News @ M-Media

Blog

  • ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုလံဘီယာသမ္မတ ရရှိ

    ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုလံဘီယာသမ္မတ ရရှိ

    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media

    noble

    – ၂၀၁၆ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို နိုင်ငံအတွင်း နှစ် ၅၀ ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲအား ရပ်တန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဆန်းတို့စ်မှာ ပြီးခဲ့သည့်လအတွင်းက FARC သူပုန်အဖွဲ့ အကြီးအကဲ ရော်ဒရီဂို လွန်ဒိုနိုနှင့် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး ၄ နှစ်ကြာ ဆွေးနွေးခဲ့ရခြင်းဖြစ်သည်။

    “နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာ ၂၀၁၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ မဆုတ်မနစ် အားထုတ်ခဲ့တဲ့ ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်ကို ရွေးချယ်လိုက်ပါတယ်” ဟု ကော်မတီ၏ ဥက္ကဌဖြစ်သူ ကာစီ ကူလ်မန် ဖိုက်ဗ်က ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားဖို့၊ တိုက်ပွဲတွေပြန်ဖြစ်ပွားဖို့အတွက် တော်တော်လေး အန္တရာယ်ရှိခဲ့ပါတယ်။ ဒီလိုအန္တရာယ်တွေကပဲ သမ္မတ ဆန်းတို့စ်ဦးဆောင်တဲ့ အဖွဲ့နဲ့ FARC သူပုန်ခေါင်းဆောင် ရိုဒရီဂို လွန်ဒိုနို ဦးဆောင်တဲ့ အဖွဲ့အကြား အပစ်ရပ်ရေးကို ဆက်လက်အလေးထားဖို့ ပိုပြီး အရေးပါခဲ့ပါတယ်”

    ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရသည့် တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့ပေါင်း ၃၇၆ ခု ရှိခဲ့ပြီး ဆန်းတို့စ်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ ဆီးရီးယားမှ White Helmets အကူအညီပေးရေးအဖွဲ့၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် စသည့် နာမည်ကြီးများကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ၂၀၁၆-ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆု ရေပန်းစားခဲ့သူများ

    ၂၀၁၆-ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆု ရေပန်းစားခဲ့သူများ

    အောက်တိုဘာ ၇ ၂၀၁၆
    M-Media

    နိုဗာလ် ကော်မတီသည် ကြိုတင်၍ သတင်းအချက်လက်ကို များများစားစား ထုတ်ပြန်ပေးလေ့မရှိသော်လည်း၊ အသုံးဝင် သော အညွှန်းအနေဖြင့် သူနှင့်ဆက်နွှယ်မှု့မရှိသော ငြိမ်းချမ်းရေး သုတေသန အင်စတီကျူတ် အော်စလိုမှ ၎င်းတို့ ကိုယ်ပိုင် အလားလာရှိသော ရနိုင်ချေရှိသည့်စာရင်းကို ထုတ်ပြန်လိုက်ပါသည်။

    ဥရောပ ဒုက္ခသည် အရေးခင်းနှင့် ဆီးရီးယား ပြည်တွင်းစစ်ကဲ့သို့သော – ကမ္ဘာ့ အဓိက အဖြစ်ပျက်များက နိုဗာလ် ကော်မတီ၏ ဆုံးဖြတ်ချက်ကို တစ်ဖန်ပြန်၍ စဉ်းစားစရာ ရောက်စေသည်ဟု PRIO ဒါရိုက်တာ ခရစ်ရှန် ဘာဂ့် ဟာဗီကန် Kristian Berg Harpviken က ပြောသည်။

    “ထိုက်တန်တဲ့ လူကို ရွေးချယ်ဖို့ ရှာဖွေရာတာ စိန်ခေါ်မှု့ပါပဲ၊ ဆုအတွက် ပိုမိုကောင်းမွန်တဲ့ တစ်ယောက်ဟာ နှံ့စပ်ကျွမ်း ကျင်တဲ့ သံအမတ်တစ်ယောက်လည်း ဖြစ်ရပါမယ်” လို့ ဟာပ်ဗီကန်က အန်ဘီစီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    သူရွေးချယ်ထားသည့် အုပ်စုထဲမှ နောက်ဆုံးစ ကာတင် အဆင့်ရောက် အလားလာရှိသူ လေးဦးမှာ-

    ဆဗတ်လနာ ဂနုရှ်ခီနား (Svetlana Gannushkina )

    ရုရှလူမျိုး သင်္ချာပညာရှင်ဟာ စောစောပိုင်းကတည်းကပင် နိုဗာလ်ဆုအတွက် ရေပန်းစားနေခဲ့သည်။

    svetlana-gannushkina

    လူအခွင့်ရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်အနေဖြင့်၊ ဂနုရှ်ခီနားသည် နဂေါ်နို-ကရာဘတ်ဒေသရှိ ၁၉၈၀-ခုနှစ်များ ဆီက ဖြစ်ပွားခဲ့သော အရေးခင်းတွင် ထင်ရှားသော ပြောရဲဆိုရဲသူတစ်ယောက် ဖြစ်လာခဲ့သည်။ ယင်းတွင် သူမသည် စစ် ကြောင့် အဖမ်းခံခဲ့ရသည့် အာဇာဘိုင်ဂျန်နှင့် အာမေးနီးယား အကျဉ်းသမားများ လွတ်မြောက်ရေးအတွက် အမှု့လိုက် ခဲ့သည်။

    မနှစ်က သူမမှာ ကရင်မလင်အစိုးရအား  ရုရှပြည်သူများနှင့် အစိုးရ အချင်းချင်းကြား အယုံကြည်ကင်းမဲ့နေခြင်းကို လူသိ ရှင်ကြား ဝေဖန်ခဲ့သလို တိုင်းပြည်၌ နိုင်ငံခြားသားများ အန်ဂျီအိုလုပ်နေသော ကိစ္စများကိုလည်း ဝေဖန်ခဲ့သေးသည်။
    ဂနုရှ်ခီးနားတွင် “ဒီမိုကရေစီနှင့်လူ့အခွင့်ရေး၊ ရုရှနှင့် အိမ်နီးနားခြင်းနိုင်ငံများအကြား သင့်မြတ်အောင် ဆောင်ရွက်ရေး အတွက် ထောက်ခံအားပေးသူတစ်ယောက်အနေနှင့် ရှည်လျားသည့် အထောက်ထား သူ့မှာ ရှိနေသည် “ဟု ဟာပ်ဗီကန် က ပြောပါသည်။ “သူမကို ဆုပေးခြင်းက သမ္မတ ပူတင်အောက်တွင် နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှု့ကို စိုးရိမ်ပူပန်နေမှု့အား အာရုံစိုက်စရာ ဖြစ်ပါလိမ့်မယ်။”

    အားနစ် မိုးနဇ် နှင့် အလီ အက်ဘာ ဆာလေ (Ernest Moniz and Ali Akbar Salehi)
    ————————————

    ernest-moniz-and-ali-akbar-salehi
    အမေရိကန် စွမ်းအင်ရေးရာ ၀န်ကြီး မိုးနစ် နှစ် အီရန် အက်တမ်မစ် စွမ်းအင် အဖွဲ့စည်း အကြီးအကဲ ဆာလေ တို့မှာ အီရန် နှင့် အနောက်ကမ္ဘာအကြား နျူကလိယား စွမ်းအင် ဆိုင်ရာ သဘောတူစာချုပ် ပြဿနာကို ဖြေရှင်းနိုင်သည်အထိ သဲကြီး မဲကြီး ကြိုးစားပေးကြသူများထဲတွင် အဓိက ကြိုးပမ်းသူများ ဖြစ်သည်။
    အမေရိကန် သမ္မတ အိုဘားမားနှင့် အီရန် သမ္မတ ဟာဆန် ရိုဟာနီတို့က အဆိုပါ သဘောတူညီမှု့ ရခဲ့ကြခြင်းအတွက် ချီးမွှမ်းခဲ့ကြပြီး အီရန်နိုင်ငံက သူ၏ နျူကလိယအဆင့် ခြေလှမ်းများကို နောက်ဆုတ်ရန် အပြည့်အ၀ သဘောတူညီ ခဲ့ကြောင်း ကုလသမဂ္ဂက ကြေညာပြီးသည့်နောက်တွင်၊ နိုင်ငံတကာ ပိတ်ဆို့မှု့ ဖယ်ရှားပေးလိုက်သောအခါ၊ ယခုနှစ် အစောပိုင်းက၊ ယင်းသမိုင်းဝင်အဖြစ်ပျက်မှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
    “ငြိမ်းချမ်းရေး သဘောတူစာချုပ်တွေဟာ အမြဲတမ်း ထိပ်ဆုံးက ရွေးချယ်ခံရပေမဲ့၊ ၁၉၉၈-ခုနှစ်ကတည်းက ဘယ်ငြိမ်းချမ်း ရေး စာချုပ်မှ ဆုမရရှိခဲ့ပါဘူး၊ အဲဒီတုန်းက ဂျွန် ဟုမ်းနဲ့ ဒေးဗစ် ထရမ်းဘဲလ်တို့ကို မြောက်အိုက်လန်ငြိမ်းချမ်းရေးအတွက် သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှု့အပေါ်မှာ ဆုပေးခဲ့တာပါ ” ဟု ဟာပ်ဗီကန်က ဆိုသည်။
    “ဒီအထိအရှ မခံတဲ့ သဘောတူစာချုပ်က အရေးကြီးပါတယ်”လို့ သူက ထပ်ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ – “ငြိမ်းချမ်းရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ အကြမ်းဖက်မှု့ တိုးလာမှာကို ကာကွယ်ဖို့နဲ့ နျူကလိယလက်နက် ဖျက်သိမ်းဖို့ကို မြှင့် တင်ဖို့ အတွက်ကြောင့်ပါပဲ။”

    ဦးထုပ်ဖြူများ ( The White Helmets )

    the-white-helmets

    Helmets ခေါ် အမာခေါင်းဆောင်း ဦးထုပ်ဖြူများကို ဆောင်းထားကြ၍ လူသိများကြသည့် ပထမဆုံး တုန့်ပြန်သူများ၏ စေတနာ့ဝန်ထမ်း တပ်ဖွဲ့တစ်ခုဖြစ်သော ဆီးရီးယား ပြည်သူစစ်များအား ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်သော ဆုကိုပေး၍ လွန်ခဲ့သည့်လက အသိမှတ်ပြုခဲ့ကြသည်။ ၂၀၁၁-ခုနှစ်က စတင်ဖြစ်ပွားခဲ့သော တိုင်းပြည် တွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားချိန်မှစ၍ အစီရင်ခံစာအဆိုအရ လူ့အသက်ပေါင်း ခြောက်သောင်းထက်မနည်းကို သူတို့ ကယ်တင်ပြီးနောက်မှာ ယင်းဆုကို ရခဲ့ကြခြင်းဖြစ်သည်။
    ယင်းဆုမှာ ” နိုဗာလ်ဆု နောက်တစ်မျိုး ” အနေနှင့် မကြာခဏဆိုသလို ရည်ညွှန်းကြသည်။ ဂနုရှ်ခီနာသည်လည်း ယခုနှစ် တွင် အဆုပါဆုအတွက် ပူးတွဲ အမည်စာရင်း တင်သွင်းခြင်းခံရသည်။) ဆုကျင်းပရေးအဖွဲ့ဝင်များက ဦးထုပ်ဖြူများ အဖွဲ့ကို လေကြောင်းတိုက်ခိုက်မှု့ကြောင့် အတိဒုက္ခရောက်ကျရသူများကို အသေခြာ အာရုံစိုက်ကူညီပေးခဲ့ကြခြင်းအတွက် လူသား ချင်းစာနာသော လုပ်ရပ်ကို နက်နက်ရှိုင်းရှိုင်း နှစ်မြုပ်လုပ်ကိုင်ကြသူများဟု ကိုးကားပြောဆိုခဲ့ကြသည်။
    စက်တင်ဘာလတုန်းက အမည်ခံ Netflix သတင်းကားတွင်လည်း သူတို့အုပ်စုမှာ ဖေါ်ပြခြင်းခံရပြီး ယခုအခါတွင် စစ်ပွဲ၏ ပုံရိပ်များအတွက် စံနမူနာပြဓာတ်ပုံ ဖြစ်နေသော သွေးအလိမ်းလိမ်း၊ ဖုံအလူးလူးကပ်နေသော ငါးနှစ်သား ကလေးငယ် လေးအား အသဲသန်ကယ်ထုတ်နေပုံအတွက် သူတို့မှာ ချီးမွှမ်းခြင်းကို ခံရပါသည်။

    အက်ဒွပ် စနိုးဒန်း (Edward Snowden)

    edward-snowden

    ၂၀၁၃-ခုနှစ်က အမေရိကန် ထိပ်တန်းလျှို့ဝှက်ချက်အဆင့် စာရွက် စာတမ်းများ ပေါက်ကြားခဲ့ပြီးတဲ့နောက်တွင် ၀ိဝါဒကွဲပြားစေသော သူတစ်ယောက်အဖြစ် ကျန်နေရစ်ခဲ့ပါသည်။
    .
    သူ့ကို ထောက်ခံတဲ့ သူတွေကတော့ အစိုးရက စပိုင်ပြုလုပ်နေခြင်းတို့အပေါ် ကူညီမီးအမှောင်ချခဲ့သော သူရဲကောင်း တစ်ဦး အဖြစ် သူ့ကို ဖေါ်ပြခဲ့ပြီး လွန်ခဲ့သော လက အိုဘားမားအား သူ့ကို ခွင့်လွှတ်ပေးပါရန် ပန်ကြားခဲ့သည်။ သို့သော် လည်း ပြင်းထန်သည့် အစိုးရပိုင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာက သူ့ကို ပစ်တင်ဝေဖန်ထားပြီး၊ “စနိုးဒန်းကြောင့် လူထုမှ ဇာတ်ကြောင်းပြန် လူသိလာပြီး သူ၏ မဟာမိတ်များမှာလည်း မုသားပြောမှု့များ၊ ချဲ့ကားပြောကြာမှု့များနှင့် အရေးကြီးသည့် ထိန်ချန်မှု့များဖြင့် အုပ်အော်သောင်းတင်းဖြစ်ခဲ့ရသည်”ဟု ဖေါ်ပြပါရှိလေသည်။

    ယခင်နှစ် အခုလက၊ အီးယူ ပါလီမန်က စနိုးဒန်းနှင့် ပတ်သတ်၍ “သူ၏ ရပ်တည်ချက်တစ်ခုဖြစ်သော ဖော်ကောင် တစ်ယောက် အနေနှင့်ရော၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကို ကာကွယ်သူတစ်ယောက်အနေနှင့်ပါ အသိမှတ်ပြုသော အားဖြင့် ” သူ့အား မည်သည့် ရာဇ၀တ်မှု့စွဲချက်ကိုမှ မစွဲတော့ပဲ လက်လွှတ်လိုက်ရန် သူ၏ အဖွဲ့ဝင်များအားတိုက်တွန်း သည့် မဲခွဲဆုံးဖြတ်ချက်တစ်ခုချခဲ့ပါသည်။

    စနိုးဒန်းမှာ အမေရိကန်နိုင်ငံတွင် သူ လျှိုလုပ်မှု့များဖြင့် စွဲချက်တင်ခံနေရစဉ်တွင် သူက ရုရှနိုင်ငံတွင် ပြည်ပြေးဘ၀ဖြင့် နေထိုင်နေရဆဲရှိပါသည်။

     

    ref: nbcnews

    2016 Nobel Peace Prize Top Contenders, From the White Helmets to Snowden ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

    ရဲသူရိန်

    Breaking News
    —————-
    ** ယနေ့ ၂၀၁၆ ခုနှစ်နှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ထုတ်ပြန်ကြေညာရာ ထိပ်တန်း ရေပန်းစားသူများတွင် မပါဝင်တဲ့  ကိုလံဘီယာ သမ္မတ Juan Manuel Santos က ဆွတ်ခူးရရှိသွားပြီ ဖြစ်ပါတယ်။

  • ယခုနှစ်အတွင်း အမေရိကန်က မွတ်စလင်ဒုက္ခသည် စံချိန်တင် လက်ခံခဲ့

    ယခုနှစ်အတွင်း အမေရိကန်က မွတ်စလင်ဒုက္ခသည် စံချိန်တင် လက်ခံခဲ့

    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မွတ်စလင်ဒုက္ခသည်ပေါင်း ၃၈၉၀၁ ယောက်ကို လက်ခံခဲ့ပြီး နိုင်ငံက လက်ခံခဲ့သည့် စုစုပေါင်း ဒုက္ခသည်အရေအတွက် ၈၅၀၀၀ နီးပါး၏ ၄၆ ရာခိုင်နှုန်း ရှိနေသည်ဟု Pew Research Center က ဖော်ပြခဲ့သည်။

    အမေရိကန်အစိုးရ၏ ဒုက္ခသည်စီစစ်ရေးစင်တာမှ အချက်အလက်များကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်ကစ၍ ဘာသာအလိုက် ဒုက္ခလက်ခံမှုစာရင်းများ ထွက်လာခဲ့ပြီးနောက်ပိုင်း ယခုနှစ်မှာ မွတ်စလင်ဒုက္ခသည် အများဆုံး လက်ခံသည့် ခုနှစ်လည်း ဖြစ်သည်။

    ယခုနှစ်အတွင်း လက်ခံခဲ့သည့် ခရစ်ယာန်ဒုက္ခသည်အရေအတွက်မှာမူ ၃၇၅၂၁ ဦး ရှိနေပြီး စုစုပေါင်း ပမာဏ၏ ၄၄ ရာခိုင်နှုန်းရှိနေသည်။ ထိုကဲ့သို့ မွတ်စလင်ဒုက္ခသည်အရေအတွက်က ခရစ်ယာန်ဒုက္ခသည်အရေအတွက်ထက် မြင့်တက်မှုမှာ ဆိုမာလီဒုက္ခသည်များ ၀င်ရောက်လာခဲ့သည့် ၂၀၀၆ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ပထမဆုံးလည်း ဖြစ်သည်။

    ယခုနှစ်တွင် အမေရိကန်သို့ ရောက်ရှိလာသည့် မွတ်စလင်ဒုက္ခသည်များ၏ ထက်ဝက်ကျော်မှာ ဆီးရီးယားနှင့် ဆိုမာလီယာနိုင်ငံတို့မှာဖြစ်ပြီး အခြား ဒုက္ခသည်များမှာ အီရတ်၊ မြန်မာ၊ အာဖဂန်နှင့် အခြားနိုင်ငံများမှ ဖြစ်သည်။

    Ref: pewresearch.org

  • တရုတ်နိုင်ငံမှ လူသိနည်းသည့် တိုင်းရင်းမွတ်စလင်အုပ်စု သို့မဟုတ် ဟွေလူမျိုးစု

    တရုတ်နိုင်ငံမှ လူသိနည်းသည့် တိုင်းရင်းမွတ်စလင်အုပ်စု သို့မဟုတ် ဟွေလူမျိုးစု

    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media

    hui

    – ဟဂ်ျခရီးစဉ်ဖြင့် သာသနာ့တာဝန် ထမ်းဆောင်ခဲ့သူများ ပြန်လာနေကြသည်။ တရုတ်နိုင်ငံ အနောက်ပိုင်း နင်ရှာပြည်နယ်၏ ဝေးလံခေါင်ဖျားသော တုန်ရှင်းမြို့မှ ဂျာမေဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် ၀တ်ပြုရန် စောင့်ဆိုင်းနေကြသည့် တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်များထဲမှ လီယူချွမ်းက ၎င်း၏ ဟဂ်ျကျင့်စဉ်ကို ‘လွတ်မြောက်ခြင်း’ဟု ကင်ပွန်းတပ်ခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ၀တ်ပြုဆုတောင်းမှုက ဒီဟဂ်ျကျင့်စဉ်ရဲ့ အိမ်စာပါပဲ။ ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်နေ့ကို ၅ ကြိမ် ၀တ်ပြုတယ်။ ကျွန်တော်တို့ဟာ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုနဲ့ ပြင်းထန်မှုကြားက အလယ်အလတ်လမ်းစဉ်ကို လိုက်နေသူတွေပါ” ဟု လီက ပြောကြားခဲ့သည်။

    ၎င်း၏ ထိုစကားက တရုတ်မွတ်စလင်များ တည်ရှိရမည့် အခြေအနေကို လှစ်ဟပြသွားခြင်းလည်းဖြစ်သည်။

    တရုတ်နိုင်ငံတွင် ဘာသာရေးအရ သည်းမခံနိုင်မှုများက နာမည်ကျော်သည်။ တိဘက်တွင် ဗုဒ္ဓဘာသာဝင်များ၊ အနောက်ပိုင်း ဇင်ကျန်းပြည်နယ်တွင် မွတ်စလင်များ၊ ကမ်းရိုးတန်း ကျိကျန်းပြည်နယ်တွင် ခရစ်ယာန်ယာန်များမှာ အမြဲတမ်းလိုလို နှောက်ယှက်မှု၊ ဖမ်းဆီးမှု၊ ၎င်းတို့၏၀တ်ပြုရာနေရာများ ဖျက်ဆီးမှုတို့နှင့် ရင်ဆိုင်နေရသည်။ ဇင်ကျန်းတွင် အစ္စလာမ်ကို အစိုးရက အကြမ်းဖက်ဝါဒနှင့် နှိုင်းယှဉ်သမုတ်သည်။ မွတ်စလင်အမျိုးသမီးများ လုံလုံခြုံခြုံ ၀တ်စားဆင်ယင်ခြင်း မပြုရဟု အမိန့်ထုတ်သည်။ အစိုးရတာဝန် ထမ်းဆောင်နေကြသည့် မွတ်စလင်များကိုလည်း ဥပုသ်သီလမစောင့်ရန် ဖိအားပေးသည်။ သို့သော် ထိုကဲ့သို့ ဖိနှိပ်ချုပ်ချယ်မှုဒဏ်မှ ထူးထူးခြားခြားကင်းလွတ်နေသည့် တရုတ်မွတ်စလင် လူမျိုးစုတစ်ခုရှိပြီး ‘ဟွေ’ လူမျိုးများ ဖြစ်ကြသည်။

    တရုတ်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် တိုင်းရင်သား အုပ်စုကြီး ၂ ခု ရှိပြီး တစ်စုက ဇင်ကျန်းပြည်နယ်ရှိ ၀ီဂါ လူမျိုးစုဖြစ်ကာ၊ နောက်တစ်စုက လူသိပ်မသိသည့် ဟွေ လူမျိုးစု ဖြစ်သည်။ တရုတ်၏ များပြားလှသော လူဦးရေနှင့်ယှဉ်လျှင် ထိုလူမျိုးစု နှစ်ခု၏ အရည်အတွက်က မပြောပလောက်သော်လည်း တစ်စုလျှင် လူဦးရေ ၁၀ သန်းခန့်ပြီး တူနီးရှားနိုင်ငံ လူဦးရေနှင့် တန်းတူ ရှိနေသည်။ ၀ီဂါမွတ်စလင်များက ဖိနှိပ်ချုပ်ချယ်ခံရသည့်အချိန်အတွင် ဟွေမွတ်စလင်များကတော့ တိုးတက်ထွန်းကားနေသည်။

    (ဟွေလူမျိုး အများစုရှိသည့်) နင်ရှာပြည်နယ်တွင် ဗလီဝတ်ကျောင်းတော်အရေအတွက်က ၁၉၅၈ ခုနှစ်ထက်စာလျှင်လက်ရှိအချိန်၌ ၂ ဆတိုးလာပြီး ၁၉၀၀ မှ ၄၀၀၀ အထိ ရှိလာသည်ဟု Northern Nationalities တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ မာပင်းက ပြောကြားခဲ့သည်။ အသစ်အသစ်သော ဗလီဝတ်ကျောင်းတော်များကိုလည်း ပြည်နယ်အတွင်း ဆောက်လုပ်လျက် ရှိနေသည်။ ဟွေလူမျိုးများက စီးပွားရေးအရ အောင်မြင်ကြသူများဖြစ်သည်။ အစ္စလာမ်ကြောက်ရောဂါကြောင့် ပစ်မှတ်ထားခံရမှုလည်း နည်းသည်။ ထိုကဲ့သို့ အစ္စလာမ်ကြောင့်ရောဂါ၏ ပစ်မှတ်ထားခံရမှုမှ ကင်းလွတ်သည်ဆိုသည့် လူနည်းစု မွတ်စလင်လူ့အဖွဲ့အစည်းအရေအတွက်က ကမ္ဘာပေါ်တွက် လက်ချိုးရေတွက်၍ရသည်။

    ဟွေတို့၏ ဘာသာရေးကျင့်သုံးမှုက တရုတ်နိုင်ငံတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ကျင့်သုံးမှုအတိုင်းဖြစ်ပြီး အစ္စလာမ်၏ အဓိက ဓမ္မသတ်ကျောင်းတော်များကို ထင်ဟပ်စေသည်။ ဟွေပညာရှင်တစ်ဦးဖြစ်သူ မာထုန်က ဟွေလူမျိုးများ၏ ထက်ဝက်ကျော်မှာ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာက တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည့် ဟန္နဖီ ဓမ္မသတ်ကို လိုက်နာကျင့်သုံးကြသည်ဟု ဆိုသည်။ နင်ရှာမြို့တော် ယင်ချွမ်မြို့ တောင်ဘက်ရှိ နာဂျာဟူ ဗလီဝတ်ကျောင်းတော်၏ အ၀င်အ၀တွင် ‘ရှေးကျပြီး စစ်မှန်သည့် ဘာသာတရား’၊ ‘မူလဖြစ်တည်မှုမှ သွေဖယ်မသွား’ ဟူသည့် ဆိုင်းဘုတ်များကို ကပ်ထားသည်။ ဟွေလူမျိုးများ၏ ၅ ပုံတစ်ပုံက ၁၉ ရာစုတွင် ရောက်ရှိလာခဲ့သည့် ပိုပြင်းထန်းသော ၀ဟာဘီဝါဒကို လက်ခံကြသည်။ နောက်ထပ် ၅ ပုံ တစ်ပုံက အစ္စလာမ့် ၀ိပဿနာလမ်းစဉ်ဖြစ်သော ဆူဖီဝါဒ ၃ ခုမှ တစ်ခုကို လက်ခံကျင့်သုံးကြသည်။ ဟွေတို့၏ ထိုကဲ့သို့ ဘာသာရေးဆိုင်ရာ မတူကွဲပြားမှုက ကွန်မြူနစ်ပါတီ၏ မျက်စီစပါးမွေးစူးမှု မဖြစ်အောင် ကာကွယ်ပေးပြီး မွတ်စလင်လူမျိုးစုများအကြား ခွဲခြားအုပ်ချုပ်မှုကို ဖြစ်စေခဲ့သည်။

    သို့သော်လည်း ဟွေလူမျိုးတို့ အောင်မြင်မှု၏ အဓိကလျှို့ဝှက်ချက်က ၀ီဂါမွတ်စလင်များနှင့် လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ ခြားနားမှုအပေါ် မူတည်သည်။ ၀ီဂါမွတ်စလင်များက တာ့က်အနွယ်များဖြစ်ပြီး လူမျိုးခြားအဖြစ် သတ်မှတ်ခံရသည်။ ကိုယ်ပိုင်စကားပြောဆိုကာ တူရကီ၊ ဥဇဘက်တို့နှင့် ဆက်နွယ်နေသည်။ ၎င်းတို့ ကိုယ်ပိုင်ပြည်နယ် ဇင်ကျန်းရှိနေပြီး အများစုက ထိုပြည်နယ်တွင် နေထိုင်ကြသည်။ ဟန်လူမျိုးများက ၎င်းတို့ဒေသအား ခွဲခြားဆက်ဆံမှုတံတိုင်း ကာရံထားသည်။ နိုင်ငံတော်ပိုင် လုပ်ငန်းများတွင် အလုပ်လုပ်လျှင်လည်း မင်းစေအဆင့်လောက်သာ ရသည်။

    ဟွေလူမျိုးများကတော့ သန်းခေါင်စာရင်းများတွင် တရုတ်တိုင်းရင်းသားလူမျိုးစုအဖြစ် သတ်မှတ်ခံရသည်။ ၎င်း၏ ဘိုးဘေးများမှာ ပါရှားပြည်မှ ကုန်စည်ကူးသန်းမှု၊ သာသနာပြုမှု ခရီးစဉ်များဖြင့် ရောက်ရှိလာကြသော်လည်း မျိုးဆက်ပေါင်းများစွာ ဟန်လူမျိုးများနှင့် ရောနှောနေထိုင်ကြသောကြောင့် နောက်ပိုင်းတွင် လူများစုဖြစ်သည့် ဟန်လူမျိုးသွေး ဖြစ်လာခဲ့ကာ တရုတ်စကားကိုပင် ပြောကြသည်။ ထို့ပြင် နင်ရှာပြည်နယ်တွင် ဟွေလူမျိုး ၅ ပုံ ၁ ပုံသာ နေထိုင်ပြီး အများစုက နိုင်ငံတစ်ဝှမ်းတွင် ဖြန့်ကျက်နေထိုင်ကြသည်။ ၀ီဂါ၊ တိဘက်လူမျိုးများနှင့် မတူညီသည့်အချက်က ၎င်းတို့မှာ ပုံပန်းသွင်ပြင် တူညီမှုလမ်းကြောင်း လိုက်သွားခြင်းဖြစ်သည်။

    တုန်ရှင်မြို့ရှိ ကျုံနန် ဗလီဝတ်ကျောင်းတော်သို့ ရောက်ရှိလာကြသည့် ၀တ်ပြုသူများက ဗလီဝတ်ကျောင်းတော်၏သမိုင်းနှင့် ဒေသတွင် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပသည်။ အစီအစဉ်ကို ‘အဟုန်’ (ရှေ့ဆောင်အီမာမ်) ၏ တရားဒေသနာဖြင့် စတင်ဖွင့်လှစ်ပြီး အာရဘီဘာသာစကားဖြင့် ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်သည်။ ထို့နောက် ထိုပုဂ္ဂိုလ်၏ မြေးဖြစ်သူ မစ္စတာ မာကျင်းလုံအိမ်တွင် ကုရ်အာန်ကျမ်းစာများ သွားရောက်ရွတ်ဖတ်ပေးကာ ထိုပုဂ္ဂိုလ်၏ အုတ်ဂူသို့ သွားရောက် ဆုတောင်း အမျှဝေကြသည်။

    သို့သော်လည်း အခမ်းအနားဆုံးပိုင်းက လုံးဝ ခြားနားသွားသည်။ မာကျင်းလုံရေးသားထားသည့် ၁၈ မီတာရှည်လျားသော စာလွှာကို ဖတ်ပြသည်။ ထိုစာလွှာတွင် ၈ ရာစုက တရုတ်ဂန္တ၀င်ကဗျာတစ်ပုဒ်မှ ကောက်နှုတ်ချက်များ ပါဝင်သည်။ ထိုစာလွှာတွင် နှစ်မြို့ဖွယ်ကောင်းသည့် ရေဆေးများဖြင့်လည်း ချယ်သထားသည်။ မစ္စတာမာမှာ ကျုံနန် ဗလီဝတ်ကျောင်းတော်အတွက် အားထားရသည့် ပုဂ္ဂိုဖြစ်ပြီး ဒေသတွင် ရိုသေခန့်ညားသည့် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။

    တရုတ်လူ့အဖွဲ့အစည်းနှင့် အစေးကပ်အောင် နေနိုင်မှုက ဟွေလူမျိုးများ၏ ၀ိသေသလက္ခဏာဖြစ်သည်။ တရုတ်နိုင်ငံ၏ သမိုင်းတွင် ထင်ရှားကျော်ကြေားသည့် ပုဂ္ဂိုလ်များထဲတွင် ဟွေလူမျိုးများ ပါဝင်ပြီး တရုတ်ပြည်သူများပင် ထိုအရာအား မသိကြ။ တရုတ်နိုင်ငံ၏ ကိုလံဘတ်ဟု တင်စားပြောဆိုခံရသည့် ဇန်ဟီ (Zheng He) မှာ ဟွေလူမျိုးဖြစ်ပြီး သက္ကရာဇ် ၁၄၀၀ ၀န်းကျင်က ရေကြောင်းခရီးစဉ်များဖြင့် စွန့်စားသွားလာခဲ့သူဖြစ်သည်။ မကြာသေးမီက ကျန်းဆူး ပြည်နယ် ကွန်မြူ နစ်ပါတီ ဥက္ကဌဖြစ်လာကာ တရုတ်အစိုးရဌာနတစ်ခုဖြစ်သည့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန၏ အကြီးအကဲကလည်း ဟွေလူမျိုးပင်ဖြစ်သည်။

    ဟွေလူမျိုးများနှင့် ဟန်လူမျိုးများအကြား ဆက်ဆံရေးမှာ အမြဲတမ်း ကောင်းမွန်ခဲ့သည်တော့မဟုတ်။ ၁၈၆၀ ပြည့်နှစ်နှင့် ၁၈၇၀ ပြည့်နှစ်များက ဟွေလူမျိုးများ ပြုလုပ်ခဲ့သည့် ဒန်ဂန်တော်လှန်ရေး (Dungan) က သွေးချောင်းစီးခဲ့သည်။ သို့သော်လည်း ၁၉၇၆ မော်စီတုန်း ကွယ်လွန်သွားပြီးနောက် နှစ်ဖက်စလုံးမှာ ပြေညိမ်းမှု ရရှိခဲ့သည်။ ကယ်လီဖိုးနီးယားရှိ Pomona ကောလိပ်မှ ဒရူ ဂလဒ်နေးကတော့ ဟွေလူမျိုးများ၏ ပြောင်မြောက်သည့် အရည်အချင်းတစ်ခုက တရုတ်၏ နိုင်ငံရေးစနစ် ယိမ်းယိုင်လာသည့်အခါတိုင်း ညှိနှိုင်းဆွေးနွေးမှုကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

    ထို့ကြောင့် ၎င်းတို့မှာ စီးပွားရေးအရ အောင်မြင်သူများ ဖြစ်လာခဲ့သည်။ ဟာလာလ်စားသောက်ကုန်လုပ်ငန်းကိုလည်း ၎င်းတို့က လွှမ်းမိုးထားသည်။ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်လုပ်ငန်းများနှင့် အလယ်အာရှနိုင်ငံများ၊ ပင်လယ်ကွေ့နိုင်ငံများကို ချိတ်ဆက်ပေးရာတွင်လည်း ၎င်းတို့က အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ယင်ချွမ်မြို့ ဆင်ခြေဖုံးတွင်ရှိသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး အာရဘီကောလိပ်မှာ ပုဂ္ဂလိကကျောင်းတစ်ကျောင်းဖြစ်ပြီး ဟွေလူမျိုးများက တည်ထောင်ကာ တစ်စိတ်တစ်ပိုင်း ဘဏ္ဍာရေး ထောက်ပံ့မှု ပြုလုပ်နေခြင်းဖြစ်သည်။ ထိုကောလိပ်မှ ကျောင်းသားများကို စီးပွားရေးလုပ်ငန်းများတွင် စကားပြန်များဖြစ်လာအောင် အဓိကထား သင်ကြားပေးသည်။

    ဟွေလူမျိုးများမှာ အချို့သော တရားရေးကိစ္စများကို အစ္စလာမ့်ရရှီအာဥပဒေဖြင့် စီရင်ဆုံဖြတ်နိုင်သည်အထိ တရုတ်အစိုးရက ခွင့်ပြုထားသည်။ တရုတ်ဥပဒေအရ ရရှီအာကို ခွင့်မပြုထား။ သို့သော်လည်း နာဂျာဟူ ဗလီဝတ်ကျောင်းတော်တွင်တော့ အဟုန်နှင့် ခရိုင်တရားရုံးတို့က တရားစီရင်ရေးကိစ္စများကို မျှဝေကိုင်တွယ်ကြသည်။ သီတင်းပတ်တိုင်းတွင် မိသားစုရေးရာ ပြဿနာများကို အဟုန်က ရရှီအာဥပဒေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေရသည်။ နှစ်ဦးနှစ်ဖက် ကျေနပ်သည့်အဆင့်သို့ မရောက်ပါက အာဏာပိုင်အဖွဲ့မှ ကြားဝင်ပေးသည်။

    ရာစုနှစ်ပေါင်းများစွာ ဟန်လူမျိုးများနှင့် ရောနှောနေထိုင်သော်လည်း ဟွေလူမျိုးတို့၏ ဘာသာရေး အမှတ်သညာ ပျောက်ပျက်မသွားသည်က အံ့သြစရာကောင်းနေသည်။ အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်သူ မစ္စတာမာက ဟွေလူမျိုများမှာ အမြဲတမ်းလိုလို အလွန်စည်းလုံးပြီး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာလည်း တစ်ပုံစံတည်းဖြစ်ကာ မြိုတိုင်းနယ်တိုင်းရှိ စားသောက်ဆိုင်များ၊ အငှာယာဉ်လုပ်ငန်းမျာကို လုပ်ကိုင်သူများမှာ ဟွေလူမျိုးများဖြစ်ကြသည်ဟု ဆိုသည်။ ၎င်းတို့၏ ဘာသာတရားက ‘ထိုစည်းလုံးမှု၏ အဓိကအရေးပါဆုံး အကြောင်းအရင်း’ ဖြစ်နေသည်ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။ ဟွေလူမျိုးများမှာ ဘာသာရေးနှင့် လူမျိုးရေး ညီမျှမှုကို ထိန်းသိမ်းထားနိုင်သည်။ အတူတကွ ရောနှောနေထိုင်မှုကြောင့် ဘာသာတရားကို အနှောက်အယှက်ကင်းကင်း ကျင့်သုံးနိုင်သလို ဟန်လူမျိုးအများစုကြားတွင် နေထိုင်ရသော်လည်း လူ မျိုးရေးအမှတ်သညာ မပျောက်ပျက်အောင် ဘာသာတရားက ထိန်းညှိပေးထားသည်။

    ထိုခြားနားချက် မျဉ်တစ်ကြောင်းကြောင့်ပင် ဟွေလူမျိုးများမှာ တရုတ်အစိုးရ၏ လိုတစ်မျိုး၊ မလိုတစ်မျိုး ဘာသာရေးဆိုင်ရာ ပေါ်လစီမှ ကင်းလွတ်နခြင်းဖြစ်သည်။ အစ္စလာမ်ကြောက်ရောဂါမှ ဟွေလူမျိုးများ သိသိသာသာ ကင်းလွတ်နေသည်ဟု ပြောနိုင်သော်လည်း ယခုနောက်ပိုင်းတွင် ဆိုရှယ်မီဒီယာများ၌ အမုန်းတရားများကို ပုံမှန်လိုလို မြင်လာရသည်။ (အစ္စလာမ်တွင် အရေးပါသည့် အရောင်ဖြစ်သော) ‘အစိမ်းရောင်’ က အွန်လိုင်းတွင် ရှုတ်ချစရာ အမှတ်အသားတစ်ခု ဖြစ်လာနေသည်။ လက်ရှိအချိန်အထိ တရုတ်အစိုးရက ဟွေလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအပေါ် ထိခိုက်မှု မရှိသေး။ သို့သော်လည်း ဇူလိုင်လက နင်ရှာမြို့သို့ သမ္မတ ရှီကျင့်ဖျင် ရောက်ရှိလာသည့်အချိန်တွင် ပရိတ်သတ်များအား ‘လူပွားခြင်းကို လုံးဝ ဆန့်ကျင်ရမည်’ ဟု ပြောကြားခဲ့သည်။ လက်တွေ့တွင် ဟွေလူမျိုးများက ထိုကဲ့သို့ လူပွားခြင်းမရှိ။ (တရုတ်အစိုးရကသာ ဇင်ကျန်းပြည်နယ်ရှိ ၀ီဂါမွတ်စလင်များကို ရအောင်ယူ၍ ကွန်မြူနစ်ဖြစ်အောင် လုပ်နိုင်သူ ဟန်လူမျိုးများကို ဘက်စုံထောက်ပံ့မည်ဟု ပြီးခဲ့သည့်နှစ်အတွင်းက တရားဝင် ကြေငြာခဲ့သည်။ – ဘာသာပြန်သူ)

    သမ္မတ၏ ထိုစကားကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရမှာ ဘာသာရေးလူနည်းစုများအပေါ် ပိုမို ဖိနှိပ်ချုပ်ချယ်မည့်ပုံစံမျိုး ပိုမိုတွေ့လာရပြီး ဟွေလူမျိုးများက နောက်ထပ်ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သည်။

    သို့သော်လည်း ဟွေလူမျိုးများ၏ ဖြတ်သန်းခဲ့သော သမိုင်းတစ်လျှောက်တွင် ရရှိခဲ့သည့် သင်ခန်စာများက ၎င်းတို့အတွက် အပြုသဘောဆောင်နေသည်။ အစ္စလာမ်သာသနာမှာ ပါတီခေါင်းဆောင်များ ထင်ထားသလို ခြိမ်းခြောက်မှုမျိုးမဟုတ်ဟု ဟွေလူမျိုးများက ကျင့်သုံးပြသနိုင်ခဲ့သည်။ ထို့ပြင် တရုတ်လူမျိုးတစ်ယောက်မှာ စစ်မှန်သည့် အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်နိုင်သည်ကိုလည်း ၎င်းတို့က ပြသခဲ့သည်။ ဟဂ်ျပြုပြီး ပြန်လာသူတစ်ဦးက ယင်ချွမ်လေဆိပ်တွင် ၎င်း၏ ခရီးဆောင်အိတ်ကို စောင့်ယူနေသည်။ ‘တရုတ်နိုင်ငံမှ ဟဂ်ျခရီးသွားများ’ ဆိုသည့် စာတန်းနှင့် ဘာသာမဲ့ ကွန်မြူနစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံအလံကို ရေးထိုးထားသော ၀တ်ရုံရှည်ကို ၎င်းက ၀တ်ထားသည်။

    “တစ်သက်မှာတစ်ခါ ကြုံတွေ့ရတဲ့ အတွေ့အကြုံပါ” ဟု ၎င်းက ဟဂ်ျကျင့်စဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး ဟဂ်ျခရီးစဉ်မှ ပြန်လာသည့် လူအုပ်ကြီးကို စောင့်ကြိုနေကြသည့် တရုတ်မွတ်စလင်လူပင်လယ်ကြီးအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွား လေတော့သည်။

    Ref: The Economist

    (The Economist တွင် ဖော်ပြထားသည့် The Hui China’s other Muslims ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ဘာကာတိုက်စစ်မှူနေးမာ ဂိုး ၃၀၀ ပြည့်မြောက်

    ဘာကာတိုက်စစ်မှူနေးမာ ဂိုး ၃၀၀ ပြည့်မြောက်

    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media

    neymar

    – ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေးမာမှာ ယမန်နေ့က ကစားခဲ့သည့် ဘိုလီဗီးယားနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၎င်း၏ ကစာသမားသက်တမ်းတစ်လျှောက် သွင်းယူခဲ့သည့် ဂိုးပေါင်း ၃၀၀ ပြည့်မြောက်သွားပြီဖြစ်သည်။

    ထိုပွဲတွင် ဂစ်ဘရီယဲလ် ဂျီးဆက်နှင့် တွဲဖက်ကာ တန်ပြန်တိုက်စစ်မှတစ်ဆင့် နေးမာက တစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ၎င်း၏ ၄၉ ဂိုးမြောက်ဂိုးလည်းဖြစ်သည်။ လူငယ်အဆင့်များဖြစ်သည့် ယူ ၁၇၊ ယူ ၂၀ နှင့် အိုလံပစ်ပြိုင်ပွဲများတွင် နေးမာသွင်းယူထားသည့် ဂိုးမှာ စုစုပေါင်း ၁၈ ဂိုး ရှိသည်။

    ကလပ်အဆင့်တွင်မူ ဘာစီလိုနာအသင်းသို့ ရောက်ရှိခဲ့ပြီးနောက် နေးမာ သွင်းယူထားသည့် ဂိုးမှာ စုစုပေါင်း ၉၅ ဂိုးရှိပြီး ဆန်းတို့စ်အသင်းတွင်မှု ၁၃၈ ဂိုး သွင်းယူပေးခဲ့သည်။

    ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံး သွင်းထားသူများ စာရင်းတွင် ပီလီ (၉၅ ဂိုး)၊ ရော်နယ်ဒို (၆၇) ဂိုး၊ ဇီကို (၆၆ ဂိုး) နှင့် ရိုမာရီယို (၅၆) ဂိုးတို့က အစဉ်လိုက် ရပ်တည်နေသည်။

    Ref: Goal