News @ M-Media

Blog

  • စစ်ကိုင်း မြို့မဗလီသို့ ဖောင်တော်ဦးကျောင်းမှ သင်တန်းသား/သူများ သွားရောက်လေ့လာ

    စစ်ကိုင်း မြို့မဗလီသို့ ဖောင်တော်ဦးကျောင်းမှ သင်တန်းသား/သူများ သွားရောက်လေ့လာ

    စက်တင်ဘာ ၁၀ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    14317564_10208624313819746_7522665794320260079_n
    စစ်ကိုင်းမြို့ မြို့မဗလီဝတ်ကျောင်းတော် သို့ မန္တလေး ဖောင်တော်ဦးအဖွဲ့မှ ဦးဇင်း ဦးမဏ္ဏလ ဦးဆောင်သောအဖွဲ့ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
    .
    လေ့လာရေးခရီးစဉ်အတွင်း ဗလီဝတ်ကျောင်းတော်နှင့် ပတ်သက်၍ သိရှိလိုသည်များ၊ အစ္စလာမ်ဘာသာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း မြို့ဗလီ ဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဦးစိုးနေဦးက M-Media ကိုပြောပါတယ်။
    .
    ယခုကဲ့သို့ လာရောက်လေ့လာသည့်အတွက် အထူးပင်ဝမ်းသာမိကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမှ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ဦးစိုးနေဦးက ထပ်ဆင့်ပြောကြားပါတယ်။

    14317563_1682753405380141_1713533428305160308_n

    13244627_1682753275380154_7869719835508180669_n

  • ရုပ်ကြွင်းလောင်စာမသုံးဘဲ ဓာတ်အားထုတ်လုပ်မှု ကော်စတာရီကာ အောင်မြင်ခဲ့

    ရုပ်ကြွင်းလောင်စာမသုံးဘဲ ဓာတ်အားထုတ်လုပ်မှု ကော်စတာရီကာ အောင်မြင်ခဲ့

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    cos

    – အလယ်အမေရိက နိုင်ငံတစ်ခုဖြစ်တဲ့ ကော်စတာရီကာဟာ နိုင်ငံရဲ့ လျှပ်စစ်စွမ်အင် ထောက်ပံ့မှုကို ပြီးခဲ့တဲ့ ၂ လတိတိ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ အသုံးပြုခဲ့ပြီး သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။

    ဒီအောင်မြင်မှုဟာ သူ့ထက်သေးတဲ့ နိုင်ငံတွေအနေနဲ့ တစ်နှစ်ပတ်လုံး လောင်စာဆီ တစ်စက်မှမသုံးဘဲ လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

    လူဦးရေ ၅ သန်းသာရှိတဲ့ ကော်စတာရီကာဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ၂၈၅ ရက်တိတိ လောင်စာဆီမသုံးဘဲ ဒီနည်းလမ်းနဲ့ ဓာတ်အား ဖြန့်ဖြူးခဲ့ဖူးပါတယ်။

    သြဂုတ်လအတွင်း ဓာတ်အားတွေကို အဓိကအာဖြင့် ရေအားလျှပ်စစ်ကနေ ထုတ်ပေးတာဖြစ်ပြီး မြေအောက် အပူစွမ်းအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်တွေက လိုအပ်နေတဲ့ ဓာတ်အားကို ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ ဇွန်လကနေ သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအတွင်းက ရေအားလျှပ်စစ်စက်ရုံ ၄ ခုဟာ လောင်စာဆီ ကင်းစင်ရေး ရည်မှန်းချက်ကို ပြည့်မီစေခဲ့ပါတယ်။

    ရေအားပြီးရင်တော့ ကော်စတာရီကာက နောက်ထပ် အဓိက စွမ်းအင်ရင်းမြစ်တစ်ခုက မြေအောက်အပူပဲဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ နိုင်ငံရဲ့ ဓာတ်အားထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးပြီး၊ လေစွမ်းအင်သုံး တာဘိုင်တွေက ၇ ရာခိုင်နှုန်း၊ နေရောင်ခြည်က ၀.၀၁ ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

    ဒီအောင်မြင်မှုဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍမှာ သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ခဲ့ပေမယ့် တစ်ခြားနိုင်ငံတွေက လိုက်အတုခိုးဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။

    ၁၉၇၃၀ စကွဲယားမိုင် အကျယ်သာရှိတဲ့ ကော်စတာရီကာနိုင်ငံဟာ ယူကေရဲ့ ၅ ပုံ ၁ ပုံစာသာ ရှိပြီး လူဦးရေကလည်း ၁၃ ဆလောက်ကို ကွာနေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကော်စတာရီကာရဲ့ ဓာတ်အားထုတ်လုပ်မှု ပမာဏဟာ ၁၀၇၁၃ မီဂါဝပ်ရှိခဲ့ပါတယ်။

    ဆောက်လုပ်ဆဲ Reventazo ရေအားလျှပ်စစ်စီမံကိန်းဟာ ဒီလအတွင်းမှ စတင်လည်ပတ်နိုင်ဖို့ရှိနေပြီး နိုင်ငံအတွင်းမှာ အကြီးဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်မှာပါ။

    ဓာတ်အားထုတ်လုပ်ရေးမှာ ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အသုံးပြုနိုင်ပေမယ့် သယ်ယူပို့ဆောင်ရေးကဏ္ဍအပါအ၀င် နိုင်ငံရဲ့ ကဏ္ဍတော်တော်များးများမှာတော့ လောင်စာဆီကိုပဲ မှီခိုနေရပါသေးတယ်။ ဒီသယ်ယူပို့ဆောင်ရေးကဏ္ဍက ထွက်ရှိတဲ့ ကာဘွန်ပမာဏဟာ နိုင်ငံရဲ့ စုစုပေါင်း ကာဘွန်ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းလောက်ကို ရှိနေပါတယ်။

    ဒါပေမယ့် ၂၀၂၁ မှာတော့ ကာဘွန်ထုတ်လုပ်မှု လုံးဝလျှော့ချဖို့ ရည်မှန်းထားပြီး၊ ဒီရည်မှန်းချက် ပြည့်မီမယ်ဆိုရင်တော့ ကမ္ဘာမှာ ပထမဆုံး ကာဘွန်ကင်းစင်နိုင်ငံ ဖြစ်လာမှာပါ။

    Ref: Independent

  • မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ ပါသီအသစ် ထူထောင်

    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ ပါသီအသစ် ထူထောင်

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    mahathir

    – မလေးရှား၏ သက်တော်ရှည်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်မှာ နိုင်ငံရေးပါတီအသစ်တစ်ခုကို ယမန်နေ့က တရားဝင် တည်ထောင်လိုက်ပြီး ပါတီ၏ အမည်အတိုကောက်မှာ PPBM ခေါ်သည်ဟု သိရသည်။

    ပါတီဥက္ကဌအဖြစ် ဒုတိယ၀န်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယာဆင်က ဆောင်ရွက်မည်ဖြစ်ပြီး ပါတီကို မလေးရှားဘာသာစကားအရ Bersatu (ညီညွတ်ရေး) ဟု စောစောပိုင်းက အမည်ပေးခဲ့သည်။

    “ကျွန်တော်တို့က နာမည်အတိုကောက်ကို Bersatu လို့ ခေါ်စေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီနာမည်ဟာ မှတ်ရလွယ်ပြီး စဖွဲ့ကတည်းက စိတ်ဝင်စားမှု အများအပြား ရခဲ့လို့ပါပဲ။ ပြီးတော့ တောမီးလိုပဲ တမဟုတ်ချင်း ပြန့်နှံ့သွားပါတယ်၊ ဒါပေမဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဌာနက သူတို့ဆုံးဖြတ်ချက်အတိုင်းပဲ ပြောင်းခိုင်းပါတယ်။ ဒီတော့ ကျွန်တော်တို့ လည်း မှတ်ပုံတင်နိုင်ဖို့က ပိုအဓိကကျတဲ့အတွက် အဲ့ဒီလိုပဲ လုပ်လိုက်ရပါတယ်” ဟု မစ္စတာ မူဟစ်ဒင်က ပြောသည်။

    ပါတီ၏ သဘာပတိဖြစ်သူ ဒေါက်တာ မဟာသီယာက အာဏာရပါတီဖြစ်သည့် Barisan Nasional (BN) ကိုသာ အမြတ်ထွက်သွားစေမည့် သုံးပွင့်ဆိုင် တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန်အတွက် အတိုက်အခံပါတီများ ပေါင်းစည်းရေးတွင် PPBM ပါတီက ပလက်ဖောင်းတစ်ခုအဖြစ် ထမ်းဆောင်သွားမည်ဟု ဆိုသည်။

    “အကယ်၍သာ အတိုက်အခံပါတီတွေ မစုစည်းရင် BN ကို နောက်ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကူညီနေသလိုပဲ ဖြစ်နေမှာပါ” ဟု ဒေါက်တာ မဟာသီယာက ပြောကြားခဲ့သည်။

    မလေးရှား၏ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ၂၀၁၈ ခုနှစ်မှ ဖြစ်သော်လည်း လာမည့်နှစ် နှစ်ဝက်အတွင်း ပြုလုပ်သွားရန် မျှော်လင့်မှုများလည်း ရှိနေသည်။ လက်ရှိတွင် တရားဝင် မှတ်ပုံတင်ထားသည့် PPBM ပါတီမှာ စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ နိုင်ငံတစ်ဝှမ်း အသင်းဝင်လက်ခံရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က မလေးရှားဝန်ကြီးချုပ်နာဂျစ်၏ ခြစားမှု ပြဿနာများ ပေါ်ထွက်လာပြီးနောက် မဟာသီမှာ နာဂျစ်ဦးဆောင်သည့် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    Ref : Channelnewsasia

  • ပိတ်ဆို့မှု လျှော့ချရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမား ဆွေးနွေးမည်

    ပိတ်ဆို့မှု လျှော့ချရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမား ဆွေးနွေးမည်

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    sukyi

    – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင် မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရေး ဆွေးနွေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်မတ်လက အစိုးရအဖွဲ့တွင် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လာမယ့်သီတင်းပတ်တွင် အမေရိကန်သို့ ရောက်ရှိမည့် ဒေါ်အောင်ဆန်းစုကြည်မှာ ၂ ရက်တာ ကြာမြင့်မည့် အဆိုပါ ခရီးစဉ်အတွင်း သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒင်တို့နှင့် တွေ့ဆုံရန်ရှိနေသည်။

    အမေရိကန်မှာ ‘နိုင်ငံတကာ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့်များ အက်ဥပဒေ’ (IEEPA) အောက်တွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆက်လက်ထားရှိသောကြောင့် အမေရိကန် ငွေတိုက်ဌာနက တစ်ဦးချင်းအလိုက်၊ ကုမ္ပဏီအလိုက် ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

    လက်ရှိတွင် မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ပိတ်ဆို့မှုများမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ကုမ္ပဏီများ၊ ဒေါ်လာ သန်းထောင်ပေါင်းများစွာ တန်ဖိုးရှိသည့် ကျောက်စိမ်းလုပ်ငန်းများဖြစ်သည်။

    ထိုပိတ်ဆို့မှုများမှာ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီကို အမှန်တကယ်ကျင့်သုံးမှသာ ဖြေလျှော့ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

    “အခုအချိန်မှာ အရာအားလုံးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို သွားနေတာကြောင့် ဒီပိတ်ဆို့မှုတွေကို မကြာခင် ဖယ်ရှားတော့မှာပါ” ဟု ၎င်းက ဆိုပြီး ပိတ်ဆို့မှုများအား ပြန်လည်သုံးသပ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဆွေးနွေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်မှာ ပြီးခဲ့သည့်မေလက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးခဲ့ပြီး စတီဗင်လော၏ အေးရှားဝေါလ် ကုမ္ပဏီအပေါ် ပိတ်ဆို့မှုအသစ်များကို ပြုလုပ်ခဲ့ကာ နိုင်ငံပိုင် လုပ်ငန်းအချို့ကို စာရင်းမှ ဖယ်ရှားပေးခဲ့သည်။

    Ref: mmtimes

  • ဆီးရီးယားအပစ်ရပ်ရေး ကန်-ရုရှား သဘောတူညီချက်ရရှိ

    ဆီးရီးယားအပစ်ရပ်ရေး ကန်-ရုရှား သဘောတူညီချက်ရရှိ

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    syria-3

    – ၅ နှစ်တာကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်အတွက် အပစ်ရပ်ရေး သဘောတူညီချက်တစ်ခုကို ရုရှားနှင့် အမေရိကန်တို့က ယမန်နေ့တွင် ရရှိခဲ့သည်ဟု သိရသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့တို့ ၁၃ နာရီကြာ အပြင်းအထန် ဆွေးနွေးခဲ့ကြပြီးနောက် ပေါ်ထွက်လာသည့် ထိုသဘောတူညီချက်တွင် ဆီးရီးယားအစိုးရအနေဖြင့် သူပုန်များ ထိန်းချုပ်ထားသည့် အချို့ဒေသများနှင့် အကြမ်းဖက်အဖွဲ့အစည်းများအား တိုက်ခိုက်နေသာ မဟာမိတ်အဖွဲ့များကို တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီချက်လည်း ပါဝင်သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ ထိုသဘောတူညီချက်က ဆီးရီးယားတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက်
    ပြီးပြည့်စုံသည့် ချဉ်းကပ်မှုတစ်ခုဖြစ်ပြီး၊ ဆီးရီးယားရှိ သက်ဆိုင်သူများအားလုံးက အားပေးထောက်ခံရန်နှင့် ဆိုးရွားသည့် ပဋိ့ပက္ခကို နိုင်ငံရေးလုပ်ငန်းစဉ်မှတစ်ဆင့် တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့် အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

    ရုရှားနှင့် အမေရိကန်တို့မှာ IS အကြမ်းဖက်အဖွဲ့နှင့် အလ်-နူဆရာ တပ်ဖွဲ့ဝင်များအား ပူးတွဲချေမှုန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးစင်တာတစ်ခု ဖွင့်လှစ်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

    အဆိုပါ အပစ်ရပ်ရေး သဘောတူညီချက်မှာ တနင်္လာနေ့ ညနေပိုင်းမှစ၍ အကျုံးဝင်မည်ဖြစ်ပြီး ပထမဆင့်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၄၈ နာရီ နှစ်ဖက် အပစ်အခတ်ရပ်စဲရန်ဖြစ်သည်။

    သဘောတူညီချက်အရ ဆီးရီးယားအစိုးရနှင့် အတိုက်အခံတပ်ဖွဲ့ နှစ်ခုစလုံးအနေဖြင့် အဲလစ်ပိုအရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ ပြည်သူများအား ကာကွယ်ပေးခြင်း၊ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊ တာရှည်ခံမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် အပြင်လူများ ၀င်ထွက်ခွင့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

    Ref: RT