အောက်တိုဘာ ၁၀၊ ၂၀၁၆
M-Media
– ကိုရီးယား အာရဘီဘာသာစကားနှင့် စာပေဆိုင်ရာအသင်း၏ စတုတ္ထမြောက် နိုင်ငံတကာ ညီလာခံကို ဆိုးလ်မြို့ရှိ Hankuk နိုင်ငံခြားဘာသာတက္ကသိုလ် (HUFS) တွင် စနေနေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။
Arabic Language & Literature Beyond Borders (နယ်စည်မခြား အာရဘီဘာသာစကားနှင့် စာပေ) ဆိုသည့် ခေါင်းစဉ်ဖြင့် အဆိုပါ ညီလာခံကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနှင့် အာရပ်နိုင်ငံများမှ ပညာရှင်များကို စုရုံးစေကာ နှစ်ဖက်ယဉ်ကျေးမှုများကို ပိုမိုနီးကပ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကိုရီးယား အာရဘီ ဘာသာစကားနှင့် စာပေဆိုင်ရာအသင်းက ပြောကြားခဲ့သည်။
ညီလာခံကို တောင်ကိုရီးယားမှ အာရဘီဘာသာစကားနှင့် စာပေဆိုင်ရာ ပါမောက္ခများ၊ ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများ၊ ဂျော်ဒန်၊ ဆူဒန်၊ ကာတာနှင့် အလ်ဂျီးရီးယားတို့မှ နာမည်ကျော် ပါမောက္ခ ၈ ဦးတို့ တက်ရောက်ခဲ့ကြသည်။
ညီလာခံဖြစ်မြောက်ရေးအတွက် HUFS၊ တောင်ကိုရီးယားရှိ ကာတာ သံရုံး၊ ဆိုးလ်မြို့ရှိ ဆော်ဒီအာရေဗျ ယျဉ်ကျေးမှုအဖွဲ့နှင့် ကိုရီးယား-အာရပ်အသင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
“ဒီ ပညာရပ်ဆိုင်ရာ ညီလာခံမှာ အာရဘီဘာသာစကားနဲ့ပတ်သက်တဲ့ အာရပ်ပညာရှင်တွေ၊ အာရဘီကို ဒုတိယဘာသာစကားအဖြစ် သင်ကြားပေးနေတဲ့ ပညာရှင်တွေဟာ ကိုရီးယားက အဲဒီကဏ္ဍမှာ ကျင်လည်နေတဲ့ ပညာရှင်တွေနဲ့အတူ အတွေ့အကြုံမျှဝေတာတွေလို အကျိုးကျေးဇူး တော်တော်များများ ဖြစ်ထွန်းပါတယ်” ဟု ဂျော်ဒန်ရှိ Al al-Bayt တက္ကသိုလ် အနုပညာ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဌာနမှ ဌာနမှူး ဟာဆန် အလ်-မာလ်ခ်က ပြောကြားခဲ့သည်။
“အာရဘီ ဘာသာစကားသင်ကြားမှုကို ကိုရီယားမှာ HUFS က ၁၉၆၅ ခုနှစ်မှာ ပထမဆုံး စတင်ခဲ့တာပါ။ ရာစုနှစ်တစ်ဝက်လောက် ကြာမြင့်သွားပြီးတဲ့ အခုအချိန်မှာ အာရဘီဘာသာစကား သင်ကြားမှုဟာ အမွှေးအတောင်စုံတဲ့ ပညာရပ်တစ်ခု ဖြစ်နေပြီး၊ ဒီလို ပညာရပ်ပိုင်းဆိုင်ရာ ညီလာခံမျိုးအထိ ပြုလုပ်နိုင်တာကို တွေ့ရတာ တကယ့်ကို ဂုဏ်ယူမိပါတယ်”
Ref: IINA
Leave a Reply
You must be logged in to post a comment.