News @ M-Media

Blog

  • မွတ်စလင်အမျိုးသမီးငယ်တစ်ဦး ဗြိတိန်တွင် အသက်အငယ်ဆုံး ဒေါက်တာဘွဲ့ရသူ ဖြစ်လာ

    မွတ်စလင်အမျိုးသမီးငယ်တစ်ဦး ဗြိတိန်တွင် အသက်အငယ်ဆုံး ဒေါက်တာဘွဲ့ရသူ ဖြစ်လာ

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Meida

    uk 3

    – အမျိုးသမီးများအပေါ် အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားသူ ဗြိတိန်မွတ်စလင်အမျိုးသမီးငယ်တစ်ဦးမှာ ဥပဒေရေးရာဒေါက်တာဘွဲ့ရရှိခဲ့ပြီး ဗြိတိန်တွင် အသက်အငယ်ဆုံး ဒေါက်တာဘွဲ့ရသူ ဖြစ်လာသည်ဟု သိရသည်။

    အသက် ၁၉ နှစ်အရွယ် ဖဟ်မာ မိုဟာမက် ဆိုသူဖြစ်ပြီး Bristol တက္ကသိုလ်က ပြီးခဲ့သည့်တစ်ပတ်အတွင်း အဆိုပါ ဒေါက်တာဘွဲ့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးများ၏ လိင်အင်္ဂါဖြတ်တောက်မှု (FGM) ဆန့်ကျင်ရေးလုပ်ငန်းတွင် သူမ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုကို ဂုဏ်ပြုခြင်းလည်းဖြစ်သည်။

    ဆိုမာလီနွယ်ွားဖြစ်သူ ဖဟ်မာမှာ အသက် ၁၄ နှစ်ကတည်းက ပရဟိတအဖွဲ့တစ်ခုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် FGM ကိုအဆုံးသတ်ရန်နှင့် အမျိုးသမီးများ တန်းတူညီမျှ အခွင့်အရေးရရှိရန် ဆောင်ရွက်သည့် အဖွဲ့ဖြစ်သော Integrate Bristol အဖွဲ့သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။

    ထို့နောက် ၃ နှစ်အကြာတွင် ထိုလှုပ်ရှားမှုအား တစ်နိုင်လုံးအတိုင်းအတာအရ ဦးဆောင်နိုင်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်ကိုယ်တိုင် ၎င်းအား တွေ့ဆုံကာ ချီးကျူးခဲ့သည်။

    ထို့ပြင် FGM ၏ အန္တရာယ်နှင့်ပတ်သက်၍ ယူကေတစ်ဝှမ်းရှိ ကျောင်းဆရာများအား သတိပေးရန်နှင့် ကာကွယ်တားဆီးရေး ပညာပေးရန် တောင်းဆိုသော တိုက်တွန်းစာတစ်စောင်ကိုလည်း ပညာရေးဝန်ကြီးဟောင်း မီခေးလ် ဂိုဗီထံသို့ ရေးသားပေးပို့ခဲ့သည်။ အဆိုပါ တိုက်တွန်းစာမှာ လက်မှတ်ပေါင်း ၂၃၀၀၀၀ ရရှိခဲ့သည်။

    လာမည့် စက်တင်ဘာလတွင် ဇီဝဆေးသိပ္ပံ ဘာသာရပ်ဖြင့် တက္ကသိုလ်ပညာရေးကို အစပြုတော့မည့် ဖဟ်မာ မိုဟာမက်ကမူ သူမအနေဖြင့် ထိုကဲ့သို ဂုဏ်ပြုခံရမှုအတွက် မယုံကြည်နိုင်အောင် ဖြစ်ရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

    Ref: bristolpost, mvslim.com

  • ယီမင်ရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ IS လက်ချက်ဖြစ်နိုင်

    ယီမင်ရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ IS လက်ချက်ဖြစ်နိုင်

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    yemen

    – ယီမင်နိုင်ငံမြို့တော် ဆန်နာရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ယမန်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် နည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မြို့တောင်ပိုင်းရှိ ဘီလားလ် ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံများ၏ ပြောကြားချက်အရ လက်ပစ်ဗုံးကြောင့် ပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

    ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ဆန်နာမြို့ရှိ အခြား ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် နေ့လည်ဝတ်ပြုသူများကို ပစ်မှတ်ထားကာ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ချေ။

    ယမန်နေ့က ဘီလားလ် ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးသော်လည်း တိုင်းပြည်မတည်မငြိမ်ဖြစ်မှုကို အခွင့်ကောင်းယူ၍ ပေါ်ထွက်လာခဲ့သည့် ယီမင်ရှိ IS သစ္စာခံများမှာ လူများရာနေရာများ၊ ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်တို့၏ သမိုင်းဝင်နေရာများကို တိုက်ခိုက်လေ့ရှိသည်။

    Ref: Press TV

  • ပြင်သစ်ရှိ ခရစ်ယာန်ဘုရားကျောင်းကို IS အဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်၊ တစ်ဦး သေဆုံး

    ပြင်သစ်ရှိ ခရစ်ယာန်ဘုရားကျောင်းကို IS အဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်၊ တစ်ဦး သေဆုံး

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    france 3

    – ပြင်သစ်နိုင်ငံမြောက်ပိုင်း နော်မန်ဒီဒေသရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအတွင်း လူနှစ်ဦးက ဓားများဖြင့် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အသက် ၈၄ နှစ်အရွယ်ရှိ ခရစ်ယာန်ဘုန်းကြီးတစ်ဦး သေဆုံးခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်။

    Saint-Etienne-du-Rouvray ဘုရားကျောင်းဖြစ်ပြီး ယနေ့မနက်ပိုင်း ၀တ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ်အတွင်း လူ ၂ နှစ်ဦးက ဓားများဖြင့်ဝင်ရောက်ကာ ဘုရားကျောင်းအတွင်းရှိသူများအား ဓားစားခံအဖြစ် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်ဘုန်းကြီး သေဆုံးမှုအပြင် ဒုတိယမြောက် ဓားစားခံမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ ရှိနေသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    ပြင်သစ်သမ္မတ ဖရန်ကိုအစ် အော်လွန်းကမူ တိုက်ခိုက်သူများက ၎င်းတို့မှာ IS အကြမ်းဖက်အဖွဲ့မှ ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ IS မှာ မိမိတို့အား စစ်ကြေငြာထားသည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်သွားရမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    တိုက်ခိုက်သူများမှာ ဘုရားကျောင်းမှထွက်ပြေးစဉ်အတွင်း အထူးတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။

    ဗာတီကန်ကမူ ထိုအဖြစ်အပျက်အတွက် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ကြမ်းကြုတ်သောလုပ်ရပ်ဖြစ်ကြောင်း၊ မြင့်မြတ်ရာနေရာတွင် ဖြစ်ပွားခဲ့သောကြောင့် ထိုအဖြစ်အပျက်မှာ ပိုမို၍ စက်ဆုပ်စရာကောင်းကြောင်း ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • ဘက်ခမ်း၏ မေဂျာလိဂ် ဖရီးကစ်ဂိုးစံချိန်ကို အီတလီတိုက်စစ်မှူး ချိုးဖျက်

    ဘက်ခမ်း၏ မေဂျာလိဂ် ဖရီးကစ်ဂိုးစံချိန်ကို အီတလီတိုက်စစ်မှူး ချိုးဖျက်

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    major

    – အင်္ဂလန်နှင့် မန်ယူကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်း၏ မေဂျာလိဂ်တွင် ဖရီးကစ်မှ ဂိုးအများဆုံးသွင်းနိုင်သည့် စံချိန်ကို အီတလီတိုက်စစ်မှူး ဆီဘက်စတီယန် ဂျီယိုဗင်ကိုက ချိုးဖျက်နိုင်ခဲ့သည်ဟု သိရသည်။

    တိုရွန်တို အက်ဖ်စီအသင်း၏ ကစားသမားဖြစ်သူ ဂျီယိုဗင်ကိုမှာ စနေနေ့က ဒီစီယူနိုက်တက်အား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် ဖရီးကစ်မှ ၂ ဂိုးသွင်းယူခဲ့ပြီး ပြီးခဲ့သည့်နှစ် မေဂျာလိဂ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ၎င်းသွင်းယူနိုင်ခဲ့သည့် ဖရီးကစ်ဂိုးမှာ ၇ ဂိုး ရှိလာပြီဖြစ်သည်။

    ထို့ကြောင့် အလ်အေ ဂလက်ဆီအသင်းတွင် ကစားခဲ့သည့် ဒေဗစ်ဘက်ခမ်းနှင့် ရီးယဲလ်ဆော့လိက်အသင်း၏ ကွင်းလယ်လူ ဂျာဗီယာ မိုရေးလ်စ်တို့ တင်ထားသော ဖရီးကစ်ဂိုး ၆ ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

    သို့သော်လည်း ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်ခဲ့ဖူးသူ ဂျီယိုဗင်ကိုမှာ ၎င်းကန်သွင်းခွင့်ရရှိခဲ့သည့် ဖရီးကစ်နှင့် ဂိုးဝင်သည့်ရာခိုင်နှုန်းကိုတွက်ပါက ၉.၂ ရာခိုင်နှုန်းသာရှိပြီး ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာ၏ စံချိန်ဖြစ်သော ၂၂.၇ ရာခိုင်နှုန်းအား လိုက်မီရန် မလွယ်သေးပေ။

    ဒရော့ဘာမှ ဖရီးကစ်ကန်သွင်းမှု ၂၂ ကြိမ်တွင် ၅ လုံးအထိ ဂိုးဝင်အောင် ကန်သွင်းထားနိုင်သည်။

    Ref: Goal

  • ယခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်

    ယခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    afg

    – အာဖဂန်နစ္စတန်နိုင်ငံမှာ ယခုနှစ်အတွင်း အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်နေပြီး ဒီအချက်ဟာ စိုးရိမ်ဖွယ်ရာနဲ့ အရှက်ဖွယ်ရာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

    အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂအကူညီပေးရေးအဖွဲ့ (UNAMA) က ယမန်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောကြားလိုက်တာဖြစ်ပြီး ၂၀၁၆ ရဲ့ ပထမ ၆ လအတွင်းမှာ အရပ်သား သေဆုံးသူဦးရေ ၁၆၀၁ ဦး နဲ့ အခြားထိခိုက်ဒဏ်ရာရသူ ၃၅၆၅ ဦးတို့ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ယခုကိန်းဂဏန်းတွေဟာ ပြီးခဲ့တဲ့နှစ်က အခုလိုအချိန်မှာ သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ထက် ၄ ရာခိုင်နှုန်းပိုများနေပြီး၊ အာဖဂန်က ပဋိပက္ခတွေအတွင်း သေဆုံးဒဏ်ရာရရှိခဲ့တဲ့ အရေအတွက်ရဲ့ သုံးပုံတစ်ပုံခန့်ဟာ ကလေးငယ်တွေဖြစ်နေကာ အခုနှစ်အတွင်း ထိခိုက်ဒဏ်ရာရသူ အရပ်သားတွေထဲမှာ ၁၅၀၉ ဦးကလည်း ကလေးငယ်တွေဖြစ်ကြောင်း ကုလက ဆိုပါတယ်။

    UNAMA အကြီးအကဲ တာဒါမီချီ ယာမာမိုတိုကတော့ ပဋိပက္ခအတွင်းမှာ ပါဝင်နေတဲ့အဖွဲ့တွေအနေနဲ့ အရပ်သားတွေ ထိခိုက်မှုကို လျှော့ချရေး အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    အခုနှစ်အတွင်း အာဖဂန်က အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရမှုကိုဖြစ်စေတဲ့ တိုက်ခိုက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းကို တာလီဘန်တွေက ပြုလုပ်တာဖြစ်တယ်လို့ ကုလရဲ့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref : presstv