News @ M-Media

Blog

  • ထရမ့်ဟာ အခွင့်အရေးသမား၊ အကောင်းမမြင်တတ်သူဟု အမေရိကန်ဒုသမ္မတ ပြော

    ထရမ့်ဟာ အခွင့်အရေးသမား၊ အကောင်းမမြင်တတ်သူဟု အမေရိကန်ဒုသမ္မတ ပြော

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    baiden

    – ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်မှာ အခွင့်အရေးသမားဖြစ်ပြီး အမေရိကန်ကို ကြီးကျယ်အောင်လုပ်နိုင်သည့် အရည်အချင်းမျိုး မရှိဟု အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။

    ယမန်နေ့က ဒီမိုရက်တစ်ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ မိန့်ခွန်း၌ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မဲဆွယ်ပွဲများတွင် ထရမ့် ပြောကြားနေကြစကားဖြစ်သော ‘ခင်ဗျားကို ထုတ်လိုက်ပြီ’ ဆိုသည့် စကားလုံးကိုလည်း ဝေဖန်ခဲ့ကာ ထရမ့်မှာ အကောင်းမြင်စိတ်မရှိဟု ဆိုသည်။

    “စဉ်စားကြည့်ရင် – ထုတ်လိုက်ပြီဆိုကတည်းက ဘယ်လိုလုပ် ပျော်ရွှင်မှု ရနိုင်တော့မလဲ။ အမေရိကကို ကြီးကျယ်အောင် လုပ်နိုင်တယ်လို့ ယုံကြည်ရတဲ့ အရည်အချင်းမျိုး သူ့မှာ မရှိပါဘူး။ တကယ်ပါ။ အခုအချိန်အထိ အဲဒီလို အရည်အချင်းမျိုး မရှိပါဘူး”

    ထို့ပြင် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ထရမ့်မှာ ရွေးချယ်ခံရရန် မသင့်တော်ကြောင်း၊ ထရမ့်အား သမ္မတအဖြစ် ရွေးချယ်ပါက ခြိမ်းခြောက်မှု ကြီးမားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

    ဒီမိုကရက်တစ်ပါတီကမူ သမ္မတလောင်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ရွေးချယ်ထားသည်။

    Ref: Aljazeera

  • နေစွမ်းအင်သုံးလေယာဉ်၏ သမိုင်းဝင်ကမ္ဘာတစ်ပတ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

    နေစွမ်းအင်သုံးလေယာဉ်၏ သမိုင်းဝင်ကမ္ဘာတစ်ပတ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    solar 1

    – နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုသည့် ပထမဆုံး လေယာဉ်ဖြစ်သော Solar Impulse 2 ၏ သမိုင်းဝင် ကမ္ဘာတစ်ပတ်ခရီးစဉ်မှာ ယမန်နေ့က အဘူဒါဘီသို့ ဆင်းသက်မှုနှင့်အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဟု သိရသည်။

    နောက်ဆုံးခရီးစဉ်အဖြစ် အဆိုပါလေယာဉ်မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ ယခုတစ်ပတ်အစောပိုင်းက ထွက်ခွာလာခြင်းဖြစ်ပြီး မိုင်ပေါင်း ၂၅၀၀၀ ရှိကာ ခရီးစဉ် ၁၆ ခု ပိုင်းခြားသတ်မှတ်ထားသည့် ၎င်းတို့၏ ကမ္ဘာတစ်ပတ်အစီအစဉ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    “အခုတော့ ကျွန်တော်တို့ဟာ အတူမက်ခဲ့ရတဲ့အိပ်မက် အကောင်အထည်ပေါ်မှုကို မြင်တွေ့နေရပါပြီ။ ဆိုလာလေယာဉ်နဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာပတ်နိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှားမှု၊ မျက်ရည်ကျမှု၊ စိတ်သက်သာရမှု၊ ပီတိဖြစ်မှုတွေကို ကျွန်တော်တို့ အခု ခံစားနေရပါတယ်” ဟု ဆွစ်ဇာလန်နိုင်ငံတွင် အခြေစိုက်သည့် အဆိုပါ Solar Impulse 2 အသင်းက ၎င်းတို့၏ ဘလော့ဂ်စာမျက်နှာတွင် ရေးသားခဲ့သည်။

    အဆိုပါ ကမ္ဘာတစ်ပတ် ခရီးစဉ်ကို ၂၀၁၅ ခုနှစ် မတ်လက အဘူဒါဘီမှ စတင်ခဲ့ခြင်းဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာနှင့် အတ္တလန်တိတ် သမုဒ္ဒရာ ၂ ခုစလုံးကိုလည်း လောင်စာဆီအသုံးမပြုဘဲ ပထမဆုံး ဖြတ်ကျော်နိုင်ခဲ့သည့် သမိုင်းမှတ်တမ်းကို ရရှိခဲ့သည်။

    တောင်ပံအလျားမှာ ဘိုးအင်း ၇၄၇ လေယာဉ်ထက်ရှည်ပြီး သာမန် အိမ်စီးကားတစ်စီးခန့်သာ အလေးချိန်ရှိသည့် အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဆွစ်ဇာလန် အင်ဂျင်နီယာ ပစ်ကာ့ဒ်နှင့် စီးပွားရေးသမား ဘာထရန် ဘော့စ်ခ်ျ ဘာ့ဂ်တို့က တီထွင်ကာ ၎င်းတို့ကိုယ်တိုင် တစ်လှည့်စီ ပျံသန်းခဲ့ခြင်းဖြစ်သည်။

    အဆိုပါလေယာဉ်မှာ နေ့ဘက်တွင် နေရာင်ခြည်စွမ်းအင်ကို အသုံးပြု၍ ပျံသန်းပြီး တစ်ချိန်တည်းတွင် ဘက်ထရီကိုလည်း အားသွင်းကာ ညပိုင်းတွင် ထိုဘက်ထရီကို အသုံးပြု၍ ပျံသန်းခြင်းဖြစ်သည်။

    “အင်မတန်မှ ထူးခြားတဲ့ ကာလပါပဲ။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့အတွက် ကျွန်တော်ဟာ ၁၅ နှစ်လောက် အလုပ်လုပ်ခဲ့ရတာပါ။ ဒီအောင်မြင်မှုဟာ လေကြောင်းသမိုင်းမှာတင် ပထမဆုံးမဟုတ်ဘဲ၊ စွမ်းအင်သမိုင်းမှာလည်း ပထမဆုံးဖြစ်တယ်ဆိုတာ လူတွေ နားလည်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု နောက်ဆုံး ခရီးစဉ်ကို မောင်းနှင်ခဲ့သည့် ပစ်ကာ့ဒ်က ပြောကြားခဲ့သည်။

    solar 2

    Ref: the guardian, CNN

  • အကြမ်းဖက်ဝါဒကို တိုက်ဖျက်သွားမည်ဟု အာရပ်ခေါင်းဆောင်များ ကတိပြု

    အကြမ်းဖက်ဝါဒကို တိုက်ဖျက်သွားမည်ဟု အာရပ်ခေါင်းဆောင်များ ကတိပြု

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    arab

    – မော်ရစ်တေးနီးယားနိုင်ငံမှာ အခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အာရပ်လိဂ်ညီလာခံမှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ အာရဗ်ခေါင်းဆောင်တွေက ကတိပြုခဲ့ပြီး ဒေအတွင်း လွှမ်းမိုးလာတဲ့ အကြမ်းဖက်မှုအန္တရာယ်က ညီလာခံရဲ့ အဓိက အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

    မော်ရစ်တေးနီး သမ္မတ မိုဟာမက် အဗ္ဗဒွလ်အဇစ် ဥက္ကဌအဖြစ်တာဝန်ယူတဲ့ အဲဒီ ထိပ်သီးညီလာခံကို တနင်္လာနေ့က Nouakchott မြို့ ကွင်းပြင်ကြီးတစ်ခုအတွင်းမှာ စတင်ခဲ့တာဖြစ်ပြီး၊ ၂ ရက်ကြာမြင့်တဲ့ အဲဒီညီလာခံမှာ ဆီးရီးယား၊ အီရတ်၊ ယီမင်နဲ့ လစ်ဗျားတို့မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဓိကထားဆွေးနွေးပြောဆိုခဲ့ပါတယ်။

    အီဂျစ်ဝန်ကြီးချုပ် ရှရစ်ဖ် အစ္စမာအီလ်ကတော့ အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာအတွင်းမှာ IS လို အကြမ်းဖက်အဖွဲ့တွေ ပေါ်ထွက်လာမှုနဲ့ လူငယ်တွေ အစွန်းရောက်တွေရဲ့ သိမ်းသွင်းမှုကို ခံရတာဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဒေသတွင်း ၀င်ရောက်စွက်ဖက်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    “အာရပ်တွေရဲ့အရေးကိစ္စတွေမှာ ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်မှုဟာ လက်ရှိပဋိပက္ခတွေဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ ဒါ့ကြောင့် ပြည်ပအနှောင့်အယှက်တွေကို ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ဒေသတွင်းနိုင်ငံတွေအနေနဲ့ စည်းစည်းလုံးလုံးနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်သင့်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

    Ref; Aljazeera

  • ယခုနှစ် FA ဖလားတွင် ၄ ဦး လူစားလဲသည့်စနစ် စမ်းသပ်မည်

    ယခုနှစ် FA ဖလားတွင် ၄ ဦး လူစားလဲသည့်စနစ် စမ်းသပ်မည်

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    FA

    – ၂၀၁၅-၁၇ ဘောလုံးရာသီ FA ဖလားပွဲများတွင် စတုတ္ထမြောက် လူစားလဲသည့်စနစ်ကို စမ်းသပ်အသုံးပြုသွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြောကြားလိုက်သည်။

    အဆိုပါအစီအစဉ်ကို ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များ၏ အချိန်ပိုကစားသည့်အခါ အကောင်အထည်ဖော်မည်ဖြစ်သည်။

    ဘောလုံးလောကတွင် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြဌာန်းနေသော နိုင်ငံတကာဘောလုံးအသင်းအဖွဲ့များဘုတ်အဖွဲ့ (IFAB) က ဘောလုံးပွဲတစ်ပွဲတွင် ကစားသမား ၃ ဦးသာ လူစားလဲခွင့်ပြုထားခြင်းမှာ သင့်လျော်မှု ရှိ၊ မရှိ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနှင့် လေ့လာမှု ပြုလုပ်နေသည်။

    မကြာသေးမီက အမေရိကန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကိုပါအမေရိကန် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း အဆိုပါ စတုတ္ထမြောက်ကစားသမား လူစားလဲမှုစနစ်ကို စမ်းသပ်အသုံးပြုခဲ့သည်။

    Ref: Goal

  • အမေရိကန်သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို ဒီမိုကရက်တစ်ပါတီ ရွေးချယ်

    အမေရိကန်သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို ဒီမိုကရက်တစ်ပါတီ ရွေးချယ်

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    clinton

    – နှစ်ကုန်တွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်ပါတီက နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ရွေးချယ်လိုက်သည်ဟု သိရသည်။

    ဖီလာဒဲလ်ဖီးယားတွင် ပြုလုပ်သည့် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ဟီလာရီကလင်တန်မှာ အဓိက ပါတီတစ်ခုကို ဦးဆောင်ကာ သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရသည့် အမျိုးသမီးအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။

    ဗီဒီယိုမှတစ်ဆင့် ညီလာခံတက်ရောက်လာသူ ပရိတ်သတ်များအား ပြောကြားရာတွင် ကလင်တန်က ထိုကဲ့သို့ သမ္မလောင်းအဖြစ် ရွေးချယ်ခံရသည့်အတွက် ပျော်ရွှင်မိပြီး၊ ကြီးကျယ်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ခြင်းမှာ မယုံကြည်နိုင်လောက်သည့် ဂုဏ်ပြုမှုဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်အောင် လုပ်ပေးခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဒီအစီအစဉ်ကို မအိပ်ဘဲ စောင့်ကြည့်နေတဲ့ ကလေးမလးတွေ ရှိမယ်ဆိုရင် ကျွန်မပြောချင်တာက – ကျွန်မဟာ နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်ချင်မှဖြစ်လာနိုင်သလို၊ သမီးတို့ထဲက တစ်ယောက်ကလည်း တစ်ချိန်မှာ အမျိုးသမီးသမ္မတ ဖြစ်လာနိုင်ပါတယ်” ဟု ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

    ကလင်တန်မှာ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ထားသည့် ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    Ref: Aljazeera