News @ M-Media

Blog

  • သဘာဝဘေးအန္တရာယ် တုန့်ပြန်မှုဆိုင်ရာ လက်စွဲစာအုပ် မြန်မာနိုင်ငံတွင် ထုတ်ဝေမည်

    သဘာဝဘေးအန္တရာယ် တုန့်ပြန်မှုဆိုင်ရာ လက်စွဲစာအုပ် မြန်မာနိုင်ငံတွင် ထုတ်ဝေမည်

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    natural

    – ပြည်သူများ သဘာဝဘေးအန္တရာယ်များအကြောင်း နားလည်ကာ၊ ပြန်လည်တုန့်ပြန်နိုင်စွမ်း ရှိစေရေးအတွက် အထောက်အကူဖြစ်စေမည့် ‘သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လက်စွဲစာအုပ်’ (Handbook on Disaster Recovery) ကို မြန်မာနှင့် အင်ဒိုနီးရှားတို့ ပူးပေါင်းကာ ပြုစုနေသည်ဟု သိရသည်။

    အဆိုပါလက်စွဲစာအုပ်တွင် အာဆီယံနိုင်ငံများ၌ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသေးစိတ်လေ့လာထားမှုများ၊ သဘာဝဘေးအန္တရာယ် တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်များကို အဓိကထား ဖော်ပြမည်ဖြစ်ကာ ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ရေးသားမှုများလည်း ပါဝင်မည်ဖြစ်သည်။

    မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်တီမှ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်ကမူ အဆိုပါ လက်စွဲစာအုပ်ကို သိပ်မကြာခင် အချိန်တွင် ဖြန့်ချီသွားမည်ဟု အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က ပြီးခဲ့သည့်တစ်ပတ်တွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    အဆိုပါအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနာဂတ် သဘာဝဘေးအန္တရာယ် တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အဆိုပါ လက်စွဲစာအုပ်က မည်ကဲ့သို့ အသုံးဝင်မည်ဆိုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကြသည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အာဆီယံဒေသမှာ ကြီးမားသည့် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပြီး ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆူနာမီ၊ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆိုက်ကလုံးနာဂစ်၊ ၂၀၁၀ တွင် ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု၊ ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်၌ ၀င်ရောက်ခဲ့သည့် ဆိုက်ကလုံး ဟိုင်ယန်တို့မှာ ထင်ရှားသည်။

    ကမ္ဘာ့ ရာသီဥတုအန္တရာယ်ဆိုင်ရာ အညွှန်းကိန်း (Global Climate Risk Index) တွင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့မှာ ကမ္ဘာပေါ်တွင် ရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များကို ခံစားရမှု အန္တရာယ်အများဆုံး နိုင်ငံများအဖြစ် ပါဝင်ခဲ့သည်။

    Ref : mmtimes

  • EFL Cup ကစားမည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်ရ

    EFL Cup ကစားမည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်ရ

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    man-u

    – EFL Cup (ယခင်လိဂ်ဖလား) အဖြစ် လိဂ်ဝမ်းကလပ်နှင့် ယှဉ်ပြိုင်ကစားရမည့် မန်ယူအသင်းမှာ ကားပါကင်တွင် သွေးပူလေ့ကျင့်ခန်းဆင်းနေရသည်ဟု ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့သည့် ဓာတ်ပုံများတွင် တွေ့မြင်ရသည်။

    ယနေ့ညတွင်ကစားမည့် ထိုပွဲတွင် မန်ယူမှာ Northampton အသင်း အိမ်ကွင်း Sixfields တွင် ကစားရမည်ဖြစ်သောကြောင့် နော့သ်အပ်တန်မြို့သို့ ရောက်ရှိနေသည်။ ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့မှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် မန်ယူမှာ ထိုပွဲအတွက် မြို့တွင်းရှိ ကားပါကင်တစ်ခုတွင် လေ့ကျင်ရမှုက ပရိတ်သတ်များအတွက် မကျေမနပ် ပိုဖြစ်စေမည်ဖြစ်သည်။

    မော်ရင်ဟိုဦးဆောင်သည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်နေရသည့် ဓာတ်ပုံများကို Tom ဟုအမည်ပေးထားသည့် Twitter အကောင့်တစ်ခုက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး “ဒီည Northampton အသင်းနဲ့ ကစားရမယ့်ပွဲအတွက် မန်ယူက ကားပါကင်မှာ လေ့ကျင့်နေရတယ်။ လိဂ်ဖလားရဲ့ လှည့်ကွက်လေလား” ဟု ရေးသားခဲ့သည်။

    ထိုဓာတ်ပုံများတွင် မန်အယူအသင်းသားများ သွေးပူလေ့ကျင်ခန်း လုပ်နေသည့်ပုံနှင့် မော်ရင်ဟိုက ကြီးကြပ်နေသည့်ပုံတို့ ပါဝင်ခဲ့သည်။

    Ref: Goal

  • ဗလီဝန်းရှေ့ ဆိုင်ခန်းငှားခ ၂၅၀၀ ကျပ်မှ သုံးသောင်း သို့ တိုးတောင်းလို့ ဂေါပကကို မြင်းခြံမှာဆန္ဒပြ

    ဗလီဝန်းရှေ့ ဆိုင်ခန်းငှားခ ၂၅၀၀ ကျပ်မှ သုံးသောင်း သို့ တိုးတောင်းလို့ ဂေါပကကို မြင်းခြံမှာဆန္ဒပြ

    စက်တင်ဘာ ၂၁ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ

    myinchan
    မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် မြင်းခြံဗလီဝန်းရှေ့ဆိုင်ခန်းများ ဈေးနှုန်းတိုးမြှင့် ကောက်ခံမှုကို မကျေနပ်သည့် အပေါ် ခွင့်ပြုမိန့်တောင်းကာ ဆန္ဒထုတ်ဖော်မှု တရပ် ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ တွင် ဖြစ်ခဲ့ပါတယ်။

    ဆိုင်ခန်းခ တစ်ခန်းကို တစ်လလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀၀ (သုံးသောင်း) ကျပ်တိုးမြှင့်မှုအပေါ် မကျေနပ်သည့် အတွက် ဈေးနှုန်းလျှော့ပေးရန်နှင့် လက်ရှိ ဝတ်ကျောင်းတော် ဂေါပကအဖွဲ့ နှုတ်ထွက်ပေးရန် ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။

    ဖြစ်စဉ်မှာ ၁၉၉၅မှာ ဗလီဝန်းရှေ့ဆိုင်ခန်းတွေ ဆောက်တော့ ဗလီဂေါပကအဖွဲ့မှာ ရံပုံငွေ ချို့တဲ့တာကြောင့် ဆိုင်ခန်းငှားလိုသူများထံမှ စပေါ်ငွေ ၁၁၅၀၀၀ ကျပ် လက်ခံကာ ဆိုင်များကို ဆောက်လုပ်ခဲ့ကြောင်း သိရပါတယ်။

    ထိုဆိုင်ခန်းများကို ငှားရမ်းထားသူများကို တစ်လလျှင် ငွေကျပ် ၂၀၀၀-၂၅၀၀ နှုန်းထားဖြင့် နှစ်ပေါင်း (၂၀) ခန့်ငှားထားပေး ခဲ့ပြီး ဖြစ်ကြောင်း၊ ဂေါပကမှ လွန်ခဲ့သော နှစ်လခန့်မှစတင်ပြီး လက်ရှိခေတ်ကာလ အနေအထားအရ ဆိုင်ခန်းတစ်ခန်းကို တစ်လလျှင်  ၃၀၀၀၀ ကျပ် တိုးမြှင့်ကောက်ခံခဲ့ကြောင်းသိရသည်။

    ဆိုင်ခန်း ၃၉ ခန်းအနက် အခန်း ၂၀မှာ ဈေးနှုန်းသစ်ကို သဘောတူလက်ခံခဲ့ပြီး ဂေါပကအဖွဲ့နှင့် စာချုပ်ချုပ်ဆိုပြီး ပါပြီ ၁၉ ခန်းမှာမူ နှုန်းထားသစ်ကို လက်မခံလို့  ညှိနှိုင်းနေရဆဲပါ။ တစ်လ ၂၅၀၀ ကျပ်ဖြင့် ငှားထားသော အခန်းများထဲမှာ အချို့ဆိုင်ငှားတွေက တစ်ဆင့်ပြန်ငှားထားတာမျိုးတွေ ရှိပါတယ်။  အချို့ဆို တစ်လကို ကျပ်ငါးသောင်း ခြောက်သောင်းနဲ့ တစ်ဆင့်ပြန်ငှားထားပါတယ်။ တစ်ဆင့်ပြန်ငှားသည့် သူများတွင် ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူပိုင်းမှလည်း ပါတယ်။ စပေါ်ပေးခဲ့သူများထဲတွင် ယခုအခါ ဆိုင်ခန်းခြောက်ခန်းပဲ ကျန်တော့တယ်။ အဲဒီ ၆ ခန်းမှာ ၃ ခန်းက ဈေးနှုန်းသစ်ကို သဘောတူ စာချုပ်ပြီးပါပြီ။ ကျန် (၃) ခန်းက လက်မခံသည့် ၁၉ ခန်းထဲမှာ ပါ ပါတယ်။ လို့ တာဝန်ရှိသူတဦးက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

    14408122_1190323571040337_2051644554_o

    ဂေါပကနှင့် ဆိုင် ၁၉ ခန်းအကြား အထွေထွေအုပ်ချုပ်ရေးပိုင်းမှ ညှိနှိုင်းပေးရာ တစ်လ ၅၀၀၀ ကျပ်သာပေးနိုင်မည်ဟုသာ အကြောင်းပြန်ခဲ့ပြီး ဈေးရောင်းဈေးဝယ်ရှိရာ နေရာကောင်းဖြစ်သဖြင့် တိုးပေးရန် ထပ်မံညှိနှိုင်းရာ မတိုးပေးနိုင်ကြောင်းဖြစ်ခဲ့သဖြင့် ညှိနှိုင်းမှု မပြီးမြောက်ခဲ့ပါ။

    လိပ်ခဲတည်းလည်းဖြစ်နေ၍ ဂေါပကအဖွဲ့မှ စပေါ်ငွေ ပြန်အမ်းပေးမည်ဆိုရာ စပေါ်တင်ခဲ့တဲငွေက ၁၉၉၅ က ရွှေ ငါးကျပ်သားနှုန်းဖြစ်ခဲ့၍ ယနေ့ရွှေဈေးနှင့် အညီလိုချင်သည်ဟု အရေးဆိုနေတယ်လို့ ပြောပါတယ်။

    ရွှေပေါက်ဈေးနဲ့အညီဆိုသည့် ကိစ္စမှာလည်း ထွေအုပ်တာဝန်ရှိသူများက ထိုစဉ်က စပေါ်ငွေကို ဂေါပကအဖွဲ့မှာ အဓမ္မတောင်းဆိုခဲ့ခြင်းမျိုး ရှိခဲ့လား စုံစမ်းမေးမြန်းရာ မိမိတို့ စိတ်ဆန္ဒနဲ့ အညီသာ ပေးခဲ့ကြောင်း ထိုဆိုင်များမှ ဝန်ခံခဲ့ပါတယ်။
    ညှိနှိုင်းမှုဖြင့်မအောင်မြင်ခဲ့သဖြင့် ဥပဒေအတိုင်းသာ ရှေ့ဆက်ဆောင်ရွက်ရန် အုပ်ချုပ်ရေးပိုင်းမှ အကြံပြုခဲ့တယ်လို့ သိရပါတယ်။

    ဈေးနှုန်းဟောင်းမှာ ယခုပေါက်ဈေး ဆိုင်ခန်းတည်နေရာ အနေအထား ဈေးကွက်တို့နှင့် ယှဉ်လျှင် နည်းလွန်းနေပြီး အဆိုပြု ဈေးနှုန်းသစ်မှာ သင့်တော်သော်လည်း ၃၉ဆိုင်အနက် ဈေးကွက်အားနည်းတဲ့ ဆိုင်နှစ်ဆိုင် သုံးဆိုင် အတွက်မှု အခက်အခဲ ဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

    ယနေ့  ဆန္ဒဖော်ထုတ်သူ ဆိုင်ခန်းဌားရမ်းသူများတွင်  အစ္စလာမ်ဘာသာဝင်တွေသာမက အခြားဘာသာဝင်များလည်း ပါဝင်ကြောင်း သိရှိရတယ်။

    “အများနဲ့ အဖွဲ့နဲ့ လုပ်ရတာမျိုးဆိုတော့ စံကွဲလို့ မရဘူးထင်တယ်။ အဲ့ဒီဆိုင်တွေက ဈေးကွက်နှင့် ကိုက်ညီမှုရှိတဲ့ကုန်တင်ဖို့၊ အရောင်းအဝယ်ဖြစ်နိုင်တဲ့ ဆိုင်မျိုးပြောင်းဖို့၊ သို့မဟုတ် အခြားသူကို သင့်လျော်တဲ့ ဈေးနှုန်းတစ်ခုနဲ့ တစ်ဆင့်ပြန်ငှားတာမျိုး လုပ်ဖို့ အကြံပေးလိုပါတယ်။” ရပ်မိရပ်ဖတစ်ဦးက အကြံပေး မှတ်ချက်ပြုပါတယ်။

    လက်ရှိ ဂေါပကအဖွဲ့မှာ တိုင်းအဆင့် ဘာသာရေးအဖွဲ့ကြီးများ၏ ကြီးကြပ်မှုဖြင့် အရွယ်ရောက် ဗလီဂျမအသ်ဝင် အစ္စလာမ်ဘာသာဝင်များမှ မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်ထားသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

  • ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာ ဒုက္ခသည် အရေး မြန်မာ အစိုးရနှင့် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ် ရှိခ်ဟာဆီနာ ပြော

    ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာ ဒုက္ခသည် အရေး မြန်မာ အစိုးရနှင့် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ် ရှိခ်ဟာဆီနာ ပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    bang

    – ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ မြန်မာဒုက္ခသည်များအရေး မြန်မာအစိုးရနှင့် ပူးပေါင်းဖြေရှင်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားလိုက်သည်။

    “ဒီပြဿနာအတွက် ထိရောက်တဲ့အဖြေရှာဖို့ မြန်မာအစိုးရသစ်နဲ့ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကျွန်မ အဆက်အသွယ် ရှိနေပါတယ်” ဟု နယူးယောက်မြို့တွင် အမေရိကန်သမ္မ ဘာရက်အိုဘားမား၏ ဦးဆောင်မှုဖြင့် ပြုလုပ်သည့် ဒုက္ခသည်အရေး ထိပ်သီးအစည်းဝေး မိန့်ခွန်းတွင် ရှိခ်ဟာဆီနာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မြောက်များစွာကို နှစ်ပေါင်း ၃၀ နီးပါး လက်ခံထားရသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။

    “ရင်းမြစ်တွေ အကန့်အသတ်ရှိပေမယ့်လည်း ကျွန်မတို့ဟာ အဲဒီဒုက္ခသည်တွေအတွက် တာဝန်တွေကို ဆက်ပြီး ယူခဲ့ရပါတယ်။ ကျွန်မတို့ ပြည်သူတွေဟာ သူတို့အတွက် ဘေးအန္တရာယ်ကင်းစေဖို့ နေရာထိုင်းခင်းတွေ ဖန်တီးပေးခဲ့သလို၊ ကူညီထောက်ပံ့မှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်” ဟု ၀န်ကြီးချုပ်က ဆိုသည်။

    ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် မြန်မာဒုက္ခသည်များ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကျွမ်းကျင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး နေထိုင်မှု တိုးတက်စေရေး၊ ၎င်းတို့ မိမိကိုယ်ကို မှီခိုနိုင်စေရေး အာရုံစိုက်သွားမည်ဟု ရှိခ်ဟာဆီနာက ထပ်လောင်းပြောကြားခဲ့သည်။

    “ဘင်္ဂလားဒေ့ရှ်က မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို မကြာသေးမီကပဲ ကျွန်မတို့ သန်းခေါင်စာရင်း ကောက်ခဲ့ပါတယ်”

    ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နိုင်ငံတကာ မိတ်ဖက်များအနေဖြင့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာတွင် ဆက်လက် စေ့စပ်ဆောင်ရွက်ရန်သွားရန်လည်း တိုက်တွန်းခဲ့သည်။

    Ref:nationalmultimedia

  • လဝကရုံးကို ပြည်သူတွေက ရွံကြောက်ဖြစ်နေပြီလို့ လွှတ်တော်အမတ် ဝေဖန်

    လဝကရုံးကို ပြည်သူတွေက ရွံကြောက်ဖြစ်နေပြီလို့ လွှတ်တော်အမတ် ဝေဖန်

    dr-kmm__0
    နေပြည်တော်(စက်တင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုများရှိနေခြင်းနှင့် ဝန်ထမ်းအချို့၏ လာဘ်စားမှုများရှိနေခြင်းအပေါ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ဒေါက်တာခင်မောင်မောင်က ဝေဖန်လိုက်သည်။
    .
    “ပြည်သူတွေက လဝကရုံးကို ကြောက်နေပြီ။ ရွံကြောက်တွေ ဖြစ်နေပြီ။ မသွားရင်လည်း မဖြစ်ဘူး။ သွားရင်လည်း ပိုက်ဆံပေးရတယ်” ဟု ဒေါက်တာခင်မောင်မောင်က စက်တင်ဘာ ၂၁ရက်တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝေဖန်ပြောဆိုသည်။
    .
    မှတ်ပုံတင်ရှိထားပြီးသား နိုင်ငံသားမိဘနှစ်ဦးက မွေးဖွားလာသည့် သား၊ သမီးများသည် ဥပဒေအရ အလိုအလျောက် နိုင်ငံသားဖြစ် ရမည် ဖြစ်သော်လည်း မှတ်ပုံတင်သွားလျှောက်သည့်အခါ လဝကရုံးက သွေးနှောပြန်လည်စိစစ်သည်ဆိုသည့် အကြေင်းပြချက်ဖြင့် ကြန့်ကြာနေခြင်းကြောင့် ဝန်ကြီးဌာနက သွေးနှောပြန်လည်စိစစ်ရန် ညွှန်ကြားထားခြင်းရှိ၊ မရှိ လွှတ်တော်တွင် ဒေါက်တာ ခင်မောင်မောင်က မေးမြန်းခဲ့သည်။
    .
    ၁၄/ဝခမ(နိုင်) ကိုင်ဆောင်ထားသည့် မိဘနှစ်ဦး၏ သမီးသုံးဦးအနက် အငယ်ဆုံးသမီးဖြစ်သူက မှတ်ပုံတင်လျှောက်ထားရာတွင် လဝကရုံးက သွေးနှောပြန်လည်စိစစ်ရမည်ဟူသည့် အကြောင်းပြချက်ဖြင့် အချိန်ခြောက်လကြာချိန်အထိ မှတ်ပုံတင်ထုတ်မပေးကြောင်း၊ သမီးအလတ်ဖြစ်သူမှာမူ မှတ်ပုံတင်တွင် လက်မှတ်ထိုးပေးသည့် ဦးစီးမှူးကို ငွေတစ်သိန်းပေးပြီး မှတ်ပုံတင်လုပ်ခဲ့ရကြောင်း ဒေါက်တာခင်မောင်မောင်က ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ မိသားစုတစ်ခု၏ အခြေအနေကိုဥပမာပေးပြီး လွှတ်တော်တွင် ပြောသည်။
    .
    ဒေါက်တာခင်မောင်မောင်၏ မေးမြန်းချက်အပေါ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေက လာရောက်ဖြေကြားခဲ့ပြီး မှတ်ပုံတင်ပြုလုပ်ရာတွင် သွေးနှောဖြစ်သဖြင့် ပြန်လည်စိစစ်ရန် ညွှန်ကြားထားကြောင်း ဖြေကြားခဲ့သည်။
    .
    “မိဘနှစ်ပါးအား ထုတ်ပေးထားတဲ့နိုင်ငံသားကတ်ပြားများဟာ ဥပဒေနဲ့အညီ ထုတ်ပေးထားခြင်းရှိ၊ မရှိ အထောက်အထားများနဲ့ စိစစ်ပြီးမှသာ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးသိန်းဆွေက ပြောသည်။
    .
    ဝန်ကြီးဦးသိန်းဆွေ၏ ဖြေကြားမှုအပြီးတွင် ဒေါက်တာခင်မောင်မောင်က “ရှေ့ကလူတွေလည်း ထုတ်ပေးပြီးပြီ။ အငယ်ကျမှ အခုလိုထပ်လုပ်တယ်။ ဒါဟာ ပုဂ္ဂိုလ်တစ်ယောက်ထဲကို ကျွန်တော်ဦးတည်ပြီးပြောတာ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးတွေ ကျွန်တော်တို့ကိုတိုင်တာ တိုင်စာ(၃၀)လောက်ရှိတယ်” ဟု ထပ်ဆင့်မေးမြန်းစဉ် ပြောဆိုသည်။
    .
    မှတ်ပုံတင်ရှိပြီးသား မိဘနှစ်ဦး၏ သား၊ သမီးများကို သွေးနှောစိစစ်ရန် ညွှန်ကြားထားခြင်းသည် လဝကဝန်ထမ်းများအတွက် အဂတိလိုက်စားရန် အခွင့်အလမ်းကဲ့သို့ ဖြစ်နေသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မှတ်ချက်ပြုသည်။
    .
    “အောက်ခြေမှာ စိတ်နေ၊ စိတ်ထား မပြောင်းချင်တဲ့သူအချို့က အဲ့ဒါကို အခွင့်အရေးတစ်ရပ်လိုယူပြီး အသုံးချတော့ ပြည်သူလူထုက ဒုက္ခရောက်တယ်။ ပြဿနာဖြစ်တယ်။ ဒါကြောင့် သေသေချာချာ ပြန်လည်စိစစ်ပေးပါ။ ညွှန်ကြားချက်ကို အသုံးချပြီး လုပ်နေတာတွေရှိတယ်လို့ ဝန်ကြီးဌာနကို အသိပေးပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။
    http://www.mizzimaburmese.com/article/18309