News @ M-Media

Blog

  • ယခုနှစ် အွမ္မရာလာရောက်သူ ၃.၇ သန်း ရှိ

    ယခုနှစ် အွမ္မရာလာရောက်သူ ၃.၇ သန်း ရှိ

    ဧပြီ ၁၀၊ ၂၀၁၆
    M-Media

    madina 16

    – ဒီနှစ်အတွင်းမှာ အွမ္မရာ ဘုရားဖူးခရီးစဉ် လာရောက်ကြသူအရေအတွက်ဟာ ၃.၇ သန်းရှိတယ်လို့ ဆော်ဒီဟဂ်ျရေးရာ ၀န်ကြီးဌာန မဒီနာဌာနခွဲက ပြောကြားလိုက်ပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ဆော်ဒီသံရုံးတွေဟာ ယခုနှစ် အွမ္မရာခရီးစဉ်အတွက် ဗီဇာပေါင်း ၄.၄ သန်း ထုတ်ပေးထားပြီး မဒီနာဌာနခွဲက ကြာသပတေးနေ့မှာ တင်သွင်းတဲ့ အစီရင်ခံစာအရ လေကြောင်းဖြင့်ရောက်ရှိသူ ၃၃၅၇၆၄၇ ဦး၊ ကုန်းလမ်းခရီးဖြင့် ရောက်ရှိသူ ၃၉၉၅၀၆ ဦး၊ ရေလမ်းခရီးဖြင့် ရောက်ရှိသူ ၂၁၇၁၉ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

    အွမ္မရာအတွက် ဗီဇာအများဆုံးခွင့်ပြုခံရတဲ့ ထိပ်သီးငါးနိုင်ငံမှာ အီဂျစ်က နံပါတ် ၁ နေရာမှာ ရှိနေပြီး ပါကစ္စတန်၊ အင်ဒိုနီးရှား၊ တူရကီနဲ့ အိန္ဒိယတို့က သူ့နောက်မှာ အစဉ်လိုက် ရှိနေကြပါတယ်။ ယခုနှစ်အတွက် အွမ္မရာဗီဇာ ခွင့်ပြုခဲ့တဲ့ နိုင်ငံပေါင်း ၃၀ ခန့် ရှိပါတယ်။

    ဟဂ်ျရေးရာဝန်ကြီးဌာန မဒီနာဌာနခွဲရဲ့ ညွှန်ကြားရေးမှူး မိုဟာမက် အလ်-နီဂျာအီကတော့ သူတို့အနေနဲ့ အွမ္မရာ ခရီးစဉ် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ၃၅၆ ခုကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွှတ်ခြင်း ရှိမရှိ၊ စစ်ဆေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တမန်တော်မြတ်ကြီးရဲ့ ဗလီဝတ်ကျောင်းတော်က အဓိကနေရာတွေမှာ အကြံပေးဌာနတွေကိုလည်း ဖွင့်လှစ်ထားရှိပြီး အွမ္မရာဟ်ရာသီအစမှာကတည်းကနေ ဘုရားဖူးခရီးသည်ကို ကူညီမှုတွေ ပြုလုပ်ပေးနေပါတယ်။

    Ref: Arabnews

  • ဂရိနိုင်ငံရဲ့အကြီးဆုံးဆိပ်ကမ်းကို တရုတ်ဝယ်ယူ

    ဂရိနိုင်ငံရဲ့အကြီးဆုံးဆိပ်ကမ်းကို တရုတ်ဝယ်ယူ

    ဧပြီ ၁၀၊ ၂၀၁၆
    M-Media

    greece

    – တရုတ်ပို့ဆောင်ရေးလုပ်ငန်းကြီးတစ်ခုက ဂရိနိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ ပိုင်ရီးယပ်စ်ဆိပ်ကမ်းရဲ့ အစုရှယ်ယာအများစုကို ၀ယ်ယူဖို့ ဂရိနဲ့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဒီသဘောတူညီမှုအရ တရုတ်ပို့ဆောင်ရေးကုမ္ပဏီ China Cosco Holding က အဲဒီဆိပ်ကမ်းရဲ့ ရှယ်ယာ ၆၇ ရာခိုင်နှုန်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဂရိရဲ့ ဒီလိုရောင်းချမှုဟာ တိုင်းပြည်ရဲ့ ငွေကြေးကျပ်တည်းမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ပုဂ္ဂလိကပိုင်ရောင်းချမှုမှာ ဒုတိယအကြီးဆုံး ရောင်းချမှုလည်း ဖြစ်ပါတယ်။

    နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ စောစောပိုင်းက ငြင်းဆန်ခဲ့တဲ့ ဂရိလက်ဝဲအစိုးရကပဲ ဇန်န၀ါရီလမှာ China Cosco Holding ရဲ့ ပေါင် ၃၆၈.၅ သန်း တန်ကြေးရှိ အဆိုပါကမ်းလှမ်းချက်ကို အတည်ပြုလက်ခံခဲ့တာဖြစ်ပါတယ်။

    ယင်းသဘောတူညီမှုရဲ့ စုစုပေါင်းတန်ဖိုးဟာဆိုရင် ထပ်တိုးရင်းနှီးမြှုပ်နှံမှုအပါအ၀င် ပေါင် ၁.၅ ဘီလီယံ ရှိပြီး ၃၆ နှစ်ရှိတဲ့ သဘောတူညီချက်ကာလအတွင်း ၀င်ငွေ ပေါင် သန်း ၄၂၀နဲ့ အတိုးတွေကိုလည်း ဂရိက ရရှိမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ တရုတ်ကုမ္ပဏီဟာ ပိုင်ရီးယပ်စ်ဆိပ်ကမ်းမှာ ကွန်တိန်နာဂိတ်နှစ်ခုကို လုပ်ကိုင်နေပြီဖြစ်ပါတယ်။

    ဂရိမြို့တော် အေသင်ရဲ့ တောင်ဘက် မိုင်အနည်းငယ်ဝေးတဲ့ ပိုင်ရီးယပ်စ်ဆိပ်ကမ်းဟာ ဂရိရဲ့ အကြီးဆုံးပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်ပြီး မြေထဲပင်လယ်ရဲ့ အကြီးဆုံးဆိပ်ကမ်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ China Cosco Holding ဟာ တရုတ်ကွန်တိန်နာတွေကနေ အာရှပို့ကုန်တွေကို ဥရောပအရောက် ပို့ဆောင်ရာမှာ ကြားခံဆိပ်ကမ်းတစ်ခုအဖြစ် ပိုင်ရီးယပ်စ်ဆိပ်ကမ်းကို အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီဆိပ်ကမ်းဟာ ဆူးအက်တူးမြောင်းနဲ့ ကပ်လျက် တည်ရှိနေတာဖြစ်ပါတယ်။

    Ref: Presstv

  • ဂဠုန်ဦးစောကို တရားစီရင်ခဲ့သည့် အထူးခုံရုံး အဖွဲ့ဝင် သီရိပျံချီ ဦးစီဘူး (၁၈၉၈-၁၉၅၃)

    ဂဠုန်ဦးစောကို တရားစီရင်ခဲ့သည့် အထူးခုံရုံး အဖွဲ့ဝင် သီရိပျံချီ ဦးစီဘူး (၁၈၉၈-၁၉၅၃)

    Thiri_Pyan_Chi_U_Si_Buu 4
    ဦးစီဘူးကို အဘ – ပညာဝန် ဦးနော်ဒင် နှင့် အမိ – ဒေါ်ရဲမ တို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင်ရွာမ(ကမန်ရွာ)တွင် ၁၈၉၈ ခုနှစ်၌မွေးဖွားခဲ့သည်။ မွေးချင်း (၈) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်ရွှေမြဦးဖြစ်သည်။ ဦးစီဘူးသည် ဗြိတိသျှ ကိုလိုနီအစိုးရ လက်ထက်ကပင် ရခိုင်တိုင်း စစ်တွေမြို့၌ စက်ရှင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဦးစီဘူး သည် ရန်ကုန်မြို့သို့စက်ရှင်တရားသူကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင် ကြီးများကို နယ်ချဲ့လက်ပါးစေတစ်စုက လုပ်ကြံသတ်ဖြတ်လိုက်သည့် နိုင်ငံတော်လုပ်ကြံကြီးတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ရက်နေ့တွင် ဘုရင်ခံက လုပ်ကြံမှုကို စစ်ဆေးစီရင်ရန် အထူးခုံရုံးဖွဲ့စည်းသည့်ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ခုံရုံးတွင် နာယကနှင့် အဖွဲ့ဝင်နှစ်ဦး ပါဝင်ရမည်ဖြစ်သည်။ ထိုစဉ်က တရားလွှတ်တော် တရားဝန်ကြီးချုပ်ဖြစ်ခဲ့သော ဆာဘဦး ကအထူးခုံရုံးအတွက် နာယကနှင့် အဖွဲ့ဝင်များ ရွေးချယ်ပေးခဲ့ရ၏။ “ နာယကရွေးရတာကတော့ ခက်ခဲခြင်းမရှိခဲ့ပါ။

    ဦးကျော်မြင့်ကို ထိုတာဝန်ပေးအပ်ရာ သူကလိုလိုချင်ချင်ပင် လက်ခံပါသည်။ အဖွဲ့ဝင်နှစ်ဦးကို ရွေးရာတွင်မူ မလွယ်ကူခဲ့ပါ။ တရားသူကြီးများသည် ရိုးသားရမည်၊ အရည်အချင်းပြည့်စုံရမည်၊ ကြံ့ခိုင်ရမည်၊ သူတို့ကို အစိုးရနှင့်ပြည်သူက လက်ခံနိုင်ရမည်။ ထိုအရည်အချင်းအားလုံးနှင့် ပြည့်စုံသော စက်ရှင်တရားသူကြီးများကို ရှာဖွေရတာမလွယ်ပါ။ အချို့မှာ ရိုးသား၍ အရည်အချင်း ပြည့်စုံကြပါ၏။ သို့ရာတွင် ကြံ့ခိုင်ခြင်းမရှိကြပါ။ အချို့ကိုမူ အစိုးရက သဘောမကျပါ။ နောက်ဆုံး၌ ဦးအောင်သာကျော်နှင့် ဦးစီဘူးကို ရွေးချယ်လိုက်ရပါသည်။ ’’ ဟု ဆာဘဦးက ‘ ကျွန်ုပ်၏မြန်မာပြည် ’ တွင်မှတ်တမ်းတင်ခဲ့လေသည်။ ဤမှတ်တမ်းအရ အထူးခုံရုံးအဖွဲ့ဝင် စက်ရှင် တရားသူကြီးများ၏ သီလ၊ သမာဓိ၊ ပညာ အရည်အချင်းတို့ကို သိမြင်နိုင်ပေသည်။   ဘုရင်ခံသည် အထူးခုံရုံးကို  ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ၂ဝ ရက်နေ့တွင် အမိန့်ထုတ်ပြန်၍ ဖွဲ့စည်းခဲ့သည်။ ထိုအထူးခုံရုံးတွင် တရားလွှတ်တော် တရားရေးဝန်ကြီး ဦးကျော်မြင့်က နာယကအဖြစ်ဆောင်ရွက်ပြီး ဦးစီဘူးနှင့် ဦးအောင်သာကျော်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

    Thiri_Pyan_Chi_U_Si_Buu 2
    တရားခွင်သို့လာကြစဉ်

    ဦးစောနှင့် အပေါင်းအပါတို့ကို စစ်ဆေးရာတွင် အထူးခုံရုံးက မျှတမှန်ကန်စေရန် အထူးကြိုးပမ်းခဲ့လေသည်။ ငွေကြေးမတတ်နိုင်သော တရားခံများအတွက် အစိုးရစရိတ်ဖြင့် ရှေ့နေငှားရမ်းပေးခဲ့သည်။ အမှုစစ်ဆေးရာတွင် တစ်ဖက်သတ်မပြု။ အကျေအလည် ပြန်လှန် မေးမြန်းခွင့်၊ ပြောခွင့်၊ ဆိုခွင့် တို့ကိုပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော နိုင်ငံခေါင်းဆောင်ကို လုပ်ကြံသူများပါတကားဟု ကြိုတင်၍ စိတ်ပိုင်းဖြတ်ခြင်းမျိုးကို မပြုမိအောင် ကြိုးပမ်းသည်။ ထိုသို့စိတ်ပိုင်းဖြတ်ထားခြင်းမရှိကြောင်းကို အမျိုးမျိုးသောနည်းများဖြင့် ပြသ၍ ထင်ရှားစေခဲ့သည်။ တရားသူကြီးများ၏စိတ်တွင် ကြိုတင်စိတ်ပိုင်းဖြတ်ခြင်းနှင့် ဒေါသ လုံးဝကင်းရှင်းသည်ဟုကား တပ်အပ်သေချာစွာ မဆိုနိုင်။ သို့ရာတွင် ထိုဒေါသကို ဖယ်ရှားနိုင်သမျှဖယ်ရှား၍ ဥပဒေနှင့်အညီသာ မူခင်းကို တည်တည်ငြိမ်ငြိမ်  စစ်ဆေးခဲ့ကြသည်ကို ပြည်သူတို့မြင်ကြရလေသည်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝရက်နေ့ တွင် ဂဠုန်ဦးစောနှင့် အပေါင်းအပါတရားခံများအား ထိုက်သင့်သည့်ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့သည်။ နိုင်ငံတော်လုပ်ကြံမှု အထူးခုံးရုံးအဖွဲ့ဝင် တရားသူကြီးများအား နိုင်ငံတော်မှ သီရိပျံချီရွှေတံဆိပ်ဆုများကို အသီးသီး ချီးမြှင့်အပ်နှင်းခဲ့သည်။

    U-Si-Bu
    သီရိပျံချီ ဦးစီဘူး
    Thiri_Pyan_Chi_U_Si_Buu 1
    နိုင်ငံတော်မှ ချီးမြှင့်မှု

    ထိုနောက်ပိုင်း တစ်ဆက်တည်းတွင် ဦးစီဘူးသည် တရားလွှတ်တော်ချုပ် တရားရေးဝန်ကြီး အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ တရားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ် အသက် (၅၅) နှစ်အရွယ် ၁၉၅၃ခုနှစ်တွင် ရန်ကုန်မြို့၌ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူခဲ့လေသည်။ ဦးစီဘူးမှာ ဂဠုန်ဦးစော၏ မိတ်ဆွေလည်းဖြစ်သည်။ ဂဠုန်ဦးစောက ကြိုးစင်တက်ခါနီးတွင် ဦးစီဘူးအား “မင်းလုပ်ရပ်မှန်ပါတယ်” ဟု ပြောခဲ့ကြောင်း ဦးစီဘူး၏ဇနီးဖြစ်သူ အသက်ထင်ရှား ရှိစဉ်က နောင်လာ နောက်သားတို့ထံ ပြန်လည်ပြောပြခဲ့သည်။ နိုင်ငံတော်အစိုးရပေးအပ်သော တာဝန်များကို အမြင့်မားဆုံး ထမ်းဆောင်ခဲ့သော အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ တရားလွှတ်တော်ချုပ် တရားရေး ဝန်ကြီး သီရိပျံချီ ဦိးစီဘူး၏ အတ္ထုပ္ပတ္တိကို ခေတ်ကြေးမြင်မဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

    စာတည်းအဖွဲ့

    ထုတ်နုတ်။  ။ မောင်ဆန္ဒ(လယ်ဝေး)၏ ကမန်မျိုးနွယ်စုသမိုင်း။
    ဒေါက်တာမောင်မောင်၏ နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနှင့် ဦးစော)

    ” ခေတ်ကြေးမြင်မဂ္ဂဇင်း စာတည်းအဖွဲ့က သီရိပျံချီဦးစီဘူး၏ အတ္ထုပ္ပတ္တိကို ပြုစုထားခြင်းဖြစ်ပါသည်။ “

    “ခေတ်ကြေးမြင် မဂ္ဂဇင်း မှကူးယူဖော်ပြပါသည်။ “

  • ကမ္ဘာ့နာမည်ကြီးများ၏ ငွေကြေးမသမာမှုများကို ဖွင့်ချသည့် ပနားမား ဥပဒေလုပ်ငန်းကို အလ်ဆာဗေဒိုး စီးနင်း

    ကမ္ဘာ့နာမည်ကြီးများ၏ ငွေကြေးမသမာမှုများကို ဖွင့်ချသည့် ပနားမား ဥပဒေလုပ်ငန်းကို အလ်ဆာဗေဒိုး စီးနင်း

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    moosak

    – နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူများ၏ ငွေကြေးမသမာမှုလုပ်ရပ်များကို ဖွင့်ချခဲ့သည့် ပနားမားအခြေစိုက် ဥပဒေရေးရာအဖွဲ့ Mossack Fonseca ၏ အယ်ဆာဗေးဒိုးရှိ ရုံးခွဲများကို အာဏာပိုင်များက ယမန်နေ့တွင် ၀င်ရောက်စီးနင်းကာ စာရွက်စာတမ်းများနှင့် ပစ္စည်းပစ္စယာများကို သိမ်းဆည်းခဲ့သည်ဟု သိရသည်။

    Panama Papers ဟုခေါ်ဆိုသည့် အဆိုပါဖွင့်ချမှု စာရွက်စာတမ်းများကြောင့် ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြား သူများမှာ အရှက်ရခဲ့ကြသည်။

    အလ်ဆာဗေဒိုး ရှေ့နေချုပ် ဒေါက်ဂလက်စ် မီလန်ဒက်ဇ်ကမူ Mossack Fonseca ရုံးမှာ ကြာသာပတေးနေ့ ညနေပိုင်းက ဆိုင်းဘုတ်ဖြုတ်ချခဲ့ပြီး ထိုကိစ္စအတွက် သံသယများ မြင့်တက်လာခဲ့သောကြောင့် နိုင်ငံအတွင်းရှိ ရုံးခွဲ များအားလုံးကို ၀င်ရောက်စီးနင်း သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Mossack Fonseca မှ ရုံးဝန်ထမ်းတစ်ဦးကမူ ၎င်းတို့မှာ ကုမ္ပဏီကို ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ စီးနင်းမှုအတွင်း ကွန်ပျူတာ အလုံး ၂၀၊ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းခဲ့ပြီး ၀န်ထမ်း ၇ ဦးအား မေးမြန်းခဲ့ကာ မည်သူ့ကိုမှ ဖမ်းဆီးခဲ့ခြင်းမရှိဟု မီလန်ဒက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • အီဂျစ်နှင့်ဆော်ဒီတို့ နိုင်ငံချင်းဆက်တံတား တည်ဆောက်မည်

    အီဂျစ်နှင့်ဆော်ဒီတို့ နိုင်ငံချင်းဆက်တံတား တည်ဆောက်မည်

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    egypt 2

    – ပင်လယ်နီကိုဖြတ်ကာ နိုင်ငံချင်းဆက် တံတားတစ်ခုကို ဆောက်လုပ်ရန်အတွက် အီဂျစ်နှင့် သဘောတူညီချက်ရရှိခဲ့သည်ဟု ဆော်ဒီဘုရင်ကြီး ဆလ်မန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    အီဂျစ်သို့ အလည်အပတ်ရောက်ရှိနေစဉ်တွင် ရုပ်သံမှထုတ်လွှင့်သော မိန့်ခွန်း၌ ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်ကို အီဂျစ်သမ္မ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီနှင့် တွေ့ဆုံစဉ် ရရှိခဲ့ခြင်းဖြစ်ပြီး ၂ နိုင်ငံကိုယ်စားလှယ်များကလည်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို လက်မှတ်ရေးထိုခဲ့ကြသည်။

    “ဒါဟာ အာဖရိကနဲ့ အာရှ တိုက်ကြီး ၂ တိုက်ကို ဆက်သွယ်ဖို့အတွက် သမိုင်းဝင်ခြေလှမ်းပါပဲ။ ပြီးတော့ တိုက်ကြီးနှစ်တိုက်အကြား ကုန်သွယ်မှုတွေ တစ်မူထူးခြားတဲ့အဆင့်နဲ့ တိုးတက်လာမယ့် ပြောင်းလဲမှုတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဘုရင်ကြီးက ပြောကြားခဲ့သည်။

    မည်သည့်နေရာ၌ ဆောက်လုပ်မည်ကို ပြောဆိုခဲ့ခြင်းမရှိသော်လည်း အီဂျစ်နိုင်ငံ ရှာမ် အလ်-ရှိခ်၊ ဆော်ဒီအာရေဗျရှိ ရက်စ် အလ်ရှိခ် ဟာမစ် စသည့်နေရာများမှာ တံတားတည်ဆောက်ရန် အနီးစပ်ဆုံးနေရာ ဖြစ်နေသည်။ ထိုကဲ့သို့ နိုင်ငံချင်းဆက် တံတားဆောက်လုပ်ရန် ဆောင်ရွက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှ သဘောတူညီချက် ရရှိခြင်းဖြစ်သည်။

    Ref: Aljazeera