News @ M-Media

Blog

  • ADB က မြန်မာနိုင်ငံအား ဒေါ်လာ ၁.၇၅ ဘီလီယံ ထုတ်ချေးမည်

    ADB က မြန်မာနိုင်ငံအား ဒေါ်လာ ၁.၇၅ ဘီလီယံ ထုတ်ချေးမည်

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    adb

    – နိုင်ငံအတွင်း အခြေခံအဆောက်အဦးများနှင့် ပညာရေးကဏ္ဍ တိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၂၀၁၇ ခုနှစ်မှစ၍ ၅ နှစ်အတွင်း အတိုးနည်းနှစ်ရှည်ချေငွေ ကန်ဒေါ်လာ ၁.၇၅ ဘီလီယံကို အာရှဖွံ့ဖြိုးရေးဘဏ် ADB က မြန်မာနိုင်ငံအား ထုတ်ချေးသွားမည်ဟု သိရသည်။

    ADB ဥက္ကဌ တာကီရှီကို နာကာအိုက ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ သတင်းများထောက်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် နှစ်စဉ်ချေးငွေကို ကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၃၅၀ အထိ တိုးမြှင့်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါချေးငွေများအား အစိုးရ၏ ဦးစားပေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပြီး ၅ နှစ်စီးပွားရေးစီမံကိန်းအတွက်လည်း မျှဝေ သုံးစွဲသွားရမည်ဖြစ်သည်။

    “အခြေခံအဆောက်အဦးတွေ တည်ဆောက်မှု အထူးသဖြင့် စွမ်းအင်နဲ့ လမ်းပမ်းဆက်သွယ်ရေးရဲ့ အရေးကြီးမှုကို သူမက အလေးထားပြောကြားခဲ့ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် နာကာအိုက ပြောကြားခဲ့သည်။

    ADB ၏ ထိုချေးငွေကို ပညာရေးဝန်ထမ်းများအတွက်လည်းကောင်း၊ လူငယ်များနှင့် အလုပ်လုပ်နိုင်သည့်အရွယ်ရှိသူများအတွက် အလုပ်အကိုင်ဖန်တီးပေးရာတွင်လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း သုံးစွဲသွားရမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက်သာမကဘဲ ပြည်သူတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့အတွက် ကျေးရွာတွေနဲ့ နေအိမ်တိုင်းကို စွမ်းအပ်ပေးနိုင်ဖို့ လျှပ်စစ်ဓာတ်အားလိုင်းကွန်ယက်တွေ တည်ဆောက်ရေးရဲ့ အရေးကြီးပုံကိုလည်း အပြန်အလှန်ဆွးနွေးခဲ့ကြပါတယ်” ဟု နာကာအိုက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Bangkokpost

  • ပေါ့ဘာအားခေါ်ယူရန် ရီးယဲလ် ဆွေးနွေးနေ

    ပေါ့ဘာအားခေါ်ယူရန် ရီးယဲလ် ဆွေးနွေးနေ

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    pogba

    – ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနေသည့် ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာအား ခေါ်ယူရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆွေးနွေးမှုများကို စတင်ပြုလုပ်နေပြီဟု ၎င်း၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက အတည်ပြု ပြောကြားလိုက်သည်။

    အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာကို ဘာစီလိုနာ၊ ချယ်ဆီးနှင့် မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေပြီး ရိုင်အိုလာကမူ ပေါ့ဘာာမှာ ဇီဒိန်းအား လေးစားအားကျမှုရှိနေပြီး ရီးယဲလ်သို့ ပြောင်းရွှေ့ပါက အရေးပါသည့်နေရာမှ ကစားရမည်ဟု ခံစားနေရကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ ပထမအဆင့် ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပေါလ်(ပေါ့ဘာ) က ရီးယဲလ်နဲ့ ဇီဒိန်းတို့ကို လေးစားအားကျနေပြီး ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်မှာ အရေးပါတဲ့အရာတွေ ဖြစ်လာမှာပါ။ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ လား၊ သန်း ၁၄၀ လားဆိုရင်တော့ ပေါ့ဘာဟာ ဘယ်လောက်ပဲဈေးကြီးကြီး ထိုက်တန်တဲ့သူတစ်ဦးပါ” ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်တွင် ဗလီကို သေနတ်ဖြင့်ပစ်သူ ထောင် ၆ လကျ

    အမေရိကန်တွင် ဗလီကို သေနတ်ဖြင့်ပစ်သူ ထောင် ၆ လကျ

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    – ပြီးခဲ့တဲ့နှစ် ပဲရစ်တိုက်ခိုက်မှုအပြီး ညပိုင်းမှာ အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်က ဗလီဝတ်ကျောင်းတော်တစ်လုံးကို သေနတ်နဲ့ပစ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို တရားရုံးကနေ သောကြာနေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    တဒ် ဟာကေး ဂျူနီယာဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က မီရီဒန်မြို့မှာရှိတဲ့ ဘိုင်သွလ်အေမန် ဗလီဝတ်ကျောင်းတော်ကို သေနတ်နဲ့ အနည်းဆုံး လေးကြိမ်ခန့် ပစ်ခတ်ခဲ့တာပါ။ အခင်းဖြစ်ပွားတဲ့အချိန်မှာ ဗလီဝတ်ကျောင်းတော်အတွင်း ဘယ်သူမှ ရှိမနေတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

    ဟာကေးကတော့ ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ ဟာကေးဟာ ဘာသာရေးဆိုင်ရာ အဆောက်အဦးကို ဖျက်ဆီးမှုနဲ့ ဖေဖော်ဝါရီတုန်းကလည်း အမုန်းရာဇ၀တ်မှုဆိုင်ရာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဗလီဝတ်ကျောင်းတော်က တာဝန်ရှိသူတွေကို တောင်းပန်ခဲ့ရပါတယ်။ ပြည်ထောင်စု ဥပဒေသတ်မှတ်ချက်တွေအရ ဟာကေးဟာ ထောင်ဒဏ် ၈ လကနေ ၁၄ လအထိ ကျခံရမှာ ဖြစ်ပေမယ့် အခုလို ၆ လသာ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

    အခင်းဖြစ်ပွားခဲ့တဲ့နေ့မှာ ဟာကေးဟာ အရက် ၁၀ ပုလင်းလောက်သောက်ပြီး သူရဲ့အိမ်ကနေ ဗလီဝတ်ကျောင်းတော်ကို ပစ္စတိုနဲ့ ရိုင်ဖယ်ကိုင်ကာ ရောက်ရှိလာခဲ့ပြီးတဲ့နောက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ လူပေါင်း ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုအတွက် မကျေနပ်ကြောင်းနဲ့ မွတ်စလင်ဆန့်ကျင်ရေး ပို့စ်တွေ အများအပြားကိုလည်း ဆိုရှယ်မီဒီယာတွေမှာ လွှင့်တင်ခဲ့ပါတယ်။

    Ref: DailyMail

  • ယူရို သမိုင်းဝင်နိုင်ပွဲဖြင့် အလ်ဘေးနီးယား၏ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ရှင်သန်လာ

    ယူရို သမိုင်းဝင်နိုင်ပွဲဖြင့် အလ်ဘေးနီးယား၏ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ရှင်သန်လာ

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    – ယနေ့မနက်တွင် ကစားခဲ့သည့် အုပ်စု A နောက်ဆုံးပွဲစဉ်တွင် ရိုမေးနီးယားအသင်းအား အနိုင်ရရှိခဲ့သည့် အလ်ဘေးနီးယားမှာ အကောင်းဆုံး တတိယဖြင့် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်သည်။

    ယခင်ကစားခဲ့သည့် အုပ်စုပွဲစဉ် ၂ ပွဲလုံးကို ရှုံးနိမ့်ထားသည့် အလ်ဘေးနီးယားမှာ ဆာဒီကူ၏ ၄၃ မိနစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲတစ်ခုတွင် ပထမဆုံး သမိုင်းဝင်နိုင်ပွဲ ဖြစ်သည်။

    “အလ်ဘေးနီးယားပြည်သူတွေဟာ တကယ့်ကို ပျော်ရွှင်မယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်။ ပြည်သူတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့တစ်သင်းလုံးဟာ စိတ်အား ထက်သန်ကြပြီး မချွင်းမချန် ပေးဆပ်ချင်ကြတာပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ လာမယ့် သောကြာ ဒါမှမဟုတ် စနေနေ့မှာ (ရှုံးထွက်ပွဲ) တစ်ပွဲ ကစားနိုင်ချေအတွက် ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်” ဟု အလ်ဘေးနီးယားနည်းပြ ဂီယန်နီ ဒီ ဘိုင်အာစီက ပြောကြားခဲ့သည်။

    အုပ်စု A တွင် ပြင်သစ်နှင့် ဆွစ်ဇာလန်တို့မှာ ရမှတ် ၇ မှတ်၊ ၅ မှတ် အသီးသီးဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး ရိုမေးနီးယားမှာ ရမှတ် ၁ မှတ်ဖြင့် အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။ ရမှတ် ၃ မှတ်ရရှိထားသည့် အလ်ဘေးနီးယားမှာ အကောင်းဆုံး တတိယဖြင့် နောက်ဆင့်တက်ရမည့် ၄ သင်းစာရင်းတွင် ပါဝင်မည်လားဆိုသည်ကို အုပ်စုပွဲများပြီးသည်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။

    Ref: Channelnewsasia

  • ကုရ်အာန်တစ်ခန်း ရွတ်ဖတ်ပါက ဓာတ်ဆီ ၂ လီတာ ချီးမြှင့်သည့် လှုပ်ရှားမှု အင်ဒိုနီးရှား စတင်

    ကုရ်အာန်တစ်ခန်း ရွတ်ဖတ်ပါက ဓာတ်ဆီ ၂ လီတာ ချီးမြှင့်သည့် လှုပ်ရှားမှု အင်ဒိုနီးရှား စတင်

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    – ရမ်ဇာန်ဥပုသ်အတွင်းမှာ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကုရ်အာန်ကျမ်းတော်မြတ် တစ်ခန်းရွတ်ဖတ်သူတိုင်းကို ဓာတ်ဆီ ၂ လီတာ အခမဲ့ပေးအပ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံတော်ပိုင် လောင်စာကုမ္ပဏီ Pertamina က ကြေငြာထားပါတယ်။

    အဲဒီလှုပ်ရှားမှုကို အကောင်အထည်ဖော်ဖို့အတွက် Pertamina က ဖွင့်လှစ်ထားတဲ့ ဓာတ်ဆီဆိုင် ငါးခုမှာ ၀တ်ပြုခန်းများကို ဖန်တီးပေးထားပြီး၊ လှုပ်ရှားမှုကို စီစဉ်သူများကတော့ လူ့အဖွဲ့အစည်းအတွင်း အစ္စလာမ့်ရေးရာများကို မြှင့်တင်လိုတဲ့ ရည်မှန်းချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ပါဝင်လိုသူများအနေနဲ့ စာရင်းသွင်းဖောင်တစ်ခုကို ဖြည့်စွက်ရပြီး၊ ၀တ်ပြုခန်းအတွင်းက ကုရ်အာန်ကျမ်းတော်မြတ်ကိုယူကာ မည်သည့်အခန်းကဏ္ဍတစ်ခုကိုမဆို ဖတ်ရွတ်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ရိုသားမှုကိုသာ အခြေခံတာဖြစ်ပြီး စီစဉ်သူများက ကုရ်အာန်ဖတ်ရွတ်နေစဉ်အတွင်း ယင်းပုဂ္ဂိုလ်ကို လုံးဝ စောင့်ကြည့်နေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်မှာ အဓိက သယ်ယူပို့ဆောင်ရေးယာဉ်ဟာ မော်တော်ဆိုင်ကယ်ဖြစ်ပြီး ဓာတ်ဆီ ၂ လီတာကတော့ ဆိုင်ကယ်ဆီတိုင်ကီတစ်ဝက်လောက်ကို ပြည့်စေမှာဖြစ်ပါတယ်။

    Ref : IINA