News @ M-Media

Blog

  • တရုတ်စောင့်ကြည့်ကင်မရာများဖြင့် စစ်ကောင်စီက ပြည်သူများကို စောင့်ကြည့် ထိန်းချုပ်မည်

    တရုတ်စောင့်ကြည့်ကင်မရာများဖြင့် စစ်ကောင်စီက ပြည်သူများကို စောင့်ကြည့် ထိန်းချုပ်မည်

    ဇူလိုင် ၁၂၊ ၂၀၂၂
    M-Media

    -မျက်နှာပုံရိပ်တွေကို ဖမ်းယူခွဲခြားဖော်ထုတ်နိုင်မယ့် တရုတ်ထုတ် စောင့်ကြည့်ကင်မရာတွေကို မြို့ကြီးတွေမှာ စစ်ကောင်စီက တပ်ဆင်ဖို့ စီစဥ်နေတယ်လို့ သတင်းထွက်လာပါတယ်။

    ရှင်ကျန်းနဲ့ တိဘက်က လူမျိုးစုတွေကို စောင့်ကြည့်ကင်မရာတွေတပ်ပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေလုပ်တဲ့အတွက် တရုတ်ကို နိုင်ငံတကာက အကြီးအကျယ် ၀ေဖန်နေကြတာ ဖြစ်ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီကလည်း မြို့ကြီးတွေမှာ ဒီလိုကင်မရာတွေ တပ်ဆင်ဖို့ စီစဥ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၃ ခုက ပြောပါတယ်။

    လက်ရှိမှာ နည်းပညာကုမ္ပဏီ ၃ ခုဖြစ်တဲ့ Huawei, Zhejiang Dahua Technology (Dahua) နဲ့ Hikvision ထံကနေ စောင့်ကြည့်ကင်မရာတွေ ၀ယ်ယူဖို့အတွက် ရန်ကုန်အခြေစိုက် ကုမ္ပဏီ ၂ ခု (Fisca Security & Communication၊ Naung Yoe Technologies Co)က တင်ဒါရထားပါတယ်။

    စစ်ကောင်စီဖက်ကလူတွေကတော့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မော်လမြိုင်အပါအ၀င် မြို့ကြီး ၅ ခုမှာ စောင့်ကြည့်ကင်မရာတွေ ပိုမိုတပ်ဆင်လာတာပါ။

    အခုအစီအစဥ်ကတော့ တိုင်းနဲ့ ပြည်နယ်မြို့တော်တိုင်းမှာ တပ်ဆင်ဖို့ ဖြစ်ပါတယ်။

    ဒီစီမံကိန်းမှာ ပါ၀င်နေတဲ့ မြန်မာကုမ္ပဏီတွေနဲ့ တရုတ်နည်းပညာ ကုမ္ပဏီတွေကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မပြုပါဘူး။

    Hikvision က သူတို့ရဲ့ နည်းပညာနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်အစိုးရထံ တိုက်ရိုက်ရောင်းချတာမျိုး မရှိသလို၊ မျက်နှာစောင့်ကြည့်ခွဲခြားဖော်ထုတ်နိုင်မယ့် နည်းပညာမျိုး မြန်မာနိုင်ငံကို ရောင်းချတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

    တရုတ် ကုမ္ပဏီထုတ် ဆော့ဖ်၀ဲတွေ စျေးကြီးတာကြောင့် တင်ဒါရတဲ့ ကုမ္ပဏီတွေဟာ ပြည်တွင်းနဲ့ ဒေသတွင်းက နည်းပညာတွေ အသုံးပြုတာမျိုး ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆော့ဖ်၀ဲ ကုမ္ပဏီတွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    စစ်ကောင်စီရဲ့ အခုအစီအစဥ်သစ်ဟာ တက်ကြွလှုပ်ရှားသူတွေ၊ အာဏာသိမ်းမှု ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထား စောင့်ကြည့်ဖိနှိပ်မယ့် အန္တရာယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

    Ref: Reuters

  • ရင်သပ်ရှုမောဖွယ် စကြာ၀ဠာကြီး၏ ပထမဆုံး ပုံရိပ်

    ရင်သပ်ရှုမောဖွယ် စကြာ၀ဠာကြီး၏ ပထမဆုံး ပုံရိပ်

    ဇူလိုင် ၁၂၊ ၂၀၂၂
    M-Media

    -စကြာ၀ဠာကြီးရဲ့ ပထမဆုံး ရောင်စုံပုံရိပ်ကို အမေရိကန်အာကာသအေဂျင်စီ နာဆာက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    စကြာ၀ဠာကြီးရဲ့ တောင်ဖက်ပိုင်းက ကြယ်စင်စု(ဂလက်ဆီ)တွေ SMACS 0723 ရဲ့ ပုံရိပ်တွေကို James Webb တယ်လီစကုပ်ကနေ ရိုက်ကူးထားတာပါ။

    ဒီကြယ်စင်စုတွေဟာ နေအဖွဲ့အစည်းကနေ အလင်းနှစ် ၄.၆ ဘီလီယံ အကွာအ၀ေးမှာရှိနေပြီး အခုထုတ်ပြန်တဲ့ပုံရိပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံကျော်ကပုံ ဖြစ်ပါတယ်။

    James Webb တယ်လီစကုပ်ရဲ့ ရည်ရွယ်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလီယံအရင်က စတင်တဲ့ စကြာ၀ဠာကြီးရဲ့အစကို လေ့လာဖို့နဲ့ စကြာ၀ဠာထဲမှာ သက်ရှိတွေနေထိုင်နိုင်မယ့် ဂြိုဟ်တွေ ရှာဖွေဖို့ ဖြစ်ပါတယ်။

    အခုပုံရိပ်က တယ်လီစကုပ်ရဲ့ ပထမရည်ရွယ်ချက် အောင်မြင်တာကို ပြသနေပါတယ်။ နာဆာဟာ စကြာ၀ဠာကြီးရဲ့ နောက်ထပ်အသေးစိပ် ပုံရိပ်တွေကို ထပ်မံထုတ်ပြဖို့ ရှိနေပါတယ်။

    Ref: BBC

  • သီရိလင်္ကာသမ္မတနှင့် ၀န်ကြီးချုပ် ညီအစ်ကိုနှစ်ဦး ရေတပ်တွင် ပုန်းနေ

    သီရိလင်္ကာသမ္မတနှင့် ၀န်ကြီးချုပ် ညီအစ်ကိုနှစ်ဦး ရေတပ်တွင် ပုန်းနေ

    ဇူလိုင် ၁၁၊ ၂၀၂၂
    M-Media

    -သမ္မတနဲ့ ၀န်ကြီးချုပ် နှုတ်ထွက်ပြီး အစိုးရသစ်တက်လာမှ သမ္မတအိမ်တော်နဲ့ ၀န်ကြီးချုပ် အိမ်ယာကနေ စွန့်ခွာမယ်လို့ သီရိလင်္ကာ ပြည်သူတွေက ပြောပါတယ်။

    စီးပွားရေးကြပ်တည်းမှု ပြဿနာကို အကြီးအကျယ် ကြုံတွေ့ရပြီး အခြေခံစားသောက်ကုန်တွေ၊ စက်သုံးဆီ၊ ဓာတ်ငွေ့တွေ ပြတ်လပ်တာကို မခံနိုင်တော့တဲ့အဆုံး သီရိလင်္ကာပြည်သူတွေဟာ စနေနေ့က သမ္မတနဲ့ ၀န်ကြီးချုပ်အိမ်တော်တွေကို ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

    ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာ ရာထူးကနေ ဆင်းသွားပေမယ့် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ရာထူးမှာ ဆက်ရှိနေတာဖြစ်ပါတယ်။

    ဇူလိုင် ၁၃ ရက်နေ့မှာ ရာထူးက ဆင်းပေးမယ်လို့ ဂိုတာဘာယာကပြောကြောင်း လွှတ်တော်ဥက္ကဌရဲ့ စနေန့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဂိုတာဘာဟာ ရေတပ်စစ်သင်္ဘောတစ်စီးမှာ ပုန်းနေပြီး သူ့ညီ မာဟင်ဒါကလည်း ရေတပ်စခန်းတစ်ခုမှာ ရှိနေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    စနေနေ့က ဆန္ဒပြမှုမှာ နေအိမ် မီးတင်ရှို့ခံလိုက်ရတဲ့ လက်ရှိ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီကတော့ ရာထူးကဆင်းပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

    ပြည်သူတွေက အစိုးရရဲ့ ပြောကြားမှုတွေအပေါ်မှာ သံသယရှိနေပြီး အစိုးရသစ် တက်မလာမချင်း သမ္မတနဲ့ ၀န်ကြီးချုပ် အိမ်တော်တွေက ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

    “ကျွန်တော်တို့ရဲ့ တွန်းလှန်မှုဟာ အဆုံးမသတ်သေးပါဘူး။ သမ္မတ ဂိုတာဘာယာ အမှန်တကယ် ရာထူးက မဆင်းမချင်း တော်လှန်ရေးကို ကျွန်တော်တို့ စွန့်လွှတ်မှာ မဟုတ်ပါဘူး” လို့ ကျောင်းသားခေါင်းဆောင် လာဟီရူ ၀ီရာစီကာရာက ပြောပါတယ်။

    နိုင်ငံရေးကျွမ်းကျင်သူတွေက ဂိုတာဘာယာ အမှန်တကယ် ရာထူးက ဆင်းပေးမလားဆိုတာ မသေချာသေးဘဲ လာမယ့်ရက်ပိုင်း သီရိလင်္ကာနိုင်ငံရေးဟာ မသေချာတဲ့ အနေအထားမှာ ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။

    Ref: BBC

  • စစ်ကောင်စီကို ဖိအားပေးရန် တရုတ်နှင့် အာဆီယံကို ကန်တိုက်တွန်း

    စစ်ကောင်စီကို ဖိအားပေးရန် တရုတ်နှင့် အာဆီယံကို ကန်တိုက်တွန်း

    ဇူလိုင် ၁၁၊ ၂၀၂၂
    M-Media

    -မြန်မာ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပိုပေးဖို့အတွက် တရုတ်နဲ့ အာဆီယံကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က တိုက်တွန်းလိုက်ပါတယ်။

    ဘလင်ကန်ဟာ အာရှခရီးစဥ်အဖြစ် မနေ့က ထိုင်းနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

    “အရင်ကရှိခဲ့တဲ့ လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်ရေးဟာ တရုတ်ရဲ့ တာ၀န်ဖြစ်သလို၊ တရုတ်ရဲ့အကျိုးစီးပွားလည်း ဖြစ်ပါတယ်”

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး တွန်းအားပေးဖို့ အာဆီယံကို ဘလင်ကန်က တိုက်တွန်းခဲ့ပါတယ်။

    “အာဆီယံမှာ သဘောတူထားတဲ့ ကိစ္စကို စစ်ကောင်စီက လိုက်နာဆောင်ရွက်ဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ပံ့ပိုးကူညီဖို့ အရေးကြီးပါတယ်။ ဒါမျိုး မတွေ့ရပါဘူး”

    စစ်ကောင်စီက အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အကျဥ်းသားတွေ ပြန်လွှတ်ပေးရေး ဆောင်ရွက်ဖို့ အာဆီယံမှာ တာ၀န်ရှိတယ်လို့လည်း ဘလင်ကန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “စစ်ကောင်စီဖက်က အပြုသဘောဆောင်တဲ့ ဘာလှုပ်ရှားမှုမှ မတွေ့ရပါဘူး”

    ထိုင်းနိုင်ငံဟာ အာရှမှာ အမေရိကန်ရဲ့ သက်တမ်းအရှည်ကြာဆုံး မဟာမိတ်နိုင်ငံဖြစ်ပြီး အခုခရီးစဥ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    Ref: Reuters

  • လုပ်ကြံခံရသည့် ဂျပန်၀န်ကြီးချုပ်ဟောင်း အာဘေး ကွယ်လွန်

    လုပ်ကြံခံရသည့် ဂျပန်၀န်ကြီးချုပ်ဟောင်း အာဘေး ကွယ်လွန်

    ဇူလိုင် ၈၊ ၂၀၂၂
    M-Media

    -မနက်က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံလိုက်ရတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်သွားပြီလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြားကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    နိုင်ငံတောင်ပိုင်း နာရာမြို့မှာ အာဏာရပါတီအတွက် မဲဆွယ်နေစဥ် ရင်ဘတ်နဲ့ လည်ပင်းတို့ကို ပစ်ခတ်ခံလိုက်ရတာပါ။ အာဘေးဟာ အသက် ၆၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

    ပစ်ခတ်ခံရပြီးတဲ့နောက် ဆေးရုံကို ရဟတ်ယာဥ်နဲ့ခေါ်သွားပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဒီကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဂျပန်အစိုးရ တာ၀န်ရှိသူတွေက အာဘေးဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ အစောပိုင်းမှာ ထုတ်ပြန်ထားပေမယ့် သေဆုံးကြောင်း မကြာခင် အတည်ပြုဖို့ ရှိနေပါတယ်။

    Ref: Nikkei Asia