News @ M-Media

Blog

  • “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”

    “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”

    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    ကိုဗခင် (စင်ကာပူ) ရေးသည်။

    .
    ၂၀၀၆ ခုနစ်မှာ ကျွန်တော် စင်ကာပူရောက်တော့ အိမ်အနီးအနားက ဗလီဝတ်ကျောင်းတွေကို အင်တာနက်မှာ ရှာရင်းနဲ့ မြစ်ကြောင်း တလျောက်မှာ ဗလီဝတ်ကျောင်းတွေကို ဟိုတစု ဒီတစု ပိုပြီး တွေ့ရတာကို သတိထားမိတယ်။စင်ကာပူ တနိုင်ငံလုံး ဗလီဝတ်ကျောင်းတော်ပေါင်း အလုံးရေ ၇၀ ရှိပါသည်။ သတိထားမိသလောက် ရိုချာ (Rocher River) မြစ်ဝမှာ ၁၈၄၆ ကဆောက်တဲ့ ဟာဂျီမကြီး ဖာတီမာ ဗလီဝတ်ကျောင်း (Masjid Hajjah Fatimah) ၊မြစ်အပေါ်ကို ဆက်တက်သွားရင် ၁၉၀၇ ခုနစ်က အဗ္ဗဒူလ် ဂဖါးရ် ဗလီဝတ်ကျောင်း (Abdul Gaffoor Mosque၊ ထိုဗလီ နှစ်လုံးကြားမှာ ၁၉၆၂ ခုနစ်ကဆောက်တဲ့   မာလဘာ ဗလီဝတ်ကျောင်း (Masjid Malabar) ပေါ့လေ။စင်ကာပူက နံမည်ကျော် စူလ်တန်ဗလီဝတ်ကျောင်း Masjid Sultan ကိုလည်း ရိုချာမြစ် (Rocher River) နဲ့ ခပ်လှမ်းလှမ်းမှာတွေ့ရပါသည်။
    .
    စင်ကာပူ (Singapore River)  မြစ်ဝမှာ  ၆၂ နှစ်သက်တမ်းရှိ မော်လာနာ မိုဟာမက်အလီ ဗလီဝတ်ကျောင်း (Moulana Mohamed Ali Mosque), မြစ်ညာကိုဆက်တက်ရင် ၁၈၂၀ ခုနစ်က ဆောက်တဲ့ အိုမာ ကန်ပုန်း မလာကာ ဗလီဝတ်ကျောင်း (Masjid Omar Kampong Melaka) ၊ ထို ဗလီ နှစ်လုံးကြား နောက်ဖက်ခပ်လှမ်းလှမ်းမှာ ၁၈၂၆ ကဆောက်တဲ ကျူလီယာ ဗလီဝတ်ကျောင်း (Chulia Mosque) စသည်ဖြင့် မြစ်အောက် ၊မြစ်ဝ၊ မြစ်ညာ ရဲ့  မနီးမဝေးမှာ တွေ့ရပါသည်။
    .
    ကျွ့န်တော်တို့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် တလျောက်က မြို့တွေမှာလည်း အခုလိုပဲ ဗလီဝတ်ကျောင်း တွေ တွေ့ရပါသည်။ ရန်ကုန်ရောက်ရင်လည်း ဗလီတွေ အတော်များများတွေ့လေ့ ရှိသော်လည်း ဒီဗလီတွေကို ဘယ်တုန်းကဆောက်လည်း ဘယ်သူတွေဆောက်ခဲ့လည်း ထူးထူးထွေထွေ အထူးတလည် မစဉ်းစားခဲ့မိရိုး အမှန်ပါ။ ကိုလိုနီခေတ်ဦးမှာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်လိုက်တော့ ကိုလိုနီနိုင်ငံသားတွေ လွတ်လပ်စွာ ကူးသန်းသွားလာရာကနေ ကိုလိုနီခေတ်ရန်ကုန်မှာ ဗလီဝတ်ကျောာင်း အများစုဆောက်ခွင့် ရခဲ့ကြပါတယ်။အုပ်ချုပ်သူအစိုးရက အုပ်ချုပ်ခံ ပြည်သူတွေကို လိုအပ်ချက်အရ တရားဝင် ခွင့်ပြုပေးရတာလည်း ထူးဆန်းလှသည် မဟုတ်ပါ။ မြန်မာပညာတတ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စင်ကာပူမှာလည်း ၁၀စုနှစ် ၂ စုအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊တရားရိပ်သာတွေ ဟာ လွန်ခဲ့တဲ့ ၁၀စုနစ်ကထက် အဆပေါင်းများစွာ တိုးပွားလာပါတယ်။
    .
    ဒါပေမယ့် ဒီနှစ်ပိုင်းတွေထဲ စေ့စေ့ဆော်ဆော် စွပ်စွပ်စွဲစွဲ အကြောင်းတရားတွေဖြစ်လာတော့ လက်လှမ်းမှီသလောက် မူရင်း မှတ်တမ်းမှတ်ရာတွေကို ရှာရှာဖွေဖွေ ဖတ်ကြည့်မိပါတယ်။ ဗလီဲ ဝတ်ကျောင်းတွေနဲ့ ပတ်သက်ပြီး မြို့စွဲ ဒေသစွဲ သန်တဲ့  မန္တလေးသား များကတော့ သူတို့မန်းမြို့က ဗလီ ဝတ်ကျောင်းများကတော့  မန်းလေးမြို့တည် မြန်မာဘုရင် မင်းတုန်းမင်ကြီး လက်ထက်ကတည်းက ရှိခဲ့တာဆိုပြီး ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိတော့၊ ကိုယ့်စိတ်ထဲမှာ ရန်ကုန်မှာရော ဗလီတွေများ အင်္ဂလိပ်လက်ထက် မရောက်ခင်က မရှိခဲ့ဘူးလား။  အင်္ဂလိပ်တွေထက် မြန်မာပြည်စောရောက်တဲ့ အီတလီ၊ပြင်သစ်၊ပေါ်တူဂီ မူရင်းမှတ်တမ်းတွေကို ကိုယ်ကဖတ်နိုင်စွမ်း မရှိတော့  ရန်ကုန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ် မှတ်တမ်းတွေကိုရှာဖွေဖတ်ပါတယ်။ အခုချိန်အထိ ကျွန်တော် လက်လှမ်းမှီသလောက်  ရန်ကုန်မှာ ဗလီဝတ်ကျောင်းတွေကို နေရာအတိအကျနဲ့ ပထမဆုံး မြေပုံမှတ်တမ်းတင်သွားသူက ၁၈၄၆ ခုနစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့ မစ္စတာဂရန့်ပါ။ ဆရာတင်နိုင်တိုး စာအုပ် အရဆို မစ္စတာဂရန့် အလည်လာချိန်မှာ ၁၈၄၅ မှ ၁၈၄၆ အထိတာဝန်ယူခဲ့တဲ့ မြန်မာ မြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ကျော်ထင် (ဦးညို) သို့မဟုတ် ၁၈၄၆ မှ ၁၈၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ မြို့ဝန်မင်းကြီးမဟာမင်းခေါင်ရာဇသူ (ဦးထိုက်) လက်ထက် အချိန် ဖြစ်မယ်လို့ယူဆပါသည်။

    111
    .
    သူရဲ့ ရန်ကုန်သို့ ခရီးတခေါက်စာအုပ် စာမျက်နှာ ၂၁မှာ(A little further in-land appears the plain wooden spire of the Armenian Church, not very far from which, on the same road is the Roman Catholic Church, whilst in three different parts of the town there are Mohummudan mosques, indicating that intolerance in religious matters, at least, is not amongst the faults of the Boodhists.) ရန်ကုန်ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ အာမေးနီးယန်းချပ်စ် တခု၊ရိုမန်ကက်သလစ်ချပ်စ်တခုနဲ ဗလီဝတ်ကျောင်းသုံးခုတွေ့ရကြောင်း ရေးသွားခဲ့ပါတယ်။ထို့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူ့စာအုပ်ရဲ့ နောက်ဆုံးက မြေပုံမှာ ဗလီဝတ်ကျောင်း သုံးခုရဲ့ နေရာအတိအကျ ကို ထည့်ဆွဲပေးခဲ့တာပါ။ ၎င်းမြေပုံထဲမှာပဲ တရုတ်သင်းချိုင်း၊ အင်္ဂလိပ်သင်းချိုင်းကြား ထဲမှာ မွတ်စ်လင်တွေအတွက် ကဘရ်စတန် တစ်ခုကိုပါ မြို့အပြင်မှာတွေ့ရနိုင်ပါတယ်။
    .14330834_10208277601912355_381737537_n
    ၎င်းရန်ကုန်မြို့ဟောင်းမြေပုံနဲ့ ပတ်သက်ပြီး သတိထားမိတာ တခုက ၁၉၉၈ ခုနစ်ထုတ် ဦးအေးချို (မဟာဝိဇ္ဇာ) ရေးတဲ့ ဆူးလေစေတီသမိုင်း စာအုပ် စာမျက်နှာ ၃၂မှာ အလောင်းမင်းတရားလက်ထက်ရန်ကုန်မြို့ဆိုတဲ့ မြေပုံမှာ ဗလီတလုံးပဲ နေရာပြထားတော့ ၊ နောက်ထပ် ၂လုံးက အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ထဲမှာ နောက်ပိုင်းမှ ထပ်ဆောက်တယ်လို့ တွေးထင်မိပါ၏။
    .
    ဆရာကြီး ဦးမောင်ကိုဂဖါရီက ၁၉၆၀ အောက်တိုဘာလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းမှာ ရန်ကုန်မှာ ဗလီသုံးလုံးရှိခဲ့ဖူးကြောင်း၊ တခြမ်းပဲ့ဗလီ၊ လမ်း၁၃၀ ပိန္နဲကုန်းဗလီနဲ့ ဘင်ဂါလီကဘရ်စတန်ထဲက ဗလီတွေဖြစ်ကြောင်း၊ သူရဲ့ရန်ကုန်ရောက် ရှေးဦး မွတ်စ်လင် အသိုင်းအဝိုင်းဆောင်းပါးထဲမှာ ရေးထားတာလည်းဖတ်ရသည်။
    .
    ရန်ကုန်မြို့ဟောင်းတည်ဆောက်ပုံအရ ဆရာကြီးရေးတဲ့ ဗလီသုံးလုံးဟာ ဂရန့်စာအုပ်ထဲက ဗလီတွေထက် ပိုပြီးနောက်ကျနိုင်ဖွယ် ရှိပါသည်။
    .
    ထိုကြောင့် ဂရန့်ရဲ့ စာအုပ်ထဲက ဗလီဝတ်ကျောင်းတော်သုံးလုံးဟာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ ဗမာဘုရင် လက်ထက်တော်က မြေပုံနဲ့တကွ အခိုင်အမာတွေ့ရတဲ့ဗလီဝတ်ကျောင်းသုံးလုံးဖြစ်ကြောင်း ဆင်ခြင်မိပါတယ်။ စိတ်ဝင်စားသူများ အတွက်ကတော့ အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျယ်အဝန်း၊  ခန့်မှန်းခြေ လူဦးရေ နဲ့ လက်ရှိ မြို့အနေအထားအရဆို ဘယ်နေရာ လောက်မှာ တည်ရှိမည်နိုင်ဆိုတာ ဆက်လက်စူးစမ်းသင့်ပေသည်။
    .
    မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှ အနှံ့ မြစ်ကမ်း၊ မြစ်ဆိပ်၊မြစ်ဝတွေနဲ့ မနီးမဝေးအရပ်တွေမှာ မွတ်စ်လင်ကုန်သည်လူတန်းစားများ အေးချမ်းစွာနေထိုင်ခဲ့ကြောင်း သက်သေတည်လျက်ရှိပါ၏။

    ကိုဗခင် (စင်ကာပူ)

    ကူးချထားသောစာအုပ်များ
    ၁) ဆူးလေစေတီသမိုင်း, ဦးအေးချို (မဟာဝိဇ္ဇာ), ၁၉၉၈ ခုနစ်ထုတ်။
    ၂) စာမျက်နှာ ၃၁၊ မဟာရန်ကုန်ကောက်ကြောင်း၊ တင်နိုင်တိုး။
    ၃) The First Muslim Community of Rangoon by Mg Ko Gaffari, The Guardian Magazine, 1960 October
    ၄) A Rough Pencillings of a Rough Trip to Rangoon in 1846, Colesworthy Grant

  • အီရန်၏ နျူဓာတ်အားပေးစက်ရုံ တိုးချဲ့မည်

    အီရန်၏ နျူဓာတ်အားပေးစက်ရုံ တိုးချဲ့မည်

    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    iran-nuke

    – နိုင်ငံ၏ Bushehr နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဓာတ်အားပေး ယူနစ်နှစ်ခုကို စတင်ဆောက်လုပ်တော့မည်ဟု အီရန်နိုင်ငံက ကြေငြာလိုက်သည်။

    အီရန်နျူစွမ်းအင်အဖွဲ့ချုပ် (AEOI) ဥက္ကဌ အလီ အက္ကဘာ ဆွာလေဟီက စနေနေ့တွင် ကြေငြာလိုက်ခြင်းဖြစ်ပြီး အဆိုပါ ယူနစ် ၂ ခု အုတ်မြစ်ချပွဲအခမ်းအနားသို့ ရုရှားကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။ Bushehr ဓာတ်အားပေးစက်ရုံကို၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အပြည့်အ၀ လည်ပတ်နိုင်ခဲ့ကာ ပထမဆုံး ယူနစ် ဆောက်လုပ်မှုမှာ ဧပြီလတွင် ပြီးစီးခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ နျူကလီးယားအသုံးပြုမှု မျက်နှာစာသစ်ကို ဖွင့်လှစ်လိုက်နိုင်ပါပြီ။ Bushehr နျူဓာတ်အားပေးစက်ရုံမှာ နောက်ထပ် ဓာတ်အားပေး ယူနစ်နှစ်ခုကို တည်ဆောက်တော့မှာ ဖြစ်ပါတယ်” ဟု ဆွာလေဟီက ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံ၏ အဓိပတိ အယာတိုလာ ခါမေနီ၏ လမ်းညွှန်မှုအောက်တွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး အီရန်အစိုးရက စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ၏ ဘေးအန္တရာယ်ကင်းရှင်းရေး သဘောတူညီချက် မူဘောင်များနှင့်အညီ ဆောင်ရွက်နေကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    ကန်ဒေါ်လာ ၈.၅ ဘီလီယံခန့် ကုန်ကျမည့် အဆိုပါ ဓာတ်အားပေး ယူနစ်နှစ်ခုမှာ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစေမည်ဖြစ်ပြီး ရေနံစည်ပေါင်း ၂၂ သန်းကိုလည်း ချွေတာနိုင်မည်ဖြစ်ကာ လေထုထဲသို့ ကာဘွန်ထုတ်လွှတ်မှု တန်ချိန် ၁၄ သန်းကို လျှော့ချနိုင်မည်ဖြစ်သည်။

    Ref : Presstv

  • အောက်စဖို့ဒ်တွင် ၁၁ ကြိမ်မြောက် မွတ်စလင်လူငယ်ဖိုရမ် ကျင်းပ

    အောက်စဖို့ဒ်တွင် ၁၁ ကြိမ်မြောက် မွတ်စလင်လူငယ်ဖိုရမ် ကျင်းပ

    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    oxford

    – အောက်စဖို့ဒ်တက္ကသိုလ်၏ အစ္စလာမ့်ရေးရာ လေ့လာရေးစင်တာ (OCIS) မှာ အောက်စဖို့ဒ်မြို့တွင် ၁၁ကြိမ်မြောက် ဗြိတိန် မွတ်စလင်လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ်ကို သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၉ ရက်နေ့အထိ ကျင်းပခဲ့သည်ဟု သိရသည်။

    အဆိုပါ ဖိုရမ်မှာ ဗြိတိန်မွတ်စလင်လူငယ်များ ၎င်းတို့၏ စွမ်းဆောင်ရည် တိုးတက်စေရန်၊ ၎င်းတို့ထိခိုက်ခံရသည့် ကိစ္စရပ်များအပေါ် ၎င်းတို့၏သဘောဆန္ဒများ ထုတ်ဖော်နိုင်ရန်နှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးတွင် မိမိတို့၏ စွမ်းရည်များနှင့် အလားအလာကို ပြသခွင့်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အစ္စလာမ့်ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (ISESCO) ၏ အထွေထွေညွှန်ကြာရေးမှူးဖြစ်သူ ဒေါက်တာ အဗ္ဗဒူလ် အဇစ် အွတ်စ်မန် အလ်တာဝေ့ဂ်ျရီ တက်ရောက်ခဲ့သည်။

    ဒေါက်တာ အလ်တာဝေ့ဂ်ျရီက အမှာစကားပြောကြားရာတွင် လူ့အဖွဲ့အစည်းမှ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရေး၊ ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးတို့ကို မြှင့်တင်ရာတွင် လူငယ်များ၏ အခန်းဏ္ဍမှာ အလွန် အရေးကြီးကြောင်း၊ မိမိတို့၏ ISESCO အဖွဲ့မှာ လူငယ်များ၏ အရေးကိစ္စတွင် အာရုံစိုက်ထားပြီး သုံးနှစ်လုပ်ငန်းဆောင်ရွက်မှု စီမံကိန်း (၂၀၁၆-၂၀၁၈) တွင် လူငယ်များ၏ ပြဿနာများ အထူးသဖြင့် ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် ဆက်သွယ်ရေးဆိုင်ရာများကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    တစ်ပတ်တာ ကြာမြင့်ခဲ့သည့် အဆိုပါဖိုရမ်ကို ၀န်ကြီးများ၊ နိုင်ငံရေးသမားများ၊ လွှတ်တော်အမတ်များ၊ ဥပဒေနှင့် စီးပွားရေးအထူးပြုများ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ အင်န်ဂျီအိုကိုယ်စားပြုများနှင့် ဗြိတိန်မီဒီယာများ တက်ရောက်ခဲ့ကြသည်။

    Ref : IINA

  • နိုင်ငံရပ်ခြားမှ ပါလက်စတိုင်းများ အမိမြေနှင့် အဆက်အသွယ်ထားရန် PLO တိုက်တွန်း

    နိုင်ငံရပ်ခြားမှ ပါလက်စတိုင်းများ အမိမြေနှင့် အဆက်အသွယ်ထားရန် PLO တိုက်တွန်း

    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    pales-tine

    – ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ၏ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဟာနန် အက်ရှ်ရာဝီက နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် ပါလက်စတိုင်းနွယ်ဖွားများအနေဖြင့် ပါလက်စတိုင်းနှင့် အဆက်အသွယ်မပြတ်စေရန်၊ ၎င်းတို့၏ ဇာတိမြေနှင့် စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တိုက်တွန်းလိုက်သည်ဟု သိရသည်။

    အလည်အပတ်ရောက်ရှိနေသည့် ချီလီနိုင်ငံမှ ပါလက်စတိုင်းနွယ်ဖွား စီးပွားရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး၊ အစ္စရေးမှာ ပါလက်စတိုင်းများကို ဖျောက်ဖျက်ရန် ကြံစည်နေသည်ဟု ဆိုသည်။

    “ပါလက်စတိုင်းတွေရဲ့ အမှတ်သညာကို ဖျောက်ဖျက်ပစ်ဖို့၊ ကျွန်မတို့ရဲ့တိုင်းပြည်၊ သမိုင်း၊ ယဉ်ကျေးမှုနဲ့ ခိုင်မာတဲ့ဆက်နွယ်မှုကို ပျောက်ပျက်စေဖို့ အစ္စရေးကကြိုးစားနေတာကြောင့် ကျွန်မတို့ အမိမြေကနေ ပြောင်းရွှေ့သွားသူတွေ၊ နှင်ထုတ်ခံရတဲ့သူတွေ၊ ဒုက္ခသည်အဖြစ် ခိုလှုံနေရတဲ့သူတွေက ဇာတိမြေကို ပြန်လာပြီး ရင်းနှီးမြှုပ်နှံဖို့ အသင့်ဖြစ်နေတာကို တွေ့ရတာ ကျွန်မအနေနဲ့ အလွန်ပဲ အားတက်မိပါတယ်” ဟု အာက်ရှ်ရာဝီက ရာမာလာမြို့ရှိ သူမ၏ PLO ရုံးခန်း၌ အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့သည်။

    “ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို စွန့်လွှတ်ဖို့ ဒါမှမဟုတ် ဖျောက်ဖျက်ဖို့ ကျွန်မတို့ ခွင့်မပြုပါဘူး။ ရှင်တို့ရဲ့ ပါလက်စတိုင်းကို ပြန်လာခြင်း၊ ဇာတိမြေနဲ့ အဆက်အသွယ် ထားရှိခြင်းဟာ ပါလက်စတိုင်းတွေအနေနဲ့ မိမိတို့ပိုင်နက်နဲ့ သက်ဆိုင်မှု၊ လွပ်လပ်မှု၊ ဂုဏ်သိက္ခာဆိုတဲ့ ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို ခိုင်မြဲအောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်”

    အစ္စရေးက နိုင်ငံတကာဥပဒေများ၊ ပါလက်စတိုင်းတို့၏ အခွင့်အရေးများကို ချိုးဖောက်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို စနစ်တကျ ချိုးဖောက်မှုတို့အကြောင်းကိုလည်း အက်ရှ်ရာဝီမှာ အဆိုပါကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။

    Ref : IINA

  • NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    စက်တင်ဘာ ၁၁ ၊ ၂၀၁၆
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။
    .
    Identity Card for National Verification

    (NVC) နှင့် ပတ်သတ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
    .
    M-Media- အရင်ဆုံး NVC ဆိုတာ ဘယ်လိုလူတွေကို ထုတ်ပေးလို့ရလည်းဆိုတာ ရှင်းပြပေးပါလား။
    .
    ဦးခင်မောင်ချို- ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ်-၁၃ (၁) အရ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူတွေကိုသာ အပိုဒ်-၁၃(၄) အရ ယာယီသက်သေခံ လတ်မှတ်သစ်တစ်ခု (NVC) ထုတ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် အားလုံးဟာ ယာယီသက်သေခံလတ်မှတ် ကိုင်ဆောင်ထားတဲ့သူတွေ မဟုတ်ကြတဲ့အတွက် သူတို့ကို အစုလိုက် အပြုံလိုက် NVC တွေ ထုတ်ပေးဖို့ မလိုအပ်ပါဘူး။
    .
    M-Media-  နိုင်ငံသားအထောက်အထား တင်ပြနိုင်မှု အားနည်းရင်ရော ဘယ်လိုလုပ်လို့ရနိုင်မလဲ။
    .
    ဦးခင်မောင်ချို- အထောက်အထားတင်ပြနိုင်မှု အားနည်းရင် (ဒါမှမဟုတ်) မည်သည့်နိုင်ငံသား အမျိုးအစားမှာ အကျုံးဝင်ကြောင်း အတည်ပြုဖို့ ဒိဟဖြစ်နေရင် (ဒါမှမဟုတ်) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ပြဌာန်းချက်တွေနဲ့ အကျုံးမဝင်ဘူး (သို့) NVC ကိုင်ဆောင်သူတွေထဲကမှ လျှောက်ထားလာရင် လျှောက်ထားသူ (အလွှာရှင်) ရဲ့ ဆန္ဒအလျှောက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ လျှောက်ထားဖို့ ညွှန်ပြပါလိမ့်မယ်။ (ပုဒ်မ -၆၅။    ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့ကို လျှောက်ထားနိုင်သည်) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစီစစ်ပေးဖို့ လိုအပ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင်ငံသားအမျိုးအစားအလိုက် ထုတ်ပေးဖို့မှလည်း အချိန်ယူဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် အလွှာရှင်ဟာ အချိန်ကာလကြာမြင့်နိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသွားနိုင်ပါတယ်။
    .
    M-Media- မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံသားဖြစ်ဖို့အတွက် နည်းလမ်းတွေရော ဘယ်လိုမျိုးတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို-     မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်အများစုဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေပဲ ဖြစ်ကြပါတယ်။ ၁၉၄၇ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၀၊ ၁၉၇၄ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၁၄၅(ခ) နဲ့ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ရပ်က ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေကို အသိအမှတ်ပြု အတည်ပြုထားပြီးတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆ ကလည်း ထပ်မံအတည်ပြုထားပါတယ်။
    နောက်ပြီး ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ-၁၄ တွင် “ဥပဒေ ပြဌာန်းချက် တစ်ရပ်ရပ်ကို အခြားဥပဒေတစ်ရပ်ရပ်ဖြင့် ရုပ်သိမ်းရင် (က) ရုပ်သိမ်းခြင်း ခံရသော ပြဌာန်းချက်ရဲ့ အာဏာသက်ရောက်ခြင်းကို မထိခိုက်စေရ။ ထို့ပြင် ယင်းဥပဒေ ပြဌာန်းချက်အရ နည်းလမ်းတကျ ပြုလုပ်ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။(ခ) ရုပ်သိမ်းခြင်းခံရသော ပြဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို မထိခိုက်စေရ” လို့ ပြဌာန်းထားပါတယ်။ အဲ့ဒီအခွင့်အရေးတွေဟာ ဒီနေ့တိုင် တည်မြဲနေတဲ့အတွက် ဒီဥပဒေအရ အစ္စလာမ်ဘာသာဝင် အများအပြားဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေ ဖြစ်ကြပါတယ်။
    .
    M-Media-  အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနေကြတာကိုရော ဆရာ ဘာများပြောချင်ပါသလဲ။
    .
    ဦးခင်မောင်ချို-     သွေးနှောဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သတ်ပြီးတော့ ဒီအသုံးအနှုန်းဟာ နိုင်ငံသား ဥပဒေ၊ နည်းဥပဒေတွေမှာ မပါဝင်တဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းချက် တစ်စုံတစ်ရာ မရှိပဲနဲ့ သွေးနှော လို့ ခေါ်ဝေါ် သုံးနေကြတာဟာ တည်ဆဲ ဥပဒေတွေနဲ့ ညီညွတ်ခြင်း မရှိပါဘူး။ ဥပဒေတစ်ရပ် ပြဌာန်းဖို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့် အသီးသီး ရှိပါတယ်။ ညွှန်ကြားချက် အမိန့်တွေဟာ ဥပဒေ၊ နည်းဥပဒေတွေကို မကျော်လွန်နိုင်ပါဘူး။ အဲ့ဒီတော့ အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနှုန်းနေခြင်းဟာ ဥပဒေနဲ့ မညီညွှတ်ပါဘူး။
    .
    M-Media-  ဘာသာရေးအရ ခွဲခြားဆက်ဆံခံနေရတာတွေလည်း ရှိနေတယ်၊ အဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါလဲ။
    .
    ဦးခင်မောင်ချို-     အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေဟာ ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် ဘွဲ့လတ်မှတ် မထုတ်ယူနိုင်သူတွေ အများအပြား ရှိနေပါတယ်။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်သင်ရှေ့နေတွေ၊ အထက်တန်းရှေ့နေတွေ လိုင်စင်လျှောက်ရာမှာလည်း အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေလည်း သတ်မှတ်ချက်တွေ ပြည့်စုံပါလျှက်နဲ့ နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေတက်ဖို့ ဝင်ခွင့်မရကြပါဘူး။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရူံးမှုတွေလည်း များပြားနေပါတယ်။ ဘာသာရေးအရ ခွဲခြားရာ ရောက်နေတဲ့အတွက် အခုလုပ်ရပ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေပါတယ်။
    .
    M-Media-  နိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရကရော ဘယ်လို တာဝန်အပိုင်းတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၇၄ အရ မြန်မာနိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေန့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေကပဲ တည်ဆဲဥပဒေတွေနဲ့အညီ အဆုံးအဖြတ် ပေးနိုင်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေဟာ နိုင်ငံတော်အစိုးရကို တာဝန်ခံပေးပြီး မြန်မာနိုင်ငံသား လုပ်ငန်းရပ်တွေကို အကောင်အထည်ဖော်ရပါတယ်။ ပုဒ်မ-၇၀(ခ) အရ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာ အပြီးအပြတ် ဖြစ်ပါတယ်။
    .
    M-Media-  ဆရာ့အနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိပေမယ့်လည်း ဒီဥပဒေဟာ တည်ဆဲဖြစ်နေတဲ့အတွက် ဒီဥပဒေအရသာ ဆုံးဖြတ်လို့ ရပါမယ်။ နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်မှာ အစ္စလာမ်ဘာသာဝင်တွေကို တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစစ်ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံ လိုပါတယ်။