News @ M-Media

စစ်တပ် နိုင်ငံရေးမှထွက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ထပ်ပြော

ဇူလိုင် ၅၊ ၂၀၂၂
M-Media

-နိုင်ငံရေးသမားတွေနဲ့ အတိုက်အခံတွေ ပူးပေါင်းကာ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရေး လမ်းဖွင့်ပေးဖို့အတွက် လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ စစ်တပ်က နှုတ်ထွက်သွားမယ်လို့ ဆူဒန်အာဏာသိမ်းခေါင်းဆောင် အဘ်ဒလ် ဖာတာ အလ်-ဘူရ်ဟန်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတစ်၀ှမ်း ပြန်ဖြစ်လာခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင်ဖက်က ဒီလို စကား ထွက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်နှိမ်နှင်းမှု့ကြောင့် အနည်းဆုံး ၉ ဦး သေဆုံးပြီး၊ ၆၃၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့က ရုပ်သံမိန့်ခွန်းမှာ အလ်-ဘူရ်ဟန်က စစ်တပ်ဟာ လမ်းပိတ်ထားမှာမဟုတ်ကြောင်း၊ ဆူဒန်ပြည်သူတွေ မိမိကြိုက်တဲ့ အစိုးရကို ရွေးချယ်နိုင်မယ့် ရွေးကာက်ပွဲတွေ ဖြစ်လာဖို့အတွက် စစ်တပ်က အားထုတ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီးရင် သူဦးဆောင်တဲ့ အဓိပတိကောင်စီကို ဖျက်သိမ်းသွားမှာဖြစ်ပြီး၊ အစိုးရသစ်လက်အောက်မှာရှိမယ့် အဓိပတိကောင်စီအသစ်ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးကိုပဲ လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြဖို့ အလ်-ဘူရ်ဟန်က တိုက်တွန်းခဲ့ပြီး ဆွေးနွေးပွဲရလဒ်ကို အကောင်အထည်ဖော်ရေးမှာ စစ်တပ်က ပါ၀င်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ဘယ်လောက်အနေအထားအထိ ပါ၀င်မလဲဆိုတာ သူက တိတိကျကျ မပြောသွားပါဘူး။

ဆူဒန်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Ref: Aljazeera