News @ M-Media

Blog

  • နိုင်ငံ၏ ဂုဏ်သိက္ခာကိုဖော်ကြူးသည့် မြစ်ကူးတံတားသစ်ကို ဘင်္ဂလားဒေ့ရှ် ဖွင့်လှစ်

    နိုင်ငံ၏ ဂုဏ်သိက္ခာကိုဖော်ကြူးသည့် မြစ်ကူးတံတားသစ်ကို ဘင်္ဂလားဒေ့ရှ် ဖွင့်လှစ်

    ဇွန် ၂၇၊ ၂၀၂၂
    M-Media

    -ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံရဲ့ အရှည်ဆုံး မြစ်ကူးတံတားကို စနေနေ့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    ပဒ်မာ မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့အတွက် Padma တံတားလို့ အမည်ပေးထားပြီး မြို့တော် ဒါကာကနေ နိုင်ငံ အနောက်တောင်ပိုင်းက ၀ေးလံခေါင်ဖျားတဲ့ ဒေသတွေကို ဆက်သွယ်ထားပါတယ်။

    အခက်အခဲတွေရှိခဲ့ပြီး အချိန်အတော်ကြာ ရွှေ့ဆိုင်းခဲ့ပြီးတဲ့နောက် ဖွင့်လှစ်နိုင်ခဲ့တဲ့ ဒီတံတားဟာ ‘နိုင်ငံ့ဂုဏ်သိက္ခာ’ ကို ဖော်ကျူးနေတဲ့ အမှတ်သညာတစ်ခုဖြစ်တယ်လို့ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်အစိုးရအတွင်း ခြစားမှုတွေ ရှိတယ်ဆိုတဲ့သတင်းကြောင့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ဘဏ်က တံတားအတွက် ချေးငွေပးမယ့်အစီအစဥ်ကို ရပ်ဆိုင်းခဲ့သလို အာရှဖွံဖြိုးရေးဘဏ်(ADB)၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့လည်း စီမံကိန်းမှာ မပါ၀င်တော့ပါဘူး။

    ဒီတံတားကို မိမိတို့အစိုးရငွေနဲ့ ပြီးအောင်ဆောက်လုပ်မယ်ဆိုတဲ့ ၀န်ကြီးချုပ်ဟာဆီနာရဲ့ စကားဟာ ကျော်ကြားခဲ့ပြီး မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

    စုစုပေါင်း ကန်ဒေါလာ ၄ ဘီလီယံနီးပါး ကုန်ကျခဲ့တဲ့ ဒီတံတားကို ၂၀၁၅ ခုနှစ် နို၀င်ဘာလမှာ စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်မတို့ အမြဲတမ်း သူများကို အားကိုးနေရလိမ့်မယ်လို့ တစ်ချို့တွေက ပြောကြတယ်။ ကျွန်မတို့ရဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး ရှိခ် မူဂျီဘူရ် ရဟ်မန်က ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ရဲ့ အရေးကြီးပုံကို သင်ပြပေးခဲ့ပါတယ်” လို့ ရှိခ် ဟာဆီနာက တံတားဖွင့်ပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မူဂျီဘူရ် ရဟ်မန်ဟာ ပါကစ္စတန်ကနေခွဲထွက်ပြီး လွတ်လပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာရေး အားထုတ်ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။

    “Padma တံတားဟာ အုတ်တွေ၊ ကွန်ကရစ်တွေတစ်ပုံတစ်ပင်နဲ့ ဧရာမတံတားသက်သက်သာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ အမှတ်သညာ၊ ဂုဏ်သိက္ခာ၊ လုပ်နိုင်စွမ်းတွေကို ဖော်ကျူးနေတာလည်းဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးနိုင်တယ်ဆိုတာ ကျွန်မတို့ ကမ္ဘာကို ပြလိုက်တာပါ”

    အံ့ဖွယ်နည်းပညာ

    ပဒ်မာမြစ်ဟာ တောင်အမေရိကက အမေဇုန်မြစ်ပြီးရင် ကမ္ဘာပေါ်မှာ တံတားဆောက်ဖို့ မဖြစ်နိုင်ဆုံး၊ အခက်အခဲဆုံး မြစ်ဖြစ်ပါတယ်။

    တံတားကို တရုတ်ဆောက်လုပ်ရေးကုမ္ပဏီ RMBEG က ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်အင်ဂျင်နီယာ ၁၂၀၀ နဲ့ ဆောက်လုပ်ခဲ့တာပါ။

    တံတားဆောက်ဖို့ မြစ်အောက် ပေ ၄၀၀ အနက်မှာ စတီချောင်းတွေနဲ့ ပိုင်ရိုက်ခဲ့ရပြီး ကမ္ဘာ့ပေါ်က မြစ်ကူးတံတားတည်ဆောက်မှုတွေထဲမှာ အနက်ဆုံး ပိုင်ရိုက်ရတဲ့တံတား ဖြစ်လာပါတယ်။

    မြစ်အတွင်း စက္ကန့် ၂၀ တိုင်း စီးဆင်းတဲ့ ရေပမာဏဟာ မြို့တော်ဒါကာမှာ တစ်ရက်သုံးတဲ့ ရေပမာဏနဲ့ အတူတူပဲလို့ စီမံကိန်းဒါရိုက်တာ ရှာဖီကူ အစ္စလာမ်က ပြောပါတယ်။

    “အမေဇုန်ပြီးရင် ပဒ်မာမြစ်ဟာ ကမ္ဘာပေါ်မှာ ရေစီးအသန်ဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့အနက်ဆုံး၊ အထူဆုံး ပိုင်မျိုးကို ရိုက်ရပါတယ်”

    ကမ္ဘာ့အဆင့်အမြင့်ဆုံး ဘယ်ရင် (FPB) ကို ပထမဆုံးအသုံးပြုတဲ့ တံတားလည်း ဖြစ်ပါတယ်။ FPB ဟာ ပြင်းဟာ ၉ မဂ္ဂနီကျုရှိတဲ့ ငလျင်ဒဏ်ကို ခံနိုင်ပါတယ်။

    ၀န်အား တန်ချိန် တစ်သောင်းကျော်အထိ ခံနိုင်ရည်ရှိပြီး ကမ္ဘာပေါ်မှာ ၀န်အားအများဆုံး ခံနိုင်တဲ့တံတားအဖြစ်လည်း မှတ်တမ်း၀င်ပါတယ်။

    တံတားတည်ဆောက်မှုမှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ မကြုံစဖူးစိန်ခေါ်မှုတွေ ရှိခဲ့ပြီး ဒီဟာတွေကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ရတဲ့အတွက် ကုန်ကျစားရိတ်ဟာ မူလ ခန့်မှန်းထားတဲ့ ပမာဏထက် ၃ ဆလောက် ပိုကုန်ခဲ့တယ်လို့ ရှာဖီကူ အစ္စလာမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Padma တံတားကြောင့် နိုင်ငံအနောက်တောင်ပိုင်း ၀ေလံခေါင်ဖျားတဲ့ ဒေသတွေကနေ မြို့တော်ဒါကာကို သွားရတဲ့ ခရီးဟာ ၃ ပုံ ၁ ပုံလောက် လျော့ကျသွားမှာဖြစ်ပြီး၊ ဒုတိယအကြီးဆုံး ဆိပ်ကမ်း မွန်လာနဲ့ မြို့တော်ဒါကာကို သွားရတဲ့ခရီးစဥ်ဟာလည်း ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။

    တံတားမှာ ကားလမ်း ၄ ခုနဲ့ ရထားလမ်းတစ်ခုတို့ ပါ၀င်ပါတယ်။ အရင်က ကားတစ်တန်၊ သင်္ဘောတစ်တန်နဲ့ အနိုင်ငံအနောက်တောင်ပိုင်းကို သွားရတာဖြစ်ပြီး အခုတံတားသစ်ကြောင့် လူတွေ၊ ကားတွေ အချိန်စောင့်ရမှု တစ်ရက်ကို နာရီပေါင်း ၂ သိန်းလောက် သက်သာမှာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်းဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အချက်အခြာဒေသဖြစ်ပြီး အခုတံတားကြောင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • လူကုန်ကူးဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

    လူကုန်ကူးဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

    ဇွန် ၂၆၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံက လူတွေကို တရားမ၀င် ခေါ်လာတဲ့ လူကုန်ကူးဂိုဏ်းကို ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါတယ်။ 

    ကချန်နာဘူရီပြည်နယ် ဆန်ခလာ ဘူရီခရိုင်က အိမ်တစ်အိမ်မှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့ ထိုင်းနိုင်ငံသား ၆ ဦးကို ရဲတွေက မနေ့မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

    ထိုင်းနိုင်ငံသားတွေက  သူတို့ဟာ လူပွဲစားတွေဖြစ်ပြီး၊ မြန်မာနိုင်ငံက လူတွေကို အလုပ်ရအောင် လုပ်ပေးမယ်လို့ပြောကာ ခေါ်ဆောင်လာတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

    ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတစ်၀ှမ်းကဖြစ်ပြီး စားရေးသောက်ရေး ခက်ခဲတဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ ထွက်လာတာြဖစ်ကြောင်း၊ တစ်ဦးကို ဘတ် ၃၂၀၀၀ ဆီပေးခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။ 

    သူတို့ဟာ ဘုရားသုံးဆူနယ်စပ်ကနေ ဖြတ်လာခဲ့ပြီး ပွဲစားတွေ နောက်ထပ်လာခေါ်မယ့်ကားကို စောင့်ဆိုင်းနေတဲ့အချိန် ဖမ်းဆီးခံလိုက်ရတာပါ။  

    ထိုင်းရဲတပ်ဖွဲ့ဟာ လူကုန်ကူးဂိုဏ်းနဲ့အတူ ဘတ် ၅၃၆၆၀၊ မော်တော်ဆိုင်ကယ်တစ်စီးနဲ့၊ မိုဘိုင်းဖုန်း ၅ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ ၀င်ရောက်အလုပ်ရှာသူတွေ မြင့်တက်လာပြီး ထိုင်းအာဏာပိုင်တွေကလည်း နယ်စပ်မှာ ကင်းလှည့်ရှာဖွေမှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ 

    Ref: Bangkok Post 

  • ရုရှားက ဘီလာရုဇ်ကို နျူလက်နက်ပစ်နိုင်သည့် ဒုံးကျည် ထောက်ပံ့မည်

    ရုရှားက ဘီလာရုဇ်ကို နျူလက်နက်ပစ်နိုင်သည့် ဒုံးကျည် ထောက်ပံ့မည်

    ဇွန် ၂၆၊ ၂၀၂၂
    M-Media

    -နျူထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ဘယ်လာရုဇ်နိုင်ငံကို ထောက်ပံ့ပေးပို့သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်ပါတယ်။

    ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ ဘယ်လာရုဇ်က မဟာမိတ်အဖြစ် ရုရှားဖက်က ပူးပေါင်းပါ၀င်နေတာဖြစ်ပါတယ်။

    ပတ်၀န်းကျင်နိုင်ငံတွေဖြစ်တဲ့ လစ်သူယေးနီးယားနဲ့ ပိုလန်တို့က ရန်စတဲ့လုပ်ရပ်တွေ ရှိနေသလို၊ နေတိုးအဖွဲ့က တိုက်လေယာဥ်တွေ နယ်စပ်နားကပ်ပြီး ပျံသန်းမှုရှိတယ်လို့ ဘယ်လာရုဇ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ရုရှားကို ပြောကြားခဲ့ပြီးတဲ့နောက် ပူတင်ရဲ့ အခုထုတ်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    လာမယ့်လအနည်းငယ်အတွင်း Iskander-M ဒုံးကျည်စနစ်တွေကို ဘယ်လာရုဇ်ထံ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဒီစနစ်ဟာ ခရုဇ်ဒုံးကျည်တွေ၊ တိုက်ချင်းပစ်ဒုံးတွေ ပစ်ခတ်နိုင်မှာဖြစ်သလို၊ နျူထိပ်ဖူးလည်း တပ်ဆင်ပစ်ခတ်နိုင်တယ်လို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ ပူတင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘယ်လာရုဇ်ရဲ့ တိုက်လေယာဥ်တွေ နျူလက်နက် သယ်ဆောင်လို့ရတဲ့ အနေအထားအထိ အဆင့်မြှင့်တင်ပေးသွားမယ်လို့လည်း ပူတင်က ဆိုပါတယ်။

    ဘယ်လာရုဇ်ဟာ အရင်က Iskander ဒုံးကျည်တွေနဲ့ S-400 ဒုံးခွင်းစနစ်တွေ၊ Su-25 တိုက်လေယာဥ်တွေကိုလည်း ရုရှားထံကနေ ၀ယ်ယူထားပါတယ်။

    Ref: Reuters

  • စစ်ကောင်စီခန့် ကာကွယ်ရေး၀န်ကြီးကို ကမ္ဘောဒီးယားက အစည်းအ၀ေး တက်ခွင့်ပေး

    စစ်ကောင်စီခန့် ကာကွယ်ရေး၀န်ကြီးကို ကမ္ဘောဒီးယားက အစည်းအ၀ေး တက်ခွင့်ပေး

    ဇွန် ၂၃၊ ၂၀၂၂

    M-Media


    – အာဏာသိမ်းစစ်ကောင်စီရဲ့ ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ယူထားတဲ့ ဗိုလ်ချုပ်မြထွန်းဦးဟာ မနေ့ကပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေး၀န်ကြီးများ အစည်းအ၀ေးကို တက်ရောက်ခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအ၀ေးတွေမှာ တက်ရောက်ခွင့်မပေးရေးမူကို အာဆီယံက ကျင့်သုံးလာတာပါ။  

    ဒါပေမယ့် ဗိုလ်ချုပ်မြထွန်းဦးဟာ အာဆီယံအစည်းအ၀ေးကို တက်ရောက်ခွင့်ရတဲ့ အဆင့်အမြင့်ဆုံး စစ်ကောင်စီကိုယ်စားလှယ် ဖြစ်လာပါတယ်။ 

    စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က အာဆီယံ ကာကွယ်ရေး၀န်ကြီးများ အစည်းအ၀ေးမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပေးဖို့ တောင်းဆိုခဲ့ပေမယ့် အာဆီယံဥက္ကဌ ကမ္ဘောဒီယားက တက်ရောက်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ 

    မလေးရှား ကာကွယ်ရေး၀န်ကြီးက စစ်ကောင်စီကိုယ်စားလှယ် အစည်းအ၀ေးမှာ ပါ၀င်ပေမယ့် မလေးရှားဟာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရား၀င်အစိုးအရအဖြစ် အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပါတယ်။ 

    ကမ္ဘောဒီးယား ကာကွယ်ရေး၀န်ကြီး တီဘန်က မြန်မာကိုယ်စားလှယ် အစည်းအ၀ေးမှာ ပါ၀င်တာဟာ အာဆီယံရဲ့  စည်းလုံးမှုကို ပြသတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ 

    “ဒီလိုပါ၀င်မှုဟာ အဖြေရှာဖို့ဖြစ်ပါတယ်။ စွပ်စွဲပြောဆိုမှုတွေကို ကျွန်တော်တို့ လိုက်ပြီး မဖြေရှင်းနိုင်ပါဘူး”

    အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေးရဲ့  ကနဦး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းကာ ပုံမှန်အခြေအနေ ပြန်ရောက်ရေး အာဆီယံ အထူးကိုယ်စားလှယ်ကနေတစ်ဆင့် ဆောင်ရွက်မယ့်ကိစ္စကို ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။ ဆွေးနွေးမှု အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။ 

    ဗိုလ်ချုပ်မြထွန်းဦးကို ဒီလို တက်ရောက်ခွင့်ပေးတာဟာ စစ်ကောင်စီကို အသိအမှတ်ပြုလိုက်တဲ့ သဘောမျိုး သက်ရောက်သလို၊ မြန်မာစစ်တပ်ရဲ့ စစ်ရာဇ၀တ်မှုတွေမှာ ပတ်သက်ကူညီတာမျိုး ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ၀ေဖန်ခဲ့ပါတယ်။ 

    Ref: Reuters

  • တရုတ်နိုင်ငံ ရှင်ကျန်းမှ ကုန်ပစ္စည်းများကို ပိတ်ပင်သည့် ဥပဒေတစ်ခုကို အမေရိကန်က အသက်သွင်း

    ဇွန် ၂၂၊ ၂၀၂၂
    M-Media

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်းဒေသမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအားလုံး တင်သွင်းခွင့်ပိတ်ပင်တဲ့ ဥပဒေကို အမေရိကန်က အင်္ဂါနေ့မှာ စတင် အသက်သွင်းလိုက်ပါတယ်။

    “၀ီဂါများအပေါ် လုပ်အားခေါင်းပုံဖြတ်မှု တားဆီးရေး အက်ဥပဒေ” လို့ အမည်ပေးထားတဲ့ ဒီဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု လက်မှတ်ရေးထိုးခဲ့တာပါ။

    အမေရိကန် အကောက်ခွန်ဌာနက ဥပဒေကို အင်္ဂါနေ့မှာ စတင်ကျင့်သုံးခဲ့ပါတယ်။

    “လုပ်အားခေါင်းပုံဖြတ်မှု ကင်းစင်တဲ့ ကုန်သွယ်မှုဖြစ်လာရေး ဆောင်ရွက်ဖို့၊ ရှင်ကျန်းက ရက်စက်ကြမ်းကြုတ်မှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့၊ လုပ်အား ခေါင်းပုံဖြတ်မှု အပါအ၀င် ၀ီဂါတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ခြင်းရပ်တန့်ရေး တရုတ်အစိုးရကို ဆော်သြဖို့ မိတ်ဖက်နိုင်ငံတွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ အခုဥပဒေအသစ်ကို စီးပွားရေး ကုမ္ပဏီတွေ သတိပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။

    ၀ီဂါတွေအပေါ် လုပ်အားခေါင်းပုံဖြတ်ကာ လည်ပတ်နေတဲ့ ရှင်ကျန်းက လုပ်ငန်းတွေထဲမှာ အထည်ချုပ်လုပ်ငန်း၊ ဆိုလာ ပိုလီစီလီကွန် ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေ ပါ၀င်ပါတယ်။

    အမေရိကန်ရဲ့ အခုဥပဒေအသစ်မှာ ရှင်ကျန်းက ပစ္စည်းတွေ တင်ပို့မှုကို ပိတ်ပင်တာအပြင်၊ ရှင်ကျန်းကကုန်ကြမ်းတွေ အသုံးပြု ထုတ်လုပ်တဲ့ အခြားကုမ္ပဏီက ပစ္စည်းတွေကိုလည်း တင်ပို့ခွင့် ပိတ်ပင်မှာ ဖြစ်ပါတယ်။

    တရုတ်ဟာ ရှင်ကျန်းမှာ အကျဥ်းစခန်းတွေဆောက်ပြီး ၀ီဂါနဲ့ အခြား လူမျိုးစုငယ်တွေကို ပိတ်လှောင်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ မီဒီယာတွေက ထုတ်ဖော်ရေးသားထားပါတယ်။

    တရုတ်ဟာ အစောပိုင်းမှာ ဒီသတင်းကို ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ရှင်ကျန်းမှာ ဆောက်လုပ်ထားတာတွေက အကျဥ်းစခန်းတွေ မဟုတ်ဘဲ၊ အသက်မွေးသင်တန်းကျောင်းတွေသာဖြစ်ကြောင်း၊ ၀ီဂါတွေဟာ မိမိဆန္ဒအလျောက် ဒီသင်တန်းတွေမှာ လာတက်နေတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့လ ရှင်ကျန်းရဲဌာန ဆာဗာကနေ ပေါက်ထွက်လာတဲ့ အချက်အလက်တွေမှာတော့ တရုတ်အစိုးရဟာ ၀ီဂါတွေကို လူမျိုး အမှတ်သညာ၊ ဘာသာတရား၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ပပျောက်သွားအောင် စနစ်တကျ စီမံနှိပ်ကွပ်နေတာကို တွေ့ရပြီး၊ ရှင်ကျန်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှု အများအပြား ဖြစ်နေတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရပါတယ်။

    Ref: Reuters