ဇွန် ၂၄၊ ၂၀၁၆
M-Media
– ဘိုကိုဟရမ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာရပြီး နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘာမာမြို့မှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေထဲက ၂၀၀ နီးပါးလောက်ဟာ အစာရေစာငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးခဲ့ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
နေ့စဉ်နဲ့အမျှ အစာငတ်ပြီး သေဆုံးရတဲ့ ကလေးငယ်တွေရှိနေပြီး သေဆုံးသူတွေကိုမြှုပ်နှံဖို့ မြေကျင်းတွေကိုလည်း အဆတ်မပြတ် တူးပေးနေရတယ်လို့ ဒုက္ခသည်တွေက ပြောကြားခဲ့ကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဒုက္ခသည် ၂၄၀၀၀ ခန့် ခိုလှုံရာဖြစ်တဲ့ ဆေးရုံဝင်းတစ်ခုအတွင်းက ယာယီစခန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်မှုတွေကို ပြုလုပ်ပေးနေရတယ်လို့လည်း ဆိုပါတယ်။
“တော်တော်လေး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခံစားထားရတယ်ဆိုတာကို ဖော်ပြနေတဲ့ စိတ်ဒဏ်ရာတွေကို ကျွန်မတို့ဟာ လူနာတွေရဲ့ မျက်နှာတွေပေါ်မှာ အတိုင်းသား တွေ့မြင်နေရပါတယ်” လို့ နိုက်ဂျီးရီးယားက နယ်စည်းမခြားဆရာဝန်များအဖွဲ့ခေါင်းဆောင် ဂါဒါ ဟာတင်မ်က ပြောကြားခဲ့ပါတယ်။
ဘာမာမြို့မှာ အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ နိုက်ဂျီးရီးယားဒုက္ခသည် ၁.၈ သန်းလောက်ရှိပြီး အိမ်နီးချင်းနိုင်ငံက ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကတော့ ၁၅၅၀၀၀ လောက် ရှိနေပါတယ်။
၂၀၁၄ ခုနှစ် စက်တင်ဘာလက ဘိုကိုဟရမ်တွေရဲ့ အ၀ိုင်းခံထားတဲ့ ဘာမာမြို့ကို နိုက်ဂျီးရီးယားတပ်ဖွဲ့တွေက ၂၀၁၅ ခုနှစ် မတ်လမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပေမယ့် မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Source: AP
Leave a Reply
You must be logged in to post a comment.