News @ M-Media

Blog

  • ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အမှုဆောင်ကော်မတီများ အကြိမ်ကြိမ်ခြစားခဲ့သည်ဟု ဖီဖာဝန်ခံ

    ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အမှုဆောင်ကော်မတီများ အကြိမ်ကြိမ်ခြစားခဲ့သည်ဟု ဖီဖာဝန်ခံ

    မတ် ၁၇၊ ၂၀၁၆
    M-Media

    fifa

    – ဖီဖာအမှုဆောင်ကော်မတီအဖွဲ့ဝင်များမှာ ၎င်းတို့၏ မဲများကို ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အကြိမ်ကြိမ် ရောင်းစားခဲ့သည်ဟု အမေရိကန်အာဏာပိုင်များသို့ တင်သွင်းသော ဖိုင်တွင် ဖီဖာက ၀န်ခံလိုက်သည်။

    ၂၂ မျက်နှာပါရှိပြီး ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့သော အဆိုပါဖိုင်တွင် ခြစားမှုပြဿနာတွင် အပြစ်ရှိကြောင်း ၀န်ခံခဲ့သည့် ဖီဖာ၏ ဘောလုံးနှင့် ဈေးကွက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိမ်းယူထားသော ကန်ဒေါ်လာ သန်း ၁၉၀ ကျော်မှ တစ်ချို့ တစ်ဝက်ကို ခြစားမှုအတွက် သားကောင်ဖြစ်ခဲ့သည့် ဖီဖာအတွက် နစ်နာကြေးပေးရန် တောင်းဆိုထားသည်ဟု ဖော်ပြခဲ့သည်။

    “ဖီဖာအမှုဆောင်ကော်မတီက အဖွဲ့ဝင်တော်တော်များများဟာ သူတို့ရဲ့ ရာထူးတွေကို အလွဲသုံးစားလုပ်ခဲ့ပြီး၊ သူတို့ရဲ့ မဲတွေကိုလည်း အကြိမ်ကြိမ် ရောင်းစားခဲ့ပါတယ်” ဟု အဆိုပါ ဖိုင်တွင် ဖော်ပြထားပြီး၊ ဘောလုံးလောကမှ ဒေါ်လာသန်းပေါင်းများစွာမှာ ခြစားမှု၊ လာဘ်ပေးမှုတို့မှတစ်ဆင့် လမ်းကြောင်းပြောင်းသွားခဲ့သည်ဟု ဆိုသည်။

    အဆိုပါ ခြစားမှုအတွက် တရားစွဲဆိုမှုတွင် အမေရိကန်တရားရေးဌာနမှ တရားစွဲဆိုခံထားရသည့် ယခင်အမှုဆောင်အဖွဲ့ဝင်များဖြစ်သော ချက် ဘလေဇာ၊ ဂျက်ဝါနာတို့အပါအ၀င် ဖီဖာတာဝန်ရှိသူဟောင်း ၄၁ ဦးထံမှ ငွေကြေးများ ပြန်လည်ရရှိရန်လည်း ပါဝင်သည်။

    “ကျူးလွန်ခဲ့တဲ့ တရားခံတွေဟာ ဖီဖာနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေမှာ သူတို့ရရှိခဲ့တဲ့ ရာထူးတွေအတွက် ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ပြီး ဖီဖာ၊ အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ဘောလုံးအသိုင်းအ၀ိုင်းကို ဆိုးရွားပြီး ဖျောက်ဖျက်မရတဲ့ ထိခိုက်မှု ဖြစ်စေပါတယ်” ဟု ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    AP သတင်းဌာနကမူ ဖီဖာမှာ ပေးခဲ့ရသည့် လစားများအတွက် ကန်ဒေါ်လာ ၂၈.၂ သန်း၊ ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ဆက်စပ်၍ ငွေကြေးခိုးယူမှုအတွက် ကန်ဒေါ်လာ ၁၀ သန်း၊ တရားစွဲဆိုမှုအတွက် ကုန်ကျငွေများ၊ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည့်အတွက် နစ်နာကြေးများ ရရှိရန် တောင်းဆိုထားသည်ဟု ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • လီကွမ်ယုဈာပနတွင် ပစ်ဖောက်ခဲ့သည့် အမြောက်ခွံများကို စင်ကာပူက ဝေငှမည်

    လီကွမ်ယုဈာပနတွင် ပစ်ဖောက်ခဲ့သည့် အမြောက်ခွံများကို စင်ကာပူက ဝေငှမည်

    မတ် ၁၇၊ ၂၀၁၆
    M-Media

    singapore

    – စင်ကာပူနိုင်ငံကို တည်ထောင်သူဖြစ်ပြီး ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ လီကွမ်ယု၏ ဈာပနအခမ်းအနားတွင် ဂုဏ်ပြုပစ်ဖောက်ခဲ့သည့် အမြောက်ခွံများကို ၎င်းနှင့်နီးနီးကပ်ကပ်ရှိခဲ့သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဟု စင်ကာပူဝန်ကြီးချုပ်ရုံးက ယနေ့တွင် ကြေငြာလိုက်သည်။

    ပြီးခဲ့သည့်နှစ် မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ နိုင်ငံတော်ဈာပနတွင် စင်ကာပူအမြောက်တပ် အမှတ် ၂၁ တပ်ရင်းက ၂၅ ပေါင်ဒါ အမြောက်ငယ်ဖြင့် ၂၁ ချက် ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။ ဈာပနပြီးနောက် ၀န်ကြီးချုပ် လီရှန်လွန်းမှာ ထိုအမြောက်ဆံများအား သိမ်းဆည်းကာ လီကွမ်ယုနှင့် နီးစပ်သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များကို ပေးအပ်ရန် ညွှန်ကြားခဲ့သည်။

    အဆိုပါ အမြှောက်ခွံများကို လက်ခံရရှိမည့် အသင်းအဖွဲ့များတွင် စင်ကာပူစစ်တပ်၊ စင်ကာပူရဲတပ်ဖွဲ့၊ ပါလီမန်၊ ခြစားမှုစုံစမ်းစစ်ဆေးရေးဗျူရို၊ အိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့၊ အမျိုးသားပန်းခြံများဆိုင်ရာ ဘုတ်အဖွဲ့၊ PUB၊ အမျိုးသားကုန်သွယ်ရေးသမဂ္ဂ ကွန်ဂရက်၊ Temasek Polytechnic နှင့် Tanjong Pagar Community Club တို့ ပါဝင်မည်ဖြစ်သည်။

    “ကျွန်တော့်အဖေရဲ့ဘ၀မှာ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအတွက်၊ တိုင်းပြည်အပေါ် ပေးဆပ်ကူညီမှုတွေအတွက် သူတို့အားလုံးကို ကျွန်တော့်ရဲ့ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဟု ၀န်ကြီးချုပ် လီရှန်လွန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: Channelnewsasia

  • ဂျူဗင်တပ်စ်နှင့်ပွဲတွင် ဘိုင်ယန်၏ စွမ်းဆောင်ရည်ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

    ဂျူဗင်တပ်စ်နှင့်ပွဲတွင် ဘိုင်ယန်၏ စွမ်းဆောင်ရည်ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

    မတ် ၁၇၊ ၂၀၁၆
    M-Media

    gua

    – ဂျူဗင်တပ်စ်အသင်းအား နောက်မှလိုက်ကစားကာ ချန်ပီယံလိဂ် ကွတားဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်းအား ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်သည်။

    ပထမအကျော့ တူရင်တွင် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ယနေ့မနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင် ဂျူဗင်တပ်စ်မှာ ပေါ့ဘာ၏ ပွဲအစ ၅ မိနစ်ဂိုး၊ ကူအာဒရာဒို၏ ၂၈ မိနစ်ဂိုးများဖြင့် မိနစ် ၇၀ ကျော်အထိ ဦးဆောင်နေခဲ့ပြီး လီဝန်ဒေါ့စကီးက ၇၃ မိနစ်တွင်လည်းကောင်း၊ သောမတ်စ်မူလာက နာကျင်အချိန်ပိုတွင်လည်းကောင်း ၁ ဂိုးစီသွင်းယူခဲ့သောကြောင့် သရေကျကာ အချိန်ပို ဆက်ကစားခဲ့ရသည်။

    အချိန်ပိုတွင် အလ်ကန်တာရာနှင့် ကိုမန်တို့က ဘိုင်ယန်အတွက် ၂ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် နှစ်ကျော့ပေါင်း ၆ ဂိုး ၄ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဂွါဒီယိုလာကမူ အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “ဒီပွဲဟာ ပရိတ်သတ်တွေအတွက် ကြီးကျယ်တဲ့ ပွဲတစ်ခုပါပဲ။ မနှစ်ကဒုတိယရတဲ့အသင်းနဲ့ ကျွန်တော်တို့ ကစားခဲ့ရပြီး သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အသင်းကိုတော့ တော့်တော့်ကို ချီးကျူးရမှာပါ။ အီတလီအသင်းတစ်သင်းကို ၂ ဂိုးပြတ်နဲ့အရှုံးကနေ ပြန်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ” ဟု ဂွာဒီယိုလာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • NLD အစိုးရသစ်တွင် ဝန်ကြီးဌာန ၂၁ ခု ဝန်ကြီး ၁၈ ဦးပါမည်။

    NLD အစိုးရသစ်တွင် ဝန်ကြီးဌာန ၂၁ ခု ဝန်ကြီး ၁၈ ဦးပါမည်။

    မတ်လ ၁၇ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ

    10583887_997737033597253_7429701641802846183_n
    သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၂၁ ခုနှင့် ဝန်ကြီး ၁၈ ဦး ပါဝင်မည်ဖြစ်သည်။

    ယနေ့ ကျင်းပသော  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော်ကတင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေသတ်မှတ်ခြင်းထားခြင်းကို တင်ပြလိုက်ခြင်းဖြစ်သည်။

    အဆိုပါ ဝန်ကြီးဌာန နှင့် ဝန်ကြီး အရေအတွက် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များ စာရင်းပေးသွင်းထားရန် နာယက မန်းဝင်းခိုင်းသန်းက ကြေညာခဲ့သည်။

    ဝန်ကြီးဌာန ၂၁ ခု အမည်များမှာ
    (၁) နိုင်ငံခြားရေးဝန်ကြီးဌာန
    (၂)စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
    (၃)ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
    (၄)ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
    (၅)သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
    (၆)လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
    (၇)အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန
    (၈)စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
    (၉)စက်မှုဝန်ကြီးဌာန
    (၁၀)ကျန်းမာရေးဝန်ကြီးဌာန
    (၁၁)ပညာရေးဝန်ကြီးဌာန
    (၁၂)ဆောက်လုပ်ရေးဝန်ကြီးဌာန
    (၁၃)လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
    (၁၄)ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
    (၁၅)စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
    (၁၆)ပြန်ကြားရေး ဝန်ကြီးဌာန
    (၁၇)တိုင်းရင်းသားရေးရာဝန်ကြီးဌာန
    (၁၈)သမ္မတရုံးဝန်ကြီးဌာန
    (၁၉)ကာကွယ်ရေးဝန်ကြီးဌာန
    (၂၀)ပြည်ထဲရေးဝန်ကြီးဌာန
    (၂၁)နယ်စပ်ရေးရာဝန်ကြီးဌာန တို့ဖြစ်ပါသည်။

  • မွတ်စလင်အုပ်ချုပ်တဲ့နိုင်ငံမှာ ဘာတွေက အရေးကြီးတယ်လို့ တမန်တော်မုဟမ္မဒ်က သတ်မှတ်ခဲ့သလဲ။

    မွတ်စလင်အုပ်ချုပ်တဲ့နိုင်ငံမှာ ဘာတွေက အရေးကြီးတယ်လို့ တမန်တော်မုဟမ္မဒ်က သတ်မှတ်ခဲ့သလဲ။

    မတ် ၁၆၊ ၂၀၁၆
    M-Media

    covenant
    ခရစ်ယာန်များ၏ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပြီး၊ ခရစ်ယာန်လူနည်းစုများအား မွတ်စလင်များက ကာကွယ်စောင့်ရှောက်ပေးမည်ဟု ကတိပြုထားသည့် တမန်တော်မုဟမ္မဒ်သခင်၏ ပဋိဉာဏ်စာတမ်းတစ်ခု

    – မွတ်စလင်နိုင်ငံတစ်ခု တည်ထောင်ရာမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေးတွေဟာ အဓိက အရေးပါတဲ့ အရာတွေဖြစ်တယ်လို့ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) က ယုံကြည်လက်ခံ ကျင့်သုံးခဲ့တယ်လို့ ခရစ်ယာန်တွေဆီ ပေးပို့ခဲ့တဲ့ တမန်တော်ရဲ့ ပဋိဉာဏ်စာတမ်းတွေကို လေ့လာခဲ့တဲ့ သုတေသနပညာရှင်တစ်ယောက်က ပြောကြားလိုက်ပါတယ်။

    လေ့လာခဲ့သူကတော့ တက္ကဆက်ပြည်နယ် ရိုက်စ်တက္ကသိုလ် (Rice University) ရဲ့ လူမှုသိပ္ပံဌာနက ခရေ့ဂ်ျ ကွန်စီဒိုင်းဖြစ်ပြီး တမန်တော်မုဟမ္မဒ်သခင်ရဲ့ ခရစ်ယာန်တွေဆီပေးပို့တဲ့ ပဋိပဉာဏ်စာတမ်းတွေမှာ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့အတူ နေထိုင်တဲ့ ခရစ်ယာန်တွေအတွက် ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဖော်ပြထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

    နောက်ပြီး အဲဒီပဋိဉာဏ်တွေက အချက်အလက်တွေကို အစ္စလာမ်ကမ္ဘာမှာရော၊ အခြား ဘယ်နေရာမှာမဆို မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအကြား ပိုမိုခိုင်မာတဲ့ ဒီမိုကရေစီနည်းကျ မိတ်ဖက်ဆက်ဆံရေးတစ်ခု ဖော်ဆောင်ဖို့အတွက် အသုံးပြုနိုင်တယ်လို့လည်း ကွန်စီဒိုင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဒီပဋိဉာဏ်တွေဟာ ငြိမ်းချမ်းစွာနေထိုင်တဲ့ ခရစ်ယာန်လူ့အဖွဲ့အည်းတွေကို မထိခိုက်စေဖို့၊ ကာကွယ်ပေးဖို့အတွက် ရေးသားခဲ့တာဖြစ်ပြီး၊ သူတို့ကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ခရစ်ယာန်တွေအပေါ် မမျှတမှု၊ ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ လက်ရှိ အစ္စလာမ့်မစ်နိုင်ငံတွေဟာ တမန်တော် မုဟမ္မဒ်ရဲ့ ဒီပဋိဉာဏ်တွေနဲ့ ဘယ်လိုမှ ကိုက်ညီခြင်း မရှိပါဘူး”

    သင်တို့ကို ကာကွယ်ပေးမည်

    အဲဒီပဋိဉာဏ်စာတမ်းတွေကို သက္ကရာဇ် ၆၂၂ နဲ့ ၆၃၂ ကြားထဲမှာ ရေးသားခဲ့တာဖြစ်ပြီး ကွန်စီဒိုင်းကတော့ တမန်တော်ဟာ သူ့ရဲ့ လူ့အဖွဲ့အစည်းအသစ်ကို အားကောင်းစေဖို့ မဟာမိတ်ဖွဲ့လိုတဲ့ ရည်ရွယ်ချက်၊ ခရစ်ယာန်သာသနာဝင်တွေနဲ့ အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ရေးသားခဲ့တယ်လို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။

    ကွန်စီဒိုင်းရဲ့ လေ့လာမှုတွေထဲမှာ ဆိုင်းနိုင်းတောင်က ခရစ်ယာန်ဘုန်းကြီးတွေ၊ နဂ်ျရန်ဒေသက ခရစ်ယာန်ဘာသာဝင်တွေ၊ ပါရှားဒေသက ခရစ်ယာန်ဘာသာဝင်တွေ၊ တစ်ကမ္ဘာလုံးက ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပြုလုပ်ခဲ့တဲ့ မုဟမ္မဒ်သခင်ရဲ့ ပဋိဉာဏ်စာတမ်းတွေ ပါဝင်ခဲ့ပါတယ်။

    “ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော် မုဟမ္မဒ်တို့၏ ပဋိဉာဏ်စာတမ်း” မှာ မုဟမ္မဒ်သခင်က ပြည့်ဝတဲ့ ဘာသာရေးလွပ်လပ်ခွင့် ပေးအပ်ရေးနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း အလေးအနက် ရေးသားဖော်ပြခဲ့ပါတယ်။

    “မိမိအား ဂုဏ်ပေးလေးစားသည့် တစ်ချိန်တည်းမှာပဲ မွတ်စလင်များအနေဖြင့် ၎င်းတို့အား မိမိတို့ ကာကွယ်မှုအောက်တွင် ရှိနေသူများအဖြစ် စောင့်ရှောက်ပေးရမည်။ ၎င်းတို့ မည်သည့် သောကမျိုး၊ ဒုက္ခမျိုး ကြုံတွေ့လာရသည်ဖြစ်စေ ၎င်းတို့အား ကူညီရန်၊ စောင့်ရှောက်ရန်မှာ မွတ်စလင်များ၏ တာဝန်ဖြစ်သည်။ ၎င်းတို့မှာ ကျွန်ုပ်၏နိုင်ငံအတွင်း နေထိုင်ကြသူများဖြစ်သောကြောင့် ၎င်းတို့၏ စကားကို နားထောင်ရမည်။ ၎င်းတို့ကို ကူညီရမည်။ ၎င်းတို့အား ပျက်ဆီးစေရန်အတွက် ရည်ရွယ်သော ဆန့်ကျင်မှု၊ သောကရောက်စေမှုနှင့် ဖိနှိပ်မှု စသဖြင့် မည်သည်မဆို ကြုံလာတိုင်း ၎င်းတို့ ကျေနပ်စေရန်၊ ၎င်းတို့အား ကာကွယ်ပေးရန် အကူအညီပေးရန်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်သည်”

    ကွန်စီဒိုင်းက အခြားသော ပဋိဉာဏ်စာချုပ် ၃ ခုမှာလည်း ဒီလိုသဘောသဘာဝနဲ့ တူညီတဲ့ စာပိုဒ်မျိုးတွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

    “မွတ်စလင်နိုင်ငံတစ်ခုမှာနေထိုင်တဲ့ ခရစ်ယာန်တွေအတွက် ဘာသာရေးလွတ်လပ်ခွင့်ဟာ မွေးရာပါအခွင့်အရေးဆိုတာကို တမန်တော် မုဟမ္မဒ်က ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ ခရစ်ယာန်တွေကို သူ့ရဲ့ လှိုက်လှိုက်လှဲလှဲ ဆက်ဆံမှုဟာ နိုင်ငံရေးအရ အကျိုးရှိဖို့ ဒါမှမဟုတ် တစ်ကိုယ်ရေ ဂုဏ်သိက္ခာတက်ဖို့ စတာတွေကြောင့်မဟုတ်ဘဲ ခရစ်ယာန်တွေဟာ သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း သူတို့ယုံကြည်ရာကို လွတ်လပ်စွာ လက်တွေ့လိုက်နာကျင့်သုံးနိုင်ရမယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်မှုကနေ ပေါ်ထွက်လာတဲ့ရလဒ် ဖြစ်ပါတယ်။ ပါရှန်ခရစ်ယာန်တွေဟာ သူတို့ အစ္စလာမ်ကို လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ ဘယ်လို အတင်းအဓမ္မပြုခြင်းမှ မခံခဲ့ရပါဘူး”

    ကွန်စီဒိုင်းက ဒါ့အပြင် မွတ်စလင်နိုင်ငံတခုဟာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေးကိုလည်း ပေးအပ်ရမယ်လို့ တမန်တော် မုဟမ္မဒ်က ယုံကြည်ခဲ့ပြီး အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ “ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့၏ ပဋိဉာဏ်စာတမ်း” မှာ အောက်ပါအတိုင်း ဖော်ပြထားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ ပဋိဉာဏ်က ကျွန်ုပ်ဟာ ကျွန်ုပ်၏ စွမ်းအား၊ မြင်းများ၊ စစ်သားများ၊ ကျွန်ုပ်၏ခွန်အား၊ ကျွန်ုပ်၏ မွတ်စလက်နောက်လိုက်တွေအားဖြင့် နီးနီး၊ ဝေးဝေး ဘယ်လိုဒေသမျိုးမှာမဆို ရှိနေတဲ့ ခရစ်ယာန်တွေရဲ့ ဒေသ၊ သူတို့ရဲ့ ဘုန်းကြီးကျောင်းတွေကို ကာကွယ်ပေးရမယ်၊ သူတို့ စီးပွားရေးတွေကို ကာကွယ်ပေးရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုံခြုံမှု၊ သူတို့ရဲ့ ဘုရားကျောင်းတွေ၊ စီးပွားရေးတွေ၊ ၀တ်ပြုရာနေရာတွေ၊ ရဟန်းတွေ သီတင်းသုံးရာနေရာတွေ၊ အထွဋ်အမြတ်ထား ဖူးမျှော်ရတဲ့နေရာတွေနဲ့ သူတို့နဲ့သက်ဆိုင်သမျှအရာအားလုံးရဲ့ လုံခြုံရေးအတွက် ကျွန်ုပ်က အာမခံပါတယ်”

    “တမန်တော်မုဟမ္မဒ်ဟာ ခရစ်ယာန်တွေ ဘေးအန္တရာယ်ကျရောက်တာမျိုး၊ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဒါမှမဟုတ် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ နှောက်ယှက်ခံရတာမျိုး၊ သိမ်းပိုက်ခံရတာမျိုးကို မလိုချင်ပါဘူး။ နိုင်ငံတစ်နိုင်ငံအနေနဲ့ အုပ်စုတစ်ခု၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့ အုပ်စုတွေကို မျက်နှာသာပိုပေးတာဟာ နိုင်ငံသားတွေကို လူမျိုး၊ ဒါမှမဟုတ် ယဉ်ကျေးမှုနောက်ခံကိုကြည့်ပြီး နှိမ့်ချဆက်ဆံတာမျိုး ဖြစ်ပါတယ်” လို့ ကွန်စီဒိုင်းက ဆိုပါတယ်။

    မှေးမှိန်နေသည့် ပဋိဉာဏ်များ

    ဘာသာအယူ မတူသူတွေကို ဘာသာရေးလွတ်လပ်ခွင့်ပေးဖို့၊ ကာကွယ်ပေးဖို့ တမန်တော်မုဟမ္မဒ်သခင်က ကတိပြု၊ အာမခံပေးထားတဲ့ ဒီ ပဋိဉာဏ်စာတမ်းတွေဟာ ကမ္ဘာတစ်ဝှမ်းက နာမည်မကျော်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှိနေပြီး၊ အဲဒါနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ထွက်မလာတာဟာလည်း ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီလို့ ကွန်စီဒိုင်းက ပြောကြားခဲ့ပါတယ်။

    “တစ်ချို့နေရာတွေမှာဆိုရင် ဒီစာတမ်းကို ဘာသာပြန်တာမျိုး၊ လူများများသိအောင် ဖြန့်ချီတာမျိုးတွေတောင် မလုပ်ခဲ့ကြပါဘူ။ အီရတ်နဲ့ ဆီးရီးယားလိုနေရာမျိုးတွေမှာ ခရစ်ယာန်တွေဟာ အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရတာကြောင့် ပညာရှင်တွေနဲ့ မွတ်စလင်တွေဟာ ဒါတွေကို ပြန်လည်ဖော်ထုတ်နေကြပါတယ်”

    ဒီလို မှေးမှိန်နေတဲ့ ပဋိဉာဏ်စာတမ်းတွေ ပြန်တွေ့လာတာဟာ အစ္စလာမ်သာသနာကို ပြန်လည်ရှင်သန်စေပြီး၊ အစ္စလာမ့်အဆုံးအမတွေရဲ့ အနှစ်သာရတွေကို ပြန်လည် ပေါ်ထွက်လာစေမယ့် အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ ကွန်စီဒိုင်းက မှတ်ချက်ပြုခဲ့ပါတယ်။

    နောက်ပြီး ဒီလို တွေ့ရှိချက်တွေဟာ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းအတွင်းမှာ မွတ်စလင်တွေရဲ့ သဘောထားတွေအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေ ရှိမှာဖြစ်ပြီး၊ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကိုလည်း တိုက်ဖျက်နိုင်မယ်လို့ သူက မျှော်လင့်နေပါတယ်။

    Ref : Futurity.org

    (RELIGIOUS FREEDOM WAS KEY TO MUHAMMAD’S ‘MUSLIM NATION’ ဆောင်းပါးကို လေးမောင်မှ ဆီလျော်
    အောင် ဘာသာပြန်ဆိုသည်)