ဧပြီ ၁၂၊ ၂၀၁၆
M-Media
– ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်ဝါဒရဲ့ အဓိကပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ သားကောင်တွေဟာ မွတ်စလင်တွေသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပြီး အစွန်းရောက်တွေရဲ့ ရည်ရွယ်ချက်ဟာ မိမိတို့လူ့အဖွဲ့အစည်းအကြားမှာ စည်းလုံးညီညွတ်မှု ပျက်ပြားရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။
The Way Forward ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျီနီဗာမှာပြုလုပ်တဲ့ ညီလာခံမှာ ဘန်က အခုလို ပြောကြားလိုက်တာဖြစ်ပြီး IS သို့မဟုတ် ဘိုကိုဟရမ် စတဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ရှောင်လွှဲလို့မရပေမဲ့ “အကြမ်းဖက်တိုက်ခိုက်ကြတဲ့ အဖြစ်အပျက်တွေဟာ မည်သည့် ဘာသာတရား၊ နိုင်ငံသား သို့မဟုတ် မျိုးနွယ်စုတစ်ခုခုမှာ အမြစ်တွယ်နေတာမဟုတ်သလို၊ အဲဒီလိုလည်း သတ်မှတ်လို့မရဘူး” လို့ ဘန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်သမားတွေရဲ့ အဓိကသားကောင်တွေဟာ မွတ်စလင်တွေဖြစ်နေတယ်ဆိုတာကို ဒီနေ့မှာ ကွယ်မ၀ှက်တမ်း လက်ခံကြပါစို့”
အကြမ်းဖက်သမားတွေဟာ ဂိုဏ်းဂဏတွေ ပြိုကွဲအောင်ပြုလုပ်ပြီး အကြောက်တရားစိုးမိုးအောင် ရည်ရွယ်ပြုလုပ်နေတာဖြစ်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
“အဲ့ဒီလို အစိတ်စိတ်အမွှာမွှာကွဲပြီးပြိုလဲစေတဲ့ နည်းဗျူဟာကို အပြတ်သတ် နှိမ်နင်းနိုင်ဖို့ ဒီညီလာခံကနေ ကျွန်တော်တို့အားလုံး စည်းလုံးကြပါစို့”
Ref : ArabNews


Leave a Reply
You must be logged in to post a comment.