News @ M-Media

Blog

  • ဒုတိယမြောက်ကမ္ဘာကို တွေ့တော့မှာလား

    ဒုတိယမြောက်ကမ္ဘာကို တွေ့တော့မှာလား

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    star
    ဂြိုဟ်သစ်တည်ရှိရာ Proxima Centauri ကြယ်

    – ကမ္ဘာကြီးတည်ရှိရာ နေအဖွဲ့အစည်းနဲ့ အနီးဆုံးမှာရှိနေတဲ့ ကြယ်ကို လှည့်ပတ်နေပြီး သက်ရှိတွေ ရှင်သန်နေထိုင်လို့ ရနိုင်တယ်လို့ ယုံကြည်ရတဲ့ ကမ္ဘာသစ်တစ်ခုအကြောင်းကို ဥရောပ နက္ခတ္တဗေဒ ပညာရှင်တွေက မနက်ဖြန်မှာ ကြေငြာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

    ဥရောပတောင်ပိုင်း စူစမ်းလေ့လာရေးဌာန ESO က ဒီကမ္ဘာသစ်ကို တွေ့ရှိခဲ့တယ်ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက သတင်းထွက်ခဲ့ပေမယ့် ကောလဟာလအဆင့်မှာသာ ရှိခဲ့ပြီး မနေ့ကမှ ESO က အတည်ပြုခဲ့တာဖြစ်ပါတယ်။

    အဲဒီဂြိုဟ်ဟာ မိမိတို့အနေအဖွဲ့အစည်းကနေ အလင်းနှစ် ၄.၂ နှစ်လောက် သွားရမယ့် Proxima Centauri ကြယ်ကို လှည့်ပတ်နေတာဖြစ်ပြီး ကြယ်နဲ့ ဂြိုဟ်ရဲ့ အကွာအဝေးအရ သက်ရှိတွေရှင်သန်နိုင်တဲ့ ‘သမဇုန်’ မျိုးမှာ တည်ရှိတာ ဖြစ်နိုင်တယ်လို့ ESO က အမည်ဖော်လိုသူတစ်ယောက်က ဂျာမနီ အပတ်စဉ် Der Spiegel ဂျာနယ်ကို ပြောကြားခဲ့ပါတယ်။

    အဲဒီဂြိုဟ်ကို လူသားတွေရဲ့ သက်တမ်းအတွင်းမှာ သွားရောက်နိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ အမည်မပေးရသေးဘဲ မနက်ဖြန် ESO က လုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ် သိရမှာဖြစ်ပါတယ်။

    “အမည်မပေးရသေးတဲ့ ဒီဂြိုဟ်ဟာ ကမ္ဘာနဲ့ တူတယ်လို့ယုံကြည်ရပြီး Proxima Centauri ကြယ်ကို လှည့်ပတ်နေတဲ့ အကွာအဝေးအရ သက်ရှိတွေဖြစ်တည်ဖို့အတွက် အရေးပါတဲ့ လိုအပ်ချက်ဖြစ်တဲ့ ရေရှိနိုင်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာလိုမျိုး ဒုတိယဂြိုဟ်တစ်လုံးကို ဒီလောက်နီးကပ်တဲ့အကွာဝေးမှာ အရင်က ရှာမတွေ့ခဲ့ဖူးပါဘူး” လို့ အဲဒီ အမည်မဖော်လိုတဲ့ ရင်းမြစ်က ဆိုပါတယ်။

    ကမ္ဘာလို ဂြိုဟ်တွေကို ရှာဖွေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နာဆာက ၂၀၀၉ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Kepler Spacecraft အာကာသယာဉ်ဟာ လက်ရှိအချိန်အထိ ဂြိုဟ်ပေါင်း ၄၀၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး အဲဒီအထဲက ကမ္ဘာနဲ့တူနိုင်တယ်လို့ ယုံကြည်ရတဲ့ ဂြိုဟ်အရေအတွက်ကတော့ ၂၁၆ လုံး ရှိပါတယ်။

    ဒါပေမယ့် အခု ESO ကတွေ့ရှိခဲ့တဲ့ ဂြိုဟ်လောက် မနီးဘဲ အလင်းနှစ် ထောင်ချီသွားရောက်ရတဲ့ နေရာမျိုးမှာ ရှိခဲ့တာဖြ စ်ပါတယ်။

    Ref: The Sun

  • ဘန်ကီမွန်းနဲ့ တွေ့ဆုံဖို့ ဘာသာရေးခေါင်းဆောင်တွေ ဖိတ်ကြားခံရ

    ဘန်ကီမွန်းနဲ့ တွေ့ဆုံဖို့ ဘာသာရေးခေါင်းဆောင်တွေ ဖိတ်ကြားခံရ

    Ban Kee monn
    ဗွီအိုအေ မှ ကူးယူဖော်ပြသည်။
    .
    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ ဒီလကုန် မြန်မာနိုင်ငံမှာ တွေ့ဆုံဖို့ရာ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးက ဖိတ်ကြားထားတယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ခေတ္တရောက်ရှိနေတဲ့ ကာဒီနယ် ဘုန်းတော်ကြီး Charles Maung Bo က ဗွီအိုအေ ကို ပြောဆိုလိုက်ပါတယ်။

    ဒီလိုတွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ အပါအ၀င် လူအချင်းချင်းကြား သင့်မြတ်စွာ နေထိုင်နိုင်ရေး ဘာသာရေးခေါင်းဆောင်တွေ အတူတကွ လုပ်ဆောင် နေတဲ့အကြောင်း မစ္စတာ ဘန်ကီမွန်းကို အဓိက တင်ပြသွားဖို့ရှိတယ်လို့လည်း ကာဒီနယ် ဘုန်းတော်ကြီးက ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

    မြန်မာနိုင်ငံမှာ သြဂုတ်လ ၃၁ ရက်နေ့ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက် လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ – ရန်ကုန်အခြေစိုက် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးကနေ မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ မစ္စတာ ဘန်ကီမွန်း နေပြည်တော်မှာ တွေ့ဆုံဖို့ရာ ဖိတ်ကြားခဲ့တယ်လို့ – ကာဒီနယ်ဘုန်းတော်ကြီး Charles Maung Bo က ပြောဆိုခဲ့တာပါ။ လောလောဆယ် Texas ပြည်နယ် Houston မြို့မှာ ရောက်ရှိနေတဲ့ ကာဒီနယ်ဘုန်းတော်ကြီးအနေနဲ့ ဖိတ်စာကို မနေ့ အင်္ဂါနေ့မနက်ကပဲ အီးမေးလ်နဲ့ ရရှိခဲ့တာဖြစ်တယ်လို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

    “သြဂုတ်လ ၃၁ ရက်နေ့မှာ ယူအန်အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာစရာရှိတယ်ပြောတယ်။ အဲဒါ ဘာသာရေးခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဖို့အတွက်ဆိုပြီးတော့ သူ ဖိတ်ခေါ်ထားတာရှိတယ်။ ဂျက်နက်ဆိုတဲ့တယောက်လေ ယူအန်ကပဲ အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းကနဲ့တူတယ်။ ယူအန်ကပဲ သူက မနက်ကပဲ ဖိတ်ထားတယ်။ ဖိတ်ခေါ်ပြီးတဲ့နောက်ပေါ့နော် အားလုံး ဗုဒ္ဓဘာသာ၊ မူဆလင်၊ ခရစ်ယာန်၊ ဟိန္ဒူ ခေါ်ပြီးတော့ပေါ့နော် သူတို့ အခြေအနေလေး ဘာလေး ဆွေးနွေးမေးချင်တယ်၊ နောက်ပြီးတော့ ဘယ်လို ကူညီပေးနိုင်မလဲ၊ သူတို့ပြောမှာကတော့ ဘာသာရေးခေါင်းဆောင် များအနေနဲ့ ကချင်ပြည်နယ်မှာဆိုရင် ဘယ်လိုလုပ်ပြီးတော့ ၀ိုင်းဝန်းအားပေးနိုင်ကြမလဲဆိုတာ ပြောမယ်ထင်တယ်၊ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာရှိ တဲ့ ဘင်္ဂလားဒေ့ရှ်က ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေး၊ ဘာသာရေးဘက်မှာ ဘယ်လို အေးအေးဆေးဆေး နေနိုင်မလဲ ဆိုတဲ့ဟာတွေလည်း မေးမယ့် ဆွေးနွေးမယ့် ပုံစံပါပဲ။ ဆရာတော်အနေနဲ့ကတော့ သြဂုတ်လ ၃၁ ရက်နေ့အမီ မသွားနိုင်တော့ဘူးပေါ့။”

    မေး – ဆရာတော့်အစားရော ဘယ်သူသွားဖို့ရှိမလဲ။

    ဖြေ – “သူတို့အနေနဲ့ ခွင့်ပြုတယ်၊ လက်ခံတယ်ဆိုရင် ကိုယ်စားလှယ်တပါး လွှတ်လိုက်မယ်လို့ စဉ်းစားထားတယ်။”

    မေး – ဆရာတော်တို့ဘက်ကရော ဘယ်သူ့ကို လွှတ်ဖို့ ရွေးပြီးပြီလား။

    ဖြေ – “ကိုယ်စားလှယ် သူတို့ဘက်က လက်ခံတယ်ဆိုရင် ဘာသာရေးပေါင်းစုံ ဦးဆောင်နေတဲ့ Father ဂျိုးဇက်မောင်ဝေးကို ကိုယ်စားလှယ်အနေနဲ့ လွှတ်မယ်လို့ စဉ်းစားထားတာပေါ့နော်။”

    တကယ်လို့ ဆရာတော့် ကိုယ်စားပေါ့လေ Father ဂျိုးဇက် သွားတက်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုအကြောင်းအရာမျိုးကို အဓိကထား ပြောမလဲ။

    ဖြေ – “အဓိကကတော့ မြန်မာနိုင်ငံမှာ လက်ရှိပေါ့နော် ဘာသာပေါင်းစုံ ခေါင်းဆောင်တွေ၊ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေ အတတ်နိုင်ဆုံး လက်တွဲ လုပ်ဆောင်နေကြတယ်ဆိုတာနဲ့ နောက်တခုက Religious for Peace ဆိုပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းထဲမှာလည်း ပါဝင်နေတဲ့အတွက် ကြောင့် သူတို့အနေနဲ့ ဘယ်လိုလုပ်ပြီးတော့ ၀ိုင်းဝန်းကူညီပေးနိုင်မလဲဆိုတဲ့ဟာပေါ့နော် ၀ိုင်းဝန်းပြောဆိုပေးဖို့ရာအတွက် အဓိက ဖြစ်ပါတယ်။”

    ကာဒီနယ်ဘုန်းတော်ကြီး Charles Maung Bo ဟာ သြဂုတ်လလယ်မှာ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနဲ့ မက်ဆီကို ၃ နိုင်ငံခရီး ထွက်ခွာလာတာ ဖြစ်ပြီး၊ ကနေဒါခရီးစဉ်အတွင်း – အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အားပေးကူညီသွားဖို့၊ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေစဉ် အစိုးရသစ်အပေါ် ဖိအားပေးဝေဖန်တာမျိုးတွေကိုလည်း သိပ်ပြီး မလုပ်ဆောင် ကြဖို့တွေကို ပြောကြားခဲ့တယ်လို့ ကာဒီနယ်ဘုန်းတော်ကြီးက ဆိုပါတယ်။ မကြာသေးခင် နာရီပိုင်းကတော့ Texas ပြည်နယ် Houston မြို့မှာ မြန်မာမိသားစုတွေနဲ့ ကာဒီနယ်ဘုန်းတော်ကြီး တွေ့ဆုံခဲ့ပြီး ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ အမေရိကန်ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက်ကျရင်တော့ မက်ဆီကိုနိုင်ငံကို ခေတ္တ သွားရောက်လည်ပတ်မှာဖြစ်ပြီး၊ စက်တင်ဘာ ၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမှာလည်း ဖြစ်ပါတယ်။

    သက်တော် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ်ဘုန်းတော်ကြီး Charles Maung Bo ဟာ ရန်ကုန် ရိုမန်ကက်သလစ် ဂိုဏ်းချုပ်ကြီးအဖြစ် ၂၀၀၃ ခုနှစ်ကနေ တာဝန်ထမ်းဆောင်ခဲ့ရာက ၂၀၁၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး Francis က သူ့ကို ရဟန်းမင်းကြီး အမတ် လို့ခေါ်တဲ့ ကာဒီနယ်အဖြစ် ရွေးချယ် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ ရိုမန်ကက်သလစ် ဘာသာအတွင်း ပုပ်ရဟန်းမင်းကြီးပြီးရင် အာဏာရှိတဲ့သူတွေ ဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးကို ရွေးချယ်ရာမှာလည်း မဲပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်ရှင်။

    http://burmese.voanews.com/a/ban-ki-moon-meets-religious-leaders/3478473.html?nocache=1

  • ကုလအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ရခိုင် အကြံပေးကော်မရှင် ဦးဆောင်မည်

    ကုလအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ရခိုင် အကြံပေးကော်မရှင် ဦးဆောင်မည်

    14051830_948607668601152_1682115206915541058_n

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ့် ရေရှည်နည်းလမ်းကောင်းတွေကို ရှာဖွေနိုင်ဖို့ အတွေ့အကြုံရှိသူနဲ့ အများလေးစား လူသိများသူ စုစုပေါင်း ၉ ယောက်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ကြေညာချက်ကို ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

    ကော်မရှင်ဖွဲ့စည်းရေး နားလည်မှုစာချွန်လွှာကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ Kofi Annan ဖောင်ဒေးရှင်းတို့ကြား မကြာခင် လက်မှတ်ရေးထိုးမယ်လို့လည်း သတင်းထဲမှာ ရေးထားပါတယ်။

    ဖော်ပြချက်အပြည့်အစုံမှာ

    နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

    သတင်းထုတ်ပြန်ချက်

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းခြင်း

    ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့်အရေး ကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည် နည်းလမ်းကောင်းများကို ရှာဖွေသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ရေရှည် နည်းလမ်းကောင်းများရရှိရေးအတွက် အကြံပြုပေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း သွားမည်ဖြစ်ပါသည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးမည်ဖြစ်ပါသည်။

    ၂။ မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့် အဆိုပါ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကိုဖြေရှင်းရန် ဤအကြံပေး ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ပါ သည်။

    အကြံပေးကော်မရှင်တွင် ဘက်လိုက်မှုကင်းသည့်၊ လူအများ လေးစား သည့်၊ အတွေ့အကြုံရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြားသည့် မြန်မာနိုင်ငံ သားပုဂ္ဂိုလ် (၆)ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃)ဦး တို့ဖြင့် စုစုပေါင်းအဖွဲ့ဝင် (၉)ဦး ပါဝင်မည်ဖြစ်ပါသည်။ အဆိုပါ ကော်မရှင် ၏ ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် မှ ဆောင်ရွက်မည်ဖြစ်ပါသည်။

    အကြံပေးကော်မရှင်၏အဖွဲ့ဝင်များ အဖြစ် အောက်ပါပုဂ္ဂိုလ်များပါဝင်မည်ဖြစ်ပါသည် –

    (က) ဦးဝင်းမြ
    ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊

    (ခ) ဒေါက်တာသာလှရွှေ
    နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊

    (ဂ) မစ္စတာ ဂါဆန်ဆလမ်
    ယဉ်ကျေးမှုဝန်ကြီး (၂ဝဝဝ-၂ဝဝ၃)၊ လက်ဘနွန်နိုင်ငံ၊
    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအအကြံပေးပုဂ္ဂိုလ်
    (၂ဝဝ၃-၂ဝဝ၆)

    (ဃ) မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ်
    ကုလသမဂ္ဂအိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ်
    ဆိုင်ရာအစီအစဉ်(UNAIDS)၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၅-၂ဝဝ၆)
    ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး (၂ဝ၁၂-၂ဝ၁၅)

    (င) ဦးအေးလွင်
    တည်ထောင်သူတစ်ဦးနှင့်အမြုတေအဖွဲ့ဝင်၊
    ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ)

    (စ) ဒေါက်တာမြသီတာ
    ဥက္ကဋ္ဌ၊ သားဖွားမီးယပ်ပညာအဖွဲ့၊
    မြန်မာနိုင်ငံဆရာဝန်များအသင်း၊
    အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊

    (ဆ) ဦးခင်မောင်လေး
    အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊

    (ဇ) ဒေါ်စောခင်တင့်
    ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)
    ဒုတိယဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးများအသင်း၊

    ၃။ ကော်မရှင်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများအား ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းများကို ရှာဖွေရန်အတွက် ပါဝင်သက်ဆိုင် သူများနှင့်လည်းကောင်း၊ နိုင်ငံတကာကျွမ်းကျင်သူများနှင့် လည်းကောင်း၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့၏ အမြင်သဘောထား များကိုရယူလျက် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ပါသည်။ ကော်မရှင်အနေဖြင့် ရခိုင်ဒေသရှိပြည်သူများ၏ လုံခြုံရေးနှင့်အခြေခံအခွင့်အရေးများအား အာမခံချက်ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများနှင့် အခြေခံလူမှုဝန်ဆောင်မှုများ ရရှိရေးကိစ္စများအား စဉ်းစားဆောင်ရွက်မည်ဖြစ်ပါသည်။ ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုအကူ အညီများပံ့ပိုးရေး၊ အခွင့်အရေး များနှင့် ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေး စသည့်ကဏ္ဍများအတွက် လေ့လာသုံးသပ်မှုပြုလုပ်၍ အကြံပြုတင်ပြမှုများပြုလုပ်မည်ဖြစ်ပါသည်။

    ထို့အပြင် ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာဆက်နွှယ်မှုတို့ကိုလည်း သုံးသပ်သွားမည်ဖြစ်ပါသည်။

    ၄။ ကော်မရှင်အနေဖြင့် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ရှာဖွေတွေ့ရှိချက်များနှင့် လေ့လာသုံးသပ် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာနိုင်ငံအစိုးရထံတင်ပြမည်ဖြစ်ပြီး ပြည်သူလူထု သိရှိ နိုင်ရေးအတွက်လည်း အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိမည်ဖြစ်ပါသည်။ အစီရင်ခံစာကို ကော်မရှင်တည်ထောင်ပြီး ၁၂ လ ကာလထက်နောက် မကျစေဘဲတင်ပြရမည်ဖြစ်ပါသည်။

    နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

    နေပြည်တော်

    ရက်စွဲ။ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်

  • အကြမ်းဖက်ဝါဒမှာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုဟု လက်ဘနွန် ကာဒီနယ်ပြော

    အကြမ်းဖက်ဝါဒမှာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုဟု လက်ဘနွန် ကာဒီနယ်ပြော

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    lebnon

    – အရှေ့အလယ်ပိုင်းဒေသအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်အဖွဲ့အစည်းများမှာ အစ္စလာမ်သာသနာနှင့် မွတ်စလင်တို့ကို ကိုယ်စားမပြုဘဲ၊ ခရစ်ယာန်များနှင့် အတူယှဉ်တွဲနေထိုင်ခြင်းဟူသည့် အစ္စလာမ်၏ အလယ်အလတ်လမ်းစဉ်ကို ဖျက်ဆီးရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု လက်ဘနွန်နိုင်ငံမှ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ် ဘက်ချရာ ရာအီက ပြောကြားလိုက်သည်။

    သြဂုတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေအထိ ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သည့် ‘ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဖိုရမ်’ မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံရပ်ခြားတိုင်းပြည်များ၏ မီးထိုးမှုကြောင့် ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းစစ်ပွဲများကို အဆုံးသတ်ရန်နှင့် ပြဿနာများကို အဖြေရှာရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းခဲ့သည်။

    ကာဒီနယ် ရာအီမှာ ဆိုးလ်မှ ကာဒီနယ် အန်ဒရူး ယီအွန် ဆူဂျန်၏ ဖိတ်ကြားမှုကြောင့် အဆိုပါ ဖိုရမ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    အာရပ်နိုင်ငံများတွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်လည်း ရာအီက အလေးထားပြောကြားခဲ့ပြီး နိုင်ငံတော်နှင့် ဘာသာရေးကို စည်းခြားရန်၊ ဒီမိုကရေစီဖွံ့ဖြိုးရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရန်လည်း တိုက်တွန်းခဲ့သည်။

    ဆော်ဒီနှင့် အီရန်နိုင်ငံအကြား ပြန်လည်သင့်မြတ်ရေး အကူအညီပေးရန်အတွက်လည်း ကာဒီနယ်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဆော်သြခဲ့ပြီး၊ ထိုသို့ပြုလုပ်မှသာ ဒေသတွင်း တင်းမာမှုများကို လျော့ချနိုင်မည်ဟု ဆိုသည်။

    ထိုကဲ့သို့ နိုင်ငံတော်နှင့် ဘာသာရေးကို စည်းခြားမထားမှုအတွက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးအခြေပြု ဘာသာရေးပဋိပက္ခများ ၂ နှစ်တိုင်တိုင် ဖြစ်ပွားခဲ့မှုကို ကာဒီနယ်က ထောက်ပြခဲ့သည်။ အစ္စလာမ်ဘာသာဝင်အများစုရှိသည့် လက်ဘနွန်နိုင်ငံ၏ လက်ရှိနိုင်ငံရေးစနစ်တွင် သမ္မတတာဝန်ကို မာရိုနိုက်ခရစ်ယာန်များသာ ထမ်းဆောင်ရန် သတ်မှတ်ပေးထားသည်။

    ရာအီကမူ မိမိတို့နိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ထူးခြားကောင်းမွန်သည့် စနစ်မျိုးဖြစ်ပြီး၊ နိုင်ငံသားချင်း တန်းတူညီမျှမှု၊ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ယဉ်ကျေးမှုကို အခြေခံကာ ပုံဖော်ထားသည့် မိမိတို့၏ အခြေခံဥပဒေမှာ အခြားသောနိုင်ငံများ အတုယူရမည့် ပုံစံမျိုးဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ပါလက်စတိုင်းနိုင်ငံထူထောင်ရေး၊ ၎င်းတို့မြေမှ အစ္စရေး၏ နှင်ထုတ်မှုကိုခံရသည့် ပါလက်စတိုင်းပြည်သူများအားလုံး ပြန်လည်ခြေချ နေထိုင်နိုင်ရေး၊ ပါလက်စတိုင်းနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်များအားလုံးကို အသက်သွင်းရေး စသည်တို့အတွက် ကမ္ဘာ့ခေါင်းဆောင်များ အတူတကွ ဆောင်ရွက်ကြရန်လည်း ကာဒီနယ်က တိုက်တွန်းပြောကြားခဲ့သည်။

    Ref: Cruxnow.com

  • ဂျော်ဒန်နှင့် WHO တို့ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုး

    ဂျော်ဒန်နှင့် WHO တို့ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုး

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    jordan

    – ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန် ဂျော်ဒန်ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) တို့က သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    ဂျော်ဒန်ကျန်းမာရေးဝန်ကြီး မာမွတ်အလ်ရှိုင်ယစ်ဘ်နှင့် ဂျော်ဒန်ဆိုင်ရာ WHO ကိုယ်စားလှယ် ခရစ္စတီးနား ပရိုဖလီတို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတွင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လိုအပ်ချက်များအရ မြောက်များစွာသော ကျန်းမာရေးစီမံကိန်းများကို အကောင်အထည်ဖော်ရေး အထွေထွေနှင့် အဖွဲ့လိုက်ဆိုင်ရာ မူဘောင်သတ်မှတ်ချက်တစ်ခု ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    အဓိက ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများနှင့် ကျန်မာရေးစနစ်များ အားကောင်းလာစေရေး၊ တိုးတက်စေဖွံ့ဖြိုးစေရေးတွင် အဆိုပါ သဘောတူညီချက်မှတစ်ဆင့် အကောင်အထည်ဖော်သွားမည့် ကျန်းမာရေး စီမံကိန်းများ အရေးကြီးမှုကိုလည်း ၎င်းတို့က ထောက်ပြခဲ့သည်။

    ဂျော်ဒန်ကျန်းမာရေးဝန်ကြီးကမူ ကျန်းမာရေးစီမံကိန်းများစွာ အကောင်အထည်ဖော်ပေးမည့် WHO ၏ အားပေးကူညီ မှုအတွက် မိမိတို့အနေဖြင့် ကျေနပ်အားရမိကြောင်း ပြောကြားခဲ့သည်။

    Ref : IINA