ဇူလိုင် ၂၆၊ ၂၀၁၆
M-Media
– ဂျပန်နိုင်ငံ တိုကျိုမြို့နောက်တောင်ပိုင်းမှ မသန်စွမ်းသူများ ဂေဟာအတွင်း လူတစ်ဦးက ဓားဖြင့် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများမှာလည်း ၂၀ ခန့်ရှိနေသည်ဟု သိရသည်။
ကာနာဂါဝါပြည်နယ်၊ ဆာဂါမိဟာရမြို့ရှိ Tsukui Yamayuri-En ဂေဟာဖြစ်ပြီး ယနေ့မနက် ၂ နာရီခွဲခန့်တွင် တိုက်ခိုက်မှုဖြစ်ပွားကြောင်း မိမိတို့ဌာနသို့ ဖုန်းခေါ်ဆိုခဲ့သည့်အတွက် မိမိတို့က သွားရောက်ရင်ဆိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဓားဖြင့်တိုက်ခိုက်သူမှာ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားဖြစ်ပြီး ထိုဂေဟာတွင် ယခင်က ၀န်ထမ်းအဖြစ် ၀င်ရောက်အလုပ်လုပ်ဖူးသူဖြစ်ကာ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့သို့ သွားရောက် အဖမ်းခံခဲ့သည်။ ရဲတပ်ဖွဲ့ကမူ တိုက်ခိုက်သူမှာ မသန်စွမ်းသူများကို ဤလောကမှ ဖယ်ရှားချင်ကြောင်း ဟစ်အော်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ဆာဂါမိဟာရမြို့ မီးသတ်ဌာနကမူ တိုက်ခိုက်မှုအတွင်း လူ ၁၉ ဦးသေဆုံးခဲ့သည်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ မသန်စွမ်းသူများဂေဟာတွင် ၀န်ထမ်းများအပါအ၀င် အများဆုံး လူပေါင်း ၁၆၀ ခန့်နေထိုင်ပြီး ညဘက်တွင် တံခါးပိတ်ထားသော်လည်း တိုက်ခိုက်သူမှာ ပြတင်းပေါက်အားခွဲကာ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
သေနတ်ကိုင်ဆောင်မှုအား တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ဂျပန်နိုင်ငံတွင် ထိုကဲ့သို့ အစုလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်မှုမှာ အဖြစ်နည်းပြီး၊ ၂၀၀၈ ခုနှစ်က လူတစ်ဦး လူအုပ်ကြီးထဲသို့ ထရပ်ကားဖြင့် ၀င်ရောက်တိုက်ခြင်းကြောင့် လူ ၇ ဦးသေဆုံးခဲ့မှုမှာ ထင်ရှားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။
Ref: Aljazeera