News @ M-Media

Blog

  • နာမည်ကျော် ပြည်တွင်းဖြစ် ဒရုန်း ၃ စင်းကို တူရကီက ယူကရိန်းထံ လက်ဆောက်ပေး

    နာမည်ကျော် ပြည်တွင်းဖြစ် ဒရုန်း ၃ စင်းကို တူရကီက ယူကရိန်းထံ လက်ဆောက်ပေး

    ဇူလိုင် ၁၊ ၂၀၂၂
    M-Media

    -တူရကီ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Baykar Defense က သူတို့ရဲ့ နာမည်ကျော် Bayraktar TB2 ဒရုန်း ၃ စင်းကို ယူကရိန်းထံ လက်ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

    Baykar Defense ဟာ တူရကီအစိုးရထံကနေ ကန်ထရိုက်ယူကာ ဒရုန်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နေတာပါ။ သူတို့ထုတ်တဲ့ Bayraktar TB2 ကတော့ လက်နက်တပ်ဆင်ထားတဲ့ တန်ဖိုးနည်း အဆင့်မြင့်ဒရုန်းတွေထဲမှာ နာမည်ကျော်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်စစ်ကို ကာကွယ်ရေး ယူကရိန်းကို ကမ္ဘာတစ်၀ှမ်းက စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့နေရာမှာ တူရကီလည်း ပါ၀င်ပါတယ်။

    ဥရောပနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယားက ပြည်သူတွေဟာ Bayraktar TB2 တစ်စီး ၀ယ်ယူကာ ယူကရိန်းကို လက်ဆောင်ပေးဖို့အတွက် ပြီးခဲ့တဲ့လမှာ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ၃ ရက်အတွင်း လိုအပ်တဲ့ငွေကို ရရှိခဲ့တာပါ။

    အဲဒီနောက်ပိုင်း ယူကရိန်းကို Bayraktar TB2 ဒရုန်းထောက်ပံ့နိုင်ရေး ကမ္ဘာတစ်၀ှမ်းက ပြည်သူတွေ ရန်ပုံငွေကောက်ခံတဲ့လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်လာပါတယ်။

    Baykar Defense ဟာ လစ်သူယေးနီးယား ပြည်သူတွေရဲ့ ငွေပးချေမှုကို လက်မခံဘဲ TB2 ဒရုန်းလေယာဥ်တစ်စီး လက်ဆောင်ပးခဲ့သလို၊ နောက်ထပ် ၃ စီး ယူကရိန်းကို လက်ဆောင်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကရိန်းဟာ အရင်က TB2 ဒရုန်းတွေကို တူရကီထံကနေ ၀ယ်ယူဖူးပြီး နိုင်ငံအတွင်း ဖက်စပ်ထုတ်လုပ်ဖို့အတွက်လည်း သဘောတူထားတာဖြစ်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်စစ်မှာ TB2 က လက်စွမ်းပြနေပြီး တင့်ကားတွေ၊ ဒုံးခွင်းစနစ်တွေနဲ့ ရေတပ်သင်္ဘောတွေကိုပါ ဖျက်ဆီးထားနိုင်ပါတယ်။

    ဖေဖော်၀ါရီ ၂၄ ရက်နေ့ ရုရှားရဲ့ ကျူးကျော်မှုနောက်ပိုင်း Baykar Defense ကုမ္ပဏီကနေ TB2 ဒရုန်း အစင်း ၅၀ လောက် ရရှိထားတယ်လို့ ယူကရိန်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Nikkei Asia

  • ဗီယက်နမ်၏ ၃ လပတ် စီးပွားရေးတိုးတက်မှု ၁၁ နှစ်အတွင်း အမြင့်ဆုံးရောက်

    ဗီယက်နမ်၏ ၃ လပတ် စီးပွားရေးတိုးတက်မှု ၁၁ နှစ်အတွင်း အမြင့်ဆုံးရောက်

    ဇွန် ၂၉၊ ၂၀၂၂
    M-Media

    -ကိုဗစ်နောက်ပိုင်း ဗီယက်နမ်နိုင်ငံရဲ့ ၃ လပတ်စီးပွားရေး တိုးတက်မှုဟာ ၁၁ နှစ်အတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်။

    အခုနှစ် ဧပြီလကနေ ဇွန်လအတွင်း ဗီယက်နမ်ရဲ့ GDP ဟာ ၇.၇၂ အထိ မြင့်တက်ခဲ့ပြီး၊ ပို့ကုန်ကနေ ရရှိတဲ့ ၀င်ငွေကလည်း ၂၁ ရာခိုင်နှုန်း မြင့်တက်ကာ ကန်ဒေါ်လာ ၉၆.၈ ဘီလီယံ ရှိလာပါတယ်။

    ဗီယက်နမ်ဟာ အာရှမှာ ကုန်ထုတ်လုပ်မှု အချက်အခြာနိုင်ငံတစ်ခု ဖြစ်လာပြီး ကိုဗစ်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာတောင် GDP ဟာ နှစ်စဥ် ၃ ရာခိုင်နှုန်း ပုံမှန် ရှိခဲ့ပါတယ်။

    အခုနှစ် နှစ်၀က် စီးပွားရေးတိုးတက်မှုဟာ ၆.၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ကိုဗစ်ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ်က ရှိခဲ့တဲ့ ၇ ရာခိုင်နှုန်းနဲ့ သိပ်မကွာတော့ဘူး။

    ဗီယက်နက် စာရင်းအင်း၀န်ကြီးဌာနက ငွေကြေးဖောင်းပွမှု၊ လောင်စာဆီစျေးတက်မှုနဲ့ သွင်းကုန်စျေးကြီးမြင့်မှုတို့ကို သတိထားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    ကိုဗစ်ကာလ ၂ နှစ်တာပိတ်ထားပြီးတဲ့နောက် မတ်လအလယ်ပိုင်းမှာ ဗီယက်နမ်က နိုင်ငံကို ပြန်ဖွင့်ခဲ့ပြီး အာဏာပိုင်တွေကလည်း ၄ နှစ်အတွင် ဂျီဒီပီ ၆.၅ ရာခိုင်နှုန်း တိုးတက်လာဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။

    Ref: CNA

  • အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိ

    အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိ

    ဇွန် ၂၉၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်ဟာ ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။

    ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းနိုင်ရေး ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ဆိုခွန်ရဲ့ ဒုတိယမြောက်ခရီးစဥ်လည်း ဖြစ်ပါတယ်။

    ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုဘ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပရက်ဆိုခွန်ကို တွေ့ခွင့်ပေးမှာမဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြောထားပါတယ်။

    မြန်မာနိုင်ငံကိုမလာခင် ပြုလုပ်တဲ့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပရက်ဆိုခွန်က အကျဥ်းထောင် ပြောင်းရွှေ့ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သာ ပြန်ထားဖို့၊ စစ်ကောင်စီအနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

    ပရက်ဆိုခွန်ရဲ့ ခရီးစဥ်ဟာ ဇူလိုင်လ ၃ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီးတို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

    Ref: Reuters

  • တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုမှုနောက်ဆက်တွဲ အိန္ဒိယတွင် တင်းမာမှု မြင့်တက်

    တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုမှုနောက်ဆက်တွဲ အိန္ဒိယတွင် တင်းမာမှု မြင့်တက်

    ဇွန် ၂၉၊ ၂၀၂၂

    M-Media  


    -အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုတဲ့ ဟိန္ဒူအမျိုးသားတစ်ဦး အသတ်ခံခဲ့ရပြီးတဲ့နောက် တင်းမာမှုတွေ မြင့်တက်လာပါတယ်။

    အူဒိုင်ပူးခရိုင်မှာ မွတ်စလင်အမျိုးသား ၂ ဦးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူတို့ သတ်ဖြတ်နေတဲ့ ဗီဒီယိုကိုလည်း ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။ 

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က တာ၀န်ရှိသူတွေ အခုလအစောပိုင်းမှာ တမန်တော်မိုဟာမက်အပေါ် စော်ကားပြောဆိုမှုကို ထောက်ခံအားပေးတဲ့အတွက် လက်တုန့်ပြန် သတ်ဖြတ်ခဲ့တာလို့ ကျူးလွန်သူ ၂ ဦးက ပြောပါတယ်။ 

    BJP တာ၀န်ရှိသူနှစ်ဦးရဲ့  ဘာသာရေးစော်ကားပြောဆိုမှုကြောင့် နိုင်ငံတစ်၀ှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး BJP အစိုးရကလည်း ဆန္ဒပြသူတွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်ခဲ့ပါတယ်။ 

    အူဒိုင်ပူးက အခုကိစ္စမှာ ကျူးလွန်သူတွေကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အင်တာနက်၀န်ဆောင်မှုတွေကို အစိုးရက ရပ်ဆိုင်းလိုက်သလို၊ လူစုလူ၀ေးလုပ်မှုကိုလည်း တားမြစ်ထားပါတယ်။ 

    သတ်ဖြတ်သူတွေဟာ ၀န်ကြီးချုပ် နရန်ဒရာမိုဒီကိုလည်း ဗီဒီယိုထဲမှာ ကြိမ်း၀ါးပြောဆိုခဲ့ပါတယ်။ 

    သတ်ဖြတ်ခံရသူဟာ ကန်ဟိုင်ယာ လာလ်ဆိုသူဖြစ်ပြီး ဘာသာရေး စော်ကားပြောဆိုမှုနဲ့ အရင်ကဖမ်းဆီးခံခဲ့ရကာ နောက်ပိုင်းမှာ ပြန်လွတ်လာသူပါ။ 

    သတ်ဖြတ်မှုနောက်ဆက်တွဲ ရာဂျက်စသန်ပြည်နယ်မှာ ဆန္ဒပြမှုတွေ မီးရှို့မှုတွေ ဖြစ်နေပြီး ပြည်နယ်အစိုးရကတော့ တည်တည်ငြိမ်ငြိမ်နေကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ 

    အာဏာရ BJP ခေါင်းဆောင်တစ်ချို့က ဒီသတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း ပြသဖို့အတွက် ချီတက်ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဥ်နေပါတယ်။ 

    အိန္ဒိယနိုင်ငံအတွင်းက အစ္စလာမ်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဒီသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး ကိုယ့်သဘောနဲ့ကိုယ် အရေးယူ အပြစ်ပေးတာမျိုးဟာ နိုင်ငံရဲ့  ဥပဒေနဲ့ရော အစ္စလာမ်ရဲ့ သင်ကြားမှုနဲ့ပါ ဆန့်ကျင်တဲ့အတွက် ဒီလို ထပ်မကျူးလွန်ကြဖို့ မွတ်စလင်တွေကို တိုက်တွန်းခဲ့ပါတယ်။ 

    Ref: BBC

  • အာဖဂန်ရှိ ငလျင်ဒဏ်ခံရသူများ ကူးစက်ရောဂါအန္တရာယ် ရှိနေ

    အာဖဂန်ရှိ ငလျင်ဒဏ်ခံရသူများ ကူးစက်ရောဂါအန္တရာယ် ရှိနေ


    ဇွန် ၂၇၊ ၂၀၂၂

    M-Media 


    – ငလျင်ဒဏ်ခံခဲ့ရတဲ့ အာဖဂန်နိုင်ငံ အရှေ့ပိုင်းမှာ နောက်ဆက်တွဲ ကူးစက်ရောဂါ ပြဿနာတွေ ရင်ဆိုင်ရမယ့် အန္တရာယ် ရှိနေပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က ငလျင်ကြောင့် အနည်းဆုံး လူ တစ်ထောင်လောက် သေဆုံးခဲ့ပြီး၊ နေအိမ်ပေါင်း တစ်သောင်းကျော် ပျက်ဆီးခဲ့ပါတယ်။ ဒဏ်ရာရရှိသူ အရေအတွက်က ၂၀၀၀ လောက် ရှိနေပါတယ်။ 

    သန့်ရှင်းတဲ့ အစားအသောက်နဲ့ သောက်သုံးရေ မရတာကြောင့် ငလျင်ဒဏ် ခံစားရတဲ့ ဒေသတွေမှာ ၀မ်းရောဂါလို ကူးစက်ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံး OCHA က ပြောပါတယ်။ 

    တာလီဘန်အစိုးရ ကျန်းမာရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှာရာဖတ် ဇာမန်က သူတို့အစိုးရဟာ တတ်နိုင်သလောက် လုပ်ဆောင်နေပမယ့် လိုအပ်ချက်တွေရှိနေသေးကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်း၊ အကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေပေးပို့ဖို့ မေတ္တာရပ်ခံကြောင်း ပြောကြားထားပါတယ်။ 

    လတ်တလောမှာ ကုလသမဂ္ဂနဲ့ ပြည်ပနိုင်ငံတစ်ချို့က ငလျင်ဒဏ်ခံစားရတဲ့ အာဖဂန်ပြည်သူတွေအတွက် အကူအညီတွေ ပေးပို့ထားပါတယ်။ 

    Ref: CNA