News @ M-Media

Blog

  • ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှု သိရသမျှ

    ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှု သိရသမျှ

    ဇူလိုင် ၈၊ ၂၀၂၂
    M-Media

    -ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဒီနေ့မနက်ပိုင်း နိုင်ငံတောင်ပိုင်းက မဲဆွယ်ပွဲတစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရပါတယ်။

    လည်ပင်းနဲ့ ရင်ဘတ်ကို ထိသွားပြီး နှလုံးရပ်သွားကာ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    နှလုံးရပ်သွားတယ်ဆိုတဲ့ စကားလုံးဟာ ဆေးဘက်ဆိုင်ရာအရ သေဆုံးတယ်လို့ အတည်မပြုခင် သုံးနှုန်းတာ ဖြစ်ပါတယ်။

    ဂျပန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး၊ လက်နက်ကိုင် တိုက်ခိုက်တာမျိုး အလွန်အဖြစ်နည်းကာ၊ နိုင်ငံရေးနွယ်တဲ့ အကြမ်းဖက်မှုမျိုး မဖြစ်သလောက်ပါပဲ။

    ပစ်ခတ်သူဟာ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လုပ်သေနတ်ကို အသုံးပြုခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။

    အာဘေးရဲ့ညီ လက်ရှိ ကာကွယ်ရေး၀န်ကြီး နိုဘူ ကီရှီက သူ့အစ်ကိုဟာ သွေးသွင်းထားရပြီး အသက်ကယ်ဖို့ ဆရာ၀န်တွေက တတ်နိုင်သမျှ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

    အာဘေးရဲ့ Liberal Democratic Party ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်မှာ အာဏာအကြာကြီး ရယူထားနိုင်တဲ့ ပါတီဖြစ်ပြီး အာဘေးကိုယ်တိုင်ကလည်း သက်တော်ရှည် ၀န်ကြီးချုပ်ဖြစ်ပါတယ်။

    သေနတ်နဲ့ပစ်ခတ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။

    Ref: BBC

  • အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးကို စစ်ကောင်စီက တက်ခွင့်မရ

    အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးကို စစ်ကောင်စီက တက်ခွင့်မရ

    ဇူလိုင် ၈၊ ၂၀၂၂
    M-Media

    -ဇူလိုင်လအကုန်မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီးကို တက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အာဆီယံက ထုတ်ပြန်ပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံ သဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်တဲ့အတွက် ထိပ်သီးအစည်းအ၀ေးတွေမှာ အာဆီယံက စစ်ကောင်စီကို ၀ိုင်းကျဥ်ထားတာ ဖြစ်ပါတယ်။

    အခုနှစ် အာဆီယံဥက္ကဌ ကမ္ဘောဒီယား၀န်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီကို အစည်းအ၀ေးတွေမှာ ဖိတ်ဖို့ ကြိုးစားပေမယ့် ကျန်တဲ့ အာဆီယံနိုင်ငံတွေက လက်မခံပါဘူး။

    ဇူလိုင် ၃၀ ရက်နေ့ကနေ သြဂုတ် ၆ ရက်နေ့အထိ ကျင်းပမယ့် ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးမှာလည်း စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင် တက်ရောက်ခွင့်ရမှာ မဟုတ်ပါဘူး။

    ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ဆိုခွန်က ဦး၀ဏ္ဏမောင်လွင်ကို ပေးပို့တဲ့စာမှာ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်တာမျိုး မရှိဘူးဆိုရင် အဖွဲ့၀င်နိုင်ငံအားလုံးရဲ့ သဘောဆန္ဒအတိုင်း အစည်းအ၀ေးကို တက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

    နိုင်ငံရေးဖက်ကမဟုတ်တဲ့ စစ်ကောင်စီကိုယ်စားလှယ်တစ်ဦးကိုတော့ အာဆီယံက တက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ရေငုပ်ဒရုန်းသင်္ဘောတွေပါ သုံးလာတဲ့ ဥရောပက မူးယစ်ဂိုဏ်းများ

    ရေငုပ်ဒရုန်းသင်္ဘောတွေပါ သုံးလာတဲ့ ဥရောပက မူးယစ်ဂိုဏ်းများ

    ဇူလိုင် ၆၊ ၂၀၂၂
    M-Media

    -မူးယစ်ဆေးတင်သွင်းရေး ရည်ရွယ်တည်ဆောက်ထားတဲ့ ရေအောက် ဒရုန်းသင်္ဘောတွေကို စပိန်အာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးလိုက်ပါတယ်။

    မူးယစ်ဂိုဏ်းတွေ ရေအောက်ဒရုန်းသုံးဖို့ ကြိုးစားမှုကို စပိန်မှာ ပထမဆုံး တွေ့ရှိရတာပါ။

    ၁၄ လကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒရုန်းသင်္ဘော ၃ စီးနဲ့အတူ လူ ၈ ဦးကို မြို့ ၃ မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    ဒရုန်းသင်္ဘောတွေဟာ မူးယစ်ဆေး ၂၀၀ ကီလိုဂရမ် သယ်ဆောင်နိုင်ပြီး မော်ရိုကိုဖက်ကနေ ဂျီဘရော်တာရေလက်ကြားကို ဖြတ်ကာ စပိန်အထိပို့ဆောင်ဖို့ ရည်ရွယ် တည်ဆောက်ထားတာလို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

    ဖမ်းဆီးရမိတဲ့ ရေအာက်ဒရုန်း ၃ စီးမှာ တစ်စီးက လုံး၀ တည်ဆောက်ပြီးသွားပြီး နောက်ထပ်နှစ်စီးက တည်ဆောက်ဆဲအနေအထားမှာ ရှိနေပါတယ်။ ပြင်သစ်က မူးယစ်ဂိုဏ်းတွေပါ ဒီဒရုန်းတွေသုံးဖို့ ရည်ရွယ်ထားတာပါ။

    GPS လမ်းပြစနစ်ပါ၀င်တဲ့အတွက် ဒီသင်္ဘောတွေကို ကမ္ဘာရဲ့ ဘယ်နေရာကမဆို အင်တာနက်ရှိရုံနဲ့ ထိန်းသိမ်းမောင်းနှင်နိုင်ပါတယ်။

    ဖမ်းဆီးရမိတဲ့ လူတွေဟာ မူးယစ်မှောင်ခိုလုပ်နိုင်ရေး ကုန်း၊ ရေ၊ လေ အဆင့်မြင့် သယ်ယူပို့ဆိုင်ရေးယာဥ်တွေ တည်ဆောက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး အီလက်ထရောနစ်နဲ့ နည်းပညာပိုင်းဆိုင်ရာ ပညာရှင်တွေ ပါ၀င်တယ်လို့ စပိန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒရုန်းသင်္ဘောတွေအပြင် အခြား ယာဥ်မျိုးစုံ ၁၄ စီး၊ မူးယစ်ဆေး၀ါးနဲ့ ငွေစက္ကူအများအပြားကိုလည်း စပိန်ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။

    Ref: BBC

  • အာဖဂန်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တရုတ်တိုးမြှင့်မည်

    အာဖဂန်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တရုတ်တိုးမြှင့်မည်

    ဇူလိုင် ၆၊ ၂၀၂၂
    M-Media

    -အာဖဂန်နစ္စတန်မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ကိုင်သွားမယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။

    တရုတ်သံအမတ် ၀မ်ယူဟာ တာလီဘန် ဘေးအန္တရာယ် စီမံခန့်ခွဲရေး တာ၀န်ရှိသူနဲ့အတူ မနေ့က လူသိရှင်ကြား သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။

    ၀မ်ယူက ဇွန်လ ၂၂ ရက်နေ့ ငလျင်ကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီဖို့အတွက် ကန်ဒေါ်လာ ၈ သန်း ထောက်ပံ့ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပြီး၊ အာဖဂန်နစ္စတန်မှာ ရေရှည် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ အကောင်အထည် ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

    တာလီဘန်အစိုးရကို နိုင်ငံတကာက အသိအမှတ်မပြုဘဲ တရုတ်တစ်နိုင်ငံတည်းကသာ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

    တရုတ်ဟာ ကုန်သွယ်ရေးကို အဓိကထားမှာဖြစ်ပြီး နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စိုက်ပျိုးရေးကဏ္ဍကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ၀မ်ယူက ပြောပါတယ်။

    နိုင်ငံတကာက တာလီဘန်ကို မလွှဲဘဲ ခေတ္တသိမ်းဆည်းထားတဲ့ အာဖဂန်နစ္စတန်ပိုင် နိုင်ငံခြားအရန်ငွေတွေကို ပြန်ပေးဖို့ ၀မ်ယူက သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ပါတယ်။

    Ref: CNA

  • စစ်တပ် နိုင်ငံရေးမှထွက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ထပ်ပြော

    စစ်တပ် နိုင်ငံရေးမှထွက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ထပ်ပြော

    ဇူလိုင် ၅၊ ၂၀၂၂
    M-Media

    -နိုင်ငံရေးသမားတွေနဲ့ အတိုက်အခံတွေ ပူးပေါင်းကာ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရေး လမ်းဖွင့်ပေးဖို့အတွက် လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ စစ်တပ်က နှုတ်ထွက်သွားမယ်လို့ ဆူဒန်အာဏာသိမ်းခေါင်းဆောင် အဘ်ဒလ် ဖာတာ အလ်-ဘူရ်ဟန်က ပြောပါတယ်။

    စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတစ်၀ှမ်း ပြန်ဖြစ်လာခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင်ဖက်က ဒီလို စကား ထွက်လာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ကြာသာပတေးနေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်နှိမ်နှင်းမှု့ကြောင့် အနည်းဆုံး ၉ ဦး သေဆုံးပြီး၊ ၆၃၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    မနေ့က ရုပ်သံမိန့်ခွန်းမှာ အလ်-ဘူရ်ဟန်က စစ်တပ်ဟာ လမ်းပိတ်ထားမှာမဟုတ်ကြောင်း၊ ဆူဒန်ပြည်သူတွေ မိမိကြိုက်တဲ့ အစိုးရကို ရွေးချယ်နိုင်မယ့် ရွေးကာက်ပွဲတွေ ဖြစ်လာဖို့အတွက် စစ်တပ်က အားထုတ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီးရင် သူဦးဆောင်တဲ့ အဓိပတိကောင်စီကို ဖျက်သိမ်းသွားမှာဖြစ်ပြီး၊ အစိုးရသစ်လက်အောက်မှာရှိမယ့် အဓိပတိကောင်စီအသစ်ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးကိုပဲ လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

    ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြဖို့ အလ်-ဘူရ်ဟန်က တိုက်တွန်းခဲ့ပြီး ဆွေးနွေးပွဲရလဒ်ကို အကောင်အထည်ဖော်ရေးမှာ စစ်တပ်က ပါ၀င်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ဘယ်လောက်အနေအထားအထိ ပါ၀င်မလဲဆိုတာ သူက တိတိကျကျ မပြောသွားပါဘူး။

    ဆူဒန်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera