
မိတ္ထီလာ ၊ဧပြီ ၂၈
.
မိတ္ထီလာမြို့နယ်တွင် ၂၆ ရက်နေ့ က Facebook စာမျက်နှာတွင် ပါရှိ သည့် ကောလဟာလသတင်း ဟုတ်မှန် မှု မရှိကြောင်း သတင်းစာ ရှင်းလင်းပွဲကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီက အထွေထွေ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်း၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သတင်း မီဒီယာသမားများအား တွေ့ဆုံရှင်းလင်းခဲ့သည်။
.
ထို့သို့တွေ့ဆုံရှင်းလင်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က Facebook စာမျက်နှာတွင် ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် ပြဿ နာဖြစ်ပွားမည်ဟု ကောလဟာလထွက်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သည့်အဖွဲ့အစည်းအများကို ချပြခဲ့ခြင်းဖြစ်ကြောင်း ယခုအကြိမ် သည် ဒုတိယအကြိမ်ဖြစ်ကြောင်းနှင့် ပထမအကြိမ်က မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်း၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘာသာရေး ဗလီလူကြီးများနှင့်တွေ့ဆုံ၍ Facebook စာမျက်နှာတွင်ပါရှိ သည့် အချက်များအား ဘယ်လိုမှတ်ချက်ပြုမလဲ၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုသည့် အစီအစဉ်ရှိ/မရှိမေးမြန်းရာ ၎င်းတို့မှ ဘယ်လိုအစီအစဉ်မှ မရှိကြောင်းနှင့် မည်သို့မျှ ဆောင်ရွက်ခြင်း မရှိကြောင်း ပြန်လည်ပြောကြား ခဲ့ကြောင်း၊ တကယ်လို့ဆောင်ရွက်လာခဲ့လို့ရှိရင်လဲ အချိန်မီ တားဆီးဆောင် ရွက်သွားမည်ဖြစ်ကြောင်း မိမိတို့ရှေ့မှောက် မှာ ပြောကြားခဲ့သည်။
.
ဒီကောလဟာလအား သက်ဆိုင်ရာ အဖွဲ့အစည်းများက စောင့်ကြည့်နေ ခဲ့ကြောင်းနှင့် အထက်အဖွဲ့အစည်းမှ အဆင့်ဆင့်မှ ညွှန်ကြား လာရာတွင် လည်း သတင်းမီဒီယာသမားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို ချပြပေးရန် ညွှန်ကြားလာသည့် အတွက် ဒုတိယအကြိမ် ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ဒီကိစ္စနှင့်ပတ်သက်၍ မိတ္ထီလာမြို့အေးချမ်း သာယာရေး၊ ရပ်ရွာ အေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် ရပ်မိရပ်ဖ အဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းကို မိသားစုအေးချမ်း သာယာရေး ပုံမှန်မပျက်လည်ပတ်နိုင်ရေး မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ကြစေရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ရွှေမှ ရှင်းလင်းရာတွင် ယခုပေါ်ထွက် လာသည့် ကောလဟာလ သတင်းသည် ၂၀၁၃ ခုနှစ် ဖြစ်စဉ် ကို အခြေခံပြီး ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းနှင့် လက်ရှိ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ဆောင်ရွက်ခြင်းသာဟု ထင်မြင်ယူဆကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါသတင်း အား အတည်ပြုပြီး အဖွဲ့(၆)ဖွဲ့ခွဲ၍ ချက်ခြင်းစုံစမ်းစစ်ဆေးရာ မြေပြင် အခြေအနေမှာပါ၊ ရဲတပ်ဖွဲ့တွေရဲ့ ပုံမှန် လှည့်ကင်းတွေမှာ မဟုတ်မှန်သည့် သတင်းရရှိကြောင်း၊ ဒီမဟုတ်မမှန်သတင်းများကို သတင်းမီဒီယာသမား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း တန်ပြန်ပြောကြားပေးပါရန် ရှင်းလင်း ပြောခဲ့ရာ သိလိုသည်များကို သတင်းမီဒီယာသမားများကမေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး တို့မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
.
သိန်းမြင့်ကျော်(မိတ္ထီလာ)
MOI Webportal Myanmar မှ ကူးယူဖော်ပြပါသည်။
Blog
-

၂၆ ရက်နေ့ က Facebook စာမျက်နှာတွင် ပါရှိသည့် ကောလဟာလ သတင်း ဟုတ်မှန်မှု မရှိကြောင်း မိတ္ထီလာမြို့နယ်၌ သတင်းစာရှင်းလင်း
-

ဖက်ဆစ်ဝါဒရဲ့ တူညီတဲ့ သရုပ်လက္ခဏာ ၁၄ ရပ်

ဂျာမဏီက ဟစ်တလာ၊ အီတလီက မူဆိုလိုနီ၊ စပိန်က ဖရန်ကို၊ အင်ဒိုနီးရှားက ဆူဟာတိုတို့အပြင် လက်တင်အမေရိကတိုက် နိုင်ငံ ၄-၅ ခုက အစိုးရဆိုးတွေကို လေ့လာဆန်းစစ်ပြီး ပညာရှင်တစ်ဦးက ဖက်ဆစ်ဝါဒရဲ့ တူညီတဲ့ သရုပ်လက္ခဏာ ၁၄ ရပ်ကို ဖော်ထုတ် တင်ပြထားတာ ရှိပါတယ်။
.
၁။ အားကောင်းမောင်းသန်၊ စဉ်ဆက်မပြတ်တဲ့ အမျိုးသားရေးဝါဒ
.
၂။ လူ့အခွင့်အရေးကို အသိအမှတ်ပြုရမှာ မလိုလား
.
၃။ စည်လုံးညီညွတ်ရေးအတွက် ရန်သူ/တရားခံ ရှာထား။
.
၎။ စစ်တပ်ရဲ့ ကြီးစိုးမှု
.
၅။ ကျား-မ ခွဲခြားမှု ပြင်းထန် (နယ်ပယ်တိုင်းမှာ ယောက်ျားအများစုကသာ ကြီးစိုး လွှမ်းမိုးထား)
.
၆။ မီဒီယာကို ထိန်းချုပ်ထား
.
၇။ နိုင်ငံတော် လုံခြုံရေး ဥပါဒါန်စွဲကပ်နေ
.
၈။ ဘာသာတရားနဲ့ အစိုးရက ဒွေးရောယှက်တင် (နိုင်ငံထဲက ကိုးကွယ်မှု အများဆုံး ဘာသာကို အသုံးချပြီး လူထုရဲ့ သဘောထားကို ထင်သလို ချယ်လှယ်နိုင်ဖို့ အားထုတ်တတ်စမြဲ)
.
၉။ စီးပွားရေးသမားတွေ၊ အခွင့်ထူးခံတွေရဲ့ သြဇာအာဏာကို ကာကွယ်စောင့်ရှောက်ပေး
.
၁၀။ လုပ်သားအင်အားစုရဲ့ သြဇာအာဏာကို နှိပ်ကွပ် နှိမ်နင်းထား (အလုပ်သမား သမဂ္ဂတွေ ရှိခွင့်မပေး၊ ရှိလည်း အကြီးအကျယ် ဖိနှိပ်ထား)
.
၁၀။ တတ်သိပညာရှင်တွေ၊ အနုပညာတွေကို စက်ဆုပ်
.
၁၂။ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ် ဥပါဒါန် စွဲကပ်နေ။ (ရဲတွေမှာ ကန့်သတ်မဲ့ သြဇာရှိ)
.
၁၃။ အလွမ်းသင့်သူများ ကောင်းစားရေး ဝါဒရယ် အကျင့်ပျက်ခြစားမှုတွေရယ် ထောင်းထောင်းထနေ
.
၁၄။ မသမာတဲ့ ရွေးကောက်ပွဲတွေ
.
အကျယ် ဖတ်ချင်ရင် ဖြစ်စေ၊ အပြည့်အစုံ ဘာသာပြန်လိုရင် ဖြစ်စေ သည်မှာ သွားကြည့်နိုင်ပါတယ်။http://www.rense.com/general37/fascism.htm
စာရေးဆရာ အတ္တကျော်၏ FB စာမျက်နှာတွင် ဖော်ပြချက်ကို ပြန်လည်မျှဝေဖော်ပြခြင်းဖြစ်ပါသည်။
-

ခရိုအေးရှားတွင် အစ္စလာမ်အား အသိအမှတ်ပြုမှု ရာပြည့်အခမ်းအနား ကျင်းပ
ဧပြီ ၂၈၊ ၂၀၁၆
M-Media– အစ္စလာမ်သာသနာကို နိုင်ငံရဲ့ တရားဝင် ဘာသာသာသနာအဖြစ် အသိအမှတ်ပြုခဲ့တဲ့ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ခရိုအေးရှားနိုင်မှာ ယမန်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၁၉၁၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ သြစထရို-ဟန်ဂေရီအင်ပါယာရဲ့ ခရိုအေးရှန်း-ဆလိုဗေးနီးယန်းပြည်နယ်မှာ အစ္စလာမ်ဘာသာကို ရိုမန်ကက်သလစ်ဘာသာ၊ အောသိုဒေါ့စ်ဘာသာများနဲ့အတူ နိုင်ငံအတွင်းရှိနေတဲ့ ဘာသာတရားတစ်ခုအဖြစ် လွှတ်တော်ကနေ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုရာပြည့်အထိမ်းအမှတ်အတွက် ခရိုအေးရှားပါလီမန်ဟာ ယမန်နေ့မှာ အထူးအစည်းအဝေး ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်းက အသင်းအဖွဲ့တွေကလည်း မြို့တော် ဇာဂရဘ်မှာ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။
ခရိုအေးရှားလူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းဟာ ရိုမန်ကက်သလစ်များ ဖြစ်ကြပြီး၊ အော်သိုဒေါ့က်စ်ခရစ်ယာန်များက ၄.၄ ရာခိုင်နှုန်းရှိကာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူကတော့ ၁.၅ ရာခိုင်နှုန်း (လူဦးရေ ၆၃၀၀၀) ခန့် ရှိနေပါတယ်။
Ref: IINA
-

ဘိုန်ယန်ကိုနိုင်သည့်ခြေစွမ်းမှာ မိမိတို့၏ အကောင်းဆုံးခြေစွမ်း မဟုတ်သေးဟု အက်သလက်တီကိုနည်းပြပြော
ဧပြီ ၂၈၊ ၂၀၁၆
M-Media– ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့ ဘိုင်ယန်အား အနိုင်ရသည့်ပွဲတွင် မိမိတို့အသင်း၏ အကောင်းဆုံးခြေစွမ်းနှင့် နီးစပ်သည့် စွမ်းဆောင်ရည်ကို တွေ့ခဲ့ရသည်ဟု အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။
ယနေ့မနက်က အက်သလက်တီကို အိမ်ကွင်းတွင်ကစားခဲ့သည့် အဆိုပါပွဲတွင် အိမ်ရှင်အသင်းမှာ ဆာအူလ် နီဂွက်ဇ်၏ ၁၂ မိနစ် အံ့သြဖွယ် တစ်ကိုယ်တော်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ကစားခဲ့သည့် အက်သလက်တီကိုမှာ ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။
၂၀၁၃-၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အက်သလက်တီကိုမှာ ရီးယဲလ်ကိုရှုံးကာ ဒုတိယ ရရှိခဲ့ပြီး၊ ထိုနှစ်လာလီဂါကိုမူ ဆွတ်ခူးနိုင်ခဲ့သည်။ လက်ရှိတွင်လည်း လာလီဂါတွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ဆီမြွန်နီကမူ ဘိုင်ယန်အား အနိုင်ရသည့် အသင်းအား ချီးကျူးခဲ့သည်။
“အသင်းရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ နီးစပ်တဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ရပါတယ်။ ဘာစီလိုနာနဲ့ ကွာတားဖိုင်နယ်က ခြေစွမ်းမျိုးပါပဲ။ ကျွန်တော်တို့ ကစားချင်တဲ့နည်းလမ်းအတိုင်း စီမံနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကလည်း အခြေအနေတွေကို ပြောင်းလဲနိုင်တဲ့အသင်းပါ။ သံသယရှိစရာမလိုတာကတော့ ပထမပိုင်းမှာ ကျွန်တော်တို့ သက်တောင့်သက်သာရှိခဲ့တယ်၊ ဒုတိယပိုင်းမှာ သူတို့ သက်တောင့်သက်သာ ရှိခဲ့တယ် ဆိုတာပါပဲ” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။
Ref: Goal
-

မိမိတို့မှာ တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်နိုင်စွမ်းရှိနေပြီဟု အီရန်ပြော
ဧပြီ ၂၈၊ ၂၀၁၆
M-Media– မိမိတို့တိုင်းပြည်ရဲ့ နည်းပညာစွမ်းပကားဟာ တိုက်ချင်းပစ်ဒုံးကျည်တွေ ဖန်တီးထုတ်လုပ်နိုင်တဲ့အဆင့်အထိ ရှိနေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ ဟာမစ် ဘာအစ်ဒီနီဂျဒ်က ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ စွမ်းပကားက တိုးတက်လျက် ရှိနေပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနယ်ပယ်မှာ ဘာကန့်သတ်ချက်မှ ရှိမနေတော့ပါဘူး၊ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်မှာလည်း ဘယ်လို နည်းပညာ ကန့်သတ်ချက်မျိုးမှ မရှိပါဘူး။ အခုဆိုရင် ကျွန်တော်တို့ရဲ့သိပံ္ပစွမ်းအားဟာ တိုက်ကြီးတွေအကြား ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်မျိုး ထုတ်လုပ်ဖို့တောင် အခြေအနေ ပေးနေပါပြီ”
နောက်ပြီး မိမိတို့ရဲ့ စစ်ရေးမူဝါဒဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒနဲ့မတူဘဲ ကာကွယ်ရေးကိုသာ အခြေခံပြီး ရန်သူတွေရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
“ဒေသတွင်းက တခြားသောနိုင်ငံတွေ၊ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးမူဝါဒနဲ့မတူညီတာက ကျွန်တော်တို့ရဲ့ စစ်ရေးမူဝါဒဟာ ဒေသတွင်း ဒါမှမဟုတ် ကမ္ဘာကြီးမှာ ရန်လိုခြိမ်းခြောက်မှုတွေ လျော့ကျစေဖို့ဖြစ်ပါတယ်”
Ref: Presstv


