News @ M-Media

Blog

  • ပီအက်စ်ဂျီအရှုံးမျိုး ထပ်ဖြစ်၍မရဟု ရီးယဲလ်နည်းပြပြော

    ပီအက်စ်ဂျီအရှုံးမျိုး ထပ်ဖြစ်၍မရဟု ရီးယဲလ်နည်းပြပြော

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    real

    – International Champions Cup တွင် ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့သည့် ရှုံးနိမ့်မှုမျိုး နောက်ထပ်ဖြစ်၍မရဟု ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ပီအက်စ်ဂျီအသင်းမှာ ဥရောပချန်ပီယံ ရီးယဲလ်ကို ဦးဆောင်ဂိုး ၃ ဂိုးသွင်းကာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    ထိုပွဲတွင် ရီးယဲလ်မှာ ခြေစွမ်းကောင်းကို ပြသနိုင်ခြင်းမရှိဘဲ ဇီဒိန်းကလည်း အသင်းအနေဖြင့် လာလီဂါပြိုင်ပွဲမစခင် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ရန် လိုအပ်နေသည်ဟု ၀န်ခံခဲ့သည်။

    “ဒီလိုရလဒ်မျိုး နောက်ထပ် ဖြစ်လာလို့ မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေ၊ အားထုတ်မှုတွေဟာ ကစားတဲ့အခါမှာ ရေကုန်ရေခမ်းကစားဖို့ပါ။ လက်ရှိ ကျွန်တော်တို့ဟာ ပြင်ဆင်ဆဲကာလမှာ ရှိနေပြီး ထပ်အားထုတ်သွားဖို့ လိုအပ်ပါတယ်။ ရာသီအကြိုပြင်ဆင်မှုကလည်း ဒါအတွက်ပါပဲ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာ့မွတ်စလင်လိဂ်က နိုင်ငံ ၉ နိုင်ငံတွင် ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၅ ထောင်ကျော် ဆောင်ရွက်မည်

    ကမ္ဘာ့မွတ်စလင်လိဂ်က နိုင်ငံ ၉ နိုင်ငံတွင် ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၅ ထောင်ကျော် ဆောင်ရွက်မည်

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    IIROSA

    – ကမ္ဘာ့မွတ်စလင်လိဂ် (MWL) ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံတကာ အစ္စလာမ့်မစ် အကူအညီပေးရေးအဖွဲ့ (IIROSA) ဟာ အာရှနဲ့အာဖရိက နိုင်ငံ ၉ ခုမှာ ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၅၁၁၅ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ နိုင်ငံတော်အဆင့် အသင်းအဖွဲ့လေးခုနဲ့ သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအစီအစဉ်တွေမှာ မုဆိုးမတွေနဲ့ တစ်ခုလပ်တွေအတွက် နေအိမ်ပေါင်း ၂၃၈၁ လုံးဆောက်ပေးမယ့် စီမံကိန်း၊ ရေတွင်းပေါင်း ၃၆၇၈ တွင်း တူးပေးမယ့် စီမံကိန်း၊ ရေသန့်စက်တွေ ထောက်ပံ့မယ့်စီမံကိန်း၊ မွတ်စလင်ရှိတဲ့ဒေသတွေမှာ ၀တ်ပြုရာနေရာပေါင်း ၁၄၃၇ လုံး ဆောက်လုပ်ပေးမယ့် စီမံကိန်းတွေပါဝင်ပြီး စုစုပေါင်း ဆော်ဒီရီယဲလ် ၁၄၄.၁၀၆ သန်း ကုန်ကျမှာဖြစ်ပါတယ်။

    IIROSA အတွင်းရေးမှူးချုပ် အဟ်ဆန် ဘင် ဆာလေ တိုင်ယစ်ပ်က ဒေသတွင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ကွင်းဆင်းလေ့လာမှုတွေပြုလုပ်ဖို့ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ထားကြောင်း၊ စီမံကိန်းတွေကို သုံးနှစ်အတွင်း ဆောင်ရွက်ပေးမှာဖြစ်ပြီး အကျိုးဖြစ်ထွန်းမယ့် နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မော်ရီတေးနီးယား၊ မာလာဝီ၊ မက်ဆီဒိုးနီးယား၊ တိုဂို၊ ဘီနင်၊ ဆိုမာလီယာနဲ့ ဆူဒန်နိုင်ငံတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : IINA

  • အမေရိကန်တွင် ရဲတပ်ဖွဲ့ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု တစ်နှစ်အတွင်း ၅ ထောင်ကျော်ရှိ

    အမေရိကန်တွင် ရဲတပ်ဖွဲ့ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု တစ်နှစ်အတွင်း ၅ ထောင်ကျော်ရှိ

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    US

    – အမေရိကန်နိုင်ငံမှာ တစ်နှစ်အတွင်း ရဲတပ်ဖွဲ့ကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူ ပြည်သူအရေအတွက်ဟာ ၅၀၀၀ ကျော် ရှိနေပြီး၊ သေဆုံးသူအများစုဟာ ဆိုးရွားတဲ့ သေနတ်ဒဏ်ရာ၊ လျှပ်စစ်ရှော့ရိုက်တဲ့ ကိရိယာကို အလွန်အကျွံ သုံးစွဲမှုတွေကြောင့် ဖြစ်တယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    Perils of police action: a cautionary tale from US data sets ခေါင်းစဉ်နဲ့ ဗြိတိန်ဆေးဘက်ဆိုင်ရာဂျာနယ် Injury Prevention မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုအစီရင်ခံစာဟာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာတွေကို ဖော်ထုတ်ထားတာဖြစ်ပြီး စတင်လေ့လာချိန်ကစလို့ လေးနှစ်အတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ တော်တော်လေး မြင့်တက်လာတယ်လို့လည်း ဖော်ပြထားပါတယ်။

    ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ရဲ့ တပ်ဖွဲ့ရဲ့ အာဏာအလွဲသုံးစားလုပ်မှု ဒါမှမဟုတ် ကြောက်ရွံ့မှုနဲ့ ဒေါသဖြစ်မှုတွေကို မထိန်းချုပ်နိုင်မှုတွေကြောင့် သားကောင်ဖြစ်ခဲ့ရသူ ပြည်သူ စုစုပေါင်း ၅၅၄၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ လူ ၁၂.၃ သန်း အနက်မှာ ၁၀၆၃ ယောက်ဟာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ဖြင့်အပစ်ခံရခြင်း သို့မဟုတ် လျှပ်စစ်ရှော့ခ်ရိုက်ခံရခြင်းတွေကြောင့် သေဆုံးခဲ့ရပါတယ်။

    ဖမ်းဆီးခံရသူ ၁၀၀၀ မှာ ရဲများလက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်ရသူ ဒါမှမဟုတ် သေဆုံးခဲ့သူဟာ ပျမ်းမျှအားဖြင့် ၃၄ ဦးခန့် ရှိတယ်လို့လည်း ဆိုပါတယ်။ လေ့လာမှုမှာ လူမျိုး၊ မျိုးနွယ် ဒါမှမဟုတ် အသက်အရွယ်ကို အခြေခံတဲ့ လေ့လာမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

    “လူမည်းတွေ၊ ဌာနေအမေရိကန်တွေနဲ့ စပိန်စကားပြောအနွယ်တွေဟာ စပိန်စကားပြောမဟုတ်သူတွေ၊ အာရှသားတွေထက်စာရင် ဖမ်းဆီးခံရမှု ပိုမြင့်ပါတယ်။ သမိုင်းနဲ့ချီတဲ့ လူမျိုးရေးခွဲခြားမှုကို ထည့်တွက်ရင် ရဲတပ်ဖွဲ့ကြောင့် လူမည်းတွေ သေဆုံးမှု ပျမ်းမျှအချက်အလက်ဟာ ဝေဖန်သုံးသပ်သူတွေ၊ ပညာပေးသူတွေနဲ့ သတင်းသမားတွေအတွက် စိုရိမ်စရာကောင်းနေပါတယ်” လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်းမှာ အမေရိကန်တစ်ဝှမ်း ရဲတပ်ဖွဲ့လက်ချက်ကြောင့် သေဆုံးရသူအရေအတွက်ဟာ ၁၂၀၇ ဦး ရှိတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

    Ref : RT

  • ကျပ်သိန်းတစ်သောင်း အောင်ဘာလေဆု လာမည့်နှစ်ဆန်းတွင် စမည်

    ကျပ်သိန်းတစ်သောင်း အောင်ဘာလေဆု လာမည့်နှစ်ဆန်းတွင် စမည်

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    – မြန်မာနိုင်ငံ၏ အောင်ဘာလေထီတွင် အမြင့်ဆုံးဆုကြေးကို သိန်းတစ်သောင်းအထိ တိုးမြှင့်မှုမှာ လာမည့်နှစ်မတိုင်ခင်အထိ ဖြစ်မည်မဟုတ်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောကြားလိုက်သည်။

    လက်ရှိတွင် အမြင့်ဆုံးဆုကြေးမှာ သိန်း ၁၅၀၀ ဖြစ်ပြီး သိန်းတစ်သောင်းအထိ တိုးမြှင့်မည့်အစီအစဉ်ကို အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအတွင်း ကြေငြာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယမန်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးပြီးနောက် ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အမြင့်ဆုံးဆုကြေး ကျပ် သိန်းတစ်သောင်းမှာ ချက်ခြင်းဖြစ်မည်မဟုတ်ဟု Myanmar Times နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    “၂၀၁၇ နှစ်ဆန်းပိုင်းလောက် စမှာပါ။ ဘယ်လစမလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ နီးလာတဲ့အချိန်ကျရင် အချိန်ကို ကြေငြာသွားမှာပါ။ ဒါပေမယ့် ထီလက်မှတ်ပုံနှိပ်မှုလုပ်ငန်းစဉ်အပေါ် မူတည်ပါလိမ့်မယ်”

    ထို့ပြင် ပြည်တွင်းအခွန်များ ဦးစီးဌာနကမူ တရားမ၀င်ကံစမ်းမှုများ မြင့်တက်လာခြင်းမှ ကာကွယ်ရန်အတွက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်ရောင်းချရန် စီစဉ်နေသည်ဟု ၀န်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

    အမြင့်ဆုံးဆု တိုမြှင့်ခြင်းအပြင် ဆုသေးများကိုလည်း တိုးမြှင့်သွားမည်ဖြစ်ပြီး ဒုတိယအများဆုံး ဆုကြေးကို သိန်း ၅၀၀၀၊ ထို့နောက် သိန်းတစ်ထောင် စသဖြင့် သတ်မှတ်သွားမည်ဖြစ်သည်။ အနိမ့်ဆုံး ဆုကြေးမှာမူ ၅၀၀၀၀ ဖြစ်မည်ဖြစ်သည်။

    Ref: Myanmar Times

  • ပြင်သစ်ခရစ်ယာန်ဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်မှုကို ထိပ်တန်း မွတ်စလင်အဖွဲ့များ ရှုတ်ချ

    ပြင်သစ်ခရစ်ယာန်ဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်မှုကို ထိပ်တန်း မွတ်စလင်အဖွဲ့များ ရှုတ်ချ

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    fioe

    – ပြင်သစ်နိုင်ငံမြောက်ပိုင်း Rouen မြို့ ဆင်ခြေဖုံးမှာရှိတဲ့ Saint Etienne-du-Rouvray ခရစ်ယာန်ဘုရားကျောင်းမှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကမ္ဘာ့ ထိပ်တန်း မွတ်စလင်အဖွဲ့တွေဖြစ်တဲ့ ဥရောပအစ္စလာမ်အဖွဲ့အစည်းများအသင်းချုပ် (FIOE) နဲ့ အစ္စလာမ့်ပညာရေး၊ သိပ္ပံပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ISESCO) တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးက ပြုလုပ်တဲ့ အဲဒီတိုက်ခိုက်မှုမှာ အသက် ၈၀ ကျော်အရွယ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သေဆုံးခဲ့ပြီး လူတစ်ချို့ဒဏ်ရာရကာ ၀တ်ပြုသူတွေလည်း အကြီးအကျယ် ကြောက်ရွံ့တုန်လှုပ်ခဲ့ပါတယ်။

    FIOE က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ၎င်းတို့အနေနဲ့ ယခုလို ၀မ်းနည်းစရာကောင်းတဲ့အချိန်မျိုးမှာ ဘုရားကျောင်းဘက်က ရပ်တည်သွားမှာဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒဟာ မည်သည့်ဘာသာနဲ့မှ သက်ဆိုင်ခြင်းမရှိဘဲ ဒီလိုကြမ်းကြုတ်တဲ့ရက်စက်မှုမျိုးကို လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စုပေါင်းအားနဲ့တွန်းလှန်ဖို့လိုကြောင်း ဖော်ပြခဲ့ပါတယ်။

    နောက်ပြီး လူ့အဖွဲ့အစည်းအတွင်းမှာရှိ နေသူတွေအားလုံးဟာ အကြမ်းဖက်သမားတွေရဲ့ သွေးခွဲမှု၊ အမုန်းတရား ဖြန့်ဖြူးမှုတွေကို ဆန့်ကျင်တိုက်ဖျက်ရေး စည်းလုံးညီညွတ်ကြဖို့လည်း ဥရောပရဲ့ အရေးပါတဲ့ အစ္စလာမ့်အဖွဲ့အစည်းဖြစ်တဲ့ FIOE က တိုက်တွန်းခဲ့ပါတယ်။

    ဂျာမနီ၊ ပြင်သစ်တို့မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း အလွန်အမင်း စိုးရိမ်မိကြောင်း FIOE က ဖော်ပြခဲ့ပြီး၊ မွတ်စလင်တွေကိုယ်တိုင်လည်း ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်နေရတာကို မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက ရေငုံနှုတ်ပိတ်နေတာကိုလည်း ဝေဖန်ခဲ့ပါတယ်။

    အစ္စလာမ့်ပညာရေး၊ သိပ္ပံပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ ISESCO ကတော့ ပြင်သစ်က ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး၊ လူ့အသက်ကို တန်ဖိုးထားဖို့၊ မွတ်စလင်နဲ့ ကျမ်းစာရပုဂ္ဂိုလ်တွေရဲ့ သာသနိကအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ သွန်သင်ထားတဲ့ အစ္စလာမ့်တရားတော်နဲ့ ဆန့်ကျင်သွေဖည်နေပြီး ကိုယ်ကျင့်တရားပျက်ယွင်းတဲ့ လုပ်ရပ်သာဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    နောက်ပြီး အကြမ်းဖက်ဝါဒကို တိုက်ထုတ်ကာ ဆိုးရွားတဲ့ အဲဒီလိုအပြုအမူတွေကနေ လူ့အဖွဲ့အစည်းဝင်များကို ကာကွယ်ဖို့အတွက် အလွှာအားလုံးက အားထုတ်ကြိုးပမ်းကြဖို့လည်း ISESCO က တောင်းဆိုခဲ့ပါတယ်။

    Ref;IINA