြစ်ပြီး IS အား ထောက်ခံသည့် အင်ဒိုနီးရှား အဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

    ဒေသတွင်း မီဒီယာများကမူ ၎င်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ ၂၀၀၂ နှစ်က လူ ၂၀၂ ဦး သေဆုံးခဲ့သည့် ဘာလီနိုက်ကလပ် ဗုံးဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် ဗုံးထက် ပြင်းအား ၂ ဆပိုသည်ဟု ဖော်ပြခဲ့သည်။

    စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ၀ီဘာဝါမှာ လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေပြီး ဗုံးဖောက်ခွဲမှုကို ကိုယ်တိုင်လေ့လာထားသူဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းရှိ နေရာတော်တော်များများသို့ ဖောက်ခွဲရေးပစ္စည်းများ ဖြန့်ဖြူးရန် စီစဉ်ခဲ့သူဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘွိုင် ရက်ဖ်လီ အေမာရ်က ယနေ့တွင် ပြောကြားခဲ့သည်။

    ယခုနှစ်အတွင်း IS မှာ အင်ဒိုနီးရှားတွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး ထိုအထဲမှ အကြီးဆုံးမှာ ဇန်န၀ါရီလက ဂျကာတာတွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲမှုဖြစ်ကာ လူ ၄ ဦး သေဆုံးခဲ့သည်။

    မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် ဖိနှိပ်မှုများကြောင့် အရှေ့တောင်အာရှအတွင်းရှိ မွတ်စလင်အများစုရှိရာ နိုင်ငံများတွင် ဒေါသထွက်မှုများ မြင့်တက်လာပြီး ဂျကာတာအပါအ၀င် မြို့ကြီးများတွင် ဆန္ဒပြမှုများ ဖြစ်ပွားသည်အထိ ဦးတည်လာခဲ့သည်။

    Ref: Channelnewsasia

  • အာရ်ဘာအင်း (သို့မဟုတ်) အီမာမ် ဟူစိန်၏ မေတ္တာတရားကို ဖော်ကျူးသည့် ပွဲတော်

    အာရ်ဘာအင်း (သို့မဟုတ်) အီမာမ် ဟူစိန်၏ မေတ္တာတရားကို ဖော်ကျူးသည့် ပွဲတော်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    karbala
    ကာရ်ဘာလာတွင် ရှီအာမွတ်စလင်များ ချီတက်နေကြစဉ်

    – ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းက သန်းနဲ့ချီတဲ့ ရှီအာ မွတ်စလင်တွေဟာ ထင်ရှားတဲ့ မွတ်စလင် အာဇာနည်တစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ အီရတ်နိုင်ငံကို ချီတက်ခဲ့ကြပြီး ဒါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ချီတက်လမ်းလျှောက်မှုကြီးလည်း ဖြစ်ပါတယ်။

    အာရ်ဘာအင်းလို့ခေါ်တဲ့ နေ့ထူးနေ့မြတ်အတွက် အဲဒီလူတွေဟာ ဘဂ္ဂဒတ်မြို့ အနောက်တောင်ဘက် ၆၂ မိုင်အကွာမှာ ရှိတဲ့ ကာရ်ဘာလာမြို့ကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ အာရ်ဘာအင်းဟာ မွတ်စလင်တို့ရဲ့ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်တဲ့ အာရှူရာနေ့အပြီး နောက်ထပ် ရက်ပေါင်း ၄၀ နေတဲ့အခါ ကျရောက်တာဖြစ်ပြီး တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ရဲ့ မြေးတော် အီမာမ် ဟူစိန် အေဒီ ၆၈၀ မှာ အသတ်ခံရမှုကို ၀မ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ်နဲ့ ရှီအာမွတ်စလင်တွေက ကျင်းပကြတာပါ။

    အဲဒီသန်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ ကာရ်ဘာလာက အီမာမ်ဟူစိန်နဲ့ သူ့ရဲ့ညီ အဘတ်စ်တို့ရဲ့ ဂူဗိမာန်တွေဆီကို သွားရောက်ခဲ့ကြပြီး ၀တ်ပြုဆုတောင်းကာ မေတ္တာပို့ အမျှဝေခဲ့ကြပါတယ်။ အီမာမ်ဟူစိန်နဲ့ မိသားစုနဲ့ ဆွေတော်မျိုးတော်တွေဟာ အေဒီ ၇ ရာစုမှာ အိုမိုင်ယာမင်းဆက်က ဘုရင် ယဇီးဒ်အပေါ် သစ္စာခံဖို့ ငြင်းဆိုတာကြောင့် ယဇီးဒ်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

    ကာရ်ဘာလာ ပြည်နယ်ကော်စီရဲ့ အကြီးအကဲ နူဆေယက်ဖ် အလ်-ခါတာဘီက ဒီလို လာရောက်ကြသူတွေရဲ့ အရေအတွက်ဟာ ၁၇ သန်းကနေ သန်း ၂၀ ကြား ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံခြားသားက ၃ သန်းလောက် ရှိနိုင်ပြီး အများစုက အီရန်တွေ ဖြစ်ပါတယ်။

    အဲဒီဒေသဟာ IS ရဲ့ ထိန်းချုပ်ရာဒေသနဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေပြီး IS ကလည်း ဒီလို လာရောက်ကြသူတွေကို တိုက်ခိုက်မှုတွေ ရှိပေမယ့် အများစုကတော့ ဒီခရီးကို ခြေလျင်ပဲ လာရောက်ကြတာ ဖြစ်ပါတယ်။

    အဲဒီဒေသမှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ IS ရဲ့ တိုက်ခိုက်မှုမှာ လူပေါင်း ၈၀ နီးပါးလောက် သေဆုံးခဲ့ပြီး အများစုဟာ အာရ်ဘာအင်းအခမ်းအနားက ပြန်လာကြသူတွေဖြစ်ပါတယ်။

    IS က ရှီအာမွတ်စလင်တွေဟာ ဖောက်ပြန်ရေသမားတွေဖြစ်တယ်လို့ ကြေငြာထားပြီး သူတို့တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ ဒီနှစ် အာရ်ဘာအင်း အခခမ်းအနားအတွက် အီရတ်က စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂၄၀၀၀ လောက် လုံခြုံရေးချပေးထားပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီဘာသာရေးအခမ်းနားကို တက်ရောက်လာကြသူတွေဟာ IS ရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်တဲ့ ဆောင်ရွက်မှုတွေလည်း ပြုလုပ်ကြပါတယ်။

    ဂျဘာရ် ကာဒမ် ခါလစ်ဆိုတဲ့ အမျိုးသားတစ်ဦးကတော့ “ဘာဆရာကနေ ကျွန်တော့်ဇနီး၊ သား ၃ ယောက်နဲ့အတူ ဒီကို လမ်းလျှောက်ပြီး လာပါတယ်။ ဒါဟာ တတိယအကြိမ်မြောက်လာတာပါ။ လွန်ခဲ့တဲ့ ၁၃ ရက်ကတည်းက လမ်းစလျှောက်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ညက ကာရ်ဘာလာကို ရောက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့သူက သူ့ရဲ့ ဒီဝတ်ပြုဆုတောင်းမှုတွေဟာ IS နဲ့ တိုက်ခိုက်ဖို့ ရှေ့တန်းစစ်မျက်နှာမှာရောက်နေတဲ့ Hashed al-Shaabi လက်နက်ကိုင်အဖွဲ့အတွက် ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

    krbala-2
    ကာရ်ဘာလာတွင် ရှီအာမွတ်စလင်များ ချီတက်နေကြစဉ်

    အွမ် အလီဆိုတဲ့ အမျိုးသမီးကတော့ တစ်ယောက်တည်း လာရောက်တာဖြစ်ပြီး သူ့ရဲ့ အမျိုးသားက လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ရှေ့တန်းရောက်နေတာဖြစ်ပါတယ်။

    “ကျွန်မရဲ့ သားသမီး ၃ ယောက်နဲ့အတူ လာတာပါ။ ဆာမာဝါကနေ နာဂျက်ဖ်ကို ကားနဲ့လာတယ်။ နာဂျက်ဖ်ကနေ ကာရ်ဘာလာကိုတော့ ခြေကျင်လျှောက်လာတာဖြစ်ပြီး၊ ကျွန်မအမျိုးသား ဘေးအန္တရာယ်ကင်းစေဖို့အတွက် ဆုတောင်းသွားပါမယ်။ IS တွေကို တွန်းလှန်းရာမှာ ကျွန်မတို့ကို ကြံ့ကြံ့ခံနိုင်မှု ပေးသနားဖို့၊ မူဆိုးလ်မြို့လွတ်မြောက်ဖို့ ဘုရားသခင်ထံတော်ပါးမှာ ဆုတောင်းသွားမှာဖြစ်ပြီး၊ နိုင်ငံရေးသမားတွေအနေနဲ့ ပေးဆပ်အနစ်အနာခံခဲ့ရသူတွေကို မမေ့ဖို့လည်း တိုက်တွန်းပါတယ်”

    ယူကေက အာရ်ဘာအင်း ချီတက်ပွဲကို စီစဉ်သူတွေကတော့ ဒီပွဲနဲ့ပတ်သက်ပြီး မီဒီယာတွေက ဖော်ပြမှုအားနည်းတာကို ဝေဖန်ခဲ့ကြပါတယ်။

    မနှစ်က အခမ်းအနားမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့တဲ့ မိုဟာမက် အလ်-ရှာရီဇီက “အဓိကမီဒီယာတွေက ဒီချီတက်မှုကို မဖော်ပြတဲ့ရည်ရွယ်ချက်က သတင်းစာ မပေါက်မှာ စိုးတာကြောင့် ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကို လူတွေက သိပ်စိတ်မ၀င်စားဘူးလေ” လို့ပြောကြားခဲ့ပါတယ်။

    “ဆိုးတာက တစ်ချို့မီဒီယာတွေဟာ သတင်းတွေကို စံနှစ်မျိုးနဲ့ ဖော်ပြကြပါတယ်။ မွတ်စလင်တစ်စုက ကောင်းတာတွေ လုပ်မယ်ဆိုရင် ဒါကို မဖော်ပြဘူး။ ဖော်ပြရင်လည်း ဘာသာတရားကို မထည့်တတ်ဘူး။ ဒါပေမယ့် မွတ်စလင်တစ်ယောက်ယောက်က မဟုတ်တာလုပ်လိုက်မယ်ဆိုရင်တော့ ရှေ့ဆုံးစာမျက်နှာမှာ ဘာသာနာမည်တပ်ပြီးတော့ကို ပါလာတာပါပဲ”

    အင်္ဂလန် အစ္စလာမ့်စင်တာက ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ မိုဟာမက် ရှိုမာလီက “မွတ်စလင်တွေအတွက်ရော၊ မွတ်စလင်မဟုတ်သူတွေအတွက် အီမာမ်ဟူစိန်ရဲ့ ပေးဆပ်အနစ်နာခံမှု၊ မြင့်မြတ်တဲ့ သတင်းစကားတွေက အစ္စလာမ်သာသနာရဲ့ ငြိမ်းချမ်းခြင်းနဲ့ တန်ဖိုးတွေကို ကိုယ်စားပြုပြီး ဒါတွေကပဲ အီမာမ်ဟူစိန်ကို အကြမ်းမဖက်ဖို့၊ သည်းခံခွင့်လွှတ်ဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မွတ်စလင်မဟုတ်သူတွေ၊ မတူညီတဲ့ မွတ်စလင်မျိုးနွယ်စုတွေဟာ ဒီအခမ်းအနားအတွက် အီရတ်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ စုရုံးကြတာဖြစ်ပါတယ်။ တိုက်တာခိုက်တာတွေမှာ မပါဝင်ဖို့ အီမာမ်ဟူစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ လူသားထုတစ်ရပ်လုံး အတုယူနိုင်တဲ့ စံပြ စိတ်ထားပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

    Ref: Independent