News @ M-Media

Blog

  • လကို တရုတ်က စစ်ရေးနယ်ချဲ့တော့မလား

    လကို တရုတ်က စစ်ရေးနယ်ချဲ့တော့မလား

    ဇူလိုင် ၄၊ ၂၀၂၂
    M-Media

    -လပေါ်ကို တရုတ်က စစ်ရေးနယ်ချဲ့တော့မယ်ဆိုတဲ့ အမေရိကန်ရဲ့ စကားဟာ တာ၀န်မဲ့စကားသာဖြစ်တယ်လို့ တရုတ်က ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

    အမေရိကန် အာကာသအေဂျင်စီ ‘နာဆာ’ ရဲ့ အကြီးအကဲ ဘီလ်နဲလ်ဆင်က တရုတ်ရဲ့ အာကာသစီမံကိန်းအပေါ် စိုးရိမ်တဲ့အကြောင်း ဂျာမန်သတင်းစာ Blid နဲ့ ပြီးခဲ့တဲ့တစ်ပတ် အင်တာဗျူးမှာ ပြောခဲ့တာပါ။

    “တရုတ်က လပေါ်ကိုလူလွှတ်ပြီး ‘ဒါငါတို့ပိုင်နက်။ မင်တို့အားလုံး အနားမကပ်နဲ့’ လို့ ပြောလာမှာကို ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်”

    တရုတ်ဟာ အခြားနိုင်ငံတွေက နည်းပညာတွေနဲ့ အတွေးအခေါ်တွေကို ခိုးယူပြီး လုပ်ဆောင်နေတဲ့ အာကာသစီမံကိန်းဟာ စစ်ရေး ရည်မှန်းချက်အတွက် ဖြစ်တယ်လို့လည်း နဲလ်ဆင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    တရုတ်ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း အာကာသစီမံကိန်းကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာတာပါ။ ၂၀၁၃ ခုနှစ်မှာ လူမပါတဲ့ အာကာသယာဥ် လပေါ်ကို ဆင်းသက်နိုင်ခဲ့သလို၊ အခု ၁၀ စုနှစ်ကုန်ပိုင်းမှာ လပေါ်ကို လူလွှတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက နာဆာအကြီးအကဲဟာ တရုတ်နဲ့ပတ်သက်လာရင် အချက်အလက်တွေကို လစ်လျူရှုပြီး တာ၀န်မဲ့ပြောဆိုတာ တစ်ကြိမ်မကတော့ဘူးလို့ ဒီကနေ့မှာ ပြန်လည် တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

    အာကာသကို လူသားအားလုံး မျှ၀ေသုံးစွဲနိုင်ရေးကိုသာ တရုတ်က အမြဲတမ်း တိုက်တွန်းဆော်သြပြီး၊ စစ်ရေးနယ်ချဲ့တာ၊ အာကာသမှာ လက်နက်အားစမ်းတာတွေကို ဆန့်ကျင်တယ်လို့လည်း ကျောက်လီကျန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နာဆာဟာ ၂၀၂၄ မှာ လပတ်လမ်းပေါ် လူလွှတ်ပြီး ၂၀၂၅ ကျရင် လရဲ့ တောင်၀င်ရိုးစွန်းမှာ လူဆင်းသက်နိုင်ဖို့ စီမံကိန်းချမှတ်ထားပါတယ်။

    တရုတ်ကလည်း ၂၀၃၀ မတိုင်ခင် လရဲ့ တောင်၀န်ရိုးစွန်းကို လူမပါတဲ့ အာကာသယာဥ်လွှတ်ဖို့ ဆောင်ရွက်နေပါတယ်။

    Ref: Reuters

  • အတိုက်အခံများနှင့် ဆွေးနွေးရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း

    အတိုက်အခံများနှင့် ဆွေးနွေးရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း

    ဇူလိုင် ၄၊ ၂၀၂၂
    M-Media

    -အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အတိုက်အခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် စစ်ကောင်စီကို တရုတ်က တိုက်တွန်းလိုက်ပါတယ်။

    တရုတ်ဟာ မြန်မာစစ်အာဏာရှင်တွေကို ခေတ်အဆက်ဆက် ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့က နိုင်ငံခြားရေး၀န်ကြီးတွေ ပါ၀င်တဲ့ အစည်းအ၀ေးကို တက်ရောက်ဖို့အတွက် ၀မ်ယီဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

    ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ အဆင်မြင့်အကြီးအကဲတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာမှုပါ။

    ၀မ်ယီက မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူတွေအားလုံး လက်တွေ့ကျတဲ့ ဆွေးနွေးအကြံပြုမှုတွေကို နားထောင်ဖို့နဲ့ နိုင်ငံရေးဆိုင်ရာ ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းလုပ်ကိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်အေးချမ်းတာကို တရုတ်က လိုလားတယ်လို့လည်း စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံစဥ်မှာ ၀မ်ယီက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပြီး၊ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကလည်း နိုင်ငံရေးမှာ ဒီလိုအနေအထားမျိုး မဖြစ်နိုင်စရာ မရှိဘူးလို့ ၀န်ခံထားပါတယ်။

    Ref: The Guardian

  • အမျိုးသားရေးအစွန်းရောက်များအား ပြုပြင်ပေးမည့်အစီအစဥ်ကို ဘင်္ဂလားဒေ့ရှ် စတင်မည်

    အမျိုးသားရေးအစွန်းရောက်များအား ပြုပြင်ပေးမည့်အစီအစဥ်ကို ဘင်္ဂလားဒေ့ရှ် စတင်မည်

    ဇူလိုင် ၂၊ ၂၀၂၂
    M-Media

    -အစ္စလာမ့်မစ် အမျိုးသားရေး အစွန်းရောက်တွေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာရေး စိတ်ပိုင်းဆိုင်ရာ ပြုပြင်တည့်မတ်ပေးမယ့် အစီအစဥ်သစ်တစ်ခုကို ဘင်္ဂလားဒေ့ရှ်က မကြာခင် စတင်ပါတော့မယ်။

    ထောင်ကျနေတဲ့ အစွန်းရောက်တွေ၊ စစ်သွေးကြွတွေမှာ ဒီအစီအစဥ်ကို စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် မြို့တော်ဒါကာက စားသောက်ဆိုင်တစ်ခုကို အစ္စလာမ့်မစ် စစ်သွေးကြွတွေ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အမျိုးသားရေးအစွန်းရောက်တွေ၊ IS လို အကြမ်းဖက်အဖွဲ့အစည်းတွေကို အဓိကထား ကိုင်တွယ် နှိမ်နှင်းခဲ့ပါတယ်။

    စစ်သွေးကြွတွေကို ဖမ်းဆီးနိုင်ရေး ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဟာ စစ်ဆင်ရေးမြောက်များစွာ လုပ်ဆောင်ခဲ့ပါတယ်။

    အစွန်းရောက်တွေကို အသိပညာပေးမယ့် အစီအစဥ်ဟာ ဒီလူတွေ စစ်သွေးကြွ လမ်းကြောင်းပေါ် ပြန်မရောက်ရေး ရည်ရွယ်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ CTTC ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    အသိပညာပေးအစီအစဥ်မှာ နိုင်ငံက ထိပ်တန်း စိတ်ပညာဆရာ၀န်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အကြမ်းဖက်၀ါဒ တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေ ပါ၀င်ကူညီပေးမှာပါ။

    ဖမ်းဆီးထားတဲ့ အစွန်းရောက်တွေထဲက အယောက် ၂၀ ကို လာမယ့် တစ်နှစ်အတွင်း စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးသွားမှာဖြစ်ပြီး ထောင်ဒဏ်ပြည့်သွားတဲ့အချိန် လူ့အသိုင်းအ၀ိုင်းထဲ ပြန်လည်၀င်ဆံ့နိုင်ရေး၊ အသက်မွေး၀မ်းကြောင်းအတွက် မိမိခြေထောက်ပေါ် ရပ်တည်နိုင်ရေးတွေပါ အစိုးရက ကူညီပေးသွားမှာဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုပြီးကတည်းက အစွန်းရောက် သံသယရှိသူ လူ ၇ ထောင်လောက်ကို ဖမ်းဆီးထားတယ်လို့ CTTC အကြီးအကဲ ပြည်ထဲရေး၀န်ကြီး အဆာဒူဇာမန်ခန်းက ပြောပါတယ်။

    Ref: Business-standard

  • မြွေကျွန်းကို ရုရှားလက်ထဲကနေ ယူကရိန်းက ဘယ်လိုပြန်သိမ်းခဲ့သလဲ

    မြွေကျွန်းကို ရုရှားလက်ထဲကနေ ယူကရိန်းက ဘယ်လိုပြန်သိမ်းခဲ့သလဲ

    ဇူလိုင် ၁၊ ၂၀၂၂
    M-Media

    -ရုရှားကျူးကျော်မှု စတင်ကတည်းက ဆုံးရှုံးသွားတဲ့ မဟာဗျူဟာမြောက်ကျွန်းတစ်ကျွန်းကို ယူကရိန်းက ကြာသာပတေးနေ့မှာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။

    ပင်လယ်နက် အနောက်မြောက်ဖက်က ‘မြွေကျွန်း’ (Snake Island) ဖြစ်ပါတယ်။

    ကျူးကျော်မှုစတဲ့ ဖေဖော်၀ါရီ ၂၄ ရက်နေ့မှာကတည်းက ရုရှားတပ်တွေဟာ မြွေကျွန်းကို သိမ်းပိုက်ခဲ့တာကြောင့် အဓိကဆိပ်ကမ်း အိုဒက်ဆာလည်း ပိတ်မိသွားပြီး ယူကရိန်းရဲ့ ဂျုံတင်ပို့မှု လုံး၀ ရပ်ဆိုင်းသွားပါတယ်။

    ယူကရိန်းဖက်ကလည်း ဒီကျွန်းကို ပြန်သိမ်းနိုင်ဖို့ ၄ လလုံးလုံး တောက်လျှောက် တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာတော့ ရုရှားတပ်တွေဟာ မော်တော်ဘုတ် ၂ စီးနဲ့ ကျွန်းကို စွန့်ခွာသွားခဲ့ပါတယ်။

    ရုရှားက ယူကရိန်းရဲ့ ဂျုံတင်ပို့မှုကို မနှောက်ယှက်ချင်တဲ့အတွက် ကျွန်းကို လက်လွှတ်လိုက်တာလို့ ပြောပါတယ်။ တပ်တွေဟာ သူတို့လုပ်ဆောင်ရမယ့်တာ၀န် ပြီးဆုံးသွားတဲ့အတွက် ကျွန်းက ခွာလာတာလို့ ရုရှားဖက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြွေကျွန်းဟာ ယူကရိန်းကုန်းမကြီးကနေ လက်နက်ကြီးပေါင်းစုံ၊ ကြည်းရေလေ လမ်းကြောင်းပေါင်စုံနဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအ၀ေးမှာ ရှိနေပြီး ရုရှားတပ်တွေ ဒီကျွန်းမှာ အထိုင်ချမှုကို ရုရှားဗိုလ်ချုပ်တွေကိုယ်တိုင်က ၀ေဖန်ပြောဆိုတာမျိုး ရှိခဲ့ပါတယ်။

    ယူကရိန်းကလည်း ဒုံးကျည်တွေ၊ အမြောက်တွေ၊ ဒရုန်းတွေ၊ စစ်သင်္ဘောတွေနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

    ရုရှားရဲ့ ပင်လယ်နက်ရေတပ်က ထိပ်တန်း တိုက်သင်္ဘော Moskva ဟာ မြွေကျွန်းမှာ ရပ်နားရင်း ယူကရိန်းရဲ့ နှစ်မြှုပ်မှုကို ခံခဲ့ရပါတယ်။

    မြွေကျွန်းကို ပြန်သိမ်းနိုင်ခဲ့ပေမယ့် အဲဒီမှာ စစ်တပ်တွေ အထိုင်ချမှာ မဟုတ်ဘူးလို့ ယူကရိန်းက ပြောပါတယ်။ ဒါပေမယ့် ကျွန်းနားကပ်လာရင် တိုက်ခိုက်ဖို့ ယူကရိန်းက အဆင်သင့်ပြင်ထားပါတယ်။

    ဒီကျွန်းကို ပြန်ရလိုက်တဲ့အတွက် ပင်လယ်နက်မှာ အရေးပါတဲ့ ယူကရိန်းရဲ့ အိုဒက်ဆာဆိပ်ကမ်း ပိုမိုလုံခြုံသွားပါတယ်။ ဒါဟာ မဟာဗျူဟာအရရော၊ ဂုဏ်သိက္ခာအရပါ ယူကရိန်းရဲ့ အဓိကအောင်ပွဲ ဖြစ်ပါတယ်။

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုဟာ ၄ လကျော်လာခဲ့ပြီး အဓိကအားဖြင့် ယူကရိန်းအရှေ့ခြမ်းက ရုရှားစကားပြောသူတွေ နေထိုင်ရာနေရာကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

    Ref: BBC

  • စစ်ကောင်စီ တိုက်လေယာဥ် ကျူးကျော်မှု ထိုင်းဘာပြောသလဲ

    စစ်ကောင်စီ တိုက်လေယာဥ် ကျူးကျော်မှု ထိုင်းဘာပြောသလဲ

    ဇူလိုင် ၁၊ ၂၀၂၂
    M-Media

    -မနေ့က စစ်ကောင်စီတိုက်လေယာဥ် လေပိုင်နက် ကျူးကျော်၀င်ရောက်လာမှုအတွက် စစ်သံမှူးကနေတစ်ဆင့် သတိထောက်လွှာ ပေးအပ်သွားမယ်လို့ ထိုင်းဖက်က ထုတ်ပြန်ပါတယ်။

    မြ၀တီမြို့နယ် ၀ေါလေဒသက စစ်ကောင်စီရဲ့ ဥကရစ်ထ အထိုင်စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့တပ်တွေက တိုက်ခိုက်ရာမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

    စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာမျိုး ရှိခဲ့ပြီး မနေ့ကတော့ တိုက်လေယာဥ်တစ်စင်း တက်ပြည်နယ် ဖော့ဖရာခရိုင်ထဲ ရောက်သွားပါတယ်။

    ထိုင်းလေတပ်ရဲ့ ထုတ်ပြန်မှုမှာ မြန်မာဘက်က MiG-29 တိုက်လေယာဥ်ဟာ ထိုင်းလေပိုင်နက်ထဲ ၅ ကီလိုမီတာလောက် ကျူးကျော်၀င်ရောက်လာတဲ့အတွက် F16 တိုက်လေယာဥ် ၂ စီး အရေးပေါ် ပျံတက် စောင့်ကြည့်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဒီကိစ္စအတွက် မြန်မာဖက်ကို သတိထောက်လွှာပေးအပ်ဖို့ စစ်သံမှူးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီလေယာဥ် ကျူးကျော်၀င်ရောက်လာတာကို နယ်စပ်က ထိုင်းပြည်သူတွေလည်း တွေ့ခဲ့ရပြီး စာသင်ကျောင်းက ကလေးတွေနဲ့ အခြားပြည်သူတွေဟာ ဘေးလွတ်ရာမှာ ပုန်းရှောင်ခဲ့ရပါတယ်။

    Ref: Bangkok Post