News @ M-Media

Blog

  • တူရကီရှိ အစ္စရေးသံရုံးကို တိုက်ခိုက်ရန် ကြိုးပမ်းမှု ဖြစ်

    တူရကီရှိ အစ္စရေးသံရုံးကို တိုက်ခိုက်ရန် ကြိုးပမ်းမှု ဖြစ်

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    turkey

    – တူရကီနိုင်ငံရှိ အစ္စရေးသံရုံအား တိုက်ခိုက်ရန် ကြိုးပမ်းမှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့ပြီး အဆောက်အဦးအတွင်းသို့ မရောက်မီ အစောင့်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    အစောင့်အကျပ် ထူထဲစွာ ချထားသည့် သံရုံအနီးသို့ ဓားကိုင်ထားသော အမျိုးသားတစ်ဦးက ချဉ်းကပ်လာသောကြောင့် အစောင့်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ရန်ကြံစည်သူမှာ ခြေထောက်တွင် ဒဏ်ရာရသွားကြောင်း၊ တိုက်ခိုက်မှုမှာ သံရုံး သို့မဟုတ် ၀န်ထမ်းများအား ရည်ရွယ်ခြင်းလားဆိုသည်ကို မသိရကြောင်း၊ မိမိတို့ဝန်းထမ်းများအားလုံးမှာ ဘေးအန္တရာယ်ကင်းပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အီမန်နျူယဲလ် နဟ်ရွှန်က ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    တူရကီမီဒီယာများကမူ လူနှစ်ဦးက သံရုံးအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ပြီး ၀န်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ စောစောပိုင်းက ထိုအဖြစ်အပျက်အတွင်း အနည်းဆုံး လူတစ်ဦး သေဆုံးသည်ဟု ဖော်ပြခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

    ၂၀၁၀ ခုနှစ်က ဂါဇာသို့ အကူအညီပေးရန် သွားရောက်သည့် တူရကီသင်္ဘောကို အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် တူရကီနိုင်ငံသား ၁၀ ဦး သေဆုံးမှုအပြီး တူရကီနှင့် အစ္စရေးတို့ သံအဆက်အသွယ် ပြတ်တောက်ပြီးနောက်ပိုင်း ပြီးခဲ့သည့် သြဂုတ်လတွင်မှ ပုံမှန် ဆက်ဆံရေး ပြည်လည် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • မက်ဆီမှာ ခေတ်သစ်မာရာဒိုနာဟု ဂျာမန်ဂန္တ၀င်ကစားသမားပြော

    မက်ဆီမှာ ခေတ်သစ်မာရာဒိုနာဟု ဂျာမန်ဂန္တ၀င်ကစားသမားပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    messi

    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီးမှာ ခေတ်သစ် မာရာဒိုနာဖြစ်သည်ဟု ဂျာမနီဂန္တ၀င်ကစားသမား လိုသာမားသက်စ်က ပြာကြားလိုက်သည်။

    ဘာစီလိုနာ၊ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့နှင့် ခြေစွမ်းပြနိုင်သည့် မက်ဆီမှာ တစ်ခေတ်တစ်ခါက နာမည်ကျော်ကစားသမားများဖြစ်သော မာရာဒိုနာ၊ ပီလီတို့နှင့် မကြာခဏ ခိုင်းနှိုင်းချီးကျူးခြင်းခံရသည်။

    မာရာဒိုနာဦးဆောင်သည့် အာဂျင်တီးနားအသင်းနှင့် ၁၉၈၆၊ ၁၉၉၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲများတွင် ရင်ဆိုင်ယှဉ်ပြိုင်ဖူးသည့် လိုသာမားသက်ဇ်ကမူ မက်ဆီအား ထိုကစားသမားများနှင့် နှိုင်းယှဉ်၍ မဖြစ်နိုင်သော်လည်း ၎င်း၏ အောင်မြင်မှုကို အသိအမှတ်ပြုရမည်ဟု ဆိုသည်။

    “လက်ရှိမက်ဆီဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က မာရာဒိုနာလိုပါပဲ” ဟု မားသက်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၁၉၈၆ ခုနှစ်တွင် အာဂျင်တီးနားနှင့်အတူ မာရာဒိုနာ၏ ခြေစွမ်းပြမှုကိုလည်း ၎င်းက ထည့်သွင်း ချီးကျူးခဲ့သည်။

    “၈၆ က အကြောင်းပြောရရင် ကျွန်တော်ဟာ သူတို့ရဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကမ္ဘာ့ဖလားမှာ သူလွှမ်းမိုးခဲ့သလိုမျိုး လွှမ်းမိုးနိုင်တဲ့ ကစားသမားမျိုး ကျွန်တော် မမြင်ဖူးပါဘူး”

    Ref: Goal

  • လူငယ်များ အင်တာနက်စွဲလမ်းနေပါက စိတ်ကျန်းမာရေးပြဿနာ ရှိနိုင်

    လူငယ်များ အင်တာနက်စွဲလမ်းနေပါက စိတ်ကျန်းမာရေးပြဿနာ ရှိနိုင်

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    – ကောလိပ်ကျောင်းသားများအနက် အင်တာနက်စွဲလမ်းခြင်းက အခြားသော စိတ်ကျန်းမာရေးပြဿနာများ ရှိနေသည်ဆိုသော အချက်ပြမှုဖြစ်သည်ဟု ကနေဒါနိုင်ငံက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။

    သုတေသီများမှာ အွန်တာရီယိုမြို့ရှိ McMaster တက္ကသိုလ်မှ ကျောင်းသား ၂၅၄ ယောက်ကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်က တီထွင်ခဲ့သော အင်တာနက်စွဲလမ်းမှုစစ်ဆေးသည့် ကိရိယာ (IAT) အပြင် ၎င်းတို့၏ ကိုယ်ပိုင် တိုင်းတာမှု နည်းလမ်းများကိုလည်း အသုံးပြုခဲ့ကြသည်။

    စောင့်ကြည့်မှုနည်းလမ်းအသစ်အရ ကျောင်းသား ၃၃ ယောက်မှာ အင်တာနက်စွဲလမ်းမှုရောဂါရနေပြီး ကျောင်းသား ၁၀၇ ယောက်သည် ဆိုးဆိုးရွားရွား အင်တာနက်စွဲလမ်းနေသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ကို တွေ့ရှိခဲ့ရသည်။

    ဒေါက်တာ ဗန် အမေရီဂျင်ခေါင်းဆောင်သော အဆိုပါ လေ့လာမှုအဖွဲ့က ကျောင်းသားများ၏ စိတ်လိုက်မာန်ပါဖြစ်ခြင်း၊ စိတ်ကျခြင်း၊ ကြောင့်ကျခြင်းနှင့် စိတ်ဖိစီးမှု စသည့် စိတ်ရောဂါလက္ခဏာများကို လေ့လာခဲ့ပြီးနောက် အင်တာနက်စွဲလမ်းသူများမှာ ၎င်းတို့၏ နေ့စဉ်ဘ၀ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့် ကိစ္စများတွင် ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ စီမံကိန်းရေးဆွဲမှုနှင့် စီမံခန့်ခွဲမှုတို့တွင်လည်း ပြဿနာများ ဖြစ်တတ်ကြောင်း တွေ့ရှိခဲ့ရသည်။

    “အင်တာနက်ကို အလွန်အကျွံသုံးစွဲတာဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ပြင်းထန်မှု၊ လျော့နည်းမှုကို အသွင်ပြောင်း ပုံဖျက်ပေးနိုင်တဲ့ အခြေအနေပါ။ ပြီးတော့ စိတ်တိုတတ်တဲ့ အပြုအမူနဲ့ စိတ်စွဲလမ်းခြင်းတွေနဲ့လည်း စက်ဆပ်မှု ရှိနေပါတယ်” ဟု ဒေါက်တာ ဂျန် ဘူအစ်တလာက ပြောကြားခဲ့သည်။

    ယခုလေ့လာမှုမှာ အင်တာနက်အသုံးပြုမှုနှင့် စိတ်ကျန်းမာရေးတို့အကြား ဆက်နွယ်မှုကိုသာ တွေ့ရှိခဲ့ပြီး အသေးစိတ်သိရှိရန်အတွက် ထပ်မံလေ့လာမှုများ လိုအပ်နေသည်။ သို့သော်လည်း စိတ်ကျန်းမာရေး ဆရာဝန်များအတွက် လူနာများအား ချဉ်းကပ်မှုနည်းလမ်းအသစ်ကို ပေးအပ်နိုင်မည်ဖြစ်သည်။

    Ref : IINA

  • ထရမ့်အတွက် သဘောထားတင်းမာသည့် ဇီယွန်ဝါဒီတစ်ဦးက ၄၅ သန်း ထောက်ပံ့မည်

    ထရမ့်အတွက် သဘောထားတင်းမာသည့် ဇီယွန်ဝါဒီတစ်ဦးက ၄၅ သန်း ထောက်ပံ့မည်

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    zion

    – ရီပတ်ဘလီကန်ပါတီ၏ အတောင့်တင်းဆုံးအလှူရှင်ဖြစ်ပြီး၊ သဘေထားတင်းမာသည့် ဇီယွန်ဝါဒီတစ်ဦးလည်းဖြစ်သူ ရှဲလ်ဒန် အဒဲလ်ဆန်က ပါတီ၏သမ္မတလောင်းဖြစ်သူ ဒေါ်နယ်လ်ထရမ့်၏ မဲဆွယ်ပွဲများအတွက် ကန်ဒေါ်လာ ၄၅ သန်း ထောက်ပံ့မည်ဟု သိရသည်။

    Las Vegas Sands ကာစီနိုလုပ်ငန်း၏ စီအီးအိုဖြစ်သူ အဒဲလ်ဆန်မှာ ဆီးနိတ်လူများစုခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်နှင့် ဆက်နွယ်နေသည့် ရီပတ်ဘလီကန်ပါတီ အထူးနိုင်ငံရေးလှုပ်ရှားမှုကော်မတီဖြစ်သော ‘ဆီးနိတ်ခေါင်းဆောင်မှုရံပုံငွေအဖွဲ့’ နှင့် အောက်လွှတ်တော်မှ ‘ခေါင်းဆောင်မှုရန်ပုံငွေအဖွဲ့’ တို့ကိုလည်း ဒေါ်လာ သန်း ၂၀ စီ ထောက်ပံ့ခဲ့သည်။

    မေလတွင် အဒဲလ်ဆန်က ၎င်းအနေဖြင့် ထရမ့်ကို ထောက်ခံသည်ဟု ပြောကြားခဲ့ပြီး၊ ငွေကြေးအကူအညီပေးမည်ဟုလည်း ဆိုသည်။ ထရမ့်အား သီးသန့်တွေ့ဆုံမှုတစ်ခုတွင် ၎င်းအနေနှင့် ထရမ့်၏ သမ္မတလောင်းမဲဆွယ်ပွဲ၌ ဒေါ်လာ သန်း ၁၀၀ ကျော် အကူအညီပေးရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်ဟု The New York Times သတင်းစာတွင် ဖော်ပြခဲ့သည်။

    ထိုသို့တွေ့ဆုံစဉ် ထရမ့်ကလည်း သမ္မတဖြစ်ပါက မိမိအနေဖြင့် အစ္စရေးနိုင်ငံ လုံခြုံရေးအတွက် ဆောင်ရွက်ပေးမည်ဟု အဒဲလ်ဆန်ကို ကတိပေးခဲ့သည်။ ဇီယွန်ဝါဒီ ဂျူးတစ်ဦးဖြစ်သည့် အဒဲလ်ဆန်မှာ အမေရိကန်ရွေးကောက်ပွဲတွင် မည်သည့်သမ္မတလောင်းကို ထောက်ခံရမည်လဲဟု စဉ်းစားသည့်အခါ အစ္စရေး၏ လုံခြုံရေးက အရေးပါသည့်အချက်ဟု ပြောကြားဖူသည်။

    ပါလက်စတိုင်းပိုင်နက်များအား ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းပြည်သူများကို တရားလက်လွတ် သတ်ဖြတ်နေသည့် အစ္စရေးမှာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်ပြီး အမေရိကန်၏ စစ်ရေးထောက်ပံ့ကူညီမှုကို အများဆုံးရရှိသည့်နိုင်ငံလည်းဖြစ်သည်။ အမေရိကန်အနေဖြင့် အစ္စရေး၏ နိုင်ငံတကာဥပေဒကို ချိုးဖောက်သော ထိုလုပ်ရပ်များကို ကန့်ကွက်ရှုတ်ချလေ့ရှိသော်လည်း ထိုကိစ္စများ ရပ်တန့်ရေး လက်တွေ့တွင် ထိရောက်သော ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း မရှိပေ။

    Ref : Presstv

  • ယခုနှစ် မြေထဲပင်လယ်ကို ဖြတ်ပြေးသည့် ဒုက္ခသည် ၃ သိန်းကျော်ပြီ

    ယခုနှစ် မြေထဲပင်လယ်ကို ဖြတ်ပြေးသည့် ဒုက္ခသည် ၃ သိန်းကျော်ပြီ

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    mid

    – စစ်ပွဲ၊ ပဋိပက္ခနှင့် ဆင်းရဲမွဲတွေမှုတို့ကြောင့် အိုးအိမ်စွန်ခွာခဲ့ရပြီး ဥရောပနိုင်ငံများတွင် ခိုလှုံခွင့်ရရန်အတွက် မြေထဲပင်လယ်ကို ကျော်ဖြတ်ရောက်ရှိလာသည့် ဒုက္ခသည်အရေအတွက်မှာ ယခုနှစ်တွင် သုံးသိန်းကျော်ရှိပြီဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။

    “ဒီနှစ်အတွင်း ဥရောပကမ်းခြေကို ရောက်ဖို့အတွက် ဖြတ်သန်းသွားလာကြတဲ့ ရွှေ့ပြောင်းနဲ့ ဒုက္ခသည်အရေအတွက်ဟာ အခုဆိုရင် သုံးသိန်း ကျော်သွားပါပြီ” ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ ၀ီလီယံ စပင်ဒလာက ယမန်နေ့တွင် ပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ် ပထမ ကိုးလအတွင်း ရွှေ့ပြောင်းသူ ၅၂၀၀၀၀ ထက်နှင့် နှိုင်းယှဉ်ပါက နည်းသွားသည်ဟုလည်း ဆိုသည်။

    ထို့ပြင် ၂၀၁၆ ခုနှစ်မှာ မြေထဲပင်လယ်တွင် အဆိုးဝါးဆုံး အဖြစ်အပျက်များ ဖြစ်ပွားသည့်နှစ်ဖြစ်ပြီး ပင်လယ်ကိုဖြတ်စဉ် သေဆုံး သို့မဟုတ် ပျောက်ဆုံးဟု သတင်းရရှိသည့် ဒုက္ခသည်အရေအတွက်မှာ ၃၂၁၁ ယောက်အထိ ရှိနေသည်။ ထိုအရေအတွက်မှာ ၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံးတွင် သေဆုံးခဲ့သည့် စုစုပေါင်း အရေအတွက် ၃၇၇၁ ထက် ၁၅ ရာခိုင်နှုန်း နည်းသည်ဟု စပင်ဒလာက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အန္တရာယ်ရှိသော ခရီးစဉ်ကို လာရောက်ကြသူများတွင် လစ်ဗျားမှ အီတလီသို့ ရောက်ရှိသူ အရေအတွက်မှာ ပုံမှန်အတိုင်း ရှိခဲ့သော်လည်း တူရကီနှင့် ဂရိသို့ ရောက်ရှိသည့် အရေအတွက်မှာမူ သိသိသာသာ လျော့ကျခဲ့သည်။ မြေထဲပင်လယ်ကို ဖြတ်ကျော်လာသူများတွင် ထက်ဝက်ကျော်မှာ ပြည်တွင်းစစ်ဒဏ်ကို ဆိုးရွားစွာ ခံနေရသည့် ဆီးရီးယားနိုင်ငံမှ ဖြစ်သည်ဟု UNHCR က ဆိုသည်။

    Ref : Presstv