News @ M-Media
Blog
  • ဝေဖန်ခံနေရသည့် ‘ခုဖြေခုထော’ အစီအစဉ်ကို Ooredoo ရပ်ဆိုင်း၊ ကုန်ကျငွေများကို ပြန်ပေးမည်
    ဝေဖန်ခံနေရသည့် ‘ခုဖြေခုထော’ အစီအစဉ်ကို Ooredoo ရပ်ဆိုင်း၊ ကုန်ကျငွေများကို ပြန်ပေးမည်
    ဇူလိုင် ၂၅၊ ၂၀၁၆
    M-Media
    khu phay
    – သုံးစွဲသူပြည်သူတွေထံကနေ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အူရီဒူးရဲ့ ‘ခုဖြေခုထော’ အစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ပြီး၊ ဒီအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ သူတွေအားလုံးကို ကုန်ကျငွေတွေ ပြန်ပေးသွားမယ်လို့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း အော်ပရေတာတစ်ခုဖြစ်တဲ့ Ooredoo က သူ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ကြေငြာလိုက်ပါတယ်။
    ပဟေဠိမေးခွန်းတွေ မေးမြန်းပြီး မက်ဆေ့ကနေတစ်ဆင့် ဖြေဆိုသူတွေအနေနဲ့ မှန်ကန်ပါက ကျပ်သိန်းရာနဲ့ချီ ရရှိနိုင်မယ်လို့ မက်လုံးပေးထားတဲ့ အဲဒီ ‘ခုဖြေခုထော’ အစီအစဉ်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ပြည်သူတွေဘက်ကတော့ ဒီအစီအစဉ်ဟာ လောင်းကစားဆန်ကာ မသမာမှုတွေရှိနေတယ်လို့ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
    ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ဒီအစီအစဉ်ဟာ ဆက်သွယ်ရေးကဏ္ဍရဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများနဲ့အညီ ကြိုတင်အသိပေး ဆောင်ရွက်ခြင်းမရှိတာကြောင့် ရပ်တန့်ဖို့နဲ့ ရှင်းလင်းတင်ပြဖို့ ဇူလိုင် ၂၃ ရက်နေ့ရက်စွဲနဲ့ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
    ဇူလိုင် ၂၅ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းက အူရီဒူးရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ Ooredoo Myanmar မှာ မိမိတို့အနေနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီလို ပြုလုပ်နေစဉ်အတွင်းမှာ ‘ခုဖြေခုထော’ အစီအစဉ်ကို ရပ်ဆိုင်းထားမှာဖြစ်ကာ၊ ပါဝင်ခဲ့သူတွေကိုလည်း ကုန်ကျငွေတွေ ပြန်လည်ထုတ်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
    နောက်ပြီး ဆွေးနွေးပွဲရလဒ်ကို အကြောင်းပြုပြီး အစီအစဉ်ပြန်လည်စတင်တဲ့အခါမှာလည်း ရရှိထားတဲ့အမှတ်များက ဆက်လက်အကျုံးဝင်နေမှာဖြစ်ကြောင်း၊ ငွေပြန်ထုတ်ပေးဖို့အတွက် ၄၈ နာရီခန့် စောင့်ဆိုင်းပေးဖို့လိုအပ်ကြောင်း၊ အဆင်မပြေမှုတွေအတွက် သုံးစွဲသူများကို အနူးအညွတ်တောင်းပန်ပါကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။
  • EU မှ ဗြိတိန်ထွက်ခွာမှုကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်ကြောင်း G20 သတိပေး
    EU မှ ဗြိတိန်ထွက်ခွာမှုကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်ကြောင်း G20 သတိပေး
    ဇူလိုင် ၂၅၊ ၂၀၁၆
    M-Media
    Uk 2
    – ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်ထွက်ခွာသွားခြင်းဟာ ကမ္ဘာ့စီးပွားရေးအတွက် အန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ စက်မှုထိပ်သီးနိုင်ငံများအုပ်စု G20 က သတိပေး ပြောကြားလိုက်ပါတယ်။
    ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေ တရုတ်နိုင်ငံ ကျန်ဒူးမြို့မှာပြုလုပ်တဲ့ တွေ့ဆုံပွဲအပြီး တနင်္ဂနွေနေ့က ပြောဆိုလိုက်တာဖြစ်ပြီး ဗြိတိန်ထွက်ခွာသွားခြင်းဟာ ကမ္ဘာ့စီးပွားရေးကို မရေရာမသေချာမှုတွေ ထပ်ပေါင်းထည့်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
    ဒါပေမယ့် EU နိုင်ငံတွေအနေနဲ့ ဗြိတိန်ထွက်ခွာသွားစေတဲ့ သမိုင်းဝင်လူထုဆန္ဒခံယူမှုအပြီး ဖြစ်လာနိုင်ချေရှိတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးအကျိုးဆက်တွေကို ကိုင်တွယ်သွားနိုင်ဖို့ ထိထိရောက်ရောက် စီစဉ်ထားပြီးဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
    ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဖိလစ်ဟမ်မွန်းကတော့ အီးယူနဲ့ ယူကေ ဆွေးနွေးမှုအပြီးမှာလည်း ဒီလို စီးပွားရေးအရ မသေချာမှုတွေ ဆက်ရှိနေမှာကို စိုးရိမ်မိကြောင်း၊ မိမိတို့ အီးယူကနေ ထွက်သွားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တုန့်ပြန်ဖို့အတွက် စီးပွားရေးကျားကန်မှုအစီအစဉ်ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    G20 အစည်းအဝေးမတိုင်မီ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ဟာ ၀.၁ ရာခိုင်နှုန်းလျော့သွားပြီး ဒီနှစ်အတွက် ၃.၁ ရာခိုင်နှုန်း၊ နောက်နှစ်အတွက် ၃.၄ ရာခိုင်နှုန်း အသီးသီး ရှိနေပါတယ်။
    Ref:Presstv
  • ကစားဘမားဘ၀မှ အနားယူလျှင် နည်းပြလုပ်မည်ဟု ရူနီပြော
    ကစားဘမားဘ၀မှ အနားယူလျှင် နည်းပြလုပ်မည်ဟု ရူနီပြော
    ဇူလိုင် ၂၅၊ ၂၀၁၆
    M-Media
    rooney
    – ဘောလုံးကစားသမားဘ၀မှ အနားယူပြီးနောက် နည်းပြအဖြစ်ဆောင်ရွက်ရန် စိတ်ကူးရှိနေကာ လက်ရှိတွင်လည်း နည်းပြတစ်ယောက်ဖြစ်ရေး သင်ယူမှုများကို ပြုလုပ်နေသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
    အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် ရူနီမှာ ၂၀၀၂ ခုနှစ်က အဲဗာတန်အသင်းနှင့်အတူ ပရီးမီးယားလိဂ်တွင် ပွဲထွက်ခဲ့ပြီး ၎င်း၏ ကလပ်အသင်းကစားသမားဘ၀တစ်လျှောက်တွင် ပွဲပေါင်း ၆၀၀ နီးပါး ကစားခဲ့ပြီးဖြစ်သည်။
    ရူနီကမူ ကစားသမားဘ၀မှ အနားယူသော်လည်း ဘောလုံးလောကကို စွန့်ခွာမည်မဟုတ်ဘဲ နည်းပြအဖြစ် ဆက်လက်ရှိနေမည်ဟု ဆိုသည်။
    “ဘောလုံးကစားမှု အဆုံးသတ်သွားတဲ့အခါ ကျွန်တော် နည်းပြလုပ်ချင်ပါတယ်။ ဘောလုံးဆိုတာ ကျွန်တော့်ရဲ့ဘ၀ပါ။ လက်ရှိမှာလည်း ကျွန်တော်ဟာ နည်းပြဖြစ်ရေး ကြိုးစားနေပါတယ်။ ဒ့ါကြောင့် ကစားသမားဘ၀ ကုန်ဆုံးချိန်မှာတော့ နည်းပြဘက်ကိုကူးသွားဖို့ မျှော်လင့်ပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။
    Ref: Goal
  • ရန်ကုန်ရှိ ကန်သံရုံး၏ မျက်ရည်ယိုဗုံးစမ်းသပ်မှု ပြည်သူများကို အထိတ်တလန့် ဖြစ်စေခဲ့
    ရန်ကုန်ရှိ ကန်သံရုံး၏ မျက်ရည်ယိုဗုံးစမ်းသပ်မှု ပြည်သူများကို အထိတ်တလန့် ဖြစ်စေခဲ့
    ဇူလိုင် ၂၅၊ ၂၀၁၆
    M-Media
    us embassy
    – ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့်မှုအစီအစဉ်က ပြည်သူများကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး၊ အရေးပေါ်လူနာတင်ယာဉ်များ ရောက်ရှိသည်အထိ ဖြစ်ခဲ့သည်ဟု သိရသည်။
    ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်က ပြုလုပ်ခဲ့သည့် အဆိုပါ လေ့ကျင်မှုကြောင့် သံရုံးဝင်းအတွင်း မီးခိုးများ အူထွက်လာခဲ့ပြီး ဆိုရှယ်မီဒီယာများတွင်လည်း အမေရိကန်သံရုံးအတွင်း ပေါက်ကွဲမှုဖြစ်သည်ဟု သတင်းများ ပြန့်နှံ့သွားခဲ့သည်။
    သို့သော်လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူ ဇော်ဝင်းကမူ ဗုံးပေါက်ကွဲခြင်းမဟုတ်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    “သံရုံးဝင်းအတွင်းက လေ့ကျင့်ရေးကွက်လပ်မှာ မျက်ရည်ယိုဗုံးကို သူတို့ စမ်းသပ်တာပါ။ မီးခိုးတွေက သံရုံးရှေ့က လမ်းပေါ်ကိုရောက်လာပြီး လူတွေကလည်း ညှော်နံ့တွေရတာကြောင့် ကျွန်တော်တို့ကို အကြောင်းကြားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
    ထိုအဖြစ်အပျက်တွင်း မည်သူမှ ထိခိုက်ခဲ့ခြင်းမရှိသလို သံရုံးဝင်းအတွင်း ပျက်ဆီးမှုလည်းမရှိကြောင်း၊ သံရုံးကမူ ၎င်းတို့၏ ထိုစမ်းသပ်မှုအား ရဲတပ်ဖွဲ့ကို အကြောင်းမကြားခဲ့မှုအတွက် တောင်းပန်သည်ဟု ပြောကြားခဲ့ကြောင်း ဇော်ဝင်းက ထပ်လောင်း ပြောဆိုခဲ့သည်။
    ၂၀၁၁ ခုနှစ်က ဆင်းသွားခဲ့သော ယခင်စစ်အာဏာရှင်လက်ထက်တွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများ ဖြစ်လေ့ဖြစ်ထရှိပြီး မကြာသေးမီနှစ်များအတွင်း ထိုအဖြစ်အပျက်များကို တွေ့ရှိရခြင်း မရှိတော့ပေ။
    Ref : mmtimes
  • ဂျာနယ်လစ် ၄၀ ကျော်ကို တူရကီ ဖမ်းဝရမ်းထုတ်၊ အာဏာရှင်စနစ်သို့ ဦးတည်လာသည်ဟု မဟာမိတ်များပြော
    ဂျာနယ်လစ် ၄၀ ကျော်ကို တူရကီ ဖမ်းဝရမ်းထုတ်၊ အာဏာရှင်စနစ်သို့ ဦးတည်လာသည်ဟု မဟာမိတ်များပြော
    ဇူလိုင် ၂၅၊ ၂၀၁၆
    M-Media
    turkey 7
    – တူရကီအစိုးရက အာဏာသိမ်းမှုကိုအကြောင်းပြ၍ ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ယနေ့တွင် ဂျာနယ်လစ် ၄၂ ဦးကို ဖမ်းဆီးထိန်းသိမ်းရန် ၀ရမ်းထုတ်လိုက်သည်ဟု သိရသည်။
    ပြီးခဲ့သည့်တစ်ပတ်က မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း တူရကီအာဏာပိုင်များမှာ စစ်သား၊ ရဲ၊ တရားသူကြီးများ၊ ကျောင်းဆရာများ၊ အစိုးရ၀န်ထမ်းများနှင့် အခြားသူများ စုစုပေါင်း ၆၀၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းတို့ ပြုလုပ်နေသည်။
    ထိန်းသိမ်းထားသူများထဲမှာ ၁၃၀၀၀ ခန့်မှာ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်သည့်အတွက်ဖြစ်ပြီး ၆၀၀၀ ကို ဖမ်းဆီးလိုက်သည်ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။ ပညာရေးဝန်ကြီးဌာနမှ အများစုအပါအ၀င် အစိုးရ၀န်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃၇၅၀၀ ကို လက်ရှိတွင် ရာထူးမှ ရပ်နားထားသည်။
    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တိုင်းပြည်အား ၃ လ အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် စနေနေ့ကလည်း တူရကီသမ္မတ အာဒိုဂန်မှာ စာသင်ကျောင်းများ၊ ပရဟိတအဖွဲ့များ၊ သမဂ္ဂများနှင့် ဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့များအပါဝင် စုစုပေါင်း အသင်းအဖွဲ့ပေါင်း ၃၇၅၀၀ ခန့်ကို ပိတ်ပစ်ခဲ့သည်။
    အာဒိုဂန်ခေါင်းဆောင်သော တူရကီအစိုးရ၏ ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများကို တူရကီ၏ မဟာမိတ်နိုင်ငံများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး တိုင်းပြည်အား အာဏာရှင်လမ်းကြောင်းပေါ်သို့ ဆွဲချနေသည်ကို မြင်နေရသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera