News @ M-Media

Blog

  • တရုတ်မွတ်စလင်တစ်ဦး စက်ဘီးဖြင့် မက္ကာဟ်ဟို့ ဟဂ်ျပြုရန်လာရောက်

    တရုတ်မွတ်စလင်တစ်ဦး စက်ဘီးဖြင့် မက္ကာဟ်ဟို့ ဟဂ်ျပြုရန်လာရောက်

    သြဂုတ် ၂၅၊ ၂၀၁၆
    M-Media

    cycle

    – အစ္စလာမ်ဘာသာဝင်တစ်ဦးအနေဖြင့် တစ်သက်တွင်တစ်ခါ ဖြည့်ဆည်းရမည့် ဘာသာရေးတာဝန်ကို ထမ်းဆောင်ရေးအတွက် တရုတ်မွတ်စလင်တစ်ဦးမှာ စက်ဘီးဖြင့် ကီလိုမီတာပေါင်း ၈၁၅၀ အကွာအဝေးရှိသည့် ခရီးကို ကျော်ဖြတ်ကာ ဆော်ဒီအာရေဗျသို့ ဟဂ်ျပြုရန် ရောက်ရှိလာခဲ့သည်။

    မိုဟာမက်ဟု အမည်ရသည့် အဆိုပါ မွတ်စလင်အမျိုးသားမှာ ၎င်း၏ဇာတိ ဇင်ကျန်းပြည်နယ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ၂ လတာ ကြာမြင့်ခဲ့ကာ တာအစ်ဖ်သို့ရောက်ရှိစဉ် ဒေသတွင်း စက်ဘီးစီးအသင်းက ကြိုဆိုကာ မက္ကာဟ်သို့ ဆက်လက် ခရီးဆက်ခဲ့ကြသည်။

    “ကျွန်တော်တို့ဟာ တရုတ်စက်ဘီးသမားကို ကြိုဆိုရတဲ့ ပထမဆုံး စက်ဘီးစီးအသင်း ဖြစ်ပါတယ်၊ သူ့ကို တခြားစက်ဘီးအသင်းတွေဆီ ခေါ်သွားဖို့လည်း ရည်ရွယ်ထားပြီး သူတို့အခြေစိုက်တဲ့ မြို့တွေကိုလည်း လိုက်ပို့ပေးမှာ ဖြစ်ပါတယ်” ဟု တာအစ်ဖ် စက်ဘီးစီးအသင်း၏ ဥက္ကဌဖြစ်သူ နာယက်ဖ် အလ်-ရာဝက်စ်က ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ သာသနာရေးဝန်ကြီးဌာန (SARA) က ယခုနှစ်တွင် တရုတ် မွတ်စလင် ၁၄၅၀၀ ခန့် ဟဂ်ျဘုရားဖူးခရီး သွားရောက်မည်ဟု ကြေငြာခဲ့သည်။ လက်ရှိတွင် စုစုပေါင်း တရုတ်လူမျိုး ဟဂ်ျဘုရားဖူးခရီးသည် ၁၁၀၀၀ ခန့်မှာ မက္ကာဟ်သို့ ရောက်နှင့်နေပြီးဖြစ်ကြောင်း စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

    ၂၀၀၇ ခုနှစ်ကလည်း ခြေချင်းညာဒေသမှ အသက် ၆၃ နှစ်အရွယ် မွတ်စလင်အမျိုးသားတစ်ဦးမှာ ကီလိုမီတာပေါင်း ၁၂၀၀၀ ခန့်ကို စက်ဘီးဖြင့်ဖြတ်ကာ မက္ကာဟ်သို့ လာရောက်ဟဂ်ျပြုခဲ့သည်။

    Ref : IINA

  • Pokemon Go ကြောင့် ဂျပန်တွင် ပထမဆုံး လူသေဆုံးမှုဖြစ်

    Pokemon Go ကြောင့် ဂျပန်တွင် ပထမဆုံး လူသေဆုံးမှုဖြစ်

    သြဂုတ် ၂၅၊ ၂၀၁၆
    M-Media

    pokemon

    – ဂျပန်နိုင်ငံတွင် Pokemon Go ဂိမ်းကစားရင်း ကားမောင်းလာသူတစ်ဦးမှာ အမျိုးသမီးတစ်ဦးကို တိုက်မိ၍ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုအမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဂျပန်သတင်းမီဒီယာများကမူ လက်ရှိတွင် နာမည်ကျော်နေသော ဂိမ်းတစ်ခုကြောင့် ဂျပန်နိုင်ငံတွင်ဖြစ်ပွားသည့် ပထမဆုံးယာဉ်တိုက်မှုအဖြစ် ရေးသားဖော်ပြခဲ့ကြသည်။

    ထိုအဖြစ်အပျက်တွင် အသက် ၃၉ နှစ်အရွယ် လယ်သမား ကေဂျီဂူးမှာ နိုင်ငံအနောက်ပိုင်း တိုကူရှီမားမြို့ လမ်းပေါ်တွင် အင်္ဂါနေ့ညနေက အမျိုးသမီးနှစ်ဦးကို ကားဖြင့်တိုက်မိခဲ့ပြီး၊ အခင်းဖြစ်ပွားချိန်တွင် ၎င်းမှာ ပိုကီမွန်ဂိမ်းကစားနေသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

    အမျိုးသမီးနှစ်ဦးအနက် အသက် ၇၂ နှစ်အရွယ်ရှိသူမှာ နေရာတွင်သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ်ရှိ ကျန်တစ်ယောက်မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

    ဇူလိုင်လက စတင်ထွက်ရှိခဲ့ပြီးနောက် Pokemon Go ဂိမ်းမှာ ကမ္ဘာတစ်ဝှမ်းတွင် အလျင်အမြန် လူကြိုက်များလာခဲ့ပြီး၊ နေရာအနှံသွားကာ အကောင်ဖမ်းအမှတ်ယူ၍ ကစားရသည့် ထိုဂိမ်းကြောင့် ရာဇ၀တ်မှုများ၊ လမ်းစည်းကမ်းချိုးဖောက်မှုများ ဖြစ်ပွားသည့်အသံများလည်း ထွက်လာခဲ့သည်။

    ထို့ကြောင့် နိုင်ငံတော်တော်များများမှ အာဏာပိုင်များက ထိုဂိမ်းကစားမှုအတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

    Ref : Channelnewsasia

  • မြောက်ကိုရီးယား၏ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှု အာရှထိပ်သီး ၃ နိုင်ငံ ရှုတ်ချ

    မြောက်ကိုရီးယား၏ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှု အာရှထိပ်သီး ၃ နိုင်ငံ ရှုတ်ချ

    သြဂုတ် ၂၅၊ ၂၀၁၆
    M-Media

    cnj

    – မြောက်ကိုရီးယားမှ နောက်ဆုံးပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ရှုတ်ချလိုက်ပြီး ကိုရီးယားကျွန်းဆွယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သော ရန်စသည့်လုပ်ရပ်များကို မလုပ်ရန် ဆော်သြလိုက်သည်။

    ထိုသုံးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများမှာ ဗုဒ္ဓဟူးနေ့က တိုကျိုတွင် ကျင်းပသည့် သုံးပွင့်ဆိုင်အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ရှုတ်ချလိုက်ခြင်းဖြစ်ပြီး၊ မြောက်ကိုးရီးယားက KN-11 ဟု ယူဆရသည့် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နာရီပိုင်းအကြာ၌ုထိုမှတ်ချက်မျိုး ထွက်ပေါ်လာခြင်း ဖြစ်သည်။

    အဆိုပါဒုံးကျည်ကို ဗုဒ္ဓဟူးနေ့အစောပိုင်း ဒေသစံတော်ချိန် မနက် ၅း၃၀ ၀န်းကျင်၌ မြောက်ကိုးရီးယား ရှင်ပိုကမ်းရိုးတန်းမြို့အနီး ရေငုပ်သင်္ဘောတစ်စီးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး၊ ကီလိုမီတာ ၅၀၀ ခန့်ပျံသန်းသွားခဲ့တကာ ဂျပန်ပင်လယ်ပြင်ထဲသို့ ကျရောက်သွားခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကလည်း မြောက်ကိုးရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုအပေါ် မနှစ်မြို့ကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းတို့အနေဖြင့် ဒေသတွင်း တင်းမာမှု ပိုဆိုးလာစေမည့် မည်သည့်လှုပ်ရှားမှုကိုမှ လက်မခံကြောင်း ပြောကြားခဲ့သည်။

    Ref : Presstv

  • အီတလီငလျင် သေဆုံးသူ ၂၀၀ ကျော်ရှိလာ

    အီတလီငလျင် သေဆုံးသူ ၂၀၀ ကျော်ရှိလာ

    သြဂုတ် ၂၅၊ ၂၀၁၆
    M-Media

    italy earthquak

    – ယမန်နေ့မနက်အစောပိုင်းက အီတလီနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူမှာ ၂၄၀ ကျော်လာခဲ့ပြီး အပျက်အဆီးများကြားတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်သားများက ဆက်လက် ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။

    ပြင်းပြင်းထန်ထန် ဒဏ်ရာရသူအချို့ပါအ၀င် စုစုပေါင်း ဒဏ်ရာရသူများမှာ ကြာသာပတေးနေ့မနက်ပိုင်းအထိ ၃၆၈ ဦး ရှိနေပြီး၊ အပျက်အဆီးများအောက် ပိတ်မိနေသူများလည်း ရှိနေကာ သေဆုံးသူစာရင်းမှာ ထပ်တိုးလာနိုင်ဖွယ် ရှိနေသည်။ ပြင်းအား ၆.၂ ရှိ ငလျင်ကြောင့် အီတလီမြို့တော် ရောမ၏ အရှေ့ဘက် ကီလိုမီတာ ၁၄၀ အကွာရှိ တောင်းတန်းဒေသတစ်ခုလုံးတွင် နေအိမ်များ၊ လမ်းများမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့သည်။

    သေဆုံးသူစာရင်းမှာ ယမန်နေ့ညပိုင်းက ၁၅၉ ဦးသာ ရှိသော်လည်း ယနေ့မနက်ပိုင်းတွင် ၂၄၇ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ အိုးအိမ်စွန်ခွာထွက်ပြေးရသူများမှာလည်း နောက်ဆက်တွဲငလျင်များကို ကြောက်ရွံ့၍ အေးခဲသော ရာသီဥတုအောက်၌ လူလုပ်တဲငယ်များတွင် အိပ်စက်ခဲ့ရသည်။

    Ref: Aljazeera

  • ကနေဒါတော်ဝင်ရဲတပ်ဖွဲ့က ၀တ်စုံသတ်မှတ်ချက်တွင် ဟီဂျဘ်ကို ထည့်သွင်း

    ကနေဒါတော်ဝင်ရဲတပ်ဖွဲ့က ၀တ်စုံသတ်မှတ်ချက်တွင် ဟီဂျဘ်ကို ထည့်သွင်း

    သြဂုတ် ၂၅၊ ၂၀၁၆
    M-Medai

    canada

    – ကနေဒါနိုင်ငံ၏ တော်ဝင်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသည့် မွတ်စလင် ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများအား ဟီဂျဘ်ခေါင်းဆောင်ပုဝါ ၀တ်ဆင်ခွင့် ပြုလိုက်ပြီး ရဲဝတ်စုံတွင်လည်း ဟိဂျဘ်ခေါင်းဆောင်းပုဝါကို ထည့်သွင်းခဲ့သည်ဟု သိရသည်။

    “ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့ရဲ့ ရဲမင်းကြီးက ရဲတပ်ဖွဲ့ဝတ်စုံထဲမှာ ဟီဂျဘ်ခေါင်းဆောင်ပုဝါကို ထည့်သွင်းဖို့ မကြာသေးခင်ကပဲ အတည်ပြုခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက မတူကွဲပြားမှုကို ပိုမိုရောင်ပြန်ဟပ်စေဖို့ဖြစ်ပြီး၊ မွတ်စလင်အမျိုးသမီးတွေအနေနဲ့ ရဲတပ်ဖွဲ့ကို သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုတစ်ခုအဖြစ် ပိုမိုစဉ်းစားလာစေရေး တိုက်တွန်းအားပေးဖို့ ဖြစ်ပါတယ်” ဟု ပြည်သူ့လုံခြုံရေးဝန်ကြီး ရာ့လ်ဖ် ဂူဒဲလ်၏ ပြောရေးဆိုခွင့်ရှိသူ စကော့ ဘာ့ဒ်စလေက ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့အတွင်း မည်သည့်မွတ်စလင်အမျိုးသမီးကမှ ဟိဂျဘ်ဝတ်ဆင်ခွင့်ရရန် တောင်းဆိုခြင်း မပြုသေးသော်လည်း ရဲတပ်ဖွဲ့ကမူ ယခုနှစ်အစောပိုင်းတွင် ထိုကဲ့သို့ ၀တ်စုံထပ်တိုးမှုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း လွန်ခဲ့သည့် နှစ်များအတွင်း ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်မှာ တပ်ဖွဲ့အတွင်း ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တင်းကြပ်သည့် ဥပဒေများကို လျှော့ချပေးရန် တောင်းဆိုခဲ့ကြသည်ဟု ဂူဒဲလ်နှင့် ရဲမင်းကြီး ဘော့ဘ် ပေါလ်ဆန်တို့အကြား အဆက်အသွယ်ရှိသည့် ရင်းမြစ်တစ်ခုကို ကိုးကား၍ မွန်ထရီယဲလ်နေ့စဉ်သတင်းစာ La Presse က ပြောကြားခဲ့သည်။

    ရဲဝတ်စုံတွင် ထည့်သွင်းသတ်မှတ်ခဲ့သည့် အဆိုပါ ဟီဂျဘ်မှာ လိုအပ်ပါက အလွယ်တကူနှင့် လျင်လျင်မြန်မြန် ချွတ်နိုင်သည့် ဟီဂျဘ်မျိုး ဖြစ်ရမည်ဟုလည်း အဆိုပါ စာစောင်က ထည့်သွင်းဖော်ပြခဲ့သည်။

    ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့မှာ တိုရွန်တိုနှင့် အဒ်မွန်တွန်ရဲတပ်ဖွဲ့တို့ပြီးနောက် ကနေဒါတွင် ဟိဂျဘ်ကို ယူနီဖောင်းတွင် ထည့်သွင်းသတ်မှတ်ပေးသည့် တတိယမြောက် ရဲတပ်ဖွဲ့ ဖြစ်လာခဲ့သည်။ တော်ဝင်ရဲတပ်ဖွဲ့ဝတ်စုံကို နောက်ဆုံး တပ်တိုးသတ်မှတ်ခဲ့သည့်အချိန်မှာ ၁၉၉၀ ပြည့်နှစ်တွင်ဖြစ်ပြီး ဆစ်ခ်လူမျိုးများ၏ ခေါင်းပေါင်းအား ၀တ်စုံ၏ တစ်စိတစ်ပိုင်းအဖြစ် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera