News @ M-Media

Blog

  • လက်စတာမှာ မည်သည့်ဖလားမှ ရမည်မဟုတ်ဟု နည်းပြပြော

    လက်စတာမှာ မည်သည့်ဖလားမှ ရမည်မဟုတ်ဟု နည်းပြပြော

    မတ် ၂၄၊ ၂၀၁၆
    M-Media

    lei

    – မိမိတို့အသင်းမှာ ယခုနှစ်တွင် မည်သည့်ဆုဖလားမှ ရရှိလိမ့်မည်မဟုတ်ဟု ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ရာသီပြီးဆုံးရန် ၇ ပွဲသာ လိုတော့သည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအသင်းအား ၅ မှတ် ဖြတ်ထားနိုင်ပြီး ပရီးမီးယားလိဂ်ဖလား ရရှိနိုင်မည့် ယုံကြည်ချက်လည်း မြင့်တက်လာခဲ့သည်။ သို့သော်လည်း အီတလီရုပ်သံတစ်ခုနှင့် အင်တာဗျူးတွင် ရာနီယေးရီက အသင်း ဖလားရမှုနှင့် ပတ်သက်၍ ငြင်းဆိုသွားခဲ့သည်။

    “နိုး နိုး။ ကျွန်တော်တို့ ဖလားမရပါဘူး။ ဥရောပ၀င်ခွင့်အတွက်ပဲ ကျွန်တော်တို့ ကြိုးပမ်းနေတာပါ။ ဒါပါပဲ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် ရာသီကုန်တွင် ချယ်ဆီးနည်းပြဖြစ်လာမည်ဟု ရေပန်းစားနေသည့် အန်တိုနီယို ကွန်တီ၏ အီတလီနည်းပြနေရာအား ရယူမည့်အလားအလာ ရှိသလားဟု မေးမြန်းရာတွင်လည်း ရာနီယေးရီက “မရှိပါဘူး။ ကျွန်တော် ဒီမှာ (လက်စတာမှာ) ပျော်နေပါတယ်။ သက်တမ်း ၃ နှစ် ကျန်ပါသေးတယ်” ဟု ဖြေကြားခဲ့သည်။

    Ref: Goal

  • “ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ၊ တိုင်းပြည် ကောင်းလာမှာလား”

    “ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ၊ တိုင်းပြည် ကောင်းလာမှာလား”

    စည်သူအောင်မြင့်ရေးသည်။
    .Lieutenant General Ko Ko 2
    ပြည်ထောင်စု လွှတ်တော် အမတ်တွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူ့ရဲ့ အစိုးရအဖွဲ့သစ် နာမည်စာရင်း တင်သွင်းတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေး ဝန်ကြီးနာမည်တွေလည်း ပြောင်းလဲ သွားတာ တွေ့ရပါတယ်။ ဒီအထဲမှာ တိုင်းပြည်အတွက် အရေးပါမယ့် ကိစ္စတစ်ခုကတော့ ပြည်ထဲရေး ဝန်ကြီး ပြောင်းလဲသွားခြင်းပါ။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ၅ နှစ်တာ တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနေရာမှာ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ ပြည်ထဲရေးဝန်ကြီး ဖြစ်လာမှာပါ။ ပြောရ ရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးဌာနဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဝန်ကြီးဌာန တစ်ခုဖြစ်ခဲ့ပါတယ်။ အခု ဝန်ကြီး အပြောင်းအလဲအောက်မှာ တိုင်းပြည်တွက် ဘာကောင်း ကျိုးတွေ ဖြစ်စေနိုင်သလဲဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။
    .
    ဒီအတွက် ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေ၊ ပြည်ထဲရေး ဝန်ကြီးဌာနကြောင့် ဖြစ်ခဲ့ တဲ့ ကောင်းကျိုး ဆိုးပစ်တွေကို အရင် ပြောရမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံး ဖြစ်ပျက်ခဲ့တဲ့ ပြဿနာကတော့ ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ အကြမ်းဖက်မှုတွေ မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေကို ကူးစက်သွားခဲ့တဲ့ ကိစ္စပါ။ အခုလို ဘာသာ၊ လူမျိုး ကွဲပြားရုံနဲ့ အမုန်းတရားတွေဖြစ်၊ အဲဒီကတဆင့် အကြမ်းဖက်မှုတွေဖြစ်၊ လူတွေသေ ကြေ၊ ဒါဏ်ရာရ၊ နေအိမ်တွေ မီးလောင်၊ ဒုက္ခသည်ဘဝ ရောက်ကြရ စတဲ့ ပြဿနာတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် ရုပ်ဆိုး အကျည်းတန်ဆုံး ပြဿနာကြီးတစ်ခုအဖြစ် မှတ်တမ်းဝင် ကျန်ရစ် ပါတယ်။ ဒီ ပြဿနာ ဖြစ်ပွားမှုတွေကို ပြန်ကြည့်ရင် ပထမအဆင့် အမုန်းတရား ဖြန့်ဖြူးမှု၊ ဒုတိယ တဆင့် အကြမ်းဖက်ဖို့ လှုံ့ဆော်မှု၊ တတိယအဆင့် တကယ့်အကြမ်းဖက်မှု စတဲ့ အဆင့်သုံးဆင့် တွေ့မြင်ရမယ် ဖြစ်ပါတယ်။ တကယ်တော့ ဒီအဆင့်သုံးဆင့်စလုံးကို ကာကွယ်ဖို့၊ တားဆီးဖို့၊ အရေး ယူဖို့ အားလုံး ပြည်ထဲရေးဝန်ကြီးဌာနမှာ အဓိက တာဝန်ရှိပါတယ်။ ဒါပေမယ့် ဒီကာလ တလျောက်လုံး ပြည်ထဲရေးဝန်ကြီးဌာန အဲဒီတာဝန် လုံးဝ မကျေပွန်ခဲ့ပါဘူး။ အမုန်းတရား ဖြန့်ဖြူးနေသူတွေကို၊ အကြမ်းဖက်ဖို့ ပြောင်ပြောင်တင်းတင်း လှုံ့ဆော်ခဲ့သူတွေကို ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ လက်ပိုက်ကြည့်နေခဲ့ပါတယ်။ လျစ်လျူရှုခဲ့ပါတယ်။ တကယ့် အကြမ်းဖက်မှုတွေကို အရေးယူတဲ့ အခါမှာလည်း နှောင့်နှေးတာ၊ တကယ် ကျူးလွန်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူ နိုင်ခြင်း မရှိတာ၊ အရေးယူတော့လည်း မျှတမှုမရှိတာ စတဲ့ ပြဿနာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီလို နည်းနဲ့ ဘာသာရေး လူမျိုးရေး အမုန်းပွားမှု ပြဿနာကြီး ဒီကနေ့ထက်ထိတိုင် ရှိနေဆဲဖြစ်ပြီး ဒီကိစ္စ အတွက် တာဝန်အရှိဆုံးသူဟာလည်း ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုလို့ သတ်မှတ်နိုင်ပါ တယ်။
    .
    နောက်ပြဿနာကြီးတစ်ခုက ကျောင်းသားတွေ၊ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ကိုင်တွယ်မှုပါ။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရန်ကုန်မှာ လက်ပတ်နီတွေသုံးပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းစေတဲ့ကိစ္စလည်း ပြည်ထဲရေးမှာပဲ အဓိက တာဝန်ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ပွားခဲ့ပြီး ဒီကနေ့အချိန်ထိ မပြီးပြတ်နိုင်သေးတဲ့ ဆန္ဒပြ ကျောင်းသားတွေကို လက်ပံတန်းမှာ အကြမ်းဖက်၊ ရိုက်နှက် ဖြိုခွင်းခဲ့တဲ့ ကိစ္စမှာလည်း ပြည်ထဲရေး လက်အောက် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံဟာ အရုပ်ဆိုး အကျည်းတန်ခဲ့ပါတယ်။ ခြုံပြီးပြောရရင် သမ္မတဦးသိန်းစိန် လက်ထက် ဒုဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေးဝန်ကြီးဌာနကို ကိုင်တွယ်ခဲ့သမျှဟာ အရင် စစ်အာဏာရှင်ခေတ်ကနဲ့ မခြား ဖြစ်ခဲ့တာပါ။ အရင် စစ်အာဏာရှင်ခတ်ကနဲ့ ပိုဆိုးတဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ အကြမ်း ဖက်မှုတွေတောင် ဖြစ်ခဲ့ပါသေးတယ်။
    .
    ဒုဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေး ဝန်ကြီးဖြစ်ပြီးနောက် အခုလို ကိုင်တွယ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ အဖွဲ့ဝင်တွေထဲက ပြုပြင်ပြောင်းလဲရေး သမားတွေကတော့ လုံးဝ မကြိုက်ကြပါဘူး။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကဆိုရင် တိုင်းပြည် ငြိမ်းချမ်းရေးရအောင် ကြိုးစားရင်း ပြည်သူတွေရဲ့ ထောက်ခံမှု သူတို့ တစ်မှတ်၊ တစ်မှတ်ရအောင် မနည်းကြိုးစားထားခဲ့ရ တာ၊ ဗိုလ်ချုပ်ကိုကိုက တစ်မနက်တည်းနဲ့ ဖြုန်းတီးပစ်တယ် ဆိုသည်အထိ ပြောဆိုဖူးပါတယ်။ သြဇာ ကြီးတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း ခေတ်သစ်မှာ ဗိုလ်ချုပ်ကိုကိုဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-၆၀ လောက်က အတွေးအခေါ်တွေနဲ့ ပြည်ထဲရေးကို ကိုင်တွယ်ခဲ့တယ်ဆိုပြီး ဝေဖန်ပါတယ်။ သမ္မ တဦးသိန်းစိန် လက်ထက် ဖြေလျော့မှုတွေ လုပ်လာချိန်ကစ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး အဖွဲ့ဆိုတာမှာ ဝန်ကြီးဦးစိုးသိန်း တာဝန်ယူခဲ့ပါတယ်။ သူတာဝန်ယူခဲ့ချိန် နိုင်ငံရေး အကျဉ်းသား အားလုံးနီးပါးလောက် လွတ်ငြိမ်းခွင့်ပေးနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်း အဲဒီ အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကိုကို ကို တာဝန်ပေးပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသား တစ်ယောက်တစ် လေကိုမှ ပြန်လွှတ်မပေးတော့တာ ဒီနေ့ အချိန်ထိပါပဲ။
    .
    တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပေးကမ်းမှုကြောင့် ၂၀၁၀ မှာ သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်ဟာ သူ့အစိုးရအဖွဲ့ဝင်တွေကိုရော၊ တပ်မတော်က ခန့်တယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ဝန်ကြီးတွေ ကိုပါ ကောင်းကောင်း ထိန်းချုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ အားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေရချထားပေးသွားတာမို့ ဖြုတ်လို့လဲမရ၊ အနားပေးလို့လည်း မဖြစ်၊ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ခဲ့ရ တာပါ။ ၂၀၁၁ အကူးအပြောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုချုပ်ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ရဲ့ နေရာချထားမှုကို မကျေနပ်တဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေ ရှိခဲ့ကြပါတယ်။ အဲဒီအချိန်က နံပတ် ၃ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ သူ့အောက်က ဒုဗိုလ်ချုပ်ကြီး မြင့်အောင်နဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ပါ။ ဒုဗိုလ်ချုပ်ကြီး မြင့်အောင်ကတော့ သူ့ကို နေရာချထားပေးမှု မကျေနပ်တော့ ပျောက်ခြင်းမလှ ပျောက်သွား ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကလည်း လွှတ်တော်ဥက္ကဋ္ဌလုပ်ရင်း သမ္မတ ဦးသိန်းစိန်ဆီကနေ ပြည်ခိုင်ဖြိုးပါတီကို စည်းရုံး လုယူပါတယ်။ ဒုဗိုလ်ချုပ်ကြီး ကိုကိုကတော့ ဦးသိန်း စိန် အဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးကို နာမည်ပျက်အောင် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက် မှုတွေကို လျစ်လျူရှုခဲ့လေသလား၊ ကျောင်းသားတွေကို အကြမ်းပတမ်း အကြမ်းဖက်ခဲ့လေသလား သံသယ ပွားစရာ ရှိနေပါတယ်။
    .
    အခု ပြည်ထဲရေးကို တာဝန်ယူမယ့် ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ သူ့အရင် ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုနဲ့ ခြားနားမှာကတော့ အသေအခြာပါပဲ။ ခေတ်သစ်မှာ ပြည်ထဲရေးဝန်ကြီး ဌာနကို ခေတ်နဲ့လျော်ညီစွာ ကိုင်တွယ်နိုင်မယ့်သူ ဖြစ်နိုင်တယ်လို့ ယုံကြည် မျှော်လင့်ရပါတယ်။
    .
    မဇ္ဈိမ သတင်းဌာနတွင်ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

    – See more at: http://mizzimaburmese.com/article/12701

  • ဘရပ်ဆဲလ်မှ သားသတ်ပွဲ (သို့)စစ်သွေးကြွဝါဒ၏ သားကောင်များ

    ဘရပ်ဆဲလ်မှ သားသတ်ပွဲ (သို့)စစ်သွေးကြွဝါဒ၏ သားကောင်များ

     

    မတ် ၂၄၊ ၂၀၁၆
    M-Media
    brus 2
    “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း” တို့သည် မှန်တစ်ချပ်၏ အတွင်းအပြင်ပုံရိပ်များပင်။ (ဓာတ်ပုံ – EPA)

    – ဤတိုက်ခိုက်မှုများမှာ မြို့အသီးသိးရှိ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားအကြမ်းဖက်သတ်ဖြတ်သောလုပ်ရပ်တို့နှင့် ထပ်တူထပ်မျှဖြစ်နေသည်။

    အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားအကြမ်းဖက်မှု၏ထုံးစံအတိုင်း လတ်တစ်လော ဘရပ်ဆဲလ်တိုက်ခိုက်မှုများ၌ သေကြေဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

    “ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်လေဆိပ်နဲ့ မြေအောက်ဓာတ်ရထားလမ်းကြောင်းထဲ တစ်ချိန်တည်း ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အနောက်တိုင်းဥရောပတစ်ခွင်မှာ အပြင်းအထန် လုံခြုံရေးသတိပေးခဲ့ကြတယ်။ လူသုံးဆယ်အထက် သေဆုံးပြီး ဒဏ်ရာရသူရာဂဏန်းရှိတယ်။ အရေးပေါ်ကုသနေရသူတွေလည်း အများအပြားပါပဲ” ဟု အလ်ဂျဇီးရားမှ သတင်းထုတ်ပြန်ခဲ့သည်။

    နာရီအနည်းငယ်အကြာတွင် ISIL အုပ်စု၏လက်ချက်ဖြစ်ကြောင်း အီရတ်ရှိ ISIL ထောက်ခံသူများဟု ယူဆရသူများ၏ တွစ်တာအကောင့်တစ်ခုမှ “သားသတ်ကွင်းလုပ်ဖို့ ငါတို့ လာပြီ” ဟူသော အသားယူရေးသားချက်အရ သိရသည်။

    “ဘယ်လ်ဂျီယံက IS ကို ဗုံးကြဲချင်ခဲ့တယ် မဟုတ်လား။ ခုတော့ မင်းတို့ရဲ့လက်တွေက ဒဏ်ရာကို မြည်းကြည့်ဦး” ဟူ၍လည်း ယုတ်ညံ့စွာရေးသားထားကြကြောင်း တွေ့နိုင်ပေမည်။

    အလားတူစွာပင် အစ္စလာမ်ကိုရှုတ်ချရေး၊ မွတ်စ်လင်မ်များအား အပုပ်ချရေး၊ နိုင်ငံခြားသားမုန်းတီးရေး စသော ငွေကြေးတောင့်တင်းသည့် လက်ျာစွန်းရောက် မှိုင်းတိုက်အုပ်စုများကလည်း အပြန်အလှန် ရေးသားနေကြ၏။ လက်ရှိတွင် ထိုအရေးတို့ကို စံပြလုပ်ဆောင်နေသူများမှာ ရီပတ်ပလီကန်အမတ်လောင်းများဖြစ်သော ဒေါ်နယ်ထရမ့်နှင့် တက်ဒ် ခရုဇ် ကဲ့သို့လူစားများ ဖြစ်သည်။

    စနစ်တကျကြံစည်ထားသော အကြမ်းဖက်မှု

    သို့ဖြစ်ရာ ယင်းသံသရာဆိုးက ရှေ့ဆက် သက်ဆိုးရှည်ဦးပေမည်။ လူသတ်ရာဇ၀တ်ကောင်များသည် အပြစ်မဲ့ပြည်သူများကိုပစ်မှတ်ထား၍ စံနစ်တကျကြံစည်ထားသောအကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လေ့ရှိကြသည်။ အစ္စလာမ်အပေါ်တစ်ဖက်သတ်ရွံကြောက်နေကြသည့် နာဇီလက်သစ်များအနက် စိတ်တူကိုယ်တူများသည်လည်း ၎င်းတို့၏ဘက်တော်သားများ အကြမ်းဖက်မှုသံသရာမှ ရှောင်ကွင်းလိုက်သည့်နေရာတွင် အစားထိုးဝင်ရောက်လာကြပြန်သည်။

    ဘရပ်ဆဲလ်မှ ဘေရွတ်၊ ပဲရစ်မှ အစ္စတန်ဘူလ်၊ ဘဂ္ဂဒက်မှ ဆန်ဘာနာဒီနိုအထိ ကမ္ဘာတစ်ဝှန်း အပြစ်မဲ့လူထုများမှာ ဤသံသရာဆိုးထဲ ဆွဲသွင်းခံနေကြရ၏။

    ဤသံသရာဆိုးအား အမျိုးအစားအလိုက် ချိုးဖျက်ရန်၊ အယူအဆရေးရာ ထွက်ပေါက်ပေးရန် လိုအပ်နေပေသည်။ ဘရပ်ဆဲလ်၌ အပြစ်မဲ့ပြည်သူတို့အပေါ်သက်ရောက်သည့် သတ်ဖြတ်ပွဲမှာ အစ္စလာမ်လောက၌ အပြစ်မဲ့ပြည်သူတို့အပေါ် သက်ရောက်သည့် သတ်ဖြတ်ပွဲ၏ ထိုးထွက်လာမှုဖြစ်သည်၊ တုန့်ပြန်မှု (တစ်နည်း) ကလဲ့စား မဟုတ်ချေ။

    ISIL အလံ၏၀န်းကျင်၌ ရာဇ၀တ်ကောင်များ စုရုံးရောက်ရှိလာရာဝယ် ကမ္ဘာအနှံ့ ယုတ်မာရက်စက်မှုများ ကျူးလွန်ပြုလုပ်လာကြသည်။ အနောက်တိုင်း၏ စော်ကားချက်များအပေါ် လက်စားချေလုပ်ရပ်များအဖြစ် ၎င်းတို့က ဖော်ပြကြသည်။ ထိုအရာတို့သည် လက်စားချေသော၊ တုန့်ပြန်သောလုပ်ဆောင်ချက်များ မဟုတ်ကြ။ စင်စစ်၌ နေရာဒေသအသီးသီးရှိ အပြစ်မဲ့လူထုများအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက်သတ်ဖြတ်သည့်လုပ်ရပ်များနှင့် အတူတူပင်ဖြစ်၏။

    မိမိကိုယ်ကို ISIL ဟု ခေါ်ဆိုနေကြသည့် လူသတ်အုပ်စုသည် ကလိန်ဥာဏ်သမားများ၊ မိစ္ဆာ၏အဆက်အနွယ်များဖြစ်ပြီး “တိုက်ပွဲဝင်နေကြသူများ” ဟုဆိုကာ အရေခြုံထားကြ၏။

    ISIL နှင့် အစ္စလာမ်မုန်းတီးသူများ

    မိမိတို့မှာ အပြစ်ကင်းသူများဖြစ်သည်၊ အဆိုပါအကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်မှုမရှိပါ ဟူသည့် စကားထောင်ချောက်အတွင်းသို့ မွတ်စ်လင်မ်များ မသက်ဆင်းအပ်။ စင်စစ် အပြစ်မကင်းကြပေ။ ကမ္ဘာကြီးပူနွေးလာသည့်ပြဿနာမှာ မိမိတို့နှင့်မသက်ဆိုင်ဟု ပြောဆိုခြင်းကဲ့သို့ဖြစ်နေ၏။

    ရာဇ၀တ်မှု နှင့် အပြစ်မရှိကြောင်းကြေငြာခြင်းတို့အကြားတွင် ယုတ္တိတန်သောအဆက်အစပ် မရှိပါ။ ဤသည်မှာ အစ္စလာမ် မဟုတ် – အစ္စလာမ်သည် ငြိမ်းချမ်းသောသာသနာဖြစ်၏ – မွတ်စ်လင်မ်အများစုမှာ ငြိမ်းချမ်းစွာနေထိုင်သူများဖြစ်၏ ဟူ၍ ကြေငြာနေခြင်းသည်ပင်လျှင် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား အပြစ်တင်ရန် လမ်းဖွင့်ပေးရာရောက်နေပါသည်။

    ဥရောပနှင့် အမေရိကရှိ ဝေဖန်ရေးသမားများသည်လည်း မွတ်စ်လင်မ်တို့အား ယင်းသို့သော စွပ်စွဲချက်အပေါ် ချေပနေခြင်းကို ရပ်တန့်ရပေမည်။ အမှန်တကယ်မရှိသောအရာအား ဟန်ပြတာဝန်ယူပြနေသကဲ့သို့ဖြစ်နေ၏။

    မွတ်စ်လင်မ်တို့သည် မိမိကိုယ်ကို ကာကွယ်ချေပလေ၊ အမေရိကနှင့်ဥရောပနိုင်ငံများရှိ စေတနာလွန်သူတို့မှ မွတ်စ်လင်မ်တို့အား အပြစ်တင်မှုသက်သာအောင် ပြုလုပ်လေလေ၊ ဤသံသရာဆိုးကြီး အဓွန့်ရှည်လေလေ ဖြစ်နေပေသည်။

    ဤသည်မှာ ပုံစံတူစစ်မက်ပွဲစားနှစ်ဖွဲ့ဖြစ်ကြသော ISIL နှင့် အစ္စလာမ်မုန်းတီးသူများကို ပေါင်းစည်းပေးလိုက်သည့် ထောင်ချောက်တစ်ခု၊ အယူအဆရေးရာ ပရိယာယ်တစ်ရပ်၊ ကောလဟလတစ်မျိုး၊ ယုတ္တိဗေဒကျကျ အထင်လွဲမှားစေခြင်းတစ်မျိုး ဖြစ်သည်။ ထိုနှစ်အုပ်စုစလုံးမှာ တကယ်မရှိသည့်အရာကို အသွင်ယူထားခြင်းတည်း။

    ISIL သည် အမေရိကန်နှင့်ဥရောပသမဂ္ဂ၏ စစ်သွေးကြွဝါဒကို ပုံပြောင်း၍ အသွင်ဆောင်ထားခြင်းဖြစ်၏။ ယင်းစစ်သွေးကြွဝါဒ၏ တုန့်ပြန်ထွက်လာချက်မဟုတ်ပေ။ သတ်ဖြတ်ဖျက်ဆီးရေးယန္တရား၏ အကြမ်းကိုယ်ထည်ပစ္စည်းအတွင်းမှ ထိန်းချုပ်လည်ပတ်စေသည့်အပျော့ထည်ပရိုဂရမ် software တစ်ခုသာ ဖြစ်ပေသည်။

    ISIL ကို စီအိုင်အေ သို့မဟုတ် အလားတူ အဖွဲ့မျိုးမှ တီထွင်ထားခြင်း ဟုတ်မဟုတ်ဆိုသည်မှာ မရေရာသော်လည်း – အမေရိကန်၏ ပူးပေါင်းပါဝင်တီထွင်ထားချက် မဟုတ်သော်လည်း ယုတ္တိဗေဒအရ ဆန်းစစ်သော် အမေရိကန်စစ်သွေးကြွဝါဒမှ ဆင့်ပွားထွက်ရှိလာခြင်း ဖြစ်သည်။

    အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ၀င်ရောက်ကျူးကျော်ခြင်း၊ သိမိးပိုက်ခြင်း၊ ဗုံးကြဲခြင်း၊ မောင်းသူမဲ့လေယာဉ် drone ဖြင့် တိုက်ခိုက်ခြင်း၊ ပြင်းထန်သောပိတ်ဆို့ခြင်းကို ခံစားကြရသည့် သားကောင်များကိုကြည့်လျှင် အီရတ်၊ ဆီးရီးယား၊ တူရကီမှသည် ပြင်သစ်၊ အမေရိကန်၊ မာလီအထိရှိကြသော ISIL ၏တိုက်ခိုက်ခံရမှုသားကောင်များနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်ကို တွေ့ကြရပေမည်။

    ကမ္ဘာ့ ရှေ့နောက်တောင်မြောက် အရပ်တစ်ခွင်ရှိ အပြစ်မဲ့ပြည်သူကျွန်ုပ်တို့မှာ သဘောတရားဆန့်ကျင်ဖက် အုပ်စုနှစ်ရပ်အပေါ် ဆန့်ကျင်ရင်ဆိုင်နေရသည်မဟုတ်ပါလေ။

    ပြင်သစ် သို့မဟုတ် အာရဗ်ဖြစ်စေ၊ ခရစ်ယာန် သို့မဟုတ် မွတ်စ်လင်မ်ဖြစ်စေ၊ ဘယ်လ်ဂျီယံ သို့မဟုတ် တူရကီဖြစ်စေ ကျွန်ုပ်တို့အားလုံးသည် တစ်ခုတည်းသော စစ်သွေးကြွဝါဒ၏ သားကောင်ဘ၀သို့ ထပ်တူထပ်မျှ ကျရောက်နေပေသည်။

    ဘရပ်ဆဲလ် သို့မဟုတ် ဘေရွတ်မှဖြစ်စေ၊ ပဲရစ် သို့မဟုတ် အဲလစ်ပိုမှဖြစ်စေ၊ ဆန်ဘာနာဒီနို သို့မဟုတ် အစ္စတန်ဘူလ်မှဖြစ်စေ၊ အကြမ်းဖက်လုပ်ကြံမှု၏ သားကောင်တိုင်းအား ကျွန်ုပ်တို့မှ ပူဆွေးဝမ်းနည်းမှု ဖော်ပြကြသည့်အတိုင်း – “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း”တို့အကြား အကြမ်းဖက်သံသရာဆိုး ဆက်လက်လည်ပတ်သွားအောင် ဥာဏ်ဆင်ထားသည့် ထောင်ချောက်ထဲသို့ သားကောင်အဖြစ် မကျရောက်စေရန် ကျွန်ုပ်တို့မှ ကြံ့ကြံ့ခံသွားကြရပါမည်။

    “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း” တို့သည် မှန်တစ်ချပ်၏ အတွင်းအပြင်ပုံရိပ်များပင်။

    ကျွန်ုပ်တို့သည် ၎င်းသဘောတရားဆိုးနှစ်ရပ်စလုံးနှင့် ပတ်သက်သည်မဟုတ်ကြ။ မွတ်စ်လင်မ်၊ ခရစ်ယာန်၊ ဂျူး၊ အခြားဘာသာဝင်များ၊ ဥရောပသား၊ အာရဗ်များ၊ အမေရိကန်နိုင်ငံသား၊ အာရှသား – မည်သူပင်ဖြစ်စေကာမူ ကျွန်ုပ်တို့အားလုံးသည် ၎င်း၏သားကောင်များသာ ဖြစ်နေကြရပေသည်။

    Ref : Al Jazeera

    (နျူးယော့ခ်၊ ကိုလံဘီယာတက္ကသိုလ်၊ အီရန်နိုင်ငံရေးရာနှင့် စာပေအနုပညာနှိုင်းယှဉ်လေ့လာရေးဋ္ဌာန၊ ပါမောက္ခ Hamid Dabashi ၏ The slaughter of the innocent in Brussels ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • ဘရပ်ဆဲလ်တိုက်ခိုက်မှုတွင် ပါဝင်သူတစ်ဦးကို တူရကီက သတိပေးခဲ့သော်လည်း ဘယ်လ်ဂျီယံ လစ်လျူရှုခဲ့

    ဘရပ်ဆဲလ်တိုက်ခိုက်မှုတွင် ပါဝင်သူတစ်ဦးကို တူရကီက သတိပေးခဲ့သော်လည်း ဘယ်လ်ဂျီယံ လစ်လျူရှုခဲ့

    မတ် ၂၄၊ ၂၀၁၆
    M-Media

    bel 3
    နဂျင်မ် လာချရူအီ၊ ဘာ့က်ရူအီနှင့် ခါလစ်

    – ဘရပ်ဆဲလ်လေဆိပ် အသေခံဗုံးခွဲသူနှစ်ဦးမှ တစ်ဦးနှင့်ပတ်သက်၍ မိမိတို့က သတိပေးခဲ့သော်လည်း ဘယ်လ်ဂျီယံအာဏာပိုင်များက လစ်လျူရှုခဲ့သည်ဟု တူရကီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ ဖောက်ခွဲရေးသမားမှာ ဘရာဟင် အလ်-ဘာ့က်ရူအီဆိုသူဖြစ်ပြီး တူရကီသမ္မတ အာဒိုဂန်က မိမိတို့မှာ ၎င်းအား ပြီးခဲ့သည့်နှစ်က ဆီးရီးယားနယ်စပ်ရှိ ဂါဇင်တက်ပ်မြို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ၎င်း၏ မေတ္တာရပ်ခံမှုအရ နယ်သာလန်သို့ နယ်နှင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “သူ့ကို နယ်နှင်လိုက်တဲ့အကြောင်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ အန်ကာရာမှာရှိတဲ့ ဘယ်လ်ဂျီယံသံရုံးကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ကို လွှတ်ပေးလိုက်တယ်။ သူဟာ နိုင်ငံခြား အကြမ်းဖက်တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်တို့ သတိပေးခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယံအာဏာပိုင်တွေက အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်ပြီး မလိုက်ခဲ့ပါဘူး” ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

    သို့သော်လည်း နယ်သာလန်မှ ဘယ်လ်ဂျီယံသို့ မည်သို့မည်ပုံ လွှဲပြောင်းပေးခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ အာဒိုဂန်က ပြောကြားခဲ့ခြင်းမရှိပေ။ ဘယ်လ်ဂျီယံကမူ တူရကီ၏ ထိုပြောကြားမှုများအတွက် မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    ဘာ့က်ရူအီ၊ လေဆိပ်တွင် အသေခံဗုံးခွဲသူဟု ယူဆရသူ နဂျင်မ် လာချရူအီနှင့် ဘူတာရုံတွင် အသေခံဗုံးခွဲသည်ဟု ယူဆရသူ ခါလစ်တို့ ၃ ဦကို လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိခဲ့ရပြီး ခါလစ်မှာ ဘာ့က်ရူအီ၏ ညီဖြစ်သည်။ လေဆိပ်တွင် ဗုံးခွဲသူအခြားတစ်ဦးမှာ ပေါက်ကွဲမှု မဖြစ်ပွားခင် ထွက်သွားခဲ့ပြီး ရဲတပ်ဖွဲ့ကမူ ၎င်းအား ရှာဖွေမှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • ကိုယ်ပိုင်စံချိန်ကို ထပ်မံချိုးဖျက်ချင်သည်ဟု ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ပြော

    ကိုယ်ပိုင်စံချိန်ကို ထပ်မံချိုးဖျက်ချင်သည်ဟု ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ပြော

    မတ် ၂၄၊ ၂၀၁၆
    M-Media

    buffon

    – စီးရီးအေတွင် မိမိတင်ထားသည့် အကြာဆုံး ဂိုးမပေးရသောစံချိန်ကို မိမိကိုယ်တိုင် ချိုးဖျက်သွားရန် ယုံကြည်နေသည်ဟု ဂျူဗင်တပ်စ်နည်းပြ ဘူဖွန်က ပြောကြားလိုက်သည်။

    အသက် ၃၈ နှစ်အရွယ်ရှိ ဘူဖွန်မှာ ပြီးခဲ့သည့်တစ်ပတ်က ၉၇၄ မိနစ် ဂိုးမပေးရသည့်စံချိန်ကို တင်နိုင်ခဲ့ပြီး အေစီမီလန်ဂိုးသမားဟောင်း ဆီဘက်စတီယာနို ရော့စီ တင်ထားသော ဂိုးမပေးရသည့် အကြာဆုံးစံချိန်ကို ၂၂ နှစ်ကြာပြီးနောက် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

    ဘူဖွန်ကမူ ထိုစံချိန်ကို ၎င်းကိုယ်တိုင် ထပ်ချိုးချင်နေပြီး ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ်ကိုလည်း ချီးကျူးပြောကြားခဲ့သည်။

    “ကာဆီးလက်စ်နဲ့ ကျွန်တော်တို့ဟာ တော်တော်လေးပါးနပ်တဲ့ဂိုးသမားတွေ ဖြစ်လာကြပါတယ်။ အခုအချိန်အထိ နေရာရနေတာက ကျွန်တော်တို့ဟာ အများနဲ့မတူ တစ်မူထူးခြားတာတွေကို လုပ်ဆောင်ခဲ့တာကြောင့်လို့ သတ်မှတ်လို့ရပါတယ်။ ကျွန်တော်က အမြဲတမ်း ရေကုန်ရေခမ်း ပေးဆပ်ပါတယ်။ ပွဲတစ်ပွဲနိုင်ဖို့အတွက် ကျွန်တော့်ကို ထည့်သုံးရမလားဆိုတာကတော့ နည်းပြက ဆုံးဖြတ်မှာပါ။ ကျွန်တော့်ရဲ့ စံချိန်သစ်အတွက် ပျော်ရွှင်မိပါတယ်။ အဲဒီပျော်ရွှင်မှုကိုလည်း အသင်းသားတွေနဲ့ မျှဝေခံစားပါတယ်။ အခုကျွန်တော် နောက်ထပ် ၄၂ မိနစ် ဂိုးမပေးရပါဘူး။ ဒါ့ကြောင့် ကျွန်တော်တင်ထားတဲ့စံချိန်ကို ချိုးဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ဘူဖွန်က ပြောကြားခဲ့သည်။

    Ref : Goal