News @ M-Media

Blog

  • အစ္စရေး၏ တရားမဲ့လုပ်ရပ်များကို အရေးယူပေးရန် ကုလကို ပါလက်စတိုင်း တောင်းဆို

    အစ္စရေး၏ တရားမဲ့လုပ်ရပ်များကို အရေးယူပေးရန် ကုလကို ပါလက်စတိုင်း တောင်းဆို

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    ples

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းကို ချက်ခြင်း အရေးယူမှုများ ပြုလုပ်ပေးရန်အတွက် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးကောင်စီအား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ အိမ်ယာဆောက်လုပ်မှု လုပ်ရပ်များအပါအ၀င် အစ္စရေး၏ ဥပဒေချိုးဖောက်သည့် ထိုလုပ်ရပ်များကို ၀န်ကြီးဌာနက “ပါလက်စတိုင်းမြေအား အစ္စရေးက ခိုးယူနေခြင်းနှင့် ဂျူးဇာတ်သွင်းလုပ်ရပ်များ”ဟု ရည်ညွှန်းပြောဆိုခဲ့ပြီး ထိုကိစ္စများအတွက် သတင်းအချက်အလက်များ ရယူနိုင်ရေး ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

    အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အိမ်ယာများ ဆောက်လုပ်နေမှုကို အမေရိကန်၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် ကုလတို့ ပါဝင်သည့် အရှေ့အလယ်ပိုင်း လေးပွင့်ဆိုင်အဖွဲ့အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်နေသော်လည်း အစ္စရေးက ရပ်တန့်ခြင်းမရှိပဲ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နောက်ထပ် တရားမ၀င်အိမ်ယာများ ဆောက်လုပ်ရန်အတွက် အတည်ပြုမှုများကို အစ္စရေးအစိုးရက ပြုလုပ်ခဲ့သည်။

    လက်ရှိတွင် ပါလက်စတိုင်းပိုင်နက်များအတွက် ဆောက်လုပ်ထားသည့် အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ အရေအတွက်မှာ သန်းဝက်ကျော်ရှိနေပြီး ထိုကိစ္စက နှစ်နိုင်ငံတည်ရှိရေးအဖြေအတွက် ကြီးမားသော အတားအဆီး ဖြစ်နေသည်။

    Ref : IINA

  • မိမိသားမှာ ဖခင်ခြေရာမနင်းဟု မက်ဆီပြော

    မိမိသားမှာ ဖခင်ခြေရာမနင်းဟု မက်ဆီပြော

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    messi 2

    – မိမိမှာ ဘောလုံးကို အရူးအမူးနှစ်သက်သော်လည်း သားဖြစ်သူ သီယာဂိုက မိမိခြေရာမနင်းဟု ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    အာဂျင်တီးနား လက်ရွေးစင်ဖြစ်သူ မက်ဆီမှာ တစ်ဦးချင်းဆုတံဆိပ်ပေါင်းများစွာနှင့်အတူ၊ လာလီဂါဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နှင့် အခြားဆုဖလားပေါင်း များစွာကိုလည်း ရရှိထားသူဖြစ်သည်။ မက်ဆီကမူ မိမိ၏သားမှာ ဘောလုံးကို စိတ်ဝင်စားမှုသိပ်မရှိဘဲ မိမိကလည်း တွန်းအားမပေးဟု ဆိုသည်။

    “သူ့ကို ကျွန်တော် ဘောလုံးတွေ များများစားစား မ၀ယ်ပေးသလို၊ ဘောလုံးကန်ဖို့လည်း ဖိအားမပေးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူက ဘောလုံးကစားနည်းကို သိပ်မကြိုက်ဘူး” ဟု မက်ဆီက ပြောကြားခဲ့သည်။

    ဘာစီလိုနာကမူ ၎င်းတို့အသင်းရှိ ကစားသမားများ၏ ကလေးငယ်များ ဘောလုံးကစားနိုင်ရေးအတွက် စီမံကိန်းတစ်ခုကို ဆောင်ရွက်နေပြီး မက်ဆီကမူ စောင့်ကြည့်ရမည်ဟု ဆိုသည်။

    “ဒီနည်းနဲ့ သူ့ကို ဆွဲဆောင်နိုင်မလားဆိုတာကို ကြည့်ရမှာပေါ့ဗျာ။ ကောင်းမွန်တဲ့စတင်ခြင်း ဖြစ်မှာပါ”

    Ref: Goal

  • လာမည့်နွေတွင် မီးပျက်မည်မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပေး

    လာမည့်နွေတွင် မီးပျက်မည်မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပေး

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    blackout
    ဧပြီလက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အစည်းအဝေးတွင် မီးပျက်သွား၍ ဖယောင်းတိုင်ဖြင့် အစည်းဝေး ဆက်လက်ကျင်းပနေစဉ်

    – လာမည့် ၂၀၁၇ ခုနှစ် နွေရာသီတွင် နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓာတ်အား ပြတ်တောက်တော့မည်မဟုတ်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဖေဇင်ထွန်းက ကတိပြု ပြောကြားလိုက်သည်။

    စက်တင်ဘာ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ရန်ကုန်မြို့ ကျော်တံတားမြို့နယ်မှ လွှတ်တော်အမတ် ဦးနေမျိုးထက်၏ မေးမြန်းမှုကို ဖြေကြားစဉ်အတွင်း ထိုကဲ့သို့ ကတိပြုလိုက်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် မြင့်တက်လာမည့် ဓာတ်အားသုံးစွဲမှုကို ကာမိစေရန်အတွက် လျှပ်စစ်ဓာတ်အား အလုံအလောက်ပေးနိုင်ရေး ပြင်ဆင်မှုများကို ပြုလုပ်နေသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    “နွေရာသီမှာ တစ်နေ့ကို စုစုပေါင်း ဓာတ်အား မီဂါဝပ် ၃၉၀ ပေးနိုင်ဖို့ ကျွန်တော်တို့ စီစဉ်ထားပြီးပါပြီ။ ဒါ့ကြောင့် ဓာတ်အား လုံလုံလောက်လောက် ပေးနိုင်မှာဖြစ်ပြီး ၂၀၁၇ နွေရာသီမှာ မီးပျက်တာတွေ ဖြစ်တော့မှာမဟုတ်ပါဘူး” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နွေရာသီက ၀န်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ၂၄၆ မီဂါဝပ် ထုတ်လုပ်ပေးနိုင်ခဲ့သော်လည်း မတ်လ၊ ဧပြီလနှင့် မေလတို့တွင် ဓာတ်အားသုံးစွဲမှုမှာ ၃၀၀ မီဂါဝပ်အထိ မြင့်တက်ခဲ့သည်။

    လာမည့်နွေရာသီတွင် သီလ၀ါဓာတ်အားပေးစက်ရုံ အမှတ် ၂ မှ ဓာတ်အား ၂၅ မီဂါဝပ်၊ မော်လမြိုင်ရှိ ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံမှ ၄၅ မီဂါဝပ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် အခြေစိုက်သည့် ပုဂ္ဂလိက ဓာတ်အားပေး စက်ရုံများမှ မီဂါဝပ် ၃၀၀ ထုတ်လုပ်သွားမည်ဖြစ်ပြီး နောက်ထပ် ၂၀ မီဂါဝပ်ကို လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်နေသည့် မြစ်သား ရေအားလျှပ်စစ် စီမံကိန်းမှ ရယူရန် မျှော်လင့်ထားသည်။

    Ref: mmtimes

  • ကိုဖီအန်နန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့ဆုံမည်

    ကိုဖီအန်နန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့ဆုံမည်

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    kofi 3

    – စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်သို့ ရောက်ရှိလာခဲ့သည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွင် တွေ့ဆုံမည်ဟု သိရသည်။

    မစ္စတန်အန်နန်၏ လည်ပတ်မှုမှာ ၆ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး စက်တင်ဘာ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ သွားရောက်မည်ဖြစ်ကာ စက်တင်ဘာ ၇ ရက်နေ့တွင် ဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုမည်ဟု ကော်မရှင်က ပြောကြားထားသည်။

    ထို့ပြင် သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း စက်တင်ဘာ ၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် စက်တင်ဘာ ၉ ရက်နေ့ ရန်ကုန်မြို့မှ မထွက်ခွာခင် မစ္စတာအန်နန်မှာ သတင်းစာရှင်းလင်ပွဲတစ်ခု ပြုလုပ်ရန် ရှိနေသည်။

    အကြံပေးကော်မရှင်တွင် ပါဝင်သည့် ဦးအေးလွင်ကမူ ယနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် တက်ရောက်ရန်အတွက် အဖွဲ့ဝင် ၉ ဦးစလုံးကို ဖိတ်ကြားထားသည်ဟု ပြောကြားခဲ့သည်။

    “အဲဒီတွေ့ဆုံမှုမှာ ကော်မရှင်ကို စတင်မှာဖြစ်ပါတယ်။ တွေ့ဆုံပွဲအပြီး သူ (မစ္စတာ အန်နန်) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဦးအေးလွင်က ဆိုသည်။

    သြဂုတ်လ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် အဆိုပါ အကြံပေးကော်မရှင်မှာ ရခိုင်အမျိုးသားရေးဝါဒီများ၊ ရခိုင်နိုင်ငံရေးပါတီ၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားရေးဝါဒီ အဖွဲ့များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး မစ္စတာ အန်နန်အပါအ၀င် ကော်မရှင်တွင် နိုင်ငံခြားသား ၃ ဦးပါဝင်မှုကို ပြစ်တင်ခဲ့ကြသည်။

    Ref: mmtimes

  • တူရကီ-ဆီးရီးယားနယ်စပ်တွင် IS ရန် ရှင်းပြီ

    တူရကီ-ဆီးရီးယားနယ်စပ်တွင် IS ရန် ရှင်းပြီ

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    northern syria

    – တူရကီ-ဆီးရီးယားနယ်စပ်အတွင်း ကျန်ရှိနေသည့် IS တပ်ဖွဲ့ဝင်များကို တူရကီတပ်ဖွဲ့နှင့် ဆီးရီးယား သူပုန်များက လုံးဝ မောင်းထုတ်နိုင်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က ပြောကြားလိုက်သည်။

    ယမန်နေ့က နိုင်ငံအရှေ့တောင်ဘက်ရှိ ဒီယာဘာကီရ်မြို့တွင် ပြောကြားသည့် မိန့်ခွန်း၌ ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားမြောက်ပိုင်း နယ်စပ်မြို့များဖြစ်ကြသည့် အေဇက်နှင့် ဂျာရာဘလွတ်စ်တို့အကြားရှိ ဒေသကို ရှင်းလင်းနိုင်ခဲ့ခြင်းဟု ဆိုသည်။

    တူရကီတပ်ဖွဲ့များနှင့် ဆီးရီးယားသူပုန်များ၏ ထိုးစစ်ဆင်မှုမှာ ဆီးရီးယားမြောက်ပိုင်းနှင့် တူရကီအကြားရှိ ဆက်သွယ်မှုများကို ဖြတ်တောက်လိုက်သည်ဟု တူရကီနိုင်ငံပိုင်သတင်းဌာန Anadolu က စောစောပိုင်းတွင် ဖော်ပြခဲ့ပြီး၊ ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရး စောင့်ကြည့်အဖွဲ့ကလည်း IS မှာ ဆီးရီးယားနယ်စပ်မှ ဒေသများအား ဆုံးရှုံးရခြင်းကြောင့် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera