News @ M-Media

Blog

  • အီဂျစ်တွင် ကိုယ်အင်္ဂါမှောင်ခိုကူးသူများက ပြည့်တန်ဆာများကို အသုံးပြုလာ

    အီဂျစ်တွင် ကိုယ်အင်္ဂါမှောင်ခိုကူးသူများက ပြည့်တန်ဆာများကို အသုံးပြုလာ

    စက်တင်ဘာ ၄၊ ၂၀၁၆
    M-Media

    egypt

    – အီဂျစ်နိုင်ငံတွင် လူ့ကိုယ်အင်္ဂါ တရားမ၀င်ကုန်ကူးသူများက ရွှေ့ပြောင်းနေထိုင်သူများထံမှ ၎င်းတို့၏ ကိုယ်အင်္ဂါများရောင်းချရန် ပြည့်တန်ဆာများကိုအသုံးချ၍ သွေးဆောင်ဖျားယောင်းမှုရှိနေသည်ဟု ထိန်လန့်ဖွယ် အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာခဲ့သည်။

    လူကုန်ကူးသူများမှာ အထောက်အထားမရှိ၊ ပိုက်ဆံမရှိကြသည့် အာဖရိက ပြောင်းရွှေ့အခြေချသူများကို ပစ်မှတ်ထားကြခြင်းဖြစ်သည်။

    “ရောင်းသူ၊ ၀ယ်သူ ဈေးညှိတဲ့အခါ ကြားခံဆက်သွယ်ရေးအဖြစ် လိင်လုပ်သားတွေကို အသုံးပြုကြပါတယ်။ ရောင်းချဖို့ အပိုမက်လုံးတစ်ခုအနေနဲ့ လိင်အလုပ်သမတစ်ဦးနဲ့ တစ်ညတာ ပျော်ပါးဖို့ ကမ်းလှမ်းချက်လည်း ပါဝင်ပါတယ်” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံစာကို အီဂျစ်သို့ရက်သတ္တပတ်အနည်းငယ်မျှ သွားရောက်နေထိုင်ပြီး အရောင်းအ၀ယ်လုပ်သူများနှင့် စကားပြောဆိုခဲ့သည့် ဗြိတိန်နိုင်ငံ လီဗာပူလ်းတက္ကသိုလ်မှ ဥပဒေပညာရှင် စီယန် ကိုလမ့်ဘ် ရေးသားခြင်းဖြစ်သည်။

    အီဂျစ်တွင် ကိုယ်လက်အင်္ဂါအစားထိုးခြင်းနှင့်ပက်သက်၍ ဥပဒေသတ်မှတ်ချက် ရေရေရာရာမရှိပေ။ ကျောက်ကပ်ဝယ်ယူခြင်းမှာ တရားမ၀င်သော်လည်း အစားထိုးကုသပေးရန် ပိုက်ဆံပေးမှုကို ဥပဒေက ခွင့်ပြုထားသည်။ အချို့က အင်္ဂါများအတွက် ဒေါ်လာ ၁၀၀,၀၀၀ အထိ ပေးကြပြီး ယင်းသို့ပေးချေမှုကို ကဖီးဆိုင်ကဲ့သို့သော လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင်လုပ်လေ့ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

    တရားမ၀င်ရရှိသည့် အင်္ဂါအစိတ်အပိုင်းကို အစားထိုးသည့်အခါ ခွဲစိတ်မှုလုပ်ပေးသည့် ဆရာဝန်မှာ သက်ဆိုင်ရာသို့ တိုင်ကြားရမည်ဟု ဥပဒေမရှိသောကြောင့် ထိုကဲ့သို့ လုပ်ဆောင်မှုများကို တိုင်ကြားမှုများလည်း မရှိသလောက်နည်းပါးသည်ဟု ကိုလမ့်ဘ်က ထပ်လောင်းပြောကြားခဲ့သည်။

    ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်းချရန်အတွက် ခြိမ်းခြောက်မှုများလည်းရှိနေပြီး၊ ထိုကိစ္စနှင့်ပတ်သက်၍ သတ်ဖြတ်မှုသတင်းများမှာလည်း ပြီးခဲ့သည့် လများအတွင်း ခြောက်ခြားဖွယ် ထွက်ပေါ်လာခဲ့သည်။

    Ref : RT

  • အချုပ်ခန်းအတွင်း မြန်မာလုပ်သားများ အခြေအနေဆိုးရွားနေကြောင်း မလေးရှားရက်ပါတစ်ဦး ရေးသားမှု မြန်မာသံရုံးသတင်းထုတ်ပြန်

    အချုပ်ခန်းအတွင်း မြန်မာလုပ်သားများ အခြေအနေဆိုးရွားနေကြောင်း မလေးရှားရက်ပါတစ်ဦး ရေးသားမှု မြန်မာသံရုံးသတင်းထုတ်ပြန်

    စက်တင်ဘာ ၊ ၄ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    .Myanmar Embassy in Kuala Lumpur  Malaysia
    မကြာသေးမီက အဖမ်းခံခဲ့ရသည့် မလေးရှားမှ ရက်ပါအဆိုတော် နာမီဝီမှာ ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းလုပ်သားများ အချုပ်ခန်းထဲတွင် ရင်ဆိုင်နေရသည့် အခြေအနေဆိုးများကို ၄င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာမှ တဆင့် ရေးသားဖော်ပြခဲ့သည်။
    .
    အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး မြန်မာသံရုံး (ကွာလာလမ်ပူ) ၏ တရားဝင် Facebook စာမျက်နှာမှ အောက်ပါအတိုင်း သတင်းထုတ်ပြန်ဖော်ပြထားတာကို တွေ့ရှိရပါသည်။
    .
    မလေးရှား Rapper အဆိုတော် Namewee ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြခဲ့သည့် အချုပ်ခန်းအတွင်း တွေ့ဆုံခဲ့သည် ဆိုသော မြန်မာနိုင်ငံသား ၁၅ ဦးနှင့်ပတ်သက်၍ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သွားရောက်စိစစ်ခဲ့ခြင်း
    .
    ၁။ မလေးရှားနိုင်ငံမှ ရက်(ပ်)ပါ အဆိုတော်တစ်ဦးဖြစ်သူ Namewee သည် ပီနန်းမြို့ Bayan Baru အချုပ်ခန်းတွင် သြဂုတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ထိန်းသိမ်းခံခဲ့ရပြီး ၎င်း ထိန်းသိမ်းခံနေရစဉ် အတွင်း မြန်မာနိုင်ငံသား (၁၅) ဦးနှင့် တွေ့ဆုံခဲ့ရသည့် အခြေအနေတို့ကို ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ (Facebook) တွင် သြဂုတ်လ ၂၅ ရက်နေ့က ဖေါ်ပြခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ ပထမအတွင်းဝန် ဦးတင်ဝင်းအောင်သည် ပီနန်းမြို့ Timur Laut ရဲစခန်းမှ တာဝန်ခံရဲအရာရှိအား ၁-၉-၂၀၁၆ ရက်နေ့တွင်လည်းကောင်း ၊ ၂-၉-၂၀၁၆ ရက်နေ့တွင် လည်းကောင်း သွားရောက်တွေ့ဆုံမေးမြန်းကာ အဆိုပါဖြစ်စဉ် မှန်ကန်မှု ရှိ-မရှိ စိစစ်အတည်ပြုပေးပါရန် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
    .
    ၂။ စုံစမ်းသိရှိရသည့် သတင်း အချက်အလက်အရ အဆိုပါရက်များအတွင်း ပီနန်းမြို့တွင် တရားမဝင်နေထိုင်သူများအား ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ အခြားနိုင်ငံသားများနှင့်အတူ တရားမဝင် မြန်မာနိုင်ငံသားအချို့လည်း ဖမ်းဆီထိန်းသိမ်းခံရပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံရသူများကို ရဲစခန်း အချုပ်ခန်းအတွင်း ရမန်ဖြင့် အများဆုံး ၁၄ ရက်သာ ထိန်းသိမ်းထားခွင့်ရှိပါကြောင်း ၊ အချုပ်ခန်းအတွင်း ကျန်းမာရေး မကောင်းသူများအား အခြားအချုပ်သားများသို့ ရောဂါ မကူးစက်စေရန် သီးခြားခွဲထားပါကြောင်း၊ နောက်ဆုံး သြဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားသူများအား စက်တင်ဘာလ ၂ ရက်နေ့တွင် Juru ထိန်းသိမ်းရေးစခန်းသို့လွှဲပြောင်း၍ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း၊ အဆိုတော် Namewee အနေဖြင့် လူထုအား ၎င်းရင်ဆိုင်နေရသော ပြသနာမှ အာရုံလွှဲပြောင်းစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မဟုတ်-မမှန် ဖေါ်ပြခဲ့သည် ဟု ယူဆပါကြောင်း စသည်ဖြင့် စုံစမ်းသိရှိခဲ့ရပါသည်။
    .
    ၃။ အထက်ဖော်ပြပါကဲ့သို့ ကိစ္စရပ်များသည် လူမှုကွန်ယက်ကို အသုံးချကာ လူထုအား အထင်အမြင်လွှဲမှားမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများအား တိုက်ရိုက်မေးမြန်းစိစစ်ခဲ့ပြီး သတင်းမှန်ကို သိရှိနားလည်နိုင်ပါရန် ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်။ ထို့ပြင် မြန်မာသံရုံး ၊ ကွာလာလမ်ပူမြို့အနေဖြင့် မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူခံရသည့် မန်မာနိုင်ငံသားများ ပြစ်ဒဏ်ကျခံပြီးနောက် သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများသို့ ရောက်ရှိပါက ၎င်းတို့အား သွားရောက်တွေ့ဆုံကာ နိုင်ငံသား စိစစ်၍ မြန်မာနိုင်ငံသား မှန်ကန်သူများ အား မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိသာနိုင်ရန် ဖေါ်ပြအပ်ပါသည်။
    .
    လေးစားမှုဖြင့်
    မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့
    ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃ ရက်

    ဆက်စပ်သတင်းဖတ်ရှုရန်
    —————————
    အချုပ်ခန်းအတွင်း မြန်မာလုပ်သားများ အခြေအနေဆိုးရွားမှုကို မလေးရှားရက်ပါတစ်ဦး ဖွင့်ချ
    http://www.m-mediagroup.com/news/59517

  • မေတ္တာရှင် မာသာထရီဇာအား သူတော်စဉ်အဖြစ် ပုပ်ရဟန်းမင်းကြီး သတ်မှတ်

    မေတ္တာရှင် မာသာထရီဇာအား သူတော်စဉ်အဖြစ် ပုပ်ရဟန်းမင်းကြီး သတ်မှတ်

    စက်တင်ဘာ ၄၊ ၂၀၁၆
    M-Media

    mother

    – အိန္ဒိယနိုင်ငံရှိ ဆင်းရဲသူဆင်းရဲသားများအား ကူညီဖေးမရေး ဘ၀တစ်ခုလုံးကို မြှုပ်နှံခဲ့သည့် မာသာထရီဇာအား ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သူတော်စဉ်အဖြစ် သတ်မှတ်လိုက်ပြီး ‘ကျောမွဲလူတန်းစားတို့အား အလင်းပြသူ’ အဖြစ် သမုတ်ခဲ့သည်။

    ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် ယနေ့မနက်က သတ်မှတ်လိုက်ခြင်းဖြစ်ပြီး မာသာထရီဇာ၏ အားထုတ်မှုများကိုလည်း ချီးကျူးပြောဆိုခဲ့သည်။

    ကိုလ်ကတား(ယခင်က ကလ်ကတ္တား) ဟုခေါ်သည့် မြို့ရှိ ကမ္ဘာ့အဆင်းရဲ့ဆုံး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သည့် မာသာထရီဇာမှာ နိုဘယ်ဆုရှင်လည်းဖြစ်ပြီး ကွယ်လွန်ပြီး ၁၉ နှစ်ကြာမှ ယခုကဲ့သို့ သူတော်စဉ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

    ယနေ့မနက်ပိုင်းတွင်ကျင်းပခဲ့သည့် ဂုဏ်ပြုအခမ်းအနားနှင့် သူတော်စဉ်ဘွဲ့ ပေးအပ်ခြင်းကို ကမ္ဘာတစ်ဝှမ်းမှ လူသိန်းချီ တက်ရောက်ခဲ့သည်။

    “ခမည်းတော်ဘုရား၊ သားတော်ဘုရားနဲ့ သန့်ရှင်းသောဝိဉာဏ်တော်တို့ကို တိုင်တည်ပြီး – ကလ်ကတ္တတားရဲ့ ထရီဇာကို သူတော်စဉ်တစ်ဦးအဖြစ် ကျွန်တော်တို့ သတ်မှတ်လိုက်ကာ သူတော်စင်များစာရင်းမှာလည်း ထည့်သွင်းလိုက်ပါတယ်။ နောက်ပြီး အသင်းတော်တစ်ခုလုံးက ကြည်ညိုဆက်ကပ်ရသူအဖြစ် သတ်မှတ်ကြောင်း ကြေငြာလိုက်ပါတယ်” ဟု ခရစ်ယာန် ကက်သလစ်အသင်းတော်၏ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လက်တင်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ သူတော်စဉ်ဖြစ်ကြောင်း ကြေငြာခဲ့သော်လည်း ကက်သလစ်အသင်းတော်တွင် မာသာထရီဇာဟူသည့် အမည်နှင့်ပင် ဆက်ရှိသွားမည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားတွင် တူရကီက စစ်မျက်နှာသစ်ဖွင့်

    ဆီးရီးယားတွင် တူရကီက စစ်မျက်နှာသစ်ဖွင့်

    စက်တင်ဘာ ၄၊ ၂၀၁၆
    M-Media

    turkey 4

    – ပြီးခဲ့သည့် သီတင်းပတ်အတွင်း IS လက်မှ သိမ်းယူနိုင်ခဲ့သည့် ဆီးရီးယားနိုင်ငံမြာက်ပိုင်းမှ နယ်စပ်မြို့သို့ တူရကီက တင့်ကားအင်အားများ ထပ်မံဖြည့်တင်းခဲ့ပြီး ထိုဒေသအတွင်းရှိ တိုက်ခိုက်ရေးသမားများအားလုံးကို ရှင်းလင်းရန်အတွက် စစ်မျက်နှာအသစ် ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

    ဂျာရာဘလွတ်စ်၏ အမည်ရသည့် အဆိုပါမြို့ကို တူရကီတပ်ဖွဲ့များနှင့် မဟာမိတ် ဆီးရီးယားသူပုန်များက သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်ကာ ထိုးစစ်ဆင်မှုများကိုလည်း ဆက်လက်လုပ်ဆောင်နေသည်။

    ယမန်နေ့က သူပုန်များမှာ တူရကီနယ်စပ်နှင့်ကပ်နေသည့် ဆီးရီးယားဘက်ခြမ်းမှ အခြားမြို့ပေါင်းများစွာကို သိမ်းယူနိုင်ခဲ့သည်။

    တူရကီလိုလားသည့် Sultan Murad သူပုန်အဖွဲ့မှ တပ်မှူးဖြစ်သူ အဟ်မဒ် အွတ်သမန်ကမူ မိမိတို့မှာ ဂျာရာဘလွတ်စ်ပြီးနောက် နောက်ထပ် ရွာပေါင်း ၁၇ ရွာကို သိမ်းယူနိုင်ခဲ့ပြီး အလ်-ရိုင်းနှင့် ဂျာရာဘလွတ်စ်မြို့ကြားရှိ ရွာအားလုံးကို သိမ်းယူရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဝေဖန်မှုရှိသော်လည်း အတိုက်အခံခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

    ဝေဖန်မှုရှိသော်လည်း အတိုက်အခံခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

    စက်တင်ဘာ ၄၊ ၂၀၁၆
    M-Media

    bang

    – နိုင်ငံအတွင်း အကြီးဆုံး အတိုက်အခံပါတီဖြစ်သော ဂျမာအသ်-အီ-အစ္စလာမီပါတီအား ငွေကြေးထောက်ပံ့သူဖြစ်ပြီး အဓိကခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ မီရ် ကွာဆင်မ် အလီကို ဘင်္ဂလားဒေ့ရှ်က ကွပ်မျက်လိုက်သည်ဟု သိရသည်။

    မိသားစုနှင့် နောက်ဆုံး တွေ့ဆုံခွင့်ပေးပြီးနောက် ယမန်နေ့ည ၁၀ နာရီ ၃၅ မိနစ်တွင် ကြိုးပေး ကွပ်မျက်လိုက်ခြင်းဖြစ်သည်ဟု တရားရေးဝန်ကြီး အန်နီဆူလ် ဟက်က ပြောကြားခဲ့သည်။

    အလီမှာ ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ရာဇ၀တ်မှုများကျူးလွန်ခဲ့သည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ် အထူးခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးချုပ်သို့ အယူခံဝင်ခဲ့သော်လည်း အင်္ဂါနေ့တွင် ပယ်ချခြင်း ခံခဲ့ရပြီး အပြစ်ရှိကြောင်းဝန်ခံကာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်သော်လည်း ၎င်းက လက်မခံခဲ့ပေ။

    အလီမှာ စစ်ပွဲအတွင်း တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော စစ်တကောာင်းမှ ပါကစ္စတန်လိုလားသူ ပြည်သူ့စစ်အဖွဲ့၏ အဓိကတပ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သင်္ဘောလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများဖြင့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့သည်။

    ၂၀၁၃ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်မှာ အတိုက်အခံခေါင်းဆောင် ၅ ဦးကို စစ်ရာဇ၀တ်မှုစွဲချက်များဖြင့် ကွပ်မျက်ခဲ့ပြီး အလီမှာ ဂျာမာအသ်-အီ- အစ္စလာမီပါတီတွင် အရေးပါသည့် နောက်ဆုံးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

    လူ့အခွင့်အရေးအဖွဲ့များကမူ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖွဲ့စည်းထားသည့် အထူးခုံရုံး၏ လုပ်ထုံးလုပ်နည်းများမှာ နိုင်ငံတကာ ဥပဒေများနှင့် မညီညွတ်ဘဲ အတိုက်အခံအများကို နှိပ်ကွပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုထားသည်။

    Ref : Aljazeera