သြဂုတ် ၂၇၊ ၂၀၁၆
M-Media
– နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်ကာ ငြိမ်ချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန်အတွက် ခြွင်းချက်မဲ့ အပစ်ရပ်ရေး သဘောတူညီချက်တစ်ခုကို ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ် Maoist သူပုန်အဖွဲ့တို့ လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။
“ဒါဟာ သမိုင်းဝင်ပြီး၊ တစ်မူထူးခြားတဲ့ အဖြစ်အပျက်ပါပဲ။ ရှေ့ဆက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်ဖို့ အများကြီးလုပ်ရဦးမှာပါ” ဟု ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီ၏ ငြိမ်းချမ်းရေးအကြံပေးဖြစ်သူ ဂျီးဆက်စ် ဒူရန်ဇာက နော်ဝေနိုင်ငံ၌ ယမန်နေ့တွင် ပြုလုပ်ခဲ့သော လက်မှတ်ထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးမှာ ခြွင်းချက်မဲ့ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ဖိလစ်ပိုင်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သည့်အချိန်ကမှ မရရှိခဲ့ဖူးသည့် သဘောတူညီချက်မျိုး ဖြစ်သည်။
ထိုဆွေးနွေးမှုတွင် ကြားဝင်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ပေးခဲ့သည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘော်ဂျီ ဘရန်ဒီကလည်း ထိုသဘောတူညီချက်ရရှိမှုအတွက် ချီးကျူးခဲ့သည်။
ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့မှာ ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သောကြာနေ့တွင် သဘောတူညီချက်ရယူနိုင်ခဲ့ကာ ယခုအချိန်မှစ၍ ၁၂ လတွင်း ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အလျင်အမြန်ဆောင်ရွက်ရန်နှင့် ၆ လအတွင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ပထမဆုံး သဘောတူညီချက် ရရှိရန်လည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.