News @ M-Media
Blog
  • မွတ်စလင်တို့၏ ကုရ်ဘာနီအီးဒ်နေ့အတွက် စင်ကာပူဝန်ကြီးချုပ် နှုတ်ခွန်းဆက်သ
    မွတ်စလင်တို့၏ ကုရ်ဘာနီအီးဒ်နေ့အတွက် စင်ကာပူဝန်ကြီးချုပ် နှုတ်ခွန်းဆက်သ
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    lee
    – စင်ကာပူနိုင်ငံမှာ ယနေ့ (စက်တင်ဘာ ၁၂ ရက်နေ့) ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အီဒွလ်အသွဟာနေ့ (ကုရ်ဘာနီအီးဒ်နေ့) အတွက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
    “ဒီနှစ်မှာ ကျွန်တော်တို့နိုင်ငံသား ၆၈၀ ဟာ သူတို့ရဲ့ ဟဂ်ျတာဝန်ကို ထမ်းဆောင်ဖို့အတွက် သွားခဲ့ကြပါတယ်။ ဟဂ်ျပြုခြင်းဆိုတာ အစ္စလာမ်သာသာနာရဲ့ ပဉ္စမမြောက်မဏ္ဍိုင်ပါ။ နှစ်တိုင်းမှာ သန်းပေါင်းများစွာသော မွတ်စလင်တွေဟာ ဒီ ဟဂ်ျတာဝန်ကို ထမ်းဆောင်ဖို့ ဆော်ဒီအာရေဗျကို သွားရောက်ကြပါတယ်။ ကျွန်တော်တို့တိုင်းပြည်က ဟဂ်ျပြုသူတွေအနေနဲ့လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး၊ ရည်မှန်းချက်ပြည့်ဝတဲ့ ခရီးစဉ် ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်”
    နောက်ပြီး မွတ်စလင်တွေရဲ့ အသားဝတ္ထု စွန့်လှူဒါနပြုမှု ရည်ရွယ်ချက်ကိုလည်း လီရှန်လွန်းက ဖော်ပြခဲ့ပြီး အဲဒီစွန့်လှူဒါနပြုဖို့အတွက် သားကောင်တွေကို စင်ကာပူအစိုးရက တင်သွင်းရာမှာ သေဆုံးမှုအချို့ ရှိခဲ့တဲ့အတွက်လည်း တောင်းပန်ခဲ့ပါတယ်။
    “မွတ်စလင်တွေဟာ ဒီနေ့မှာ စွန့်လှူဒါနပြုမှုတွေ ပြုလုပ်ကြပြီး ချို့တဲ့သူတွေ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဝေငှလှူဒါန်းကြပါတယ်။ ကံမကောင်းတာက စင်ကာပူကို လေယာဉ်နဲ့သယ်လာတဲ့ သိုးတစ်ချို့ဟာ သေဆုံးသွားခဲ့ပြီး၊ ဘာ့ကြောင့် ဒီလိုဖြစ်တာလဲဆိုတာကိုလည်း ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    နောက်ဆုံးမှာတော့ ကုရ်ဘာနီ စွန့်လှူဒါနပြုမှုကို သတ်မှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း လုပ်ဆောင်နေကြပြီး၊ အဲဒီလို လုပ်နိုင်ဖို့အတွက် နေ့မအားညမနား ဆောင်ရွက်ပေးခဲ့သူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: Facebook of Hsien Loong
  • ဖိလစ်ပိုင်၏ မူးယစ်နှိမ်နင်းရေး အောင်မြင်သည်ဟု အစိုးရတာဝန်ရှိသူ ပြော
    ဖိလစ်ပိုင်၏ မူးယစ်နှိမ်နင်းရေး အောင်မြင်သည်ဟု အစိုးရတာဝန်ရှိသူ ပြော
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    phili-3
    – နှစ်လအတွင်း လူ့အသက်ပေါင်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသည့် ဖိလစ်ပိုင်၏ မူးယစ်နှိမ်နင်းရေး ဆောင်ရွက်မှုမှာ အောင်မြင်သည်ဟု သမ္မတ ရော်ဒရီဂို ဒူတာတီ၏ ပြောရေးဆိုခွင့်ရှိသူ မာတင် အန်ဒါနာက ပြောကြားလိုက်သည်။
    ဖိလစ်ပိုင်၏ ထိုကဲ့သို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှုကို လူ့အခွင့်အရေးအဖွဲ့များနှင့် အနောက်နိုင်ငံများက ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး အန်ဒါနာကမူ သေဆုံးသွားသူများမှာ ဝေဖန်သူများ စွပ်စွဲသလို အစိုးရတပ်ဖွဲ့ဝင်များ၏ နှိမ်နှင်းမှုကြောင့် မဟုတ်ဘဲ လူဆိုးဂိုးဏ်များအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် သေဆုံးရခြင်းဟု ဆိုသည်။
    သမ္မတဒူတာတီမှာ ရာဇ၀တ်ကောင်များကို သုတ်သင်ပစ်မည်ဟူသည့် ကတိဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလာခဲ့ပြီးနောက် ၎င်း၏ ကတိကို အကောင်အထည်ဖော်နေသည်။
    “ရဲတပ်ဖွဲ့စစ်ဆင်ရေးတွေဟာ အောင်မြင်ပါတယ်။ ဒါပေမယ့် ဂိုးဏ်တွေအချင်းချင်း တိုက်ပွဲတွေဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက် သတ်နေကြတာပါ” ဟု အန်ဒါနာက ဆိုပြီး ထိုသတ်ဖြတ်မှုများကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သမ္မတ ဒူတာတီ၏ ရာဇ၀တ်မှုဆန့်ကျင်ရေး စတင်သည့်အချိန်ကတည်းက တစ်နေ့လျှင် လူပေါင်း ၄၁ ဦး သေဆုံးနေသည်ဟု ဖော်ပြနေသည်။
    ကုလသမဂ္ဂ တာဝန်ရှိသူများ၊ လူ့အခွင့်အရေးအုပ်စုများ၊ ဖိလစ်ပိုင်ပြည်တွင်းမှ ကတ်သလစ်ဘုရားကျောင်းခေါင်းဆောင်များနှင့် အချို့ဥပဒေပညာရှင်များက ဒူတာတီ၏ ကြမ်းတမ်းရက်စက်သော ထိုစစ်ဆင်ရေးကို ဝေဖန်ခဲ့ကြပြီး ယင်းအပြုအမူမှာ ဖိလစ်ပိုင်နိုင်ငံရှိ တရားဥပဒေစိုးမိုးမှုကို ပျက်စီးသွားစေမည်ဟု ပြောကြားခဲ့သည်။
    Ref : Bangkokpost
  • ဘန်ကောက်တွင် ဇီကာကူးစက်သူ ၂၁ ဦး ထပ်မံတွေ့ရှိ
    ဘန်ကောက်တွင် ဇီကာကူးစက်သူ ၂၁ ဦး ထပ်မံတွေ့ရှိ
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    zik-5
    – ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ စီးပွားရေးအချက်အချာ နေရာတစ်ခုတွင် ဇီကာဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်မှု ၂၁ ခုကို တွေ့ရှိခဲ့ရသည်ဟု အာဏာပိုင်မျာက ကြေငြာခဲ့သည်။
    “Sathorn ဧရိယာတစ်တစ်ဝိုက် လူနာ ၂၁ ဦးအနက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကတော့ ပြန်လည်ကောင်းမွန်လာပြီး အောင်မြင်စွာ မီးဖွားနိုင်ခဲ့ပါတယ်” ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ကိုယ်ဝန်ဆောင်စဉ် ဇီကာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မွေးကင်းစကလေးများတွင် ဦးနှောက်ပုံပျက်ယွင်းမှု ဖြစ်ပေါ်နိုင်သည်။ ဇီကာဗိုင်းရပ်စ်ကို ထိုင်းနိုင်ငံ၌ ၂၀၁၂ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ယင်းအချိန်မှစ၍ ဘန်ကောက်မြို့ပြ အာဏာပိုင်အဖွဲ့က မြို့နေပြည်သူများကို ပုံမှန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
    ယခုနှစ် ဇန်န၀ါရီလမှစ၍ ထိုင်းနိုင်ငံ ပြည်နယ် ၇၆ ခုအနက် ၁၆ ပြည်နယ်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်သူများကို အတည်ပြုခဲ့နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
    သို့သော်လည်း အဆိုပါဗိုင်းရပ်စ်ပိုးကြောင့် မွေးရာပါ ဦးနှောက်ချို့ယွင်းမှု သို့မဟုတ် သေဆုံးမှုကို တွေ့ရခြင်း မရှိသေးပေ။ ကျန်းမာရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက်အတွက် မစိုးရိမ်ကြရန်လည်း ပြည်သူများအား တိုက်တွန်းထားသည်။
    Ref : Presstv
  • တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှား ရေတပ်အင်အား ပြမည်
    တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှား ရေတပ်အင်အား ပြမည်
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    scs
    – တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကမ်းလွန်ဒေသရှိ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ရုရှားတို့ပူးပေါင်း၍ ရေတပ် စစ်ရေးလေ့ကျင်မှုကို ယနေ့တွင် စတင်မည်ဟု တရုတ်ရေတပ်က ကြေငြာလိုက်သည်။
    ဇူလိုင်လတွင် The Hague ရှိ နိုင်ငံတကာ ခုံသမာဓိရုံးက တရုတ်နိုင်ငံအနေဖြင် ပိုင်ဆိုင်းမှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ပြင်ကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
    တရုတ်ကမူ နိုင်ငံတကာ ခုံသမာဓိရုံး၏ အဆိုပါဆုံးဖြတ်ချက်ကို ပယ်ချထားပြီး ထိုကိစ္စတွင် ပါဝင်ရန်လည်း ငြင်းဆိုထားသည်။
    ယနေ့စတင်မည့် ရေတပ်စစ်ရေးလေ့ကျင်မှုကို Joint Sea-2016 ဟု အမည်ပေးထားပြီး လျှပ်ပြေးသင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း တရုတ်ရေတပ်က ၎င်းတို့၏ တရားဝင် ဘလော့ဂ်စာမျက်နှာတွင် တနင်္ဂနွေနေ့က ကြေငြာခဲ့သည်။
    ၈ ရက်တာကြာမြင့်မည့် အဆိုပါလေ့ကျင့်မှုတွင် နှစ်နိုင်ငံပူးပေါင်း၍ ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး၊ ကျွန်းပိတ်ဆို့ဝန်းရံမှု လေ့ကျင့်ခန်းများပြင် အခြားသော စစ်ရေးလေ့ကျင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
    ထို့ပြင် မရိန်းတပ်ဖွဲ့များကလည်း လက်နက်အစစ်များဖြင့် ပစ်ခတ်ခြင်း၊ ကျွန်းကာကွယ်ရေး၊ ကမ်းတက်စစ်ဆင်ရေးတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး တရုတ်နှင့် ရုရှားတို့၏ နှစ်နိုင်ငံ ရေတပ်စစ်ရေးလေ့ကျင်မှုတွင် အကြီးမားဆုံး ဖြစ်လာမည်ဖြစ်သည်။
    တရုတ်နှင့် ရုရှားတို့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ အသုံးပြုခွင့်ရထားသည့် နိုင်ငံများဖြစ်ပြီး ဆီးရီးပြဿနာကဲ့သို့ ကိစ္စရပ်များတွင် ရပ်တည်ချက်တူကာ တစ်ခါတစ်ရံတွင် အမေရိကန်၊ အနောက်အုပ်စုများနှင့် သဘောထား မတိုက်ဆိုင်မှုများ ဖြစ်တတ်သည်။
    Ref : Channelnewsasia
  • “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”
    “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”
    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    ကိုဗခင် (စင်ကာပူ) ရေးသည်။
    .
    ၂၀၀၆ ခုနစ်မှာ ကျွန်တော် စင်ကာပူရောက်တော့ အိမ်အနီးအနားက ဗလီဝတ်ကျောင်းတွေကို အင်တာနက်မှာ ရှာရင်းနဲ့ မြစ်ကြောင်း တလျောက်မှာ ဗလီဝတ်ကျောင်းတွေကို ဟိုတစု ဒီတစု ပိုပြီး တွေ့ရတာကို သတိထားမိတယ်။စင်ကာပူ တနိုင်ငံလုံး ဗလီဝတ်ကျောင်းတော်ပေါင်း အလုံးရေ ၇၀ ရှိပါသည်။ သတိထားမိသလောက် ရိုချာ (Rocher River) မြစ်ဝမှာ ၁၈၄၆ ကဆောက်တဲ့ ဟာဂျီမကြီး ဖာတီမာ ဗလီဝတ်ကျောင်း (Masjid Hajjah Fatimah) ၊မြစ်အပေါ်ကို ဆက်တက်သွားရင် ၁၉၀၇ ခုနစ်က အဗ္ဗဒူလ် ဂဖါးရ် ဗလီဝတ်ကျောင်း (Abdul Gaffoor Mosque၊ ထိုဗလီ နှစ်လုံးကြားမှာ ၁၉၆၂ ခုနစ်ကဆောက်တဲ့   မာလဘာ ဗလီဝတ်ကျောင်း (Masjid Malabar) ပေါ့လေ။စင်ကာပူက နံမည်ကျော် စူလ်တန်ဗလီဝတ်ကျောင်း Masjid Sultan ကိုလည်း ရိုချာမြစ် (Rocher River) နဲ့ ခပ်လှမ်းလှမ်းမှာတွေ့ရပါသည်။
    .
    စင်ကာပူ (Singapore River)  မြစ်ဝမှာ  ၆၂ နှစ်သက်တမ်းရှိ မော်လာနာ မိုဟာမက်အလီ ဗလီဝတ်ကျောင်း (Moulana Mohamed Ali Mosque), မြစ်ညာကိုဆက်တက်ရင် ၁၈၂၀ ခုနစ်က ဆောက်တဲ့ အိုမာ ကန်ပုန်း မလာကာ ဗလီဝတ်ကျောင်း (Masjid Omar Kampong Melaka) ၊ ထို ဗလီ နှစ်လုံးကြား နောက်ဖက်ခပ်လှမ်းလှမ်းမှာ ၁၈၂၆ ကဆောက်တဲ ကျူလီယာ ဗလီဝတ်ကျောင်း (Chulia Mosque) စသည်ဖြင့် မြစ်အောက် ၊မြစ်ဝ၊ မြစ်ညာ ရဲ့  မနီးမဝေးမှာ တွေ့ရပါသည်။
    .
    ကျွ့န်တော်တို့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် တလျောက်က မြို့တွေမှာလည်း အခုလိုပဲ ဗလီဝတ်ကျောင်း တွေ တွေ့ရပါသည်။ ရန်ကုန်ရောက်ရင်လည်း ဗလီတွေ အတော်များများတွေ့လေ့ ရှိသော်လည်း ဒီဗလီတွေကို ဘယ်တုန်းကဆောက်လည်း ဘယ်သူတွေဆောက်ခဲ့လည်း ထူးထူးထွေထွေ အထူးတလည် မစဉ်းစားခဲ့မိရိုး အမှန်ပါ။ ကိုလိုနီခေတ်ဦးမှာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်လိုက်တော့ ကိုလိုနီနိုင်ငံသားတွေ လွတ်လပ်စွာ ကူးသန်းသွားလာရာကနေ ကိုလိုနီခေတ်ရန်ကုန်မှာ ဗလီဝတ်ကျောာင်း အများစုဆောက်ခွင့် ရခဲ့ကြပါတယ်။အုပ်ချုပ်သူအစိုးရက အုပ်ချုပ်ခံ ပြည်သူတွေကို လိုအပ်ချက်အရ တရားဝင် ခွင့်ပြုပေးရတာလည်း ထူးဆန်းလှသည် မဟုတ်ပါ။ မြန်မာပညာတတ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စင်ကာပူမှာလည်း ၁၀စုနှစ် ၂ စုအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊တရားရိပ်သာတွေ ဟာ လွန်ခဲ့တဲ့ ၁၀စုနစ်ကထက် အဆပေါင်းများစွာ တိုးပွားလာပါတယ်။
    .
    ဒါပေမယ့် ဒီနှစ်ပိုင်းတွေထဲ စေ့စေ့ဆော်ဆော် စွပ်စွပ်စွဲစွဲ အကြောင်းတရားတွေဖြစ်လာတော့ လက်လှမ်းမှီသလောက် မူရင်း မှတ်တမ်းမှတ်ရာတွေကို ရှာရှာဖွေဖွေ ဖတ်ကြည့်မိပါတယ်။ ဗလီဲ ဝတ်ကျောင်းတွေနဲ့ ပတ်သက်ပြီး မြို့စွဲ ဒေသစွဲ သန်တဲ့  မန္တလေးသား များကတော့ သူတို့မန်းမြို့က ဗလီ ဝတ်ကျောင်းများကတော့  မန်းလေးမြို့တည် မြန်မာဘုရင် မင်းတုန်းမင်ကြီး လက်ထက်ကတည်းက ရှိခဲ့တာဆိုပြီး ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိတော့၊ ကိုယ့်စိတ်ထဲမှာ ရန်ကုန်မှာရော ဗလီတွေများ အင်္ဂလိပ်လက်ထက် မရောက်ခင်က မရှိခဲ့ဘူးလား။  အင်္ဂလိပ်တွေထက် မြန်မာပြည်စောရောက်တဲ့ အီတလီ၊ပြင်သစ်၊ပေါ်တူဂီ မူရင်းမှတ်တမ်းတွေကို ကိုယ်ကဖတ်နိုင်စွမ်း မရှိတော့  ရန်ကုန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ် မှတ်တမ်းတွေကိုရှာဖွေဖတ်ပါတယ်။ အခုချိန်အထိ ကျွန်တော် လက်လှမ်းမှီသလောက်  ရန်ကုန်မှာ ဗလီဝတ်ကျောင်းတွေကို နေရာအတိအကျနဲ့ ပထမဆုံး မြေပုံမှတ်တမ်းတင်သွားသူက ၁၈၄၆ ခုနစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့ မစ္စတာဂရန့်ပါ။ ဆရာတင်နိုင်တိုး စာအုပ် အရဆို မစ္စတာဂရန့် အလည်လာချိန်မှာ ၁၈၄၅ မှ ၁၈၄၆ အထိတာဝန်ယူခဲ့တဲ့ မြန်မာ မြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ကျော်ထင် (ဦးညို) သို့မဟုတ် ၁၈၄၆ မှ ၁၈၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ မြို့ဝန်မင်းကြီးမဟာမင်းခေါင်ရာဇသူ (ဦးထိုက်) လက်ထက် အချိန် ဖြစ်မယ်လို့ယူဆပါသည်။
    111
    .
    သူရဲ့ ရန်ကုန်သို့ ခရီးတခေါက်စာအုပ် စာမျက်နှာ ၂၁မှာ(A little further in-land appears the plain wooden spire of the Armenian Church, not very far from which, on the same road is the Roman Catholic Church, whilst in three different parts of the town there are Mohummudan mosques, indicating that intolerance in religious matters, at least, is not amongst the faults of the Boodhists.) ရန်ကုန်ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ အာမေးနီးယန်းချပ်စ် တခု၊ရိုမန်ကက်သလစ်ချပ်စ်တခုနဲ ဗလီဝတ်ကျောင်းသုံးခုတွေ့ရကြောင်း ရေးသွားခဲ့ပါတယ်။ထို့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူ့စာအုပ်ရဲ့ နောက်ဆုံးက မြေပုံမှာ ဗလီဝတ်ကျောင်း သုံးခုရဲ့ နေရာအတိအကျ ကို ထည့်ဆွဲပေးခဲ့တာပါ။ ၎င်းမြေပုံထဲမှာပဲ တရုတ်သင်းချိုင်း၊ အင်္ဂလိပ်သင်းချိုင်းကြား ထဲမှာ မွတ်စ်လင်တွေအတွက် ကဘရ်စတန် တစ်ခုကိုပါ မြို့အပြင်မှာတွေ့ရနိုင်ပါတယ်။
    .14330834_10208277601912355_381737537_n
    ၎င်းရန်ကုန်မြို့ဟောင်းမြေပုံနဲ့ ပတ်သက်ပြီး သတိထားမိတာ တခုက ၁၉၉၈ ခုနစ်ထုတ် ဦးအေးချို (မဟာဝိဇ္ဇာ) ရေးတဲ့ ဆူးလေစေတီသမိုင်း စာအုပ် စာမျက်နှာ ၃၂မှာ အလောင်းမင်းတရားလက်ထက်ရန်ကုန်မြို့ဆိုတဲ့ မြေပုံမှာ ဗလီတလုံးပဲ နေရာပြထားတော့ ၊ နောက်ထပ် ၂လုံးက အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ထဲမှာ နောက်ပိုင်းမှ ထပ်ဆောက်တယ်လို့ တွေးထင်မိပါ၏။
    .
    ဆရာကြီး ဦးမောင်ကိုဂဖါရီက ၁၉၆၀ အောက်တိုဘာလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းမှာ ရန်ကုန်မှာ ဗလီသုံးလုံးရှိခဲ့ဖူးကြောင်း၊ တခြမ်းပဲ့ဗလီ၊ လမ်း၁၃၀ ပိန္နဲကုန်းဗလီနဲ့ ဘင်ဂါလီကဘရ်စတန်ထဲက ဗလီတွေဖြစ်ကြောင်း၊ သူရဲ့ရန်ကုန်ရောက် ရှေးဦး မွတ်စ်လင် အသိုင်းအဝိုင်းဆောင်းပါးထဲမှာ ရေးထားတာလည်းဖတ်ရသည်။
    .
    ရန်ကုန်မြို့ဟောင်းတည်ဆောက်ပုံအရ ဆရာကြီးရေးတဲ့ ဗလီသုံးလုံးဟာ ဂရန့်စာအုပ်ထဲက ဗလီတွေထက် ပိုပြီးနောက်ကျနိုင်ဖွယ် ရှိပါသည်။
    .
    ထိုကြောင့် ဂရန့်ရဲ့ စာအုပ်ထဲက ဗလီဝတ်ကျောင်းတော်သုံးလုံးဟာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ ဗမာဘုရင် လက်ထက်တော်က မြေပုံနဲ့တကွ အခိုင်အမာတွေ့ရတဲ့ဗလီဝတ်ကျောင်းသုံးလုံးဖြစ်ကြောင်း ဆင်ခြင်မိပါတယ်။ စိတ်ဝင်စားသူများ အတွက်ကတော့ အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျယ်အဝန်း၊  ခန့်မှန်းခြေ လူဦးရေ နဲ့ လက်ရှိ မြို့အနေအထားအရဆို ဘယ်နေရာ လောက်မှာ တည်ရှိမည်နိုင်ဆိုတာ ဆက်လက်စူးစမ်းသင့်ပေသည်။
    .
    မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှ အနှံ့ မြစ်ကမ်း၊ မြစ်ဆိပ်၊မြစ်ဝတွေနဲ့ မနီးမဝေးအရပ်တွေမှာ မွတ်စ်လင်ကုန်သည်လူတန်းစားများ အေးချမ်းစွာနေထိုင်ခဲ့ကြောင်း သက်သေတည်လျက်ရှိပါ၏။
    ကိုဗခင် (စင်ကာပူ)
    ကူးချထားသောစာအုပ်များ
    ၁) ဆူးလေစေတီသမိုင်း, ဦးအေးချို (မဟာဝိဇ္ဇာ), ၁၉၉၈ ခုနစ်ထုတ်။
    ၂) စာမျက်နှာ ၃၁၊ မဟာရန်ကုန်ကောက်ကြောင်း၊ တင်နိုင်တိုး။
    ၃) The First Muslim Community of Rangoon by Mg Ko Gaffari, The Guardian Magazine, 1960 October
    ၄) A Rough Pencillings of a Rough Trip to Rangoon in 1846, Colesworthy Grant