စက်တင်ဘာ ၁၅၊ ၂၀၁၆
M-Media
– ဆော်ဒီနိုင်ငံဆိုင်ရာ ယူကေသံအမတ်ကြီး ဆီမွန် ပေါလ် ကောလစ်မှာ အစ္စလာမ်ဘာသာသို့ သက်ဝင်ယုံကြည်ခဲ့ပြီးနောက် ၎င်း၏ဇနီးနှင့်အတူ ယခုနှစ်တွင် ဟဂ်ျပြုခဲ့သည်ဟု သိရသည်။
ကောလစ်အနေဖြင့် အစ္စလာမ်သို့ သက်ဝင်ကြောင်းသတင်းမှာ သံတမန်အသိုင်းအ၀ိုင်းအတွင်း ပြန့်နှံ့ခဲ့သော်လည်း လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်း မရှိပေ။
သို့သော် ယမန်နေ့က ဆော်ဒီ စာရေးဆရာနှင့် ပညာရှင်တစ်ဦးဖြစ်သူ ဖေါ်ဇီယာ အလ်-ဘာကာရ်က ကောလစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဟူဒါ မူဂျာကက်ခ်ျတို့မှာ အီဟ်ရမ်ဝတ်ရုံ (ဟဂ်ျပြုရာတွင် ၀င်ဆင်ရသည့် ၀တ်ရုံ) ၀တ်ဆင်ထားသည့် ဓာတ်ပုံ ၂ ပုံကို သူမ၏ Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့ပြီးနောက် ထိုသတင်းမှာ ပြည်သူများအကြား အလျင်အမြန် ပြန့်နှံ့သွားခဲ့သည်။
သံအမတ်ကြီး ကောလစ်ကလည်း အလ်-ဘာကာရ်၏ ပို့စ်အောက်တွင် ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ ဟူဒါမှာ အလ်-ဘာကာရ်၏ ပို့စ်ကို ထပ်ဆင့် မျှဝေခဲ့သည်။
“မွတ်စလင်လူ့အဖွဲ့အစည်းတွေမှာ နှစ်ပေါင်း ၃၀ လာက် ကျင်လည်လာခဲ့ပြီးတဲ့နောက်၊ ဟူဒါနဲ့ လက်မထင်ခင်လေးတင်မှာပဲ ကျွန်တော်ဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့တာ ဖြစ်ပါတယ်” ဟု ကောလစ်က ပြောကြားခဲ့သည်။
ကောလစ်မှာ ပြီးခဲ့သည့် ဇန်န၀ါရီမှစ၍ ဆော်ဒီနိုင်ငံဆိုင်ရာ ယူကေ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဘာရိန်း၊ အီရတ်၊ ဆီးရီးယား၊ ကာတာ၊ ဒူဘိုင်း၊ ဘာဆရာ၊ နယူးဒေလီ စသည့်နိုင်ငံများ ဒေသများတွင် ဗြိတိန်နိုင်ငံအတွက် သံတမန်ရေးရာ တာဝန်များကို ဆောင်ရွက်ခဲ့သူဖြစ်သည်။
Ref: Arabnews